Title: တက်ကြွလှုပ်ရှားစိတ်ထားစွန့်ပယ်ကြ
Author: Andrew X
Language: Burmese
Publication: The Autonomist
Date: October 1999
Source: https://t.me/theautonomist
Notes: Translator: Azathoths. Original: https://libcom.org/article/give-activism

ဂျွန်လ ၁၈ရက် ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုနေ့မှာ ပြဿနာတစ်ခုပေါ်လာတယ်။ တက်ကြွလှုပ်ရှားခြင်းစိတ်နေစိတ်ထား တစ်ခု (an activist mentality) ကိုမွေးစားယူမိလိုက်တာပါပဲ။ ထိုပြဿနာဟာ သိပ်ကိုသိသာထင်ရှားလှပါတယ်။ ဘာကြောင့် ဆိုတော့ ထိုပွဲဖြစ်မြောက်ရေးအတွက်အော်ဂနိုက်ဇ်လုပ်တဲ့သူတွေရော ထိုနေ့မှာပါဝင်ကြတဲ့သူတွေကပါ အဲဒီဘောင်ကိုကျော်ဖို့ ကြိုးစားနေကြလို့ဖြစ်ပါတယ်။ ဒီစာစုလေးဟာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှဝေဖန်ဖို့မဟုတ်ပဲ ကျွန်ုပ်တို့ကြုံတွေ့နေရတဲ့ စိန် ခေါ်မှုနဲ့ပတ်သက်ပြီး အတွေးအမြင်များရရှိလာစေဖို့သာရည်ရွယ်ပါတယ်။ အရင်းရှင်ကုန်ထုတ်ဆက်ဆံရေးကို အမှန်တကယ်ပဲ အလေးအနက်ထားဖြိုချပစ်ချင်တယ်ဆိုရင်ပေါ့လေ။

ပညာရှင်များ

ကျွန်ုပ်ပြောတဲ့ “တက်ကြွလှုပ်ရှားခြင်းစိတ်နေစိတ်ထား” ဆိုတာက သူတို့ကိုယ်သူတို့ တက်ကြွလှုပ်ရှားသူအဖြစ်ထင် မှတ်နေကြသူများနဲ့ သူတို့ကိုယ်ကို ပိုမိုကျယ်ပြန့်သော တက်ကြွလှုပ်ရှားသူအသိုင်းအဝိုင်းနဲ့သာသက်ဆိုင်တယ်လို့ ယူဆနေကြ သူများကို ရည်ညွှန်းချင်တာပါ။ တက်ကြွလှုပ်ရှားသူဆိုတာက အသက်မွေးဝမ်းကြောင်းအလုပ်တွေလိုပဲ သူတို့ဘာတွေလုပ်တာ လဲ၊ သူတို့ဘယ်လိုတွေးခေါ်တာလဲဆိုတာနဲ့ သူတို့ဘဝရဲ့အခန်းကဏ္ဍကိုသတ်မှတ်ကြသူများဖြစ်တယ်။ သူတို့လုပ်ကိုင်တဲ့အလုပ် အရ ဆရာဝန်တစ်ယောက်လား ဒါမှမဟုတ် ကျောင်းဆရာတစ်ယောက်လားသတ်မှတ်သလိုမျိုးပါပဲ၊ ဒါပေမယ့်မတူတာက အ ကြောင်းတိုက်ဆိုင်လို့အခါအားလျော်စွာလုပ်နေတာကိုမမြင်ပဲ ကိုယ်ဘာကောင်လဲဆိုတာကိုပုံဖော်ခြင်းအတွက်မရှိမဖြစ်အရေး ကြီးတဲ့အရာတစ်ခုလိုဖြစ်လာတယ်။

လူမှုတက်ကြွလှုပ်ရှားသူဟာ လူမှုရေးဆိုင်ရာအပြောင်းအလဲမှာ ကျွမ်းကျင်သူ သို့မဟုတ် ပညာရှင်တစ်ဦးပါ။ တက်ကြွ လှုပ်ရှားသူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုခံယူလိုက်ခြင်းက အနည်းနဲ့အများတော့ ကိုယ့်ကိုယ်ကို အများနဲ့မတူတမူထူးခြား နေကြောင်း ဒါမှမဟုတ် သူများတွေထက်ပိုပြီးရှေ့ရောက်နေကြောင်းယူဆလိုက်သလိုပါပဲ။ ဘာလို့လဲဆိုတော့ သူများတွေထက် လူမှုအပြောင်းအလဲရဲ့လိုအပ်ချက်ကိုနားလည်တဲ့နေရာမှာသာလွန်တယ်၊ လူမှုအပြောင်းအလဲဖြစ်ဖို့ ဘာတွေလုပ်ရမလဲဆိုတာ သူများတွေထက်သိတယ်၊ အဲလိုသိတာကြောင့် အပြောင်းအလဲအတွက် လက်တွေ့ဖော်ဆောင်နေတဲ့အခါမှာ ခေါင်းဆောင်နေ ရာက ဒါမှမဟုတ် တပ်ဦးကနေပါဝင်သင့်တယ်လို့ယူဆလိုက်တာမျိုးတွေဖြစ်လာပါတယ်။

အခြားသောကျွမ်းကျင်သူတွေလိုပဲ တက်ကြွလှုပ်ရှားသူတွေမှာလည်း ၎င်းနဲ့သက်ဆိုင်တဲ့ ဝတ္တရားခွဲဝေမှု(division of labour) ရှိပါတယ်။ ၎င်းကအထူးအလုပ်တာဝန်ခွဲဝေမှုတစ်မျိုးပါ။ အလုပ်တာဝန်ခွဲဝေခြင်းသည် လူတန်းစားကွဲပြားတဲ့လူ့အဖွဲ့ အစည်းရဲ့ အခြေခံအုတ်မြစ်ဖြစ်ပြီး အခြေခံအကျဆုံးခွဲဝေမှုကတော့ ကာယအလုပ်နဲ့ ဉာဏအလုပ်ဆိုပြီးခွဲခြားမှုဖြစ်ပါတယ်။ အလုပ်တာဝန်ခွဲဝေမှုရဲ့အလုပ်လုပ်ပုံက ဥပမာဆိုရရင် ဆေးပညာနဲ့ပညာရေးနယ်ပယ်ဆိုပါစို့၊ ခေါင်းကိုက်ရင်ပါရာစီတမော သောက်ရတာမျိုး၊ ကလေးလူလားမြောက်အောင် ပြုစုပျိုးထောင်တာမျိုးတွေလောက်ကတော့ လူတိုင်းသိကြတဲ့ကိစ္စတွေဖြစ် ပေမယ့် အဆိုပါအသိပညာရပ်သည် ဒေါက်တာနဲ့တီချယ်တို့ကသာ အထူးသဖြင့်ပိုင်ဆိုင်သော ဉာဏပစ္စည်းများဖြစ်ပြီး ထိုကဲ့သို့ သောကိစ္စရပ်မျိုးတွေမှာတော့ ထိုအရာ၌ပိုင်နိုင်သော ကျွမ်းကျင်သူများရဲ့ညွှန်ကြားမှုကိုနာခံရမယ် ဆိုတာမျိုးဖြစ်တယ်။ ပညာ ရှင်တို့က သဘောထားသေးသိမ်စွာနဲ့ ၎င်းတို့ရဲ့ပညာရပ်များကို သာမန်လူတို့နားမလည်နိုင်လောက်သောပညာရပ်များအဖြစ် လူအများအနားမကပ်နိုင်အောင်ပြုလုပ်ထားလိုက်တယ်။ ဒီနည်းက လူတွေကိုကင်းကွာစေပြီး ကျန်တဲ့သူတွေကို နှိမ်လိုက်သလို ဖြစ်နေတယ်။ အဲဒါကပဲ အထက်အောက်ဖွဲ့စည်းမှုရှိသောလူ့အဖွဲ့အစည်းကြီးကို ကျားကန်ပေးထားတာပါ။

အလုပ်တာဝန်ခွဲဝေခြင်းဆိုတာက လူတစ်ယောက်သည် ဒီတာဝန်ကိုယူဖို့စွန့်လွှတ်လိုက်သူတွေကို ကိုယ်စားပြုထားတဲ့ ဇာတ်ရုပ်တစ်ခုကိုကနေတယ်လို့လည်း အဓိပ္ပာယ်ရပါတယ်။ အလုပ်တာဝန်ကိုခွဲခြားလိုက်တာက လူမှုအပြောင်းအလဲအတွက် အသင်ကြိုးပမ်းဆောင်ရွက်နေစဉ်မှာ အခြားသူတွေက သင်စားဖို့အစား၊ သင်ဝတ်ဖို့အဝတ်၊ သင်သုံးဖို့လျှပ်စစ်တို့ကို ထုတ်လုပ် ပေးရမယ်ဆိုတဲ့အဓိပ္ပာယ်ပဲ။ အခြားသူတွေက မိမိဘဝပြောင်းလဲရေးအတွက် ဘာမှမလုပ်တတ်မကိုင်တတ်တာကြောင့် ထိုနယ် ပယ်မှာကျွမ်းကျင်သူဖြစ်တဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့ ထိုသူတို့ကိုယ်စား လုပ်ကိုင်ဆောင်ရွက်ပေးရန် တာဝန်ရှိ ကြောင်းယူဆကြတယ်။ တက်ကြွလှုပ်ရှားသူများက ၎င်းတို့သည် အခြားသူများပျက်ကွက်ခဲ့တဲ့နေရာမှာ ကိုယ်စားဆောင်ရွက် ကြတယ်လို့မှတ်ယူကြတယ်။ တက်ကြွလှုပ်ရှားသူတစ်ယောက်အဖြစ် မိမိကိုယ်ကိုယ်သတ်မှတ်လိုက်ခြင်းက မိမိတို့ရဲ့လုပ်ရပ် ကသာလူမှုအပြောင်းအလဲကိုဆောင်ကျဉ်းပေးနိုင်တယ်လို့ယူဆလိုက်သလိုဖြစ်ပြီး ထောင်ချီတဲ့တက်ကြွလှုပ်ရှားသူမဟုတ်သူ များရဲ့လုပ်ဆောင်ချက်တွေကို လျစ်လျူရှုလိုက်သလိုဖြစ်သွားတယ်။ တက်ကြွလှုပ်ရှားခြင်းအယူအဆဟာ လူမှုအပြောင်းအလဲ ကို တက်ကြွလှုပ်ရှားသူများကသာဆောင်ကျဉ်းပေးနိုင်ကြောင်း လွဲမှားစွာယူဆချက်အပေါ်အခြေခံထားတာပါ။ အမှန်တော့ လူ တန်းစားတိုက်ပွဲက အချိန်မလပ်ဖြစ်ပျက်နေပါတယ်။

ပုံစံခွက်နဲ့အကြောင်းအရာ

ကျွန်ုပ်တို့ရဲ့နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုတွေမှာ မြင်တွေ့ရတဲ့ တက်ကြွလှုပ်ရှားခြင်းပုံစံနဲ့ နေ့စဉ်နဲ့အမျှကြီးထွားလာနေတဲ့ ၎င်းရဲ့ရာဒီကယ်ဆန်သောအကြောင်းအရာ (content) တို့ရဲ့ကြားကတင်းအားဟာ ပြီးခဲ့တဲ့နှစ်ကာလတစ်လျှောက်မှာ ပိုပိုပြီးကြီး ထွားလာနေပါတယ်။ ဂျွန်လ ၁၈ရက်နေ့ပွဲမှာ ပါဝင်ကြသူအများစုရဲ့နောက်ခံက “ကိစ္စရပ်တစ်ခု”အပေါ် ကမ်ပိန်းပြုလုပ်ကြတဲ့ တက်ကြွလှုပ်ရှားသူတွေပါ။ သို့သော်လည်းဒီဖက်နှစ်တွေကတက်ကြွလှုပ်ရှားခြင်းရပ်ဝန်းရဲ့ နိုင်ငံရေးဆိုင်ရာလှုပ်ရှားပုံများဟာ ခရီးတော့အတော်ပေါက်ရောက်နေပါပြီ။ တော်တော်များများက သီးခြားကုမ္ပဏီတစ်ခုအပေါ်ကိုသာရည်ရွယ်ပြီးဆန့်ကျင်တဲ့ ပြ ဿနာတစ်ခုတည်းအပေါ်သာပြုလုပ်သောကမ်ပိန်းမျိုးတွေကို ကျော်လွန်ပြီး အနက်အဓိပ္ပာယ်မှုန်ဝါးဝါးဖြစ်နေသေးသော်လည်း မျှော်လင့်ချက်ရှိသော အရင်းရှင်စနစ်ဆန့်ကျင်ရေးရှုထောင့်အဖြစ်သို့ရောက်လာပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကမ်ပိန်းလှုပ် ရှားမှုအကြောင်းအရာကသာပြောင်းလဲပြီး တက်ကြွလှုပ်ရှားခြင်းပုံစံခွက်ကတော့ပြောင်းလဲခြင်းမရှိသေးပါဘူး။ ထို့ကြောင့် မွန် ဆန်တိုကုမ္ပဏီကိုရွေးပြီး ရုံးချုပ်ကိုသွားသိမ်းပိုက်တာထက် အခုဆိုရင် မွန်ဆန်တိုကုမ္ပဏီကကိုယ်စားပြုထားတဲ့ အရင်းရဲ့မျက် နှာတစ်ဖက်ကိုကျော်ပြီးမြင်နိုင်ပြီဖြစ်ကာ အရင်းရှင်စနစ်ကိုတုန့်ပြန်နိုင်မယ့် ကမ်ပိန်းမျိုးကိုဖော်ဆောင်နိုင်ပြီဖြစ်တယ်။ ဒီတော့ အရင်းရှင်စနစ်ရဲ့ဌာနချုပ်အဖြစ်ရှိနေတဲ့ မြို့ပြကိုသိမ်းပိုက်လိုက်တာလောက် ဘာကပိုကောင်းနေဦးမှာလဲ။

ကျနော်တို့အနေနဲ့ တကယ်လို့သာ သီးခြားကော်ပိုရေးရှင်းတစ်ခုဒါမှမဟုတ် ကုမ္ပဏီတစ်ခုကိုပဲ ဦးတည်ပြီးတိုက်မယ် ဆိုရင် အလုပ်လုပ်ပုံနည်းလမ်းတွေကတူညီနေဦးမှာပဲဖြစ်ပါတယ်။ အရင်းရှင်စနစ်ကအသွင်သဏ္ဍာန်တစ်မျိုးတည်းသာရှိတာမ ဟုတ်သည့်အတွက်ကြောင့် အရင်းရှင်စနစ်ကိုဖြိုချမည့်နည်းလမ်းကလည်း သီးခြားကုမ္ပဏီတစ်ခုပျက်စီးရေးဦးတည်တိုက်ခိုက် ပုံနည်းလမ်းနဲ့တူမနေသင့်ပါဘူး။ ဥပမာအချို့ပြရရင် တိရိစ္ဆာန်အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက အားကောင်းလှတဲ့ကမ် ပိန်းနဲ့ ကွန်းဆော့ဒ်ခွေးသားဖောက်လုပ်ငန်းနဲ့ ဟီးလ်ဂရို့ဖ်ဖားမ်ကြောင်သားဖောက်လုပ်ငန်းတို့ကို ကောင်းကောင်းဒုက္ခပေးခဲ့ တယ်။ ကုမ္ပဏီနှစ်ခုလုံးကပျက်စီးခဲ့ရပြီး ဒေဝါလီခံလိုက်ရတယ်။ အလားတူကမ်ပိန်းမျိုးကို သားသတ်သမားများစုနေတဲ့ ဟန် တင်ဒန်ဘဝသိပ္ပံအပေါ် ပြုလုပ်အောင်မြင်ခဲ့ပြီး အဆိုပါကုမ္ပဏီရဲ့ရှယ်ယာတန်ဖိုးကို ၃၃%အထိလျော့ကျစေခဲ့ပါတယ်။ သို့သော် လည်း ကုမ္ပဏီကရှင်ကျန်ရေးအတွက် မြို့ထဲမှာ ပီအာကမ်ပိန်းတစ်ခုလုပ်ပြီး ရှယ်ယာတန်ဖိုးပြန်တက်အောင်လုပ်လိုက်တယ်။ တက်ကြွလှုပ်ရှားခြင်းက ကုမ္ပဏီတစ်ခုကိုပြုတ်အောင်ကောင်းကောင်းတွယ်နိုင်ပါတယ်၊ ဒါပေမယ့်လည်း အရင်းရှင်စနစ်ကိုဖြို ချနိုင်ဖို့အတွက်ကျတော့ လုပ်ငန်းတိုင်း၊ အစိတ်အပိုင်းတိုင်းမှာ ထိုသို့သောလှုပ်ရှားမှုတွေကိုသွားလုပ်တာထက် ပိုပြီးအားစိုက်ဖို့ လိုတယ်။ အလားတူပဲ သားသတ်ရုံတွေကိုပစ်မှတ်ထားတိုက်ခိုက်တဲ့ တိရစ္ဆာန်အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေရဲ့လုပ်ရပ် ဟာ ခြုံပြီးကြည့်လိုက်ရင်တော့ စူပါမားကက်တွေနဲ့အတူ သားသတ်ရုံအသေးစားလေးတွေကိုပိတ်သိမ်းသွားအောင် ကူညီပေး လိုက်သလိုပဲဖြစ်သွားတယ်။ အဲဒါက ဈေးကွက်ရဲ့ အသင့်တော်ဆုံးသူသာရှင်ကျန်နိုင်မယ့် ပြိုင်ဆိုင်မှုဖြစ်စဉ်ကို အထောက်အကူ ပြုပေးလိုက်သလိုပဲဖြစ်သွားပါတယ်။ ထို့အတွက်ကြောင့် တစ်ခါတစ်ရံမှာ တက်ကြွလှုပ်ရှားသူတွေရဲ့လုပ်ဆောင်ချက်များက လုပ်ငန်းသေးလေးတွေကိုဖျက်ဆီးရာမှာအောင်မြင်နိုင်သော်လည်း ခြုံငုံလိုက်ရင်တော့ အရင်းကိုပိုအားကောင်းသွားစေတာပဲ ဖြစ်သွားပါတယ်။

အလားတူအဖြစ်မျိုးကို လမ်းဖောက်ခြင်းကိုကန့်ကွက်သောတက်ကြွလှုပ်ရှားသူတွေဆီမှာလည်း တွေ့မြင်ရပါတယ်။ အတိုင်းအတာကြီးမားလှတဲ့ လမ်းဖောက်ခြင်းကန့်ကွက်ရေးသပိတ်တွေက အရင်းရှင်စနစ်ရဲ့အစိတ်အပိုင်းသစ်တွေအတွက် အခွင့်အလမ်းများဖော်ဆောင်ပေးလိုက်သလိုဖြစ်သွားပါတယ်။ လုံခြုံရေး၊ စောင့်ကြည့်ထိန်းချုပ်ရေး၊ တောင်တက်ဥမင်ဖောက် ကုမ္ပဏီများ၊ ကျွမ်းကျင်သူနဲ့ အကြံပေးကုမ္ပဏီများ စသည်တို့ပေါ်ထွက်လာပါတယ်။ ကျွန်ုပ်တို့ဟာ ပါမစ်ရရေးသူတို့ကြိုးပမ်း ကြရာမှာ ကြုံတွေ့ရမယ့် ဈေးကွက်ရဲ့စွန့်စားရနိုင်ချေတစ်ခုသာဖြစ်သွားပါတော့တယ်။ ကျွန်ုပ်တို့က အင်အားအနည်းဆုံးကုမ္ပဏီ များကို ထွက်ခွါစေရန်ဖိအားပေးခြင်းဖြင့် ဈေးကွက်စွမ်းအားစုများရဲ့စည်းမျဉ်းတွေကို အမှန်တကယ်ပဲအကူအညီပေးလိုက်သ လိုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဆန္ဒပြပွဲများကိုထိုးနှက်ရေးအကြံပေးတစ်ဦးဖြစ်သူ အမန်ဒါဝက်ဘ်စတာက “ဆန္ဒပြပွဲများပေါ် ထွက်လာခြင်းသည် ၎င်းတို့အားထိထိရောက်ရောက်ကိုင်တွယ်နိုင်သောကန်ထရိုက်တာများအဖို့တော့ ဈေးကွက်အကျိုးစီးပွါး များ အမှန်တကယ်ပဲဖြစ်ထွန်းစေပါတယ်” လို့ဆိုခဲ့တယ်။ ထပ်လောင်းပြောချင်တာကတော့ တက်ကြွလှုပ်ရှားခြင်းဟာ လုပ်ငန်း တစ်ခု ဒါမှမဟုတ် လမ်းတစ်လမ်းဖောက်တာကို ရပ်အောင်လုပ်ချင်လုပ်နိုင်မယ် ဒါပေမယ့် ပိုပြီးအင်အားကြီးမားတာမျိုးလုပ်နိုင် ခြင်းမရှိရင်တော့ အရင်းရှင်စနစ်ဟာ ပျော်ပျော်ကြီးရှေ့ဆက်နေဦးမှာပဲဖြစ်ပါတယ်။

အရင်းရှင်စနစ်ကိုရပ်တန့်ရာမှာ အရေအတွက်အရပြောင်းလဲမှု (ပိုများလာသောလှုပ်ရှားမှု၊ ပိုများလာသောတက်ကြွ လှုပ်ရှားသူ) တင်မကပဲ အရည်အချင်းအရပြောင်းလဲမှု (ပို၍ထိရောက်သောလုပ်ဆောင်မှုပုံစံများကိုရှာဖွေဖို့လိုတယ်) ရောပါလို အပ်နေပါတယ်။ အဲဒီအတွက် သက်သေပြဖို့လိုရင်လည်း အထက်ကဥပမာတွေကလုံလောက်နေပါပြီ။ ကြည့်ရတာတော့အရင်း ရှင်စနစ်ကိုဖြိုချဖို့ အမှန်တကယ်ဘာလုပ်ဖို့လိုသလဲဆိုတာနဲ့ပတ်သက်ပြီး အကြံကောင်းဥာဏ်ကောင်းတွေ ကျွန်ုပ်တို့မှာရှိမနေပုံ ပဲ။ လုပ်နေကြတာတွေကိုကြည့်လိုက်ရင် တက်ကြွလှုပ်ရှားသူတွေရဲ့အင်အား အတိုင်းအတာတစ်ခုထိ လုံလုံလောက်လောက် ကြီးထွားလာပြီဆိုတာနဲ့ ရုံးတစ်ရုံးကိုသွားပြီးသိမ်းပိုက်လိုက်တယ်၊ တော်လှန်ရေးကြီးဖြစ်လာပြီပေါ့။

လှုပ်ရှားမှုအကြောင်းအရာကတောင် ၎င်းရဲ့ပုံစံခွက်ကနေလွတ်မြောက်သွားပေမယ့်လည်း တက်ကြွလှုပ်ရှားခြင်းပုံစံက နဂိုအတိုင်းကျန်မြဲကျန်လျက်ရှိနေပါသေးတယ်။ ကျွန်ုပ်တို့ရဲ့အတွေးထဲမှာ ကိစ္စရပ်တစ်ခုအတွက် ကမ်ပိန်းတစ်ခုဖော်ဆောင်ပြီး တက်ကြွလှုပ်ရှားခြင်းသာရှိနေဆဲပါပဲ။ ကျနော်တို့ကတော့ ကိုယ်ထူကိုယ်ထလှုပ်ရှားတဲ့ဂိုဏ်းကဖြစ်တာကြောင့် ကျနော်တို့ရဲ့ပစ် မှတ်အပေါ် လှုပ်ရှားမှုတစ်ခုပြုလုပ်ပြီး ဆန့်ကျင်ကြမယ်ဆိုတာမျိုးတွေပေါ့။ သီးခြားလုပ်ငန်းတစ်ခု သို့မဟုတ် ကုမ္ပဏီတစ်ခုအ ပေါ် ဆန့်ကျင်ပြီး ထိုသို့ကမ်ပိန်းပြုလုပ်ခြင်းနည်းလမ်းကို အရင်းရှင်စနစ်ဆန့်ကျင်ရေးနည်းသစ်များအတွင်းသို့ ထည့်သွင်း လာကြတယ်။ အရင်းရှင်စနစ်ကိုဆန့်ကျင်ဖို့ကြိုးစားရာမှာ ကျွန်ုပ်တို့ရဲ့ ယူဆပုံနည်းလမ်းတွေက လုံးဝအပ်စပ်မှုမရှိပဲ ပြန်လည် ပြင်ဆင်ရေးလစ်ဘရယ်ဝါဒီများနဲ့သာသင့်တော်တဲ့ လုပ်ဆောင်ပုံနည်းလမ်းတစ်ခုကိုပဲအသုံးချနေကြပါတယ်။ ဒီတော့ ကျွန်ုပ်တို့ မှာ အရင်းရှင်စနစ်ကို လှုပ်ရှားမှုတစ်ခုဖော်ဆောင်ပြီးဆန့်ကျင်တဲ့ အံ့ဩဖွယ်ရာမြင်ကွင်းမျိုးရှိပေမယ့်လည်း ထိုလှုပ်ရှားမှုပုံစံက လုံးဝသင့်တော်တဲ့နည်းလမ်းတစ်ခုတော့မဟုတ်ပါဘူး။

ဇာတ်ရုပ်

တက်ကြွလှုပ်ရှားသူတစ်ယောက်ရဲ့ဇာတ်ရုပ်သည် ပုလိပ်၊ မိဘ သို့မဟုတ် သာသနာ့ဝန်ထမ်းတစ်ဦးအဖြစ်ခံယူသလိုမျိုး ပဲ ကျွန်ုပ်တို့ကိုယ်ကိုအဓိပ္ပာယ်သတ်မှတ်ရန်နဲ့ ကျွန်ုပ်တို့နဲ့အခြားသူများကြားကဆက်ဆံရေးကို အနက်ဖော်ပေးတဲ့ ထူးဆန်းတဲ့ စိတ္တဗေဒပုံစံတစ်ခုပါ။ တက်ကြွလှုပ်ရှားသူတစ်ယောက်ဆိုသည်မှာ လူမှုဆိုင်ရာပြောင်းလဲရေးအတွက် ကျွမ်းကျင်သူသို့မဟုတ် ပညာရှင်တစ်ယောက်ဖြစ်တယ်ဆိုပေမယ့် ကျွန်ုပ်တို့တတွေ ထိုအဓိပ္ပာယ်သတ်မှတ်ချက်နဲ့ဇာတ်ရုပ်အပေါ်တွယ်ငြိလေ ကျွန်ုပ် တို့မျှော်မှန်းတဲ့ပန်းတိုင်ကိုသွားရာမှာ အနှောင့်အယှက်ဖြစ်လေပါပဲ။ တကယ့်တော်လှန်ရေးဆိုတာက ကြိုတင်သတ်မှတ်ပြဌာန်း ပြီးဖြစ်သော ဇာတ်ရုပ်ကနေလွန်မြောက်ပြီး တမူထူးခြားခြင်းအယူအဆ(specialism)အားလုံးကိုပါစွန့်ပယ်ရမှာဖြစ်ပါတယ်။ တော်လှန်ရေးအစစ်အမှန်ဆိုသည်မှာလည်း ကိုယ့်ဘဝကိုပြန်လည်ပိုင်စိုးခွင့်ရရှိရေးအတွက်ပါပဲ။ တော်လှန်ရေးလုပ်ရပ် ဖြစ်တဲ့ ကိုယ့်ကံကြမ္မာကိုယ်ပြန်လည်ပိုင်စိုးခွင့်ရရေးသည် အတ္တဘဝပုံစံသစ်များ၊ အပြန်အလှန်ဆက်ဆံရေးပုံစံသစ်များနဲ့ ရပ်ဝန်းသစ် များကိုဖန်တီးနိုင်မယ့်အရာဖြစ်တယ်။ “ကျွမ်းကျင်သူ” ဖြစ်ခြင်းက ၎င်းတို့အတွက်အနှောက်အယှက်ကိုသာဖြစ်စေပါတယ်။

အတ္တဘဝအမှန်ပြန်လည်ရရှိရေးဝါဒီများဖြစ်တဲ့ situationist international အဖွဲ့ဟာ ဇာတ်ရုပ်(အခန်းကဏ္ဍ)အထူး သဖြင့် စစ်သွေးကြွ(militant) ရဲ့အခန်းကဏ္ဍအပေါ် တိကျသောဝေဖန်ချက်များပေးခဲ့ဖူးပါတယ်။ သူတို့ရဲ့ဝေဖန်ချက်များက အဓိကအားဖြင့် လက်ဝဲနဲ့ ဆိုရှယ်ဒီမိုကရေစီတို့ရဲ့အိုင်ဒီရော်လော်ဂျီများအပေါ်မှာဖြစ်ပြီး ဘာကြောင့်လဲဆိုတော့ သူတို့နဲ့မကြာခ ဏထိပ်တိုက်တွေ့တာကလည်း အဲဒီအုပ်စုတွေပဲဖြစ်တာကြောင့်ပါပဲ။ ထိုသို့သောကင်းကွာခြင်းပုံစံမျိုးက ဆက်ရှိနေဆဲဖြစ်ပြီး မြင်သာထင်သာရှိနေပေမယ့် ကျွန်ုပ်တို့ရဲ့မျက်မှောက်ဝန်းကျင်မှာတော့ လက်ဝဲစစ်သွေးကြွတွေထက် လစ်ဘရယ်ဝါဒီတက်ကြွ လှုပ်ရှားသူများနဲ့သာပိုမိုကြုံတွေ့နေရပါတယ်။ သို့သော်ငြားလည်း သူတို့နှစ်ခုလုံးဟာ တူညီတဲ့အသွင်အပြင်ရှိကြပြီး ၎င်းကအံ့ ဩစရာလည်းမဟုတ်ပါဘူး။

အတ္တဘဝအမှန်ပြန်လည်ရရှိရေးဝါဒီတစ်ဦးဖြစ်သူ Raoul Vaneigam က ဇာတ်ရုပ်(အခန်းကဏ္ဍ)အပေါ် ယခုကဲ့သို့ ဖွင့်ဆိုချက်မျိုးပေးခဲ့ပါတယ်။ “ပုံသေကားကျသတ်မှတ်ထားသော stereotypes ပုံစံများသည် ခေတ်ကာလအပိုင်းအခြားတစ်ခု မှာရှိတဲ့ လွှမ်းမိုးကြီးစိုးသောပုံရိပ်များဖြစ်တယ်။ ပုံသေကားကျသတ်မှတ်မှုပုံစံသည် ဇာတ်ရုပ်(အခန်းကဏ္ဍ)ရဲ့ စံနမူနာပုံစံ ဖြစ်တယ်။ ဇာတ်ရုပ်သည် အမူအကျင့်ရဲ့စံနမူနာပုံစံဖြစ်တယ်။ သဘောထားတစ်ခုကိုပုံတူကူးချခြင်းက ဇာတ်ရုပ်တစ်ခုကို ဖန်တီးတယ်။” ဇာတ်ရုပ်တစ်ခုကခြင်းက အသွင်အပြင်တစ်ခုကိုဖန်တီးခြင်းဖြစ်ပြီး တစ်ဆက်တည်းမှာ စစ်မှန်တဲ့အရာများ ကိုလျစ်လျူရှုလိုက်သလိုဖြစ်တယ်။ ကျွန်ုပ်တို့ဟာ အငှါးသဘောထားများ(borrowed attitudes)ရဲ့ ဆွဲဆောင်မှုအောက်မှာ ကျ ရှုံးကြတယ်။ ဇာတ်ရုပ်တုပသူတဖြစ်လဲကျွန်ုပ်တို့ဟာ အတုအယောင်တွေမှာပဲပျော်မွေ့နေကြတယ်။ ၎င်းကကျွန်ုပ်တို့ရဲ့ဘဝ တွေကို ဆီသည်မလက်သုတ်လိုဖြစ်စေတာတွေပါ။ ကျွန်ုပ်တို့ရဲ့ နေ့ရက်တွေကို မသိစိတ်ထဲကနေအနည်းနဲ့အများတော့ လွှမ်းမိုး ကြီးစိုးတဲ့ stereotypes တွေကနေ ရွေးချယ်တုပထားတဲ့ ဟန်ဆောင်မှုများအဖြစ်သို့ဖြိုခွဲပစ်လိုက်တယ်။ အဲဒီလိုမျိုးဖြစ်စဉ်က လမ်းဖောက်လုပ်ခြင်းကန့်ကွက်ရေးလှုပ်ရှားမှု အစောပိုင်းနေ့တွေမှာကတည်းကဖြစ်ပျက်နေတာပါ။ 92ခုနှစ် ဒီဇင်ဘာရဲ့ အဝါ ရောင်ဗုဒ္ဓဟူးနေ့အပြီး တွိုင်းဖို့ဒ်ဒေါင်း (Twyford Down) မှာ မီဒီယာတွေက ဒွန်ဂါမျိုးနွယ်စုနဲ့ ကျစ်ဆံမြီးဆွဲထားသောဆန္ဒပြသူ များရဲ့တန်ပြန်ယဉ်ကျေးမှုရှုထောင့်အပေါ်သာလွှမ်းခြုံထားခဲ့တယ်။ကနဦးအစမှာတော့၎င်းကလွှမ်းမိုးကြီးစိုးတဲ့အဆင့်မှာရှိမနေ သေးပါဘူး၊ အဲဒီနေရာမှာ ဥပမာပြောရရင် မောင်းထုတ်နေကြတဲ့လမ်းလျှောက်သူတွေအုပ်စုလည်းရှိပါတယ်။ သို့သော်လည်း လွှမ်းမိုးကြီးစိုးတဲ့မီဒီယာရဲ့ဆွဲဆောင်မှုအရ လူတွေကအဲဒီပွဲမှာ လူတိုင်းကျစ်ဆံမြီးကျစ်ထားတယ်ပဲထင်သွားကြတယ်။ ဒီနည်းနဲ့ မီဒီယာရဲ့လွှမ်းမိုးမှုဟာ သာမန်လူများဖယ်ခွါသွားအောင်လုပ်လိုက်သလိုဖြစ်သွားပြီး ပွဲကိုလာသမျှလူတွေက ကျစ်ဆံမြီးကျစ် ထားတဲ့ တန်ပြန်ယဉ်ကျေးမှုသမားတွေချည်းဖြစ်ကုန်ပါတော့တယ်။ အဲဒါကဆန္ဒပြသူများရဲ့အရောင်အသွေးစုံလင်မှုကို လျှော့ချ ပစ်လိုက်တာပါ။ သိပ်မကြာသေးခင်ကတောင် အလားတူအဖြစ်မျိုးဖြစ်ခဲ့ပါသေးတယ်။ တီဗွီမှာပါလာတဲ့ စိမ့်တောလူသားကဲ့သို့ ဝတ်ဆင်ထားသူတွေရဲ့ဆွဲဆောင်မှုကြောင့် ဆန္ဒပြပွဲကိုလူတွေရောက်လာကြပြီး သူတို့ရဲ့နေ့စဉ်ဘဝမှာပါ မီဒီယာကအသားပေး ဖော်ပြလိုက်တဲ့ ဂေဟစနစ်သူရဲကောင်းများ(eco-warriors)ရဲ့စိတ်နေစိတ်ထားများကို ပုံတူကူးလာကြပါတယ်။

“စားသုံးသူရဲ့အပြုခံသဘာဝသည် ကိုယ်တိုင်ပူးပေါင်းပါဝင်သောအပြုခံသဘာဝဖြစ်သည့်အလျောက် ရင်သပ်ရှုမော ဖွယ်မြင်ကွင်း (spectacle)မှာ နှစ်မြှုပ်နေတဲ့ spectator ရဲ့ အပြုခံသဘာဝသည်လည်း ၎င်းရဲ့ ဇာတ်ရုပ်တစ်ခုအပေါ်ဈာန်ဝင်စား နိုင်စွမ်းနဲ့ တရားဝင်သတ်မှတ်ထားသောစံနှုန်းများအရ ကပြအသုံးတော်ခံနိုင်စွမ်းအပေါ်မှီတည်နေတယ်။ ပုံရိပ်နဲ့ stereotypes များကို ထပ်တလဲလဲပုံတူကူးခြင်းက လူတိုင်းဇာတ်ရုပ်တစ်ခုကိုရွေးချယ်ဖို့လိုအပ်တယ်ဆိုပြီးပြောနေတဲ့ စံပုံစံများကိုဖန်တီး လိုက်တယ်။” စစ်သွေးကြွ သို့မဟုတ် တက်ကြွလှုပ်ရှားသူတစ်ယောက်ရဲ့ဇာတ်ရုပ်ဟာလည်း ထိုဇာတ်ရုပ်များထဲကတစ်ခုသာ ဖြစ်ပါတယ်။ ပြီးတော့လည်း ထို့အတွက်ကြောင့်ပဲ ထိုဇာတ်ရုပ်တွေမှာ တော်လှန်ရေးဆိုင်ရာအသုံးအနှုန်းများတွဲလျက်ပါနေတာ တောင် အနှစ်သားမှာတော့ ရှေးရိုးစွဲကွန်ဆာဗေးတစ်ဆန်နေတာပါ။

တက်ကြွလှုပ်ရှားသူများရဲ့ တော်လှန်သောသဘောသဘာဝရှိရမယ့်လှုပ်ရှားမှုက ထုံထိုင်းပြီး အသုံးမဝင်တဲ့နည်းလမ်း တွေပါ။ အပြောင်းအလဲဖြစ်လာနိုင်ချေမရှိတဲ့ လှုပ်ရှားမှုအချို့ကိုပဲမိတ္တူပွါးနေကြတယ်။ အပြောင်းအလဲကတကယ်ဖြစ်လာရင် တောင်မှ တက်ကြွလှုပ်ရှားသူတွေကအဲဒါကိုခုခံကြလိမ့်မယ်၊ ဘာကြောင့်လဲဆိုတော့ အဲလိုတကယ်ဖြစ်လာရင် သူတို့ရွေးချယ် ထားခဲ့သောဇာတ်ရုပ်ရဲ့ လွယ်လွယ်ကူကူနဲ့သေချာခိုင်မာနေတာတွေအတွက်အနှောက်အယှက်ဖြစ်စေမှာဖြစ်ပြီး သူတို့အတွက် သူတို့ဖန်တီးထားတဲ့နွားခြေရာခွက်ကလေး ပျက်စီးသွားရမှာကြောင့်ပါပဲ။ သမဂ္ဂရဲ့ဆရာကြီးတွေလိုပဲ တက်ကြွလှုပ်ရှားသူတွေ ဟာလည်း ရာသက်ပန်ကိုယ်စားလှယ်တွေနဲ့ကြားခံတွေဖြစ်ကြပါတယ်။ အလုပ်သမားများရဲ့တိုက်ပွဲအမှန်တကယ်အောင်မြင် သွားတဲ့အခါကျရင် သူတို့အတွက်လုပ်စရာအလုပ်မရှိတော့မှာကြောင့် အလုပ်သမားတို့ကိုပြန်ပြီးဆန့်ကျင်ကြမယ့် သမဂ္ဂခေါင်း ဆောင်များရဲ့အဖြစ်လိုပဲ တက်ကြွလှုပ်ရှားသူများကို အပြောင်းအလဲကခြိမ်းခြောက်နေတယ်။ တော်လှန်ရေး ဒါမှမဟုတ်လည်း တော်လှန်ရေးရဲ့ဦးတည်ရာကိုအမှန်တကယ်ရွေ့နေတဲ့ ဘယ်အမှုမျိုးမဆိုကတောင် တက်ကြွလှုပ်ရှားသူတွေအတွက် သူတို့ရဲ့ ဇာတ်ရုပ်ကနေဖယ်ထုတ်ခံရမှာဖြစ်လို့ သူတို့ကိုမချိမခံသာဖြစ်စေမှာပါပဲ။ လူတိုင်းကတော်လှန်ရေးသမားဖြစ်နေရင် ခင်ဗျားက ဘာမှပိုပြီးထူးခြားမနေတော့ဘူးလေ၊ မဟုတ်ဘူးလား?

ဒါဆိုကျုပ်တို့ဘာကြောင့်တက်ကြွလှုပ်ရှားသူအဖြစ်ပြုမူနေရတာလဲ? ငကြောက်တွေကပဲရွေးချယ်ကြတဲ့ ခပ်ညံ့ညံ့ရွေး ချယ်စရာဖြစ်နေတာကြောင့်ပဲလား? ဒီလူ့အဖွဲ့အစည်းနဲ့အံဝင်ခွင်ကျဖြစ်ပြီး ဒီလူ့အဖွဲ့အစည်းအပေါ်စိန်ခေါ်မှုမဖြစ်တဲ့အတွက် ကြောင့် တက်ကြွလှုပ်ရှားသူအဖြစ် လွယ်လွယ်ကူကူပဲ ကပြအသုံးတော်ခံနေကြတာပါ။ တက်ကြွလှုပ်ရှားခြင်းက အများလက် ခံထားတဲ့ ကွဲပြားမှုပုံစံတစ်မျိုးဖြစ်ပါတယ်။ နောက်ဆုံး တက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့ အများလက်မခံနိုင်တဲ့ တရားမ ဝင်တဲ့အရာတွေလုပ်နေရင်တောင် တက်ကြွလှုပ်ရှားခြင်းရဲ့ကိုယ်ထည်ကိုက အသက်မွေးဝမ်းကြောင်းအလုပ်တွေလို ကျွန်ုပ်တို့ ရဲ့စိတ်သဘာဝနဲ့ ကြီးပြင်းလာရတဲ့ပုံစံနဲ့ သဟဇာတဖြစ်လို့နေပါတယ်။ ၎င်းမှာဆွဲဆောင်နိုင်စွမ်းအချို့ရှိနေရတာကလည်း တော် လှန်သောသဘောသဘာဝမဟုတ်တာကြောင့်ပဲဖြစ်ပါတယ်။

ကျွန်ုပ်တို့အတွက်အာဇာနည်တွေထပ်ပြီးမလိုအပ်တော့ပါ

စစ်သွေးကြွဇာတ်ရုပ်ကိုရော တက်ကြွလှုပ်ရှားသူဇာတ်ရုပ်ကိုပါနားလည်သဘောပေါက်စေမယ့်သော့ချက်ကတော့ စွန့် လွှတ်အနစ်နာခံခြင်းပဲဖြစ်ပါတယ်။ အတ္တဘဝ(self)ကိုသီးခြားခွဲထုတ်လိုက်ခြင်းအဖြစ်ရှုမြင်ခံရတဲ့ “အရေးကိစ္စ” တစ်ခုအပေါ် အတ္တဘဝကို စွန့်လွှတ်အနစ်နာခံလိုက်ခြင်းမျိုးပါ။ ၎င်းကကိုယ့်ကိုယ်ကိုပြန်လည်ပိုင်စိုးရေးအတွက် အတ္တဘဝကိုပြန်လည်သိမ်း ပိုက်ခြင်းဖြစ်တဲ့ တော်လှန်ရေးအစစ်အမှန်နဲ့ လားလားမျှသက်ဆိုင်ခြင်းရှိမနေပါဘူး။ တော်လှန်သောအာဇာနည်ဘဝက တစ်စုံ တစ်ယောက်ရဲ့ကိုယ်ပိုင်ဘဝနဲ့သက်ဆိုင်ခြင်းမရှိတဲ့ အရေးကိစ္စတွေနဲ့သာကိုက်တာပါ။ အရင်းရှင်စနစ်ဟာ မြို့ပြထဲက ကျွန်ုပ်တို့ ရဲ့ ပြင်ပတစ်နေရာ(out there)မှာရှိနေတယ်လို့ယူဆပြီး အရင်းရှင်စနစ်အပေါ်ဆန့်ကျင်ပြီးပြုလုပ်တဲ့လှုပ်ရှားမှုတစ်ခုက အခြေ ခံအားဖြင့် မှားယွင်းနေတယ်။ အရင်းရဲ့တကယ့်ပါဝါက ကျွန်ုပ်တို့ရဲ့နေ့စဉ်ဘဝအတွင်းမှာတင်ရှိနေတာပါ။ အရင်းဟာ အရာဝတ္ထု တစ်ခုမဟုတ်ပဲ အရာဝတ္ထုများကို ကြားခံထားပြီးအလုပ်လုပ်တဲ့ လူအချင်းချင်းကြားကလူမှုဆက်ဆံရေးဖြစ်တဲ့အတွက်ကြောင့် ကျွန်ုပ်တို့ကိုယ်တိုင်ကလည်း နေ့စဉ်နေ့တိုင်း ၎င်းရဲ့ပါဝါကို ပြန်လည်မွေးထုတ်ပေးနေပါတယ်။

ဂျွန်လ ၁၈ရက်နေ့ပွဲမှာပါဝင်ကြသူတိုင်းက အဲဒီလိုမျိုး ဇာတ်ရုပ်နဲ့ ကိုယ့်ကိုယ်ကိုစွန့်လွှတ်အနစ်နာခံမှုအပေါ် မောဟဖုံး နေကြတာပါဆိုပြီးပြောချင်တာမဟုတ်ပါဘူး။ ကျွန်ုပ်အထက်မှာဆိုခဲ့သလို တက်ကြွလှုပ်ရှားခြင်းရဲ့ပြဿနာဟာ ဂျွန်လ ၁၈ရက် ပွဲကြောင့် သိသာထင်ရှားတဲ့ပြဿနာတစ်ခုဖြစ်လာပြီး အဲဒီပွဲမှာ အထက်ကဆိုခဲ့သလိုဇာတ်ရုပ်တွေကနေကျော်လွန်ပြီး ကျွန်ုပ် လုပ်ရိုးလုပ်စဉ်နည်းလမ်းအတိုင်း အလုပ်လုပ်ကြဖို့ ကြိုးစားခဲ့ဖူးတာကြောင့်ပဲဖြစ်ပါတယ်။ ဒီနေရာမှာမီးမောင်းထိုးပြချင်တာက တက်ကြွလှုပ်ရှားသူဇာတ်ရုပ်ကိုကခြင်းကြောင့်ဖြစ်လာနိုင်တဲ့ အဆိုးဆုံးမြင်ကွင်းမျိုးကိုပြချင်တာပါ။ ကျွန်ုပ်တို့ကိုယ်တိုင်လုပ် မယ့်လှုပ်ရှားမှုတွေမှာ အဲဒီလိုမောဟဖုံးခြင်းအနေအထားအပေါ်မူတည်ပြီး ကျွန်ုပ်တို့လုပ်စရာတွေဘယ်လောက်တောင်ရှိသေး သလဲဆိုတာကို သိရှိနိုင်ရေးအတွက်ပဲဖြစ်ပါတယ်။

တက်ကြွလှုပ်ရှားသူတွေက နိုင်ငံရေးကို ငြီးငွေ့ဖွယ်ကောင်းစေပြီး အကျိုးမရှိဖြစ်စေကာ လူအများအားပါဝင်မလာ အောင်တွန်းထုတ်သလိုဖြစ်စေယုံသာမက ထိုသို့ဇာတ်ရုပ်ကိုကခြင်းကလည်း တက်ကြွလှုပ်ရှားသူကိုယ်တိုင်ကိုပါတလွဲဖြစ်စေ တယ်။ တက်ကြွလှုပ်ရှားသူဆိုတဲ့ဇာတ်ရုပ်က ရလဒ်နဲ့နည်းလမ်းကိုမဆိုင်သလိုဖြစ်သွားစေပါတယ်။ ဆိုလိုတာက ကိုယ့်ကိုယ်ကို စွန့်လွှတ်အနစ်နာခံခြင်းသည် တော်လှန်ရေးကို ချစ်ခြင်းတရားနဲ့ပျော်ရွှင်ခြင်းကအနာဂတ်ကိစ္စဖြစ်ပြီး တာဝန်ဝတ္တရားနဲ့အလုပ် လုပ်ပုံလမ်းကြောင်းကသာမျက်မှောက်ပစ္စုပ္ပန်ကိစ္စဖြစ်တယ်ဆိုပြီး အဓိပ္ပာယ်ရစေတယ်။ တက်ကြွလှုပ်ရှားခြင်းရဲ့ လောကအ မြင်က အပြစ်နဲ့တာဝန်ဝတ္တရားသာကြီးစိုးတယ်၊ ဘာလို့လဲဆိုတော့ တက်ကြွလှုပ်ရှားသူတစ်ယောက်ဟာ သူ့အတွက်သူတိုက် ပွဲဝင်နေတာမဟုတ်ပဲ သူနဲ့လားလားမျှမသက်ဆိုင်တဲ့အမှုကိစ္စအတွက်တိုက်ပွဲဝင်နေတာကြောင့်ပဲ။ အမှုကိစ္စတိုင်းသည် လူမ ဆန်တာတွေချည်းပဲလို့ပြောနေသလိုပါပဲ။

ခင်ဗျားသာတက်ကြွလှုပ်ရှားသူတစ်ယောက်ဆိုရင် ခင်ဗျားရဲ့ကိုယ်ပိုင်ဆန္ဒကိုစွန့်လွှတ်ပစ်လိုက်ရလိမ့်မယ်၊ ဘာကြောင့် ဆို ခင်ဗျားလုပ်တဲ့နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုက အဲဒီအရာတွေကို နိုင်ငံရေးအဖြစ်ထည့်တွက်မှာမဟုတ်လို့ပဲ။ နိုင်ငံရေးကိုခင်ဗျား ဘဝနဲ့မသက်ဆိုင်တဲ့သေတ္တာတစ်လုံးထဲကိုထည့်လိုက်မယ်၊ အသက်မွေးဝမ်းကြောင်းအလုပ်လိုပဲ မနက်၉ ညနေ၅ နိုင်ငံရေးအ လုပ်လုပ်မယ်၊ ပြီးရင်အိမ်ပြန်ပြီးတခြားကိစ္စတွေလုပ်မယ်။ နိုင်ငံရေးကို သီးခြားသေတ္တာတစ်လုံးထဲထည့်ထားတဲ့အတွက် လက် တွေ့ဘဝထဲက အလုပ်ဖြစ်ဖို့လက်တွေ့သုံးသပ်ပုံနည်းလမ်းတွေနဲ့အဆင်မပြေတော့ဘူး။ တက်ကြွလှုပ်ရှားသူက လမ်းရိုးလမ်း ဟောင်းမှာပဲလည်နေပြီး ခဏလောက်လေးတောင်ရပ်ပြီးမစဉ်းစားမသုံးသပ်နိုင်တော့ဘူး။ အဓိကကတော့တက်ကြွလှုပ်ရှားသူ ဟာ အခါမလပ်အလုပ်များနေအောင်လုပ်နေပြီး လိုအပ်လာရင်နံရံထောင့်ကပ်ပြီးအာပတ်ဖြေနေတာကြောင့်ပဲ။

တော်လှန်ရေးသမားတစ်ယောက်အနေနဲ့ တစ်စိတ်တစ်ပိုင်းလိုအပ်တာကတော့ ဘယ်အချိန်မှာရပ်ပြီးခဏလောက် စောင့်ရမယ်ဆိုတာကိုသိဖို့ပါပဲ။ ဘယ်အချိန်မှာ အထိရောက်ဆုံးအလုပ်ဖြစ်အောင် သပိတ်တိုက်ပွဲဆင်မလဲဆိုတာသိဖို့ အရေး ကြီးသလို ဘယ်အချိန်မှာသပိတ်တိုက်ပွဲမဆင်သင့်ဘူးလဲဆိုတာကိုလည်း သိဖို့ရာအရေးကြီးပါလိမ့်မယ်။ တက်ကြွလှုပ်ရှားသူရဲ့ “ခုချက်ချင်းတစ်ခုခုလုပ်ဖို့လိုမယ်”ဆိုတဲ့သဘောထားကတော့ အပြစ်ရှိသလိုခံစားရတဲ့စိတ်ကြောင့်ပဲလို့ထင်ရပါတယ်။ အဲဒါက လုံးဝဗျူဟာမကျပါဘူး။

စစ်သွေးကြွ သို့မဟုတ် တက်ကြွလှုပ်ရှားသူရဲ့ ကိုယ့်ကိုယ်ကိုစွန့်လွှတ်အနစ်နာခံမှုဟာ ကျွမ်းကျင်သူပညာရှင်တစ် ယောက်အဖြစ် အခြားသူများအပေါ်လွှမ်းမိုးထားတဲ့သူတို့ရဲ့ပါဝါကိုထင်ဟပ်နေတယ်။ ဘာသာရေးလိုပဲသူ့မှာလည်း ဒုက္ခဆင်းရဲ ရေချိန်နဲ့ သီလကြောင်ခြင်းအနေအထားအဆင့်ဆင့်တို့နဲ့တည်ဆောက်ထားတဲ့ အထက်အောက်တည်ဆောက်ပုံမျိုးရှိတယ်။ သူ ခံစားရတဲ့ကြီးစွာသောဒုက္ခဆင်းရဲတည်းဟူသောသီလအရ အခြားသူများအပေါ်ပါဝါလွှမ်းမိုးထားတယ်(အထက်အောက်ဖွဲ့စည်း မှုမရှိသောတက်ကြွလှုပ်ရှားသူအစုအဖွဲ့က လူတွေအများဆုံးပြုမူတတ်ကြသောအာဏာရှင်စရိုက်မျိုးကိုပြုမူမိတတ်ကြတယ်)။ တက်ကြွလှုပ်ရှားသူဟာ အပြစ်နဲ့ကိုယ်ကျင့်တရားအကြပ်ကိုင်ခြင်းကိုအသုံးချပြီး ဒုက္ခဆင်းရဲသိပ်မခံစားရတဲ့သူတွေအပေါ်ကို ပါဝါလွှမ်းမိုးမှုပြုတယ်။ သူ့တို့ဟာသူတို့နာခံကြယုံမက ကျန်တဲ့သူတွေပါသူတို့နဲ့အတူ ကြီးမြတ်သောအမှုကိစ္စကြီးအောက်မှာ အားလုံးကိုနာခံခိုင်းတယ်။ ကိုယ့်ကိုယ်ကိုစွန့်လွှတ်အနစ်နာခံတဲ့နိုင်ငံရေးသတ္တဝါများဟာ သူတို့ရဲ့ကိုယ်ပိုင်ဘဝနဲ့ ရှင်သန်လိုသော စိတ်ဆန္ဒတို့ကိုပါအညွှန့်ချိုးပစ်လိုက်တယ်။ ၎င်းကဘဝအပေါ်ခါးခါးသီးသီးအာဃာတဖြစ်စေပြီး ဘဝရဲ့ပြင်ပကအရာများအား လုံးကိုပါ ညှိုးရော်ခြောက်သွေ့သွားစေပါတယ်။ “သူတို့ကဘဝကိုစက်ဆုပ်ကြတယ်၊ အဆုံးစွန်ထိမိမိကိုယ်ကိုစွန့်လွှတ်အနစ်နာခံ ရေးဘက်တော်သားများဖြစ်ကြတယ်၊ သူတို့ရဲ့ကြောက်စရာခြိုးခြံအကျင့်သီလကြောင့် သူတို့ရဲ့ဘဝတွေကပုံပျက်ပန်းပျက်ဖြစ် နေတယ်”။ ဒါကိုကျွန်ုပ်တို့ကိုယ်တိုင်လုပ်တဲ့လှုပ်ရှားမှုတွေမှာတောင်တွေ့မြင်နိုင်ပါတယ်။ ဥပမာဆိုရရင် တစ်ခါတစ်လေဘာမှမ လုပ်ပဲဒီတိုင်းထိုင်နေပြီးအချိန်ဖြုန်းချင်တဲ့ဆန္ဒရှိနေပေမယ့် အလုပ်ကျင့်ဝတ်ကြောင့်ဖြစ်ပေါ်လာတဲ့အပြစ်ရှိသလိုခံစားရတဲ့စိတ် ကဝိရောဓိဖြစ်စေပြီး တစ်ခါတစ်လေညစာပါမစားလိုက်ရတဲ့အခိုက်အတန့်မျိုးရှိတယ်။ အခြားသူတွေက သူတို့ဖြစ်စေချင်သလို ကိုယ့်ကိုယ်ကိုစွန့်လွှတ်အနစ်နာခံမှုမျိုးမလုပ်တဲ့အခါကျရင် တက်ကြွလှုပ်ရှားသူက စော်ကားခံရသလိုခံစားရပြီး ယမ်းပုံမီးကျ ဒေါသထွက်တတ်တယ်။ “ရိုးသားတဲ့အလုပ်သမားများ”က သားရေပေါ်အိပ်သားရေနားစားကြသူတွေ သို့မဟုတ် အဲဒီလိုလက် ကြောမတင်းပဲအချောင်လိုချင်တဲ့သူတွေကိုတွေ့တဲ့အခါ တိုက်ခိုက်ကြသလိုမျိုးပဲ၊ အဲလိုဖြစ်ရခြင်းက သူတို့ဟာ သူတို့ရဲ့အလုပ်နဲ့ သူတို့ရဲ့အာဇာနည်အဖြစ်ကိုရွံရှာမုန်းတီးနေပြီး ဒီအတွက်ကြောင့် သူတို့ကတော့ဆင်းရဲဒုက္ခခံစားနေရစဉ်မှာ အခြားသူတွေကထို ကံကြမ္မာကနေလွတ်မြောက်နေပြီး သာယာချမ်းမြေ့နေတာကိုမမြင်လိုတာပါပဲ။ သူတို့ကလူတွေအားလုံးကို သူတို့နဲ့အတူဆင်းရဲ ဒုက္ခတွင်းထဲကျရောက်အောင်ဆွဲချလိုက်မှဖြစ်မယ်။ အဲဒါမှပဲ ညီတူညီမျှကိုယ့်ကိုယ်ကိုစွန့်လွှတ်အနစ်နာခံမှုဖြစ်လာမယ်လေ။

အိုဟောင်းလှတဲ့ဘာသာရေးရဲ့စကြာဝဠာအမြင်မှာတော့ အာဇာနည်တစ်ယောက်ဟာ ကောင်းကင်ဘုံမှာစံမြန်းရတယ်။ ခေတ်သစ်ကမ္ဘာ့အမြင်မှာတော့ အာဇာနည်တစ်ယောက်ဟာ ကွယ်လွန်သွားရင်သမိုင်းကိုအပေါ်စီးကနေငုံ့ကြည့်ခွင့်ရှိမယ်။ အ ကြီးမြတ်ဆုံးကိုယ့်ကိုယ်ကိုစွန့်လွှတ်အနစ်နာခံမှုက အကြီးမြတ်ဆုံးဇာတ်ရုပ်တစ်ခုကိုဖန်တီးပေးနိုင်ပြီး ထိုသို့စွန့်လွှတ်အနစ်နာခံ ခြင်းအတွက်ဆုလာဒ်အဖြစ် ဘူဇွာတို့ရဲ့ကောင်းကင်ဘုံကြီးထဲမှာ စံမြန်းနိုင်ခွင့်ကိုပေးတယ်(ဂေဟစနစ်ဟီးရိုးဆိုရင်ပိုကောင်းတဲ့ ဥပမာဖြစ်မှာပါ၊ လူတွေအတုယူစရာ လုံးဝအသစ်တစ်ခုကိုဖန်တီးလိုက်တာပဲ)။

ဟိုးတုန်းကလက်ဝဲတွေကသူရဲကောင်းဆန်ဆန်စွန့်လွှတ်အနစ်နာခံဖို့ကို ပိုပြီးပွင့်ပွင့်လင်းလင်းနှိုးဆော်တိုက်တွန်းကြပါ တယ်။ “သင်တို့ကိုယ်သင်တို့ပျော်ရွှင်စွာစွန့်လွှတ်အနစ်အနာခံကြလော့ ညီအကိုမောင်နှမအပေါင်းတို့၊ အရေးတော်ပုံအတွက်၊ လူ့ဘောင်လောကသစ်အတွက်၊ ပါတီအတွက်၊ ညီညွှတ်ရေးအတွက်၊ ဘာအတွက် ညာအတွက်”ဆိုတာမျိုး။ ဒီဖက်ခေတ်ရောက် တော့ အဲလိုပွင့်ပွင့်လင်းလင်းကြီးမဟုတ်တော့ပဲ Vaneigem ဆိုခဲ့သလိုပဲ”ရာဒီကယ်လက်ဝဲလူငယ်များက အရေးတော်ပုံတွေထဲ မှာမှအမြတ်ဆုံးအရေးတော်ပုံအောက်ဝင်ပြီးအမှုထမ်းတယ်။တီထွင်ဖန်တီးမှုရှိတဲ့လှုပ်ရှားမှုတွေလုပ်ရမယ့်အချိန်မှာလက်ကမ်း စာစောင်ဝေလိုက်၊ ပိုစတာတွေကပ်လိုက်၊ ပြီးတော့ဒေသခံနိုင်ငံရေးသမားတွေကိုမေးခွန်းတွေနဲ့အနှောက်အယှက်ပေးလိုက် ဒါ မှမဟုတ်လည်း ဆန္ဒထုတ်ဖော်ကြတယ်။ လှုပ်ရှားမှုတွေအပေါ်လွဲမှားစွာကိုးကွယ်မှုဖြစ်ပြီး စစ်သွေးကြွတွေဖြစ်လာမယ်၊ ဘာလို့ ဆို စဉ်းစားတွေးခေါ်ခြင်းအလုပ်ကိုအခြားသူတွေက သူတို့ကိုယ်စားလုပ်ပေးနေတာကြောင့် သူတို့လုပ်စရာမလိုတော့ဘူးလို့ယူ ဆကြတယ်”။

ဒါတွေဟာတကယ်တော့ကျွန်ုပ်တို့ရင်းနှီးနေတဲ့အရာတွေပါပဲ၊ အထူးသဖြင့်လှုပ်ရှားမှုအပေါ်လွဲမှားစွာကိုးကွယ်မှုဆိုတာ ကကျွန်ုပ်တို့ပိုတောင်ရင်းနှီးနေသေးတယ်။ လက်ဝဲအစုအဖွဲ့တွေမှာ စစ်သွေးကြွသို့မဟုတ် လက်ရုံးတပ်ဟာ အဆုံးမရှိတဲ့ ပမွှား အလုပ်တွေကို လွတ်လွတ်လပ်လပ်လုပ်နိုင်ကြတယ်၊ ဘာလို့ဆို ခေါင်းဆောင် ဒါမှမဟုတ် ဆရာကြီးဆီမှာ “သီအိုရီ” တည်းဟူ သောဝှက်ဖဲတစ်ချပ်ရှိပြီး အဲဒါက ခုခေတ်အများလက်ခံကြတဲ့ဝေါဟာရအတိုင်းဆို “ပါတီဦးတည်ချက်”ဆိုတာပါပဲ။ ကိုယ်ထ ကိုယ်ထဆောင်ရွက်ရေးတက်ကြွလှုပ်ရှားသူတွေမှာတော့ အတန်ငယ်ကွဲပြားပါတယ်။ သူတို့လည်း လှုပ်ရှားမှုအပေါ်လွဲမှားစွာ ကိုးကွယ်မှုရှိပေမယ့် ဘာသီအိုရီပဲဖြစ်ဖြစ်နှစ်မြို့ခြင်းမရှိတာမျိုးကပိုပါတယ်။

ကိုယ့်ကိုယ်ကိုစွန့်လွှတ်အနစ်နာခံမှုနဲ့တာဝန်ဝတ္တရားအပေါ်မှီတည်နေတဲ့ တက်ကြွလှုပ်ရှားသူဇာတ်ရုပ်က ရှိနေတယ် ဆိုပေမယ့်လည်း ဂျွန်လ ၁၈ရက်နေ့ပွဲမှာ ထင်ထင်ရှားရှားကြီးဖြစ်နေတာတော့မဟုတ်ပါဘူး။ တက်ကြွလှုပ်ရှားသူတို့ယူဆတတ် ကြတဲ့ သာမန်လူတွေနဲ့ကွဲပြားနေတယ်ဆိုတဲ့အတွေးကသာပိုပြီးအရေးကြီးတဲ့ပြဿနာတစ်ခုပါ။ လွှမ်းမိုးကြီးစိုးဆဲယဉ်ကျေးမှု ကနေကွဲထွက်တဲ့ယဉ်ကျေးမှုရှိကြသူအူကြောင်ကြောင်ငနဲတွေကတစ်ဖက်၊ ကမ္ဘာကြီးပေါ်ကလူတိုင်းကတစ်ဖက်ဆိုပြီး ကွဲပြား နေကြတယ်။

ခြားနားခြင်း

တက်ကြွလှုပ်ရှားသူဆိုတာ လူတွေနဲ့ချိတ်ဆက်စည်းရုံးထားရမယ့်ဟာကို လူတွေနဲ့သီးခြားအဖြစ် မိမိဖာသာသတ်မှတ် ထားတဲ့ဇာတ်ရုပ်တစ်ခုပါ။ တက်ကြွလှုပ်ရှားသူဇာတ်ရုပ်ကိုယူလိုက်ရင် သင့်ကိုယ်သင် လူသားမျိုးနွယ်တစ်ရပ်လုံးနဲ့ မတူကွဲပြား နေတဲ့မျိုးစိတ်အဖြစ်သတ်မှတ်လိုက်သလိုပဲ။ လူတွေကသူတို့အသုံးပြုတဲ့အများကိန်းနာမ်စားအရ လူတန်စားတစ်ခုထက် သူတို့ ဟာဘယ်တက်ကြွလှုပ်ရှားသူအစုအဖွဲ့ထဲမှာပါဝင်ကြောင်း ဖော်ပြတတ်ကြတယ်(ကျွန်ုပ်တို့ဆိုပြီးခင်ဗျားသုံးနှုန်းလိုက်တိုင်း အဲဒီ ကျွန်ုပ်တို့က ဘယ်သူတွေကိုရည်ညွှန်းလိုတာလဲ?)။ ဥပမာဆိုရရင် မျက်မှောက်ကာလရဲ့အချိန်အချို့မှာတက်ကြွလှုပ်ရှားခြင်းရပ် ဝန်းဆီက သီးခြားကိစ္စရပ်တစ်ခုတည်းသာအာရုံစိုက်ခြင်းမရှိတော့ဖို့နဲ့ အချင်းချင်းကြားချိတ်ဆက်ထားရှိခြင်းရဲ့အရေးပါပုံတို့အ ကြောင်း ကျယ်ကျယ်လောင်လောင်ပြောဆိုခဲ့ခြင်းရှိခဲ့တယ်။ သို့သော်လည်း လူတွေက အချင်းချင်းချိတ်ဆက်ထားကြဖို့ဆိုတာ အခြားသောတက်ကြွလှုပ်ရှားသူများနဲ့ အခြားသောကမ်ပိန်းအုပ်စုများနဲ့ချိတ်ဆက်ထားခြင်းကိုဆိုလိုတယ်လို့ မှတ်ယူကြတယ်။ ဂျွန်လ ၁၈ရက်နေ့ပွဲဟာ ၎င်းကိုကောင်းကောင်းပုံဖော်ပြနိုင်ခဲ့ပါတယ်။ ထိုပွဲရဲ့အိုင်ဒီယာတစ်ခုလုံးက မတူညီသောအရေးကိစ္စမျိုး စုံတို့ရဲ့ကိုယ်စားလှယ်များအဖြစ် တစ်နေရာတည်း၊ တစ်ချိန်ထဲမှာစုစည်းကြပြီး ကျွန်ုပ်တို့အားလုံးကို ကောင်းသောအရေးကိစ္စ တည်းဟူသောချောင်တစ်ခုမှာပဲ စိတ်လိုလက်ရပိတ်မိနေစေပါတယ်။

နိုင်ငံတစ်ဝှမ်းမှာလည်း အလားတူ အမျိုးအစားစုံလင်လှသော စုဝေးခြင်းဆိုင်ရာကွန်ယက်များစွာတို့ကလည်း မကြာ သေးခင်ကမှမှိုလိုပေါက်လာတယ်။ ဘရင်တန်က the Rebel Alliance၊ မန်ချက်စတာက Riotous Assembly၊ လန်ဒန်ကမြေ အောက်အဖွဲ့ အစရှိသည်တို့ပဲဖြစ်ပါတယ်။ ၎င်းတို့ဟာ သက်ဆိုင်ရာနေရာဒေသရှိတက်ကြွလှုပ်ရှားသူအစုအဖွဲ့တိုင်း နှီးနှောချိတ် ဆက်ထားရှိကြဖို့ တူညီတဲ့ဘုံရည်မှန်းချက်ရှိကြတယ်။ ဒါကိုကျွန်ုပ်ဝေဖန်ဖို့မဟုတ်ပါဘူး၊ တခြားသောအရာတွေကိုဆက်လက် လုပ်ကိုင်ဖို့ ၎င်းကမရှိမဖြစ်လိုအပ်တဲ့အကြိုလိုအပ်ချက်တစ်ခုဖြစ်လို့နေပါတယ်။ သို့သော်လည်း ၎င်းကွန်ယက်ချိတ်ဆက်ခြင်း ကို အလွန့်အကျွံကန့်သတ်မှုရှိသောကွန်ယက်ချိတ်ဆက်ခြင်းပုံစံတစ်ရပ်အဖြစ် ရှုမြင်သင့်ပေတယ်။

တစ်လောကလုံးကရှိသမျှတက်ကြွလှုပ်ရှားသူတွေအားလုံးကိုချိတ်ဆက်ထားယုံနဲ့မလုံလောက်သလို တက်ကြွလှုပ်ရှား သူတွေအဖြစ် ပိုပိုများလာတဲ့လူတွေကိုပြောင်းလဲပေးချင်ယုံသက်သက်ကလည်းလုံလောက်ခြင်းမရှိပါဘူး။ လူအချို့ထင်မှတ် ထားကြသလို လူတွေအများကြီးတက်ကြွလှုပ်ရှားသူတွေဖြစ်လာကြခြင်းက တော်လှန်ရေးရဲ့ပန်းတိုင်ဆီတဖြည်းဖြည်းနီးလာ စေတာမျိုးဖြစ်မလာပါဘူး။ လူအချို့က တကယ်တမ်းလိုအပ်နေတာဟာ လူတိုင်းကိုကျွန်ုပ်တို့ကဲ့သို့တက်ကြွလှုပ်ရှားသူများဖြစ် လာအောင်လုပ်ပြီး တော်လှန်ရေးတစ်ခုကိုဖော်ဆောင်မယ်ဆိုတဲ့ ထူးဆန်းတဲ့အတွေးမျိုးရှိတယ်။ Vaneigem ကတော့”တော် လှန်ရေးသည် တော်လှန်ရေးစပါယ်ရှယ်လစ်များယူဆပုံနဲ့ဆန့်ကျင်စွာပဲ နေ့စဉ်နေ့တိုင်းမှာဖြစ်ပေါ်နေတယ်”လို့ဆိုခဲ့ပါတယ်။

စစ်သွေးကြွသို့မဟုတ် တက်ကြွလှုပ်ရှားသူဟာ လူမှုရေးဆိုင်ရာအပြောင်းအလဲ ဒါမှမဟုတ်တော်လှန်ရေးမှာကျွမ်းကျင် သူတစ်ယောက်ပါ။ အကြင်ကျွမ်းကျင်သူသည် ၎င်း၏စွမ်းအားတိုးမြင့်စေရန်နဲ့ ၎င်းရဲ့အစွမ်းကင်းမဲ့မှုအပေါ် သိနားလည်မှုကင်း ပသွားစေရန် အခြားသူများအား ၎င်းရဲ့ကျဉ်းမြောင်းလှသော တမူထူးခြားခြင်းဘောင်အောက်သို့ ပါဝင်လာကြစေရန်ဖိတ်ခေါ် လိုက်တယ်။ “ကျွမ်းကျင်သူသည် အခြားသူများအားခေါင်းစဉ်တစ်ခုအောက်စာရင်းသွင်းနိုင်ရန် ကိုယ့်ကိုယ်ကိုခေါင်းစဉ်တစ်ခု အောက် စာရင်းသွင်းထားသူဖြစ်တယ်”၊ ၎င်းဟာ ပိရမစ်ပုံဈေးရောင်းစနစ်လိုလူဦးရေတိုးပွါးမှုနဲ့အထက်အောက်ပုံစံဖွဲ့စည်းထား တာဖြစ်တယ်။ ဆိုလိုတာက ခင်ဗျားကဒီအဖွဲ့ထဲဆွဲသွင်းခံရတယ်၊ ပိရပစ်အောက်ခြေမှာကျန်မနေအောင်ခင်ဗျားအနေနဲ့ လူများ များကို ခင်ဗျားအောက်မှာရှိအောင် ဆွဲခေါ်ဖို့လိုမယ်၊ အဲဒီလူတွေကလည်းခင်ဗျားလိုပဲတစ်ထပ်တည်းလုပ်လိမ့်မယ်။ ဇာတ်ရုပ် အရဖွဲ့စည်းထားတဲ့ အချင်းချင်းကင်းကွာသောလူ့အဖွဲ့အစည်းက ကျွမ်းကျင်သူများကြောင့်ပဲ ထပ်တလဲလဲ ပြန်လည်ဖြစ်ပွါးရ ခြင်းဖြစ်ပါတယ်။

Jacques Camatte က သူ့ရဲ့”အဖွဲ့အစည်းရေးရာ(On Organization)”ဆောင်းပါးမှာအရေးပါတဲ့အချက်တစ်ချက်ကို တင်ပြခဲ့ပါတယ်။ အဲဒါကဘာလဲဆိုတော့ နိုင်ငံရေးအရစုဖွဲ့ကြခြင်းဟာဂိုဏ်းဂဏအဖြစ်အဆုံးသတ်ကြရလေ့ရှိပြီး ချန်လှပ်ဖယ် ထုတ်ခြင်းအားဖြင့်၎င်းတို့ကိုယ်ကိုအနက်ဖွင့်ဆိုကြတယ်။ အဖွဲ့ဝင်တွေရဲ့သစ္စာခံခြင်းကလည်း တိုက်ပွဲအပေါ်ထက်အဖွဲ့အပေါ်မှာ သာ ဦးစွာဖြစ်တည်တယ်။ သူ့ရဲ့ဝေဖန်ချက်များက မြောက်များလှစွာသော လက်ဝဲဂိုဏ်းများနဲ့အုပ်စုပေါက်စလေးများအပေါ် တိုက်ရိုက်အသုံးဝင်သလို တက်ကြွလှုပ်ရှားခြင်းစိတ်နေစိတ်ထားအပေါ်မှာလည်း အထိုက်အလျောက်တော့အသုံးဝင်မှုရှိတယ်။

နိုင်ငံရေးဆိုင်ရာအစုအဖွဲ့ သို့မဟုတ် နိုင်ငံရေးပါတီတို့သည် ပစ္စည်းမဲ့ကိုယ်စား၎င်းတို့ရဲ့နေရာမှာအစားထိုးဝင်ယူကြပြီး ထိုအစုအဖွဲ့သို့မဟုတ်ပါတီတို့ရဲ့ ရှင်ကျန်ရေးနဲ့ထပ်မံတိုးပွါးလာရေးကသာပဓါနဖြစ်လာတယ်။ တော်လှန်ရေးဆိုင်ရာလှုပ်ရှားမှု ဆိုသည်မှာ ပါတီဖွဲ့စည်းခြင်းနဲ့ ပါတီဝင်များခေါ်ယူခြင်းဆိုတာနဲ့အနက်အတူတူဖြစ်လာတယ်။ ထိုအစုအဖွဲ့ဟာ၎င်းကိုယ်ကိုအမှန် တရားအားပြိုင်ဖက်ကင်းသိမြင်ထားသလိုနေပြီး အဖွဲ့ဝင်မဟုတ်သူတိုင်းကို တုံးအသိမ်ဖျင်းကြသူများအဖြစ်ရှုမြင်ကာ ထိုသူ များအား တပ်ဦးမှလေ့ကျင့်သင်ကြားပေးဖို့လိုအပ်နေတယ်လို့ယူဆသူများဖြစ်ကြတယ်။ ရဲဘော်ရဲဘက်အကြား တန်းတူညီမျှ စွာဆွေးနွေးငြင်းခုန်ခြင်းထက် သွေးခွဲရေးသီအိုရီများနဲ့ဝါဒဖြန့်ခြင်းများသာရှိနေတယ်။ အစုအဖွဲ့မှာ၎င်းရဲ့ကိုယ်ပိုင်သီအိုရီရှိနေ သလို ၎င်းကိုလည်းလုံးဝနီးပါးလျှို့ဝှက်ထားပြီး စိတ်တန်ခိုးစွမ်းရည်နိမ့်ပါး​သောထိုးသားများအပေါ် နိုင်ငံရေးတွေကမမျှော်လင့် ပဲကျရောက်လို့မလာသေးခင် လူများကြိုက်အယူအဆနည်းဗျူဟာများရှိသောအဖွဲ့အစည်းအတွင်းသို့ ဝင်ရောက်ထားမှဖြစ် မယ်ဆိုပြီးယုံကြည်မှုရှိတယ်။ ထိုသို့သောမရိုးမဖြောင့်သောနည်းဖြင့် အစုအဖွဲ့ပြင်ပရှိလူများကိုဆက်ဆံပုံမျိုးက ဘာသာရေး​ တွေလိုပဲ သူတို့ဘာလုပ်မလဲဆိုတာခင်ဗျားရှေ့မှာဘယ်တော့မှပွင့်ပွင့်လင်းလင်းမပြောဘူး။

တက်ကြွလှုပ်ရှားသူရပ်ဝန်းဟာ လက်ဝဲဂိုဏ်းတစ်ခုလိုပဲအလုပ်လုပ်တဲ့အတွက် တက်ကြွလှုပ်ရှားခြင်းမှာလည်းအလား တူသဘောတရားမျိုးကိုတွေ့မြင်နိုင်ပါတယ်။ တက်ကြွလှုပ်ရှားခြင်းကိုတစ်ခုလုံးခြုံငုံကြည့်လိုက်ရင် ဂိုဏ်းဂဏဆန်တဲ့ဝိသေသ လက္ခဏာအချို့ရှိနေတာကိုတွေ့ရမှာပါ။ တက်ကြွလှုပ်ရှားသူဂိုဏ်းများက မတူညီသောလူတန်းစားများမဟာမိတ်အဖြစ် ခဏခ ဏအဆုံးသတ်ရလေ့ရှိပြီး ထိုထဲမှာ ပြန်လည်ပြင်ဆင်ရေးလစ်ဘရယ်ဝါဒီများလည်းပါတတ်တယ်၊ ဘာကြောင့်ဆို သူတို့လည်း တက်ကြွလှုပ်ရှားသူတွေဖြစ်ကြတာကြောင့်ပါပဲ။ လူတွေကသူတို့ကိုယ်သူတို့တက်ကြွလှုပ်ရှားသူအဖြစ်ဦးစွာထင်မှတ်တတ်ကြ ပြီး တက်ကြွလှုပ်ရှားသူအသိုင်းအဝန်းပေါ်မှာသာ ဦးစွာသစ္စာစောင့်သိကြတာဖြစ်တယ်။ တိုက်ပွဲပေါ်မှာတော့ထိုမျှလောက်သစ္စာ စောင့်သိခြင်းရှိမနေပါဘူး။ “ဂိုဏ်းဂဏ” ဆိုတာမျိုးက ပို၍ကြီးမားကျယ်ပြန့်သော တန်ပြန်ခုခံရေးအသိုင်းအဝန်းကိုဖန်တီးနိုင် ရေးကို အနှောက်အယှက်ပေးနေတဲ့ တံလျှပ်လိုအသိုင်းအဝန်းမျိုးပါ။ Camatte ရဲ့ဝေဖန်ချက်အနှစ်သာရက အစုအဖွဲ့နဲ့လူတန်း စားရဲ့ အတွင်းပိုင်းခွဲခြားမှုဖြစ်စေ အပြင်ပိုင်းခွဲခြားဖြစ်စေ ထိုသို့ခွဲခြားမှုကိုဖန်တီးခြင်းအပေါ် တိုက်ခိုက်ခြင်းဖြစ်တယ်။ ကျွန်ုပ်တို့ ကိုယ်ကို တက်ကြွလှုပ်ရှားသူအဖြစ်ခံယူလိုက်တယ်၊ အဲဒီလိုခံယူလိုက်တဲ့အတွက်ကျွန်ုပ်တို့ဟာအလုပ်သမားလူတန်းစားထုကြီး ကနေ ခွဲထွက်သွားပြီး အလုပ်သမားထုကြီးနဲ့မတူညီတဲ့ ပန်းတိုင်များကိုရည်မှန်းလိုက်မိပါတော့တယ်။

ကျွန်ုပ်တို့ရဲ့လှုပ်ရှားပုံက တိုက်ပွဲအစစ်အမှန်အတွက်လက်ငင်းပုံဖော်မှုမျိုးပဲဖြစ်သင့်တယ်။ သီးခြားအစုအဖွဲ့တစ်ခုရဲ့ သီးခြားဖြစ်တည်နေမှုနဲ့ တမူထူးခြားမှုတို့ကို အတည်ပြုစရာဖြစ်သွားမယ့်လှုပ်ရှားပုံမျိုးမဖြစ်သင့်ပါဘူး။ မာ့စ်ဝါဒီအစုအဖွဲ့တွေ မှာ ပါဝါရရှိဖို့မရှိမဖြစ်လိုအပ်တာက သီအိုရီများပိုင်ဆိုင်ထားဖို့ပါ၊ တက်ကြွလှုပ်ရှားသူရပ်ဝန်းမှာတော့ မာ့စ်ဝါဒီအစုအဖွဲ့တွေလို မဟုတ်ပေမယ့် လုံးလုံးကြီးကွဲပြားနေတာတော့မဟုတ်ပါဘူး။ ထိုရပ်ဝန်းမှာ ပါဝါပိုင်ဆိုင်ရေးအတွက်အဆုံးအဖြတ်ပေးတာက အလားတူ လူမှုအရင်းမျိုးဖြစ်တဲ့ သိမှုဗဟုသုတ၊ အတွေ့အကြုံ၊ အဆက်အသွယ်၊ အကူကိရိယာ စတာတွေပိုင်ဆိုင်ထားခြင်း ရှိ မရှိဆိုတာပါပဲ။

တက်ကြွလှုပ်ရှားဝါဒကို လက်တွေ့ကျင့်သုံးနေရာမှာ ဒီလူ့အဖွဲ့အစည်းရဲ့တည်ဆောက်ပုံများကိုပဲ ပြန်ပြန်ပြီးမွေးထုတ် ပေးနေတယ်။ “သူပုန်တစ်ယောက်က သူသည် ပိုမိုကောင်းမွန်တဲ့အရာတစ်ခုအတွက်တိုက်ပွဲဝင်နေပါတယ်ဆိုပြီးယုံကြည်သွား တာနဲ့ အကြွင်းမဲ့အာဏာနိယာမတွေက အခွင့်ကောင်းယူလိုက်ပါပြီ”။ ဒါဟာအသေးအဖွဲကိစ္စမဟုတ်ပါဘူး၊ ၎င်းကအရင်းရှင် စနစ်လူမှုဆက်ဆံရေးရဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ အရင်းဆိုသည်မှာ အရာဝတ္တုကိုကြားခံထားတဲ့ လူလူချင်းကြားကလူမှု ဆက်ဆံရေးပါ။ ကင်းကွာခြင်း(alienation)ရဲ့အခြေခံနိယာမကတော့ ကျွန်ုပ်တို့ကိုယ်တိုင်ဖန်တီးလိုက်တဲ့ အချို့သောအရာများ ရဲ့ဝန်ဆောင်မှုအောက်မှာ ကျွန်ုပ်တို့ရဲ့ဘဝကိုဖြတ်သန်းနေခြင်းပါ။ တကယ်လို့များ ကျွန်ုပ်တို့က အရင်းရှင်စနစ်ဆန့်ကျင်သော နိုင်ငံရေးဆိုပြီးကြေညာထားတဲ့အမည်နာမအောက်မှာ ထိုသို့သောတည်ဆောက်ပုံမျိုးကိုပဲအဖန်တလဲလဲပြန်လည်မွေးထုတ်ပေး နေမယ်ဆိုရင် တိုက်ပွဲမစခင်မှာကျွန်ုပ်တို့ရှုံးနေပါပြီ။ ကင်းကွာခြင်းကို ကင်းကွာစေတဲ့နည်းလမ်းတွေနဲ့တိုက်ဖို့မဖြစ်နိုင်ပါဘူး။

လျော်ကန်မျှတသောအဆိုပြုချက်

ဒါကတော့ကျွန်ုပ်တို့အနေနဲ့ ကျွန်ုပ်တို့ရဲ့ရာဒီကယ်အိုင်ဒီယာများနဲ့ကိုက်ညီမယ့် တင်းပြည့်ကျပ်ပြည့် ဆောင်ရွက်ပုံနည်း လမ်းများ ဖြစ်ထွန်းလာစေရေးအတွက်အဆိုပြုတင်ပြတာပါ။ ဒီကိစ္စကမလွယ်ကူသလို ဒီစာစုလေးကိုရေးသူကလည်း ၎င်းနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ရမယ်ဆိုတာကို အခြားသူများနည်းတူ ရှင်းလင်းတဲ့အမြင်မျိုးမရှိသေးပါဘူး။ ဂျွန်လ ၁၈ရက်နေ့ပွဲမျိုး ကို စွန့်လွှတ်ပစ်ရမယ်၊ တိုက်ခိုက်ရမယ်လို့လည်းကျွန်ုပ်ပြောချင်တာမဟုတ်ပါဘူး။ တကယ်တမ်းတော့ အဲဒီပွဲဟာ ကျွန်ုပ်တို့အ ပေါ်ကန့်သတ်ထားတဲ့ကန့်သတ်ချက်များကိုကျော်လွန်ပြီး ရှိရင်းစွဲထက်ပိုကောင်းတဲ့အရာတစ်ခုကိုဖန်တီးဖို့ ရဲရင့်တဲ့ကြိုးပမ်းမှု တစ်ခုဖြစ်ပါတယ်။ သို့သော်လည်း ထိုသို့ရှေးရိုးလုပ်စဉ်နဲ့ပုံသေကားကျလုပ်ထုံးလုပ်နည်းများကနေ ဖောက်ထွက်နိုင်ဖို့ကြိုးစား နေစဉ် တစ်ဖက်မှာလည်း အတိတ်ရဲ့ချည်နှောင်မှုကိုခံထားရဆဲပဲဆိုကလည်း ပေါ်လွင်နေပါသေးတယ်။ ကျွန်ုပ်အထက်ကတင် ပြခဲ့တဲ့ တက်ကြွလှုပ်ရှားအယူအဆအပေါ်ဝေဖန်ချက်တွေအားလုံးကလည်း ဂျွန် ၁၈ပွဲကိုပဲဆိုချင်တာမဟုတ်ပါ။ သို့သော်လည်း ကျွန်ုပ်အထက်ကဇောင်းပေးတင်ပြခဲ့တဲ့ တက်ကြွလှုပ်ရှားအယူအဆရဲ့အဆိုးဆုံးပါရာဒိုင်းအချို့ရှိနေသလို ဂျွန် ၁၈ပွဲမှာလည်းပဲ ထိုပါရာဒိုင်းမျိုးတွေအတိုင်းအတာတစ်ခုအထိရှိနေပါတယ်။ ဘယ်လောက်အတိုင်းအတာထိအတိအကျရှိသလဲဆိုတာကိုတော့ စာရှုသူတို့ကိုယ်တိုင်ပဲဆုံးဖြတ်ပါလေ။

တက်ကြွလှုပ်ရှားအယူအဆက အားနည်းချက်ကိုအသုံးချပြီး ကျွန်ုပ်တို့အပေါ်ကိုဖိအားပေးတဲ့ပုံစံမျိုးအနေနဲ့ တစ်စိတ် တစ်ပိုင်းတော့ရှိနေပါတယ်။ Reclaim the Streets နဲ့ Liverpool သင်္ဘောကျင်းလုပ်သားတို့ရဲ့ ပူးပေါင်းလှုပ်ရှားကြပုံမျိုး ကျွန်ုပ် တို့ခေတ်ကာလရဲ့ ရာဒီကယ်နိုင်ငံရေးဟာ ရံဖန်ရံခါမှာတော့ အပြန်အလှန်ရှိကြတဲ့အားနည်းချက်နဲ့ ကင်းကွာမှုတို့ရဲ့ထုတ်ကုန်ဖြစ် နေတတ်တယ်။ တကယ်လို့များဒါက ပြဿနာရဲ့အရင်းခံဖြစ်မယ်ဆိုရင် တက်ကြွလှုပ်ရှားခြင်းဇာတ်ရုပ်ကို ကျွန်ုပ်တို့အနေနဲ့ ဖောက်ထွက်နိုင်စွမ်းရှိချင်မှရှိတော့မှာပါ။ တိုက်ပွဲတွေခြေကုန်လက်ပန်းကျနေတဲ့ခေတ်ကာလတစ်ခုမှာ လူမှုတော်လှန်ရေးအ တွက်ဆက်လက်လုပ်ကိုင်နေသူတွေက မာဂျင်နယ်လိုက်ဇ်လုပ်ခံလာရပြီး သူတို့ကို(သူတို့ကိုယ်တိုင်ကလည်းသူတို့ကိုယ်ကို) တ မူထူးခြားပြီးကွဲထွက်နေတဲ့လူအုပ်စုအဖြစ်ရှုမြင်ခံရတာကြောင့်လည်းဖြစ်ချင်ဖြစ်မယ်။ ကျွန်ုပ်တို့ကိုထူးဆန်းတဲ့အူကြောင်ကျား ငနဲတွေအဖြစ် သဘောမထားတော့ပဲ လူတိုင်းရဲ့စိတ်ကူးကို ရိုးရိုးရှင်းရှင်းဖော်ပြတဲ့အနေနဲ့ ရှုမြင်ကြတော့မှသာ တိုက်ပွဲကျယ် ကျယ်ပြန့်ပြန့်အရှိန်အဟုန်တိုးမြင့်လာခြင်းနဲ့ ၎င်းကိုပြုပြင်ဖို့ဖြစ်ကောင်းဖြစ်နိုင်လာပါလိမ့်မယ်။ သို့သော်လည်းတိုက်ပွဲကိုအရှိန် အဟုန်မြှင့်တင်နိုင်ဖို့က ဘယ်အတိုင်းအတာထိပဲရောက်ရောက် တက်ကြွလှုပ်ရှားခြင်းဇာတ်ရုပ်ကိုဖောက်ထွက်ပစ်ဖို့လိုအပ်ပါ တယ်။ ကျွန်ုပ်တို့ကိုချုပ်ချယ်ကန့်သတ်ထားတဲ့ဘောင်တွေကိုအမြဲကျော်လွန်ပစ်ဖို့လိုအပ်လိမ့်မယ်။

သမိုင်းအရကြည့်မယ်ဆိုရင်လည်း အရင်းရှင်စနစ်ကို ဖွဲ့စည်းမလာနိုင်အောင်၊ ဖယ်ရှားဖို့ သို့မဟုတ် ကျော်လွှားနိုင်ဖို့ပြု လုပ်တဲ့ အနီးစပ်ဆုံးလှုပ်ရှားမှုတွေက တက်ကြွလှုပ်ရှားခြင်းပုံစံနဲ့ပြုလုပ်ခဲ့ကြတာမဟုတ်ပါဘူး။ တက်ကြွလှုပ်ရှားခြင်းသည် အ နှစ်သားအရ ပြန်လည်ပြင်ဆင်ရေးလစ်ဘရယ်ဝါဒီများနဲ့သာကိုက်ညီတဲ့ နိုင်ငံရေးဆိုင်ရာအသွင်သဏ္ဍာန်တစ်ခုနဲ့ လက်တွေ့ဖော် ဆောင်ခြင်းနည်းလမ်းတစ်ခုဖြစ်ပြီး ၎င်းဟာ၎င်းရဲ့လုပ်နိုင်စွမ်းအကန့်အသတ်ပြင်ပသို့တွန်းပို့ခံနေရကာ တော်လှန်ရေးဆိုင်ရာ ရည်ရွယ်ချက်တွေမှာအသုံးပြုနေကြတယ်။ လူမှုတော်လှန်ရေးအတွက်ဆန္ဒရှိသူတွေအတွက်တော့ တက်ကြွလှုပ်ရှားခြင်းဇာတ် ရုပ်ဟာ ပြဿနာတစ်ခုဖြစ်နေမှာပါပဲ။