Title: ကျမရဲ့ဖခင်ရဲ့အယူအဆတွေက ကာ့ဒ်လူမျိုးစုရဲ့ဒမိုကရေစီသစ်ဖန်တီးရေးအပေါ် ဘယ်လိုအထောက်အပံ့မျိုးပေးနိုင်ခဲ့သလဲ
Author: Debbie Bookchin
Language: Burmese
Publication: The Autonomist
Date: 2018
Source: https://t.me/theautonomist
Notes: Translator: Azathoths. Orignal article: https://www.nybooks.com/online/2018/06/15/how-my-fathers-ideas-helped-the-kurds-create-a-new-democracy/

တကယ်လို့များ ရိုဂျားဗားနဲ့တူရကီတောင်ပိုင်းဒေသတွေမှာ သူ့ရဲ့”လူမှုဂေဟဗေဒ”အယူအဆတွေ သက်ဝင်ထွန်းကားနေတာကို ကျမရဲ့ဖခင်က သက်ရှိထင်ရှားမြင်တွေ့ခွင့်ရမယ်ဆိုရင် သူ့ရဲ့တော်လှန်သောစိတ်ဓါတ်နဲ့ လူသားမျိုးနွယ်လွတ်မြောက်ရေးအမြင်များက ကာ့ဒ်လူမျိုးမျိုးဆက်တစ်ခုမှာ တစ်ဖန်ပြန်ပြီးမွေးဖွားလာတာကို မြင်တွေ့ရတာဝမ်းမြောက်ဂုဏ်ယူနေမှာပါ”

၂၀၀၄ခုနှစ်ဧပြီလက ဗားမွန့်ပြည်နယ်ရဲ့ နွေးနွေးထွေးထွေးရှိတဲ့နွေဦးရာသီနေ့တစ်နေ့မှာ ကျမရဲ့ဖခင်ဖြစ်သူ သမိုင်းနဲ့ဒဿနိ ကပညာရှင် မူရေးဘွတ်ခ်ချင်နဲ့ကျမ နေ့တိုင်းနီးပါးလုပ်နေကျအတိုင်း စကားစမြည်ပြောလို့နေပါတယ်။ ကျမတို့ဟာ အကြောင်းအ ရာကိစ္စမရွေးပြောဖြစ်ကြသလို လူတိုင်းရဲ့အကြောင်းတွေလည်းပြောဖြစ်ကြတယ်။ မိတ်ဆွေသူငယ်ချင်းတွေအကြောင်း၊ မိသားစု ဝင်တို့ရဲ့အကြောင်းတွေအပြင် ကားလ်မာ့စ်နဲ့ကားလ်ပိုလန်ယီ(သူသဘောကျတဲ့သူ)တို့လိုအတွေးအခေါ်ပညာရှင်တွေကနေ သမ္မတ ဟောင်းဂျော့ချ်ဒဘလျူဘွတ်ရှ်(သူသဘောမကျတဲ့သူ) နောက်ပြီး သူအသိအမှတ်ပြုပြီးကြိုက်နှစ်သက်တဲ့ John Le Carré ရဲ့စိတ်ကူး ယဉ်ဇာတ်ကောင်တစ်ဦးဖြစ်သူ George Smiley တို့အထိပြောဖြစ်ကြတယ်။ အဲဒီလိုပြောနေရာကနေ သူကပြောလက်စကိုရပ်လိုက် ပြီး ကြည့်ရတာထူးဆန်းနေတဲ့သတင်းတစ်ခုကို ရုတ်တရက်ပြောလိုက်တယ်။ “သိသာတာပဲ” လို့သူကပြောတယ်၊ အဲဒီနောက်သူ ဆက်ပြောတာက ”ကာ့ဒ်တွေကအဖေ့လက်ရာကိုဖတ်နေကြတယ်၊ နောက်ပြီးသူတို့ကအဲဒါကိုအကောင်အထည်ဖော်နေကြတယ်”။ အဲဒီစကားကိုသူက သူ့အပေါ်သူယုံကြည်မှုသိပ်မရှိသလိုပဲ ပေါ့ပေါ့ပါးပါးနဲ့ပြောခဲ့ပါတယ်။

အဲဒီအချိန်တုန်းက အသက် ၈၃နှစ်ရှိပြီဖြစ်တဲ့အဖေက ဆယ်စုနှစ်၆ခုတာကာလတစ်လျှောက်မှာ ရာနဲ့ချီတဲ့ဆောင်းပါးများနဲ့ စာအုပ်ပေါင်း ၂၄ အုပ်တို့ကိုရေးသားထုတ်ဝေခဲ့ပါတယ်။ လူလူချင်းအုပ်စိုးခြယ်လှယ်မှုတို့အဆုံးသတ်ပြီး လူသားမျိုးနွယ်ကို သဘာ ဝလောကကြီးနဲ့သဟဇာတဖြစ်စေမယ့် ဂေဟစနစ်နဲ့ဆိုင်သော၊ ဒမိုကရေစီနည်းကျကျရှိသော၊ သာတူညီမျှရှိသည့်လူ့အဖွဲ့အစည်း တစ်ခုရဲ့ အရင်းရှင်စနစ်ဆန့်ကျင်ရေးအမြင်တစ်ခုကို ပြတ်သားရှင်းလင်းစွာဖော်ထုတ်တင်ပြခဲ့ပါတယ်၊ ထိုအယူအဆအစုအဝေးကို အဖေက “လူမှုဂေဟဗေဒ” လို့သမုတ်ခဲ့တယ်။ အဖေ့လက်ရာက မင်းမဲ့ဝါဒီတွေနဲ့ လစ်ဘာတေးရီးယန်းလက်ဝဲရပ်ဝန်းတို့မှာထင်ရှား လှသော်လည်း အဖေကနာမည်ကျော်တစ်ယောက်တော့မဟုတ်ခဲ့ပါဘူး။

အဲဒီရက်သတ္တပတ်မှာပဲ အဖေ့ဆီကို အကျဉ်းကျနေတဲ့ ကာဒစ်စတန်အလုပ်သမားပါတီခေါင်းဆောင်၊ ကာ့ဒ်လူမျိုးတက်ကြွ လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ Abdullah Öcalan ကိုကိုယ်စားပြုပြီး ကြားလူတစ်ယောက်ကရေးပေးတဲ့ စာတစ်စောင် မမျှော်လင့်ပဲ ရောက်ရှိလို့လာပါတယ်။ PKK ပါတီရဲ့ပူးတွဲတည်ထောင်သူဖြစ်သလို တစ်ဦးတည်းသောသဘောတရားရေးရာသမား၊ အငြင်းပွါး ဖွယ်ရာမရှိသောခေါင်းဆောင်တစ်ဦးဖြစ်တဲ့အလျောက် အိုဂျာလန်ဟာ သာမန်ထက်ထူးသောဂုဏ်သတင်းရှိပေမယ့် သူ့ရဲ့အတွေးအ ခေါ်တွေက အဖေနဲ့ဆင်တူနေခြင်းရှိမနေပါဘူး။

ကာဒစ်စတန်အလုပ်သမားပါတီ(PKK) ကို ၁၉၇၈ခုနှစ်မှာ တော်လှန်သောမာ့စ်-လီနင်ဝါဒအဖွဲ့အစည်းအဖြစ် စတင်တည် ထောင်ခဲ့တယ်။ စတင်တည်ထောင်ခဲ့စဉ်ကစလို့ နှစ်ပေါင်း၃၀ကျော်ကာလတစ်လျှောက်လုံး တူရကီလက်အောက်မှာ သမိုင်းတစ် လျှောက်ကာလရှည်ကြာ အကြမ်းဖက်ခံနေရတဲ့ ကာ့ဒ်လူမျိုး ၁၅သန်းအတွက် ခုခံတော်လှန်စစ်ကိုဆင်နွှဲပေးနေခဲ့တယ်။ ဆယ်စုနှစ် ပေါင်းများစွာတိုင်အောင် ကာ့ဒ်လူမျိုးတို့ဟာ တူရကီလက်အောက်မှာ သူတို့ရဲ့ကိုယ်ပိုင်ဘာသာစကားပြောဆိုခွင့်၊ ရိုးရာဝတ်စုံဝတ် ဆင်ခွင့်၊ ကာ့ဒ်ရိုးရာအမည်ပေးခွင့် ပိတ်ပင်ခံရပြီး ကျောင်းတွေမှာ ကာ့ဒ်ဘာသာစကားသင်ကြားခွင့်မရှိသလို ရိုးရာသီချင်းသီဆိုခွင့် တောင်မရရှိခဲ့ပါဘူး။ သူတို့ရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုဝိသေသကိုဖော်ပြတဲ့အတွက် ဒါမှမဟုတ် တခြားတစ်နည်းနဲ့ပြောမယ်ဆိုရင် တူရ ကီရဲ့ အလံတစ်ခု၊ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံအယူအဆကို ဆန့်ကျင်တဲ့အတွက် ကာ့ဒ်လူမျိုးတွေဟာ မကြာခဏဖမ်းဆီးနှိပ်စက် ခြင်းခံခဲ့ရတယ်။ ထိုအယူအဆဟာ နှစ်ဆယ်ရာစုအစောပိုင်းမှာ စတင်သန္ဓေတည်လာပြီး ခါမဲလ်ဝါဒ(karmalism)မှာ ပြည့်ပြည့်ဝဝ ပေါ်လွင်ထင်ရှားလာတယ်။ နောက်ပြီး သမ္မတအယ်လ်ဒိုးဝမ်န်(Recep Tayyip Erdogan)နဲ့သူ့ရဲ့အစ္စလာမ္မစ်ပါတီရဲ့အကြွင်းမဲ့အာဏာ ရှင်အုပ်စိုးမှုအောက်မှာ ထိုအယူအဆဟာ အဓွန့်ရှည်တည်တံ့လာခဲ့တယ်။

၁၉၇၀ခုနှစ်ကာလရဲ့အခြားသောအမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုတွေလိုပဲ PKK ပါတီဟာလွတ်လပ်သောကာ့ဒ်အမျိုး သားနိုင်ငံတော်ထူထောင်ဖို့အတွက် မူလကရည်ရွယ်ခဲ့တာပါ။ ကာ့ဒ်အမျိုးသားညီညွှတ်ရေးအတွက်ကြိုးပမ်းခဲ့တယ်။ ကာဒစ္စတန် လို့အမည်ရတဲ့ ကာ့ဒ်လူမျိုးတို့ရဲ့ဇာတိချက်မြှုပ်ဟာ နှစ်ပေါင်းငါးထောင်ကျော်သမိုင်းကြောင်းရှိခဲ့ပြီး ပထမကမ္ဘာစစ်အပြီးနောက် ဆက်တွဲဖြစ်ရပ်ကြောင့် ထိုမြေဟာ အစိတ်စိတ်အမွှာမွှာပိုင်းခြားခံရကာ တူရကီ၊ အီရန်၊ အီရတ်နဲ့ ဆီးရီးယားတို့ရဲ့နယ်မြေအတွင်း သွတ်သွင်းခံလိုက်ရတယ်။ ထိုအချိန်ကစလို့ နောက်ပိုင်းဆယ်စုနှစ်တွေမှာ အဲဒီနိုင်ငံလေးနိုင်ငံက ဘယ်သူကပိုပြီး ကာ့ဒ်လူမျိုးတွေ ကို နှိပ်စက်နိုင်သလဲပြိုင်နေကြသလိုပဲ အသစ်ပေါ်ထွက်လာတဲ့အမျိုးသားနိုင်ငံတော်တွေက ဓာတုအဆိပ်ငွေ့ဖြင့်တိုက်ခိုက်ခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်း၊ အဓမ္မပြောင်းရွေ့နေရာချထားခြင်း၊ ဂေဟစနစ်ကိုဖျက်ဆီးခြင်းနဲ့ ရွာတစ်ရွာလုံးကိုပြာပုံအတိရောက်စေတာမျိုး တို့အပါအဝင် နည်းလမ်းမျိုးစုံနဲ့ ကာ့ဒ်လူမျိုးတွေအပေါ် လူမျိုးရေး၊ ဘာသာရေးအရ စနစ်တကျတိုက်ခိုက်မှုတွေ မကြာမကြာကျူး လွန်ခဲ့ကြတယ်။ PKK ပါတီရဲ့လက်နက်ကိုင်တော်လှန်မှုစတင်တဲ့ ၁၉၈၀ခုနှစ်ဝန်းကျင်ဆယ်စုနှစ်အတွင်းမှာတော့ ကာ့ဒ်လူမျိုးဦးရေ လေးသောင်းခန့်အသတ်ခံရပါတယ်။ အများစုဟာ ကာ့ဒ်လူမျိုးဖြစ်နေခြင်းကြောင့်ပဲအသတ်ခံကြရတာပါ။ လက်နက်ကိုင်တော်လှန် ရေးကာလတစ်လျှောက်လုံးမှာအိုဂျာလန်က PKK ပါတီရဲ့ သဘောတရားရေးရာပိုင်းဆိုင်ရာနဲ့အဖွဲ့အစည်းဆိုင်ရာခေါင်းဆောင်တစ် ဦးဖြစ်ခဲ့ပါတယ်။

၁၉၉၉ခုနှစ်ရောက်တော့ သူနှစ်ပေါင်းနှစ်ဆယ်ကျော်နေထိုင်ခဲ့တဲ့ ဆီးရီးယားကနေအတင်းအကြပ်နှင်ထုတ်ခံရပြီး ကင်ညာ မှာ အိုဂျာလန်အဖမ်းခံလိုက်ရတယ်။ အဲဒီကနေသူ့ကို မာမာရာမြေထဲပင်လယ်အတွင်းက တူရကီပိုင် အီမ်မရာလီကျွန်းသို့ပို့လိုက်ပြီး အဲဒီမှာပဲသူ့ကို နိုင်ငံတော်ပုန်ကန်မှုနဲ့စီရင်ချက်ချလိုက်တယ်။ ထိုစဉ်ကာလတုန်းကတူရကီနိုင်ငံဟာ ဥရောပသမဂ္ဂထဲဝင်နိုင်ဖို့ကြိုး စားနေတဲ့အတွက် အိုဂျာလန်အပေါ်ချထားတဲ့သေဒဏ်အစား တစ်ကျွန်းအဖြစ်သို့ပြောင်းလဲပေးလိုက်တယ်။ အဲဒီအချိန်ကနေစပြီး အိုဂျာလန်ဟာ အီမ်မရာလီကျွန်းက အကျဉ်းခန်းလေးတစ်ခုထဲမှာပဲအချိန်ကုန်ခဲ့ရပါတယ်။ ရာနဲ့ချီတဲ့အစောင့်အကြပ်တွေထားပြီး ကျွန်းပေါ်မှာအခြားအကျဉ်းသားမရှိသလောက်ပဲ။ ထိုသို့သီးခြားအကျဉ်းချထားပြီး ပြင်ပလောကနဲ့အဆက်အသွယ်ဖြတ်တောက် ထားပေမယ့်(၂၀၁၆ခုနှစ်ဧပြီလကနေစပြီး သူ့ကိုဘယ်သူမှမြင်တွေ့ခွင့်မရတော့တဲ့အပြင် ၂၀၁၁ခုနှစ်ကတည်းကသူ့မှာရှေ့နေခေါ်ခွင့် မရတော့ပါဘူး) အိုဂျာလန်ဟာ တူရကီနဲ့ဆီးရီးယားက ကာ့ဒ်အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအတွက် လမ်းပြအလင်းရောင် ဖြစ်နေဆဲဖြစ်သလို ရေခြားမြေခြားသို့ အလုံးအရင်းနဲ့လွှင့်စင်သွားရတဲ့ (diaspora) ကာ့ဒ်အမျိုးသားအရေးထောက်ခံသူများအတွက် လည်း လမ်းပြမီးအိမ်ဖြစ်လျက်ရှိနေဆဲပါပဲ။

၂၀၀၄ခုနှစ်မှာ Reimar Heidar အမည်ရ ဂျာမန်လူမျိုးဘာသာပြန်တစ်ဦးဖြစ်သူ အိုဂျာလန်ရဲ့ကြားခံကိုယ်စားလှယ်ဆီကစာ အဖေ့ဆီရောက်လာတော့ ဟေဒါကအဖေ့ကို ကာ့ဒ်အမျိုးသားခေါင်းဆောင်ဟာ ထောင်ထဲမှာ တူရကီဘာသာပြန်အဖေ့လက်ရာတွေ ကိုဖတ်ရှုလျက်ရှိနေပြီး အဖေ့ရဲ့ “ကျောင်းသားကောင်းတစ်ယောက်”ဖြစ်ကြောင်းဆိုခဲ့တယ်။ အဲဒီနောက်သူဆက်ပြောတာက “သူ ဟာ ဒီမိုကရက်တစ်နည်းကျကျရှိသော ဂေဟဝန်းကျင်စနစ်ဆိုင်ရာလူမှုအဖွဲ့အစည်းတစ်ခုရဲ့အမြင်ကိုအခြေခံပြီး သူ့ရဲ့နိုင်ငံရေးဆိုင် ရာဗျူဟာများကိုပြန်လည်တည်ဆောက်နေပါတယ်။ ထို့အပြင် ကာဒစ္စတန်နဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ အရပ်သားလူ့အဖွဲ့အ စည်းတစ်ခုဖွံ့ဖြိုးလာဖို့ကိုလည်းကြိုးစားနေပါတယ်။ ကာ့ဒ်ဒေသတွေမှာရှိတဲ့မြို့တိုင်းကမြို့ဝန်တွေတိုင်းကိုလည်းဘွတ်ခ်ချင်ရဲ့လက် ရာတွေကိုဖတ်ရှုဖို့တိုက်တွန်းနေတယ်။”

အဖမ်းခံရပြီးနောက်ပိုင်း အိုဂျာလန်ဟာ အနောက်တိုင်းကလာတဲ့သမိုင်းနဲ့ဒဿနဆိုင်ရာတူရကီဘာသာပြန်စာပေများအပါ အဝင် ရာနဲ့ချီတဲ့စာပေတွေကိုဖတ်ရှုခွင့်ရခဲ့ပါတယ်။ ထိုသို့ဖတ်ရှုခွင့်ရတာကလည်း နိုင်ငံတော်ပုန်ကန်မှုအတွက် တရားရင်ဆိုင်နေရ စဉ်မှာ သူ့အတွက်သူခုခံချေပဖို့ရာ တရားရေးရာနည်းဗျူဟာများချမှတ်နိုင်ရေးအတွက်ကြိုးစားခဲ့တာကြောင့်ပါပဲ။ သူ့လုပ်ရပ်သည် တော်လှန်ရေးလုပ်ရပ်ဖြစ်ကြောင်းရှင်းပြနိုင်ဖို့ရည်ရွယ်ပြီး အိုဂျာလန်က ရှေးခေတ်မက်ဆိုပိုတေးမီးယားခေတ်ကာလကစလို့ နက်နဲ လှတဲ့ အမျိုးသားနိုင်ငံတော်ဖွံဖြိုးလာပုံဆန်းစစ်ချက်ဘောင်အတွင်းကနေ ၂၀ရာစုအလွန် တူရကီနဲ့ကာ့ဒ်လူမျိုးတို့ကြားကပဋိပက္ခ ဖြစ်စဉ်အပေါ်ဆန်းစစ်လေ့လာခဲ့တယ်။ ဒီလိုနဲ့သူက အတွဲပေါင်းများစွာရှိတဲ့သမိုင်းကျမ်းများကိုစတင်ရေးသားခဲ့ပြီး “ကာ့ဒ်လူမျိုးစု အရေး” ပြဿနာအတွက် ကာ့ဒ်အမျိုးသားလွတ်မြောက်ရေးအတွက်သာမက တုခ်မန်းလူမျိုးနဲ့ ကာ့ဒ်လူမျိုးတို့အပြင် အခြားသော အရှေ့အလယ်ပိုင်းဒေသလူမျိုးစုများအားလုံးနဲ့ပါ သဟဇာတရှိရှိအတူတူယှဉ်တွဲနေထိုင်သွားနိုင်မယ့် ဒမိုကရက်တစ်ကျကျဖြေရှင်း နည်းတစ်ခုကိုဖော်ထုတ်တင်ပြနိုင်ဖို့ကြိုးစားခဲ့ပါတယ်။

ထိုသို့ကြိုးပမ်းနေစဉ်ကာလအတွင်း အိုဂျာလန်အပေါ် Ferdinand Braudel, Immanuel Wallerstein, Maria Mies နဲ့ မီရှယ် လ်ဖူးကိုးတို့လို အတွေးအခေါ်ပညာရှင်အချို့ရဲ့လွှမ်းမိုးမှုရှိခဲ့တယ်။ ၎င်းအပြင် Sakine Cansiz ဦးဆောင်တဲ့ ကာ့ဒ်လူမျိုးအမျိုးသမီး မျိုးဆက်တစ်ခုရဲ့အသံကိုလည်းနားထောင်ခဲ့တဲ့အပြင် ထိုမျိုးဆက်ကိုပျိုးထောင်ပေးခဲ့သေးတယ်။ PKK ပါတီရဲ့ ပူးတွဲတည်ထောင်သူ တဖြစ်လဲဆာကီးန်ခန်းစစ်ဇ်ဟာ ၁၉၈၀ခုနှစ်တုန်းက တူရကီအကျဉ်းထောင်မှာ ပုံဖော်မပြနိုင်လောက်အောင်ကြမ်းတမ်းတဲ့ညှဉ်းပန်း နှိပ်စက်မှုတွေကနေလွတ်မြောက်လာခဲ့တဲ့ အာဂအမျိုးသမီးတစ်ဦးပါ။ အိုဂျာလန်ကသူ့ကို သူဖြတ်သန်းခဲ့ရတဲ့ဖြစ်ရပ်တွေကို မှတ် တမ်းရေးဖို့တိုက်တွန်းခဲ့သေးတယ်။(ခန်းစစ်ဇ်ဟာ ၂၀၁၃ခုနှစ်မှာ အခြားသောကာ့ဒ်လူမျိုးအမျိုးသမီးတက်ကြွလှုပ်ရှားသူနှစ်ဦးနဲ့အ တူ ပါရီမြို့မှာ တူရကီအေးဂျင့်တစ်ယောက်ရဲ့လုပ်ကြံသတ်ဖြတ်မှုကိုခံလိုက်ရပါတယ်)။ အကျဉ်းထောင်နဲ့ PKK လေ့ကျင့်ရေးစခန်း ကအမျိုးသမီးရာပေါင်းများစွာတို့အပေါ် ခန်းစစ်ဇ်ကလွှမ်းမိုးခဲ့တဲ့အပြင် မကြာသေးခင်ကမှဖမ်းဆီးခံလိုက်ရတဲ့ တူရကီမြို့တစ်မြို့ ဖြစ်တဲ့ Diyabakir မြို့ရဲ့ပူးတွဲမြို့တော်ဝန်တစ်ဦးဖြစ်သူ ဂူလ်တန်ကစ္စာနာ့ခ် အပေါ်မှာလည်းသူ့ရဲ့လွှမ်းမိုးမှုရှိခဲ့တယ်။ ၁၉၈၀ခုနှစ်တုန်း က သူလည်းအကျဉ်းထောင်မှာအကြမ်းဖက်နှိပ်စက်ခြင်းခံခဲ့ရပါတယ်။ ထိုသို့သောအမျိုးသမီးများရဲ့စွန့်လွှတ်စတေးမှုနဲ့ မိမိကိုယ်ကို ပိုင်စိုးမှုတို့အပေါ် အိုဂျာလန်ကအထင်ကြီးလေးစားခဲ့ပြီး ၁၉၉၀ခုနှစ်မှာ မူလကမာ့စ်လီနင်ဝါဒသဘောတရားအရ နိုင်ငံတော်အာဏာ ကိုသိမ်းပိုက်ဖို့ဖွဲ့စည်းထားတဲ့ ဖိုကြီးစိုးသောလက်ရုံးတပ်မှသည် ယခင်ဆိုဗီယက်ယူနီယံနဲ့ဆက်စပ်တဲ့ဆိုရှယ်လစ်ဝါဒပုံစံများနဲ့ကွဲ ထွက်သော ဖမ်းမနစ်တန်ဖိုးများကိုအလေးအနက်ထားတဲ့အဖွဲ့အစည်းတစ်ခုအဖြစ်သို့ အံ့ဩဖွယ်ကောင်းလောက်အောင် အသွင် ပြောင်းလဲလိုက်ပါတယ်။ သို့ရာတွင် ၂၀၀၀ခုနှစ်လောက်ကစပြီး အိုဂျာလန်ထောက်ခံခဲ့တဲ့ နိုင်ငံရေးအတွေးအခေါ်ရဲ့ အဆုံးအဖြတ် ပေးမယ့်အင်္ဂါရပ်တွေက အဖေ့ရဲ့လူမှုဂေဟဗေဒအယူအဆနဲ့ ၎င်းရဲ့နိုင်ငံရေးလက်တွေ့ဖြစ်တဲ့ “လွတ်မြောက်ခြင်းအနှစ်သားရှိ သောမြို့ပြကိုယ်ပိုင်အုပ်ချုပ်မှုဝါဒ (Libertarian municipalism) ဒါမှမဟုတ် ဘုံစုဖွဲ့နေထိုင်ရေးဝါဒ (Communalism) အပေါ် ခိုင်ခိုင် မာမာအခြေတည်ထားတာပါ။ (municipalism သည် ဒေသန္တရအစိုးရ၏ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဒေသန္တရလူထု၏ကိုယ်ပိုင်ဆုံးဖြတ် ခွင့်အပေါ် အလေးထားသောနိုင်ငံရေးဆိုင်ရာအယူအဆတစ်ရပ်ဖြစ်သည်။ Communalism သည် ဒေသတစ်ခုရှိအရင်းအမြစ် များကို ဒေသခံများကစုပေါင်းပိုင်ဆိုင်ခွင့်ရှိပြီး ထိုဒေသ၏အရေးကိစ္စများကို ထိုဒေသခံများကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိစေရေးဇောင်း ပေးထားသောအယူအဆတစ်ရပ်ဖြစ်သည်။ - ဘာသာပြန်သူ)

အဖေက ဂေဟဗေဒဆိုင်ရာပြဿနာကို ပင်ကိုယ်အားဖြင့် လူမှုရေးဆိုင်ရာပြဿနာအဖြစ်ရှုမြင်ပြီး အထက်အောက်ဖွဲ့စည်း မှုပုံစံနဲ့ လွှမ်းမိုးခြယ်လှယ်ခြင်းတို့ကြောင့် ဖြစ်ရတဲ့ပြဿနာများကိုဖြေရှင်းမှသာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကိုဖြေ ရှင်းနိုင်မယ်လို့ရှုမြင်ခဲ့တယ်။ “ကျွန်ုပ်တို့ခေတ်ရဲ့ရာဒီကယ်သမားများ အပြည့်အဝရင်မဆိုင်သေးတဲ့ အကြွင်းမဲ့မှန်ကန်နေတဲ့အချက် တစ်ချက်က ယနေ့ခေတ်အရင်းရှင်စနစ်သည် ဘောဂဗေဒတစ်ရပ်တင်မကတော့ပဲ လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်လာနေပြီဆိုတာပါပဲ” လို့သူရေးခဲ့တယ်။ လူမှုအပြောင်းအလဲတွေက အောက်ခြေလူတန်းစားရဲ့ဒမိုကရက်တစ်အဖွဲ့အစည်းများ စည်ပင်ထွန်းကားလာစေ ရန် လူတွေရဲ့အထက်အောက်ဆက်ဆံရေးကိုဖြိုဖျက်ပြီး လူ့အဖွဲ့အစည်းအား ဗဟိုချုပ်ကိုင်မှုပြိုကွဲစေခြင်းဖြင့် အရင်းရှင်စနစ်က လူသားတို့၏စိတ်ဝိဉာဉ်နဲ့သဘာဝပတ်ဝန်းကျင်တို့ကို စနစ်တကျဖျက်ဆီးနေတဲ့ပြဿနာကို ဖြေရှင်းနိုင်ရမယ်လို့ အဖေကအခိုင် အမာဆိုခဲ့ပါတယ်။ အိုဂျာလန်က ဘွတ်ခ်ချင်ရဲ့ အဆိုပါလူမှုဗေဒအယူအဆကို စုပ်ယူပြီး “ဒမိုကရက်တစ်ကွန်ဖက်ဒရိတ်ဝါဒ” ဆိုတဲ့ ခေါင်းစဉ်နဲ့ထပ်မံချဲ့ထွင်ခဲ့ပါတယ်။ ထိုဝါဒဟာ အခုဆိုရင်သန်းပေါင်းများစွာသောကာ့ဒ်လူမျိုးတို့ရဲ့ အလျားလိုက်လူ့အဖွဲ့အစည်းနဲ့ ဒေသန္တရကောင်စီအခြေပြုဒမိုကရေစီလမ်းခရီးအတွက် လမ်းပြမီးအိမ်ထွန်းညှိပေးလျက်ရှိနေပါတယ်။

ဆီးရီးယားပြည်တွင်းစစ် ရှစ်နှစ်ကြာလာခဲ့တဲ့အလျောက် အနောက်တိုင်းသားအများစုကတော့ ကာလာ့ရှ်နီကော့ဗ်သေနတ် လွယ်ထားတဲ့ ကာ့ဒ်အမျိုးသားကာကွယ်ရေးတပ်တွေကရဲဘော်တွေရဲ့ပုံရိပ်နဲ့ရင်းနှီးကြပါတယ်။ အမျိုးသားအများစုနဲ့ဖွဲ့စည်းထားတဲ့ YPG နဲ့ အမျိုးသမီးတပ်ဖြစ်တဲ့ YPJ ဆိုပြီးအများကသိကြတယ်။ အဲဒီရဲဘော်တွေက ISIS အရေးအတွက် အမေရိကန်ကအားပေးကူ ညီထားတဲ့ တိုင်းရင်းသားတပ်ပေါင်းစုဖြစ်တဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ်မတော်(Syrian Democratic Forces) အောက်ကတပ်ဦး များအဖြစ် ဆီးရီယားနိုင်ငံတစ်ဝန်းလုံးမှာ ထောင်နဲ့ချီတဲ့ရဲဘော်တို့ဟာတိုက်ပွဲဝင်ကျဆုံးခဲ့ပြီးပြီဖြစ်တယ်။ လူသိပ်မသိကြတဲ့အချက် က သူတို့ဘာအတွက်တိုက်နေတယ်ဆိုတာပါပဲ။ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက်သာမက တိုက်ရိုက်ဒမိုကရေစီအရေးရရှိနိုင်ခွင့်အတွက် လည်းပါပါတယ်။ ရပ်ရွာအရေးဖြေရှင်းဖို့အတွက်ပြုလုပ်တဲ့လူထုအစည်းအဝေးတွေမှာ လူတိုင်းကခွင့်တူညီမျှ ပြောဆိုနိုင်ခွင့်ရှိစေ မယ့် ဗဟိုအစိုးရမရှိသောဒမိုကရေစီပါပဲ။

တူရကီအစိုးရရဲ့ဖိနှိပ်မှုကြောင့် ထိုအယူအဆတွေဟာ ကာ့ဒ်လူမျိုးတွေသမိုင်းအစဉ်အဆက်နေထိုင်ခဲ့တဲ့ ဆီးရီးယားအရှေ့ မြောက်အရပ်မှာ အလန်းဆန်းဆုံးပွင့်လန်းနေပါတယ်။ ၂၀၁၂ခုနှစ်မှာ သမ္မတအာဆတ်ရဲ့အစိုးရတပ်ဟာ အခြားဒေသကသောင်း ကြမ်းသူတွေကို ပိုပြီးစုစုစည်းစည်းနှိပ်ကွပ်ဖို့အတွက် ထိုနယ်မြေကနေဆုတ်ခွါခဲ့တယ်။ သူတို့ရဲ့ညီအကိုမောင်နှမတွေ တူရကီနယ် ခြားမျဉ်းကိုဖြတ်ပြီး ဒီရာဘာကာ(Diyarbakir) လို ကာ့ဒ်လူမျိုးအများစုရှိတဲ့မြို့တွေမှာ အိုဂျာလန်ရဲ့အယူအဆတွေကို အကောင်အ ထည်ဖော်ဖို့ကြိုးစားနေကြတာကို ဆီးရီးယားကာ့ဒ်တို့ကစောင့်ကြည့်နေခဲ့ပြီး သူတို့ရဲ့အခွင့်အရေးအတွက်ပြင်ဆင်နေခဲ့တယ်။ ဆီး ရီးယား၊ ဂျီးဇရာ(Cizre)၊ ကိုဘားနီ(Kobani) နဲ့အာ့ဖ်ရင်(Afrin) ဒေသတွေက ဒေသခွဲသုံးခု(Cantons) မှာ သူတို့က အလားတူအယူအ ဆမျိုးကို လက်တွေ့စတင်အကောင်အထည်ဖော်လာပါတော့တယ်။ ထိုဒေသခွဲတွေမှာ လူဦးရေ ၄.၆သန်းရှိပြီး ကာ့ဒ်လူမျိုးတွေက ၂သန်းခန့်ရှိတယ်။ နောက်ပြီး အာရပ်၊ တုခ်မန်းလူမျိုးစု၊ ဆီးရီးယာ့ခ်လူမျိုးစုနဲ့ အခြားသောမျိုးနွယ်စုငယ်လေးတွေလည်းရှိတယ်။ ထိုဒေသတွေမှာ လူမျိုးပေါင်းစုံရပ်ရွာအစည်းအဝေးများအရအုပ်ချုပ်ပြီး၊ အမျိုးသမီးနဲ့အမျိုးသားတို့ကြား ညီမျှတဲ့ပါဝါခွဲဝေမှုဓလေ့ ကျင့်သုံးတယ်၊ အထက်အောက်ဖွဲ့စည်းခြင်းမရှိ၊ ဂိုဏ်းဂဏစွဲအရကွဲပြားမှုမရှိသော ထင်ရှားတဲ့ ဂေဟစနစ်ဆိုင်ရာသွင်ပြင်လက္ခဏာ ရှိတယ်။ နောက်ပြီး အရင်းရှင်စနစ်တန်ပြန်နိယာမများ(anticapitalist principles)ကိုအခြေခံထားတဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဘော ဂဗေဒကိုယ်ထည်ရှိတယ်။ အဲဒီဒေသခွဲသုံးခုကလူတွေက ကြီးစွာသောစိန်ခေါ်မှုများစွာကြားမှာ ထိုသို့သောပြုပြင်ပြောင်းလဲရေးမျိုး ကိုဖော်ဆောင်ခဲ့ရတာပါ။ ဆီးရီးယားရဲ့အခြားဒေသက စစ်ဘေးဒုက္ခသည်တွေအနေနဲ့ဆထက်တိုးပွါးလာတဲ့လူဦးရေအပြင် တူရကီ မှ မြောက်ပိုင်းဒေသသို့ပို့ဆောင်သော၊ အီရတ်ကာဒစ္စတန်မှအရှေ့အရပ်သို့ပို့ဆောင်သော ရိက္ခာနဲ့ထောက်ပို့လမ်းကြောင်းတို့ကို ဖြတ်တောက်ထားခံရပါသေးတယ်။ အဲဒီစိန်ခေါ်မှုတွေကြားမှာလုပ်နေကြရတာပါ။ အီရတ်ကာဒစ္စတန်ဒေသမှာ ကာ့ဒ်လူမျိုးစုခေါင်း ဆောင် မာဆူးလ်ဘာဇာနီ(Masoud Baazani) ဦးဆောင်ပြီး ဆယ်စုနှစ်များစွာတိုင်အောင် တူရကီနိုင်ငံကိုအမှီပြုကုန်သွယ်ဖို့အတွက် အရင်းရှင်စနစ်အမျိုးသားနိုင်ငံငယ်လေး(capitalist statelet)ကိုဦးစီးလျက်ရှိနေတယ်။

၂၀၁၄ခုနှစ်မှာတော့ အဆိုပါဒေသခွဲသုံးခု(cantons)တို့ဟာ Democratic Federation of Northern Syria အဖြစ် ကိုယ်ပိုင်ပြ ဌာန်းမှုကိုထူ​ထောင်လိုက်ပါတယ်။ ကာ့ဒ်ဘာသာစကားအရ အနောက်အရပ်လို့အဓိပ္ပာယ်ရတဲ့(ဆီးရီးယားက ယခင်ကာဒစ္စတန်နိုင်ငံ ရဲ့အနောက်ဖက်ဆုံးအပိုင်းမှာရှိတာပါ) ၎င်းကို ရိုဂျားဗား(Rojava) အဖြစ်လူသိများတယ်။ ဒါပေမယ့် ထိုဒေသရဲ့ လူမျိုးပေါင်းစုံယှဉ် တွဲနေထိုင်ကြတဲ့ဝိသေသထင်ရှားစေရန်နဲ့ ကာ့ဒ်လူမျိုးစုအတွက်တင်မက လူတိုင်းအတွက် လွတ်လပ်ခွင့်အာမခံချက်ရရှိရေးပေါ် လွင်စေရန် ရိုဂျားဗားဆိုတဲ့အမည်နာမကို ကာ့ဒ်လူမျိုးတွေက ၂၀၁၆ ခုနှစ်မှာတရားဝင်ပယ်ဖျက်ခဲ့သော်လည်းပဲ လူတွေကရိုဂျားဗား လို့ခေါ်မြဲခေါ်နေဆဲပါပဲ။ ဒမိုကရက်တစ်ဖက်ဒရေးရှင်း ဒါမှမဟုတ် DFNS ကို “လူမှုပဋိဉာဉ်ပြန်တမ်း (Charter of the Social Contract)” အရဖွဲ့စည်းခဲ့တာပါ။ ထိုပြန်တမ်းရဲ့ဥပစာမှာ “အကြွင်းမဲ့အာဏာရှင်ဝါဒ၊ စစ်ဝါဒ၊ ဗဟိုချုပ်ကိုင်မှုဝါဒမရှိသော၊ အများပြည်သူအရေးကိစ္စတွေမှာ ဘာသာရေးအာဏာကဝင်ရောက်စွက်ဖက်ခြင်းကိုကာကွယ်ထားသောလူ့အဖွဲ့အစည်းတစ်ရပ်” တည်ဆောက်ရေးဆန္ဒသဘောထားကိုကြေညာထားပါတယ်။ ထို့အပြင် ဆီးရီယားရဲ့နယ်မြေပြည့်စုံမှုအပေါ်အသိအမှတ်ပြုပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာငြိမ်းချမ်းရေးကို ထိန်းသိမ်းသွားမယ့်ဆန္ဒသဘောထားကိုလည်း ကြေညာထားတယ်။ ထိုကြေ ညာချက်ကိုရုတ်တရက်ကြည့်ရင်တော့ ဆီးရီးယားကာ့ဒ်လူမျိုးစုဟာ ၎င်းလူထုရဲ့ကိုယ်ပိုင်အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်ကို စွန့် လွှတ်လိုက်သလိုထင်ရပေမယ့် အမှန်တော့ဆန့်ကျင်စွာပဲကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသောဒေသများနဲ့(self-determining municipalities) ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်စနစ်တစ်ခုကို သူတို့ကရည်မှန်းခဲ့တာပါ။

ပြန်တမ်းရဲ့အပိုဒ်ခွဲ ၉၆ပိုင်းမှာလည်း လူမျိုးစုတိုင်းအတွက် မိမိတို့ကိုယ်ပိုင်ဘာသာစကားဖြင့် ပညာရေးမှာ သင်ကြားသင် ယူခွင့်ရှိစေရန် အာမခံချက်ပေးထားတဲ့အပြင် သေဒဏ်ချမှတ်ခြင်းကိုလည်းပယ်ဖျက်ထားတယ်။ နောက်ပြီး အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးကြေညာစာတမ်းနဲ့ အလားတူလုပ်ထုံးလုပ်နည်းများကိုလည်း သဘောတူခွင့်ပြုထားတယ်။ အများပြည်သူဆိုင်ရာအင်စ တီကျူးရှင်းများသည် ဂျန်ဒါအရခွဲခြားဆက်ဆံမှုအမြစ်ပြတ်ရေးရှေးရှုရန် ပြန်တမ်းကတောင်းဆိုထားတယ်၊ ၎င်းအပြင် မည်သည့် ရွေးကောက်ပွဲတွေမှာမဆို အမျိုးသမီးပါဝင်ရမယ့်အရေအတွက်က အနည်းဆုံး၄၀ရာခိုင်နှုန်းရှိဖို့ဥပဒေပြဌာန်းထားပြီး အမျိုးသမီး များအပြင် လူနည်းစုလူမျိုးစုဝင်တွေကိုလည်း စီမံခန့်ခွဲရေးအစိုးရရဲ့နေရာတိုင်းမှာ ပူးတွဲဆောင်ရွက်ခွင့်ရှိရေးကိုပြဌာန်းထားတယ်။ ထိုလူမှုပဋိဉာဉ်ဟာ မြို့ပြစီမံကိန်း၊ စီးပွါးရေး၊ စိုက်ပျိုးရေးနဲ့ စက်ရုံအလုပ်ရုံလည်ပတ်ရေးစတဲ့အရေးကိစ္စတွေနဲ့ပတ်သက်တဲ့ ဆုံး ဖြတ်ချက်တွေကို လိုအပ်ပါက စုပေါင်းဆုံးဖြတ်ခြင်းနိယာမအရ ထိန်းကျောင်းပေးနိုင်မယ့် ဂေဟစနစ်ဆိုင်ရာကြီးကြပ်မှုတစ်ခုကို လည်း ဆော်ဩထားပါသေးတယ်။ ထိုစာတမ်းက ဆယ်ကျော်သက်လူငယ်များရဲ့နိုင်ငံရေးဆိုင်ရာအခွင့်အရေးများကိုပါ အာမခံချက် ပေးထားပါသေးတယ်။

DFNS ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေများစွာထဲကတစ်ခုက စစ်ဒဏ်သင့်ဒေသများမှာ ၎င်းတို့ရဲ့လက်တွေ့အကောင်အထည် ဖော်မှုများကိုပြုလုပ်နေရတာပဲဖြစ်ပါတယ်။ ဂျီဟတ်စစ်သွေးကြွများကို YPG နဲ့ YPJ တို့က ၆လအကြာတိုက်ပွဲဝင်ပြီး အနိုင်ယူလိုက် တဲ့အချိန်မတိုင်ခင် ၂၀၁၄ခုနှစ်မှာ ISIS ကိုအမေရိကန်လေတပ်ကဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုဘားနီမြို့နဲ့အနီးဝန်းကျင်ဒေသတစ်ခု လုံးမွစာကြဲခဲ့ရတယ်။ အမေရိကန်နဲ့မဟာမိတ်တို့က ဆီးရီးယားဒီမိုကရက်တစ်တပ်မတော်ကို စစ်ရေးအကူအညီတွေပေးပေမယ့် လည်း လူသားချင်းစာနာမှုအကူအညီတွေတော့မပေးခဲ့ပါဘူး။ ဒီလိုနဲ့ စစ်ဒဏ်ကြောင့်ပျက်စီးခဲ့ရတဲ့ ကိုဘားနီအပါအဝင်အခြားသော ဖက်ဒရေးရှင်းရဲ့အစိတ်အပိုင်းတို့ရဲ့ပြန်လည်ထူထောင်ရေးကို ဖြည်းဖြည်းချင်းသာလုပ်နိုင်ပါတော့တယ်။ ရိုဂျားဗားရဲ့ယူတိုးပီးယား ဆန်တဲ့ဝိသေသဟာ နိုင်ငံတကာကအရပ်သားစေတနာ့ဝန်ထမ်းရာဂဏန်းအချို့ကို ဆွဲဆောင်နိုင်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်ရှိစွန့်ပစ် ပစ္စည်းပြဿနာကိုဖြေရှင်းပေးနေတဲ့အပြင် “ရိုဂျားဗားပြန်လည်စိမ်းလန်းစေရေး”အတွက် အပင်ပေါက် ၅သောင်းကိုလည်း စိုက်ပျိုး ပေးခဲ့ပါတယ်။ အဲဒီဒေသဟာ တူရကီကြောင့် ရေပြတ်လပ်မှုဒဏ်ကိုခံစားနေရတယ်။ တူရကီနိုင်ငံက ရေလှောင်တမံကြီးတွေကို တည်ဆောက်ပြီး တိုက်ဂရစ်နဲ့ယူဖရေးတီးမြစ်တို့ရဲ့ရေစီးဆင်းမှုလျော့သွားအောင်လုပ်လိုက်ကာ တူရကီဖက်ခြမ်းနယ်စပ်တလွှား မှာရှိတဲ့ သမိုင်းဝင်အခြေချရာနေရာများကို ရေလွှမ်းမိုးစေခဲ့ပါတယ်။

စစ်ပွဲသက်ရောက်မှုကြောင့် ထိုအသိုင်းအဝိုင်းတစ်ခုလုံး စစ်အတွက်စုစည်းနေကြတဲ့နောက်ခံမှာ ကလေးစစ်သားအသုံး ပြုမှု၊ အာရပ်ရွာသားများကို အိုးမဲ့အိမ်မဲ့ဖြစ်စေမှုအပြင် ကာ့ဒ်လူမျိုးထိန်းချုပ်ထားတဲ့ဒေသတွေက လူ့အခွင့်အရေးချိုးဖောက်မှု အစ ရှိတဲ့ အငြင်းပွါးဖွယ်တိုင်ကြားချက်တစ်ချို့လည်းရှိပါတယ်။ အတွင်းပိုင်းမှာဆိုရင်လည်း အီလစ်များက သဘောထားကွဲလွဲမှုကြောင့် ခေါင်းဆောင်နေရာအတွက်အရေးဆိုချိန်မှာ အတွေးအခေါ်တယူသန်မှုအား တွန်းလှန်ရေးစိန်ခေါ်မှုသည် ဩဇာတိက္ကမနဲ့ပြည့်စုံတဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ထံသို့ကျရောက်လို့လာတတ်ပါတယ်။ ဘယ်လိုပဲဆိုဆို အရေးအပါဆုံးကတော့ ရိုဂျားဗားစီမံကိန်းကိုအမှုန့် ချေပစ်မယ်ဆိုတဲ့ တူရကီရဲ့ကြုံးဝါးချက်အမှန်တကယ်ဖြစ်လာပါ့မလားဆိုတာ ရုရှား၊ အီရန်၊ အမေရိကန် ပါဝါနိုင်ငံကြီးသုံးရပ်ရဲ့ ဆီးရီးယားအပေါ်စွက်ဖက်ခွင့်အရေးပြိုင်ဆိုင်မှုအခြေအနေကိုစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် “လူမှုပဋိဉာဉ်” ရဲ့ရည် ရွယ်ချက်ဟာ အဖေနဲ့အဒူလာအိုဂျာလန်တို့မျှော်မှန်းခဲ့တဲ့ အောက်ခြေလူတန်းလူတန်းစားကိုအခြေခံထားတဲ့ ဗဟိုချုပ်ကိုင်မှုမရှိ သောဒီမိုကရက်တစ်လူ့အဖွဲ့အစည်းပုံစံမျိုးကိုတည်ဆောက်လိုကြောင်း ထင်ရှားစွာတွေ့မြင်ရပါတယ်။

၁၉၂၁ခုနှစ် ဘရွန့်ဇ်မှာမွေးဖွားခဲ့တဲ့ မူရေးဘွတ်ခ်ချင်အပေါ် အစောဆုံးလွှမ်းမိုးခဲ့တဲ့သူက ၁၉၀၅ ရုရှားတော်လှန်ရေးအပြီး အမေရိကသို့ပြောင်းရွေ့အခြေချခဲ့တဲ့ ရုရှတော်လှန်ရေးသမားတစ်ဦးဖြစ်သူ သူ့ရဲ့အဖွား Zeitel ပါပဲ။ အဖွားနဲ့သူ့ရဲ့ရဲဘော်တွေ အရေး တော်ပုံကြီးကိုဆင်နွှဲခဲ့ပုံအကြောင်းကို နောက်ပိုင်းမှာအဖေကခုလိုမျိုးပြောပြခဲ့ဖူးတယ်။

“အလံနီအောက်မှာ လူသားမျိုးနွယ်လွတ်မြောက်ရေးအတွက်အိပ်မက်မက်ခဲ့ကြတယ်။ လူတန်းစားကင်းမဲ့သော သွေးစုပ် အမြတ်ထုတ်မှုမရှိသောစိတ်ကူးစံတို့ရှိကြပြီး ၎င်းကသူတို့ရဲ့ဒဏ္ဍာရီ၊ သူတို့ရဲ့မျှော်မှန်းချက်၊ မျှော်လင့်ချက်ဖြစ်တယ်။ မိသားစုဆို တာ မိသားစုကြီးတစ်ခုရဲ့အစိတ်အပိုင်းတစ်ရပ်အနေနဲ့ရှိနေတဲ့ အကြိုစက်မှုလူ့ဘောင်လောကထဲနေထိုင်နေကြပြီး အပြန်အလှန်ယုံ ကြည်မှုနဲ့အတူ အပြန်အလှန်အမှီသဟဲပြုနေထိုင်ခြင်း၊ ပြင်းထန်သောယဉ်ကျေးမှုခံစားနိုင်စွမ်းနဲ့ယဉ်ကျေးမှုဆိုင်ရာရာဒီကယ်အမြင် စတဲ့ ဝိသေသတို့ရှိသော ခက်ခဲကြမ်းတမ်းတဲ့အတူတကွရှင်သန်နေထိုင်မှုပုံစံရှိတယ်။”

ဘွတ်ခ်ချင်မိသားစုမှာလည်းသူ့တိုက်ပွဲနဲ့သူရှိပါတယ်။ အဖေ့အသက်ငယ်ငယ်လေးတုန်းက အဖေ့ရဲ့အမေကျမအဖွားကိုသူ့ ယောကျာ်းကစွန့်ပစ်သွားတယ်။ အဖေ့ရဲ့အဖွားဆုံးပြီးနောက် အဖေ့အသက်ကိုးနှစ်အရွယ်မှာ သူတို့ဘဝကဆင်းရဲမွဲတေခဲ့ရတယ်။ ထိုကာလမှာပဲ ၁၉၃၀ခုနှစ်မှာ အဖေကအမေရိကရဲ့လူငယ်စွန့်ဦးအဖွဲ့ဖြစ်တဲ့ ကွန်မြူနစ်လူငယ်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်လာ တယ်။ အဖေ့အသက် ၁၃နှစ်မှာ ကွန်မြူနစ်လူငယ်အသင်းသို့ စေလွှတ်ခြင်းခံရတယ်။ အဲဒီမှာသူက အသက်အငယ်ဆုံးဖြစ်ပေမယ့် လည်း အရွယ်ရောက်ပြီးသူတစ်ယောက်လိုဆက်ဆံခံရတယ်လို့အဖေက အတိတ်ကိုပြန်ပြောပြဖူးပါတယ်။ အဲဒီမှာသူတို့တွေ ကွန် မြူနစ်ကြေညာစာတမ်းနဲ့အခြားစာတမ်းတွေကို ဖတ်ရှုလေ့လာခွင့်ရခဲ့တယ်ထင်ရပါတယ်။ ပါတီသတင်းစာတွေကိုလမ်းပေါ်ထွက် ရောင်းခဲ့ဖူးသလို အလုပ်သမားသမဂ္ဂရဲ့ကြိုးပမ်းမှုတွေကိုလည်း အားပေးကူညီခဲ့ဖူးတယ်။ အမေရိကရဲ့စီးပွါးပျက်ကပ်ဟာ အဖေ့ရဲ့ လူတန်းစားအသိနဲ့ လူ့အဖွဲ့အစည်းအားပြောင်းလဲလိုစိတ်ကို လေးနက်ခိုင်မာစေခဲ့တာပါ။ ဘရွန့်ဇ်မှာရှိတဲ့တိုက်ခန်းတွေကနေ တစ် ကြိမ်မက မောင်းချခံခဲ့ရဖူးတယ်။ ရာဒီကယ်လူငယ်တစ်ဦးဖြစ်တဲ့အလျောက် သူ့ရဲ့ဟောပြောမှုစွမ်းရည်တိုးတက်စေရန် ကရိုတိုနာ ပန်းခြံမှာ ပြင်းပြင်းထန်ထန်စကားစစ်ထိုးခြင်းဖြင့်လေ့ကျင့်ခဲ့ပါတယ်။ ၁၉၃၀ခုနှစ်ဝန်းကျင် အဲဒီကာလကို “ဝရုန်းသုန်းကားကာ လများ” လို့ အဖေကသူဖြတ်သန်းခဲ့ရတဲ့အဖြစ်အပျက်တွေကိုအောက်ပါအတိုင်းပြောပြခဲ့တယ်။

“နေ့စဉ်နေ့တိုင်းမှာအသစ်သစ်တွေကိုပဲကြုံတွေ့နေရတော့ အယူအဆတစ်ခုက ဘယ်လောက်အတိုင်းအတာအထိ သက် ရောက်မှုရှိသလဲဆိုတာပြောရခက်တယ်။ အန္တရာယ်အငွေ့အသက်လေးအတန်ငယ်လွှမ်းတဲ့ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ နိုင်ငံရေးနဲ့ ဆိုင်တဲ့အရာတစ်ခုက နေ့တိုင်းမှာဖြစ်ပေါ်နေတယ်။ ဥပမာပြောရရင် အဖေနဲ့အဖေ့သူငယ်ချင်းတို့တတွေဟာ လမ်းဘေးတွေ့ဆုံပွဲ တွေတစ်ခုပြီးတစ်ခုသွားခဲ့ကြပြီး နောက်ဆုံးမှာတော့ ယနေ့ခေတ်အသုံးအနှုန်းနဲ့ဆို ယာယီဟောပြောစင် (soap box) လို့ခေါ်မယ့် နေရာမှာအဖေစပြီး ဟောပြောဖြစ်ခဲ့ပါတယ်။ ကျန်တဲ့အချိန်တွေမှာတော့ ဝမ်းရေးအတွက် သတင်းစာရောင်းလိုက်၊ အပူကာပုံးကို ကျောမှာလွယ်ပြီးကရိုတိုနာပန်းခြံထဲရေခဲမုန့်လည်ရောင်းလိုက် လုပ်ခဲ့ရတယ်။ ပန်းဥယျာဉ်ဌာနက လူတွေကိုပေးထားတဲ့ အခွင့်ထူး လေးတွေပေါ့။ အဲဒီလိုရေခဲမုန့်လည်ရောင်းတာဟာ အဲ့တုန်းကတရားမဝင်လို့ ရဲတွေလိုက်ဖမ်းတာကိုလည်း ခဏခဏခံခဲ့ရဖူးသေး တယ်။ အဖေ့အသက်၁၃ -၁၄ နှစ်လောက်ကတည်းကစပြီး ကိုယ့်ဝမ်းကိုယ်ကျောင်းခဲ့ရတာပါ။”

ကွန်မြူနစ်ပါတီက အဖေ့အပေါ်သဘောတရားရေးရာများကို တင်းတင်းကြပ်ကြပ်လေ့ကျင့်သင်ကြားခဲ့ပေးမယ့်လည်း သူ့ မှာအော်တိုဒေါ့စ်ဆန်ခြင်းမရှိခဲ့ဘူး။ ဟစ်တလာနဲ့စတာလင်တို့တွေ သဘောတူညီမှုစာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာတော့ အဖေက ကွန်မြူနစ်ပါတီကနေထွက်လိုက်ပြီး ထရော်စကီးဝါဒဖက် ခဏလောက်ယိမ်းလိုက်သေးတယ်။ ပြီးတော့မှသာမင်းမဲ့ဝါဒီတစ် ယောက်ဖြစ်လာပါတယ်။ ထိုရပ်တည်ချက်က ၁၉၆၀ခုနှစ်ကနေ ၁၉၈၀ခုနှစ်ကာလလောက်ထိ နှစ်ပေါင်းလေးဆယ်နီးပါးကြာရှည် ခဲ့ပြီး နောက်ဆုံးမှာ အဲဒီရပ်တည်ချက်ကိုပါအဖေကစွန့်လွှတ်လိုက်ပါတယ်။ မင်းမဲ့ဝါဒဟာ လူမှုအပြောင်းအလဲရေရှည်တည်တံ့သွား စေမယ့်အင်စတီကျူးရှင်းများကို ကြိုးစားပမ်းစားတည်ဆောက်ရမယ့်အစား တစ်သီးပုဂ္ဂလရဲ့လွတ်လပ်ရေးကိုပဲအာရုံစိုက်နေတဲ့ နိုင်ငံရေးမျိုးအဖြစ်သို့ လွယ်လွယ်ကူကူကျရောက်သွားနိုင်တယ်လို့လည်းအဖေကပြောခဲ့ပါသေးတယ်။

အဖေကတက္ကသိုလ်မတက်ဖြစ်ခဲ့ဘူး။ ကိုယ့်အားကိုယ်ကိုးလေ့လာသင်ယူခဲ့သူဖြစ်တဲ့အတွက် အသိပညာရှာဖွေမှုလမ်း ကြောင်းတစ်ခုမှာပိတ်မိနေတဲ့အဖြစ်မျိုးသူ့မှာမရှိခဲ့ဘူး။ အဖေလေ့လာခဲ့တဲ့နယ်ပယ်ကလည်း အရမ်းကိုကျယ်ပြန့်ပါတယ်။ ဇီဝဗေဒ နဲ့ ဓာတုဗေဒတို့လိုဘာသာရပ်တွေကစလို့ သဘာဝသမိုင်း(natural history) နဲ့ဒဿနိကဗေဒနယ်ပယ်တွေအထိရှိတယ်။ နယူးဂျာစီ ပြည်နယ် ဘေယုံးမြို့က ပူလောင်လှတဲ့သံရည်ကျိုစက်ရုံတစ်ခုမှာ သံရည်ပူလောင်းရတဲ့အလုပ်ကိုလုပ်ခဲ့တဲ့ အဖေ့ရဲ့စက်မှုလုပ်သား အတွေ့အကြုံဟာလည်း ဆိုရှယ်လစ်ဝါဒအပေါ်အဖေ့ရဲ့ထောက်ခံမှုကိုသာပိုမိုခိုင်မာသွားစေပါတယ်။ သို့ရာတွင်လည်း အမေရိကန် ပစ္စည်းမဲ့များသည် ဝမ်းရေးပြဿနာနဲ့ အသေးအဖွဲပြန်လည်ပြင်ဆင်မှုအရေးကိစ္စများအပေါ် စိတ်ပါဝင်စားမှုရှိကြပေမယ့် မာ့စ်ခန့် မှန်းခဲ့သလို တော်လှန်ရေးအားဖန်တီးသူများ (revolutionary agents) အနေနဲ့ဖြစ်မလာနိုင်ကြောင်း ညီညွှတ်သောလျှပ်စစ်လုပ်သား များအဖွဲ့မှာသမဂ္ဂဖွဲ့စည်းသူအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့စဉ်ကအတွေ့အကြုံများကနေသူသိရှိလိုက်ရပါတယ်။ ဗဟိုမှချုပ်ကိုင် သောနိုင်ငံတော်အာဏာကိုအသားပေးမှုနဲ့ “လူမှုဥပဒေများ၏အကြင်နာတရားကင်းမဲ့မှု(inexorability)” ကိုခိုင်ခိုင်မာမာဆိုခြင်းတို့အ ပါအဝင် မာ့စ်ဝါဒ၏အခြားသောအယူအဆများအပေါ် အဖေကစတင်ဝေဖန်လာခဲ့တယ်။

အရင်းရှင်စနစ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ သဘာဝပတ်ဝန်းကျင်အပေါ် အကြီးအကျယ်စိုးရိမ်စရာဖြစ်လာတဲ့ ၁၉၄၀ခုနှစ်နဲ့ ၁၉၅၀ ခုနှစ်အစောပိုင်းကာလတွေမှာ မာ့စ်ဝါဒအပေါ်အဖေ့ရဲ့သံသယက ပိုပြီးရှင်းလင်းပြတ်သားလာပါတယ်။ ရေထုနဲ့လေထုညစ် ညမ်းမှု၊ ဓာတ်ရောင်ခြည်သင့်မှု၊ အစားအသောက်တွေကပိုးသတ်ဆေးအကြွင်းအကျန်ပြဿနာ၊ နောက်ပြီး ရောဘတ်မော့ဆတ်လို ပိုင်စိုးပိုင်နင်းရှိတဲ့မြို့ပြစီမံကိန်းရေးဆွဲသူများရဲ့မြို့ပြများအပေါ်သက်ရောက်မှုစတဲ့ သဘာဝပတ်ဝန်းကျင်အပေါ်တွင်သာမက ဘော ဂဗေဒအရေးအတွက်ပါ အရင်းရှင်စနစ်ရဲ့သက်ရောက်မှုကို ပြန်လည်တွက်ချက်သုံးသပ်ဖို့ကို အဖေကဆိုခဲ့တယ်။

၁၉၅၀ခုနှစ်ကုန်ပြီး ၁၉၆၀ခုနှစ်ကာလအစောပိုင်းမှာတော့ အဖေက ဂေဟစနစ်ပျက်စီးမှုပြဿနာကို နက်နက်ရှိုင်းရှိုင်းအ မြစ်တွယ်နေသော လူမှုရေးဆိုင်ရာပြဿနာများ၏ လက္ခဏာရပ်အဖြစ်ရှုမြင်လာတယ်။ ထိုအယူအဆတွေကို ၁၉၆၄ခုနှစ်က ထုတ် ဝေခဲ့တဲ့ “ဂေဟစနစ်နှင့် တော်လှန်သောအတွေးများ(Ecology and Revolutionary Thoughts)” ဆောင်းပါးမှာ အသေးစိတ်ခြယ်မှုန်း တင်ပြခဲ့တယ်။ ထိုဆောင်းပါးမှာ အဖေက ဂေဟဗေဒကို နိုင်ငံရေးအယူအဆတစ်ရပ်အဖြစ်တည်ဆောက်ခဲ့ပြီး ပျက်စီးနေသောသ ဘာဝပတ်ဝန်းကျင်အားပြန်လည်ကယ်တင်ရေးကို လူမှုအဖွဲ့အစည်းပြောင်းလဲရေးအစီအမံ၏ခွဲခြားမရနိုင်သောအစိတ်အပိုင်းတစ် ရပ်အဖြစ် တင်ပြခဲ့တယ်။ လူအချင်းချင်းအုပ်စိုးမှုကိုဖြစ်စေသည့်အကြောင်းရင်းသည် သဘာဝအရင်းအမြစ်များရှားပါးမှုကြောင့် ဖြစ်သည်လို့ဆိုတဲ့ မာ့စ်ယူဆပုံနဲ့ခြားနားစွာပဲ အုပ်စိုးခြယ်လှယ်ခြင်း၏သဘောသဘာဝ၏ အရင်းခံအချက်က လူပေါ်လူချင်းလွှမ်းမိုး ကြီးစိုးခြင်းမှဖြစ်တည်လာခြင်းဖြစ်ပြီး အထက်အောက်တည်ဆောက်ပုံရှိသောလူမှုရေးပုံစံများ(ဂျန်ဒါအရ၊ လူမျိုးအရ၊ လိင်စိတ် တိမ်းညွှတ်မှုအရ၊ အသက်အရွယ်နဲ့ အဆင့်အတန်းအရတည်ဆောက်ပုံများ) ကိုချိုးဖျက်ပစ်ပြီးမှသာ သဘာဝပတ်ဝန်းကျင်ပြဿနာ များကို စတင်ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ အဖေကဆိုခဲ့တယ်။ လူတန်းစားလူ့အဖွဲ့အစည်းကိုဖျက်သိမ်းယုံဖြင့် လွတ်မြောက်ခြင်းအ စစ်အမှန်၏အနှစ်သာရကိုခံစားရမည်မဟုတ်ပဲ လွှမ်းမိုးကြီးစိုးမှုပုံစံများအားလုံးကို အဆုံးသတ်ပစ်မှသာ လွတ်မြောက်ခြင်း၏အ နှစ်သာရကိုရရှိနိုင်မည်ဖြစ်ကြောင်း မာ့စ်နဲ့ဆန့်ကျင်စွာပဲ အဖေကဆိုခဲ့တယ်။ “စိတ်မကောင်းစွာပဲ မာ့စ်ဝါဒသည် ၎င်းမတိုင်ခင်ကာ လက တော်လှန်ရေးနဲ့ဆိုင်သောအသံများကို ရာစုနှစ်တစ်ခုမက ပျောက်ဆုံးသလောက်နီးပါးဖြစ်စေခဲ့ပြီး သဘာဝလောကအပေါ် စိုးမိုးခြယ်လှယ်ခြင်းနဲ့ ဗဟိုအာဏာစုစည်းမှုကိုအခြေခံထားသော ဘူဇွာတို့ရဲ့အယူအဆမှန်းသိသာထင်ရှားတဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင် ရာအယူအဆနဲ့ သမိုင်းအပေါ် ပုံသေချဉ်းကပ်မှုလုပ်ခဲ့တယ်” ဆိုပြီး နောက်ပိုင်းတွေ့ရှိချက်အရဆိုခဲ့တယ်။

အထက်ပါအယူအဆများကို အဖေက ၁၉၆၀ခုနှစ်ကာလနှစ်လယ်ပိုင်းလောက်မှာထွက်ရှိခဲ့တဲ့ “Post-scarcity Anarchism”, “Toward a Liberatory Technology” နဲ့ “Listen, Marxist!” စတဲ့ခေါင်းစဉ်များနဲ့ ဆောင်းပါးတွေမှာ စတင်ခြယ်မှုန်းတင်ပြခဲ့ပါတယ်။ ထိုလက်ရာများဟာ စစ်ဆန့်ကျင်ရေးလူငယ်တက်ကြွလှုပ်ရှားသူမျိုးဆက်ကို လူမှုရောဂါများအား ပိုမိုနက်ရှိုင်းစွာ နားလည်သဘော ပေါက်ပြီး လူမှုအစီအစဉ်(social order)သစ်တစ်ခုကိုတောင်းဆိုကြစေရန် နည်းပေးလမ်းညွှန်လျက်ရှိနေပါတယ်။ ထိုကာလအတွင်း မှာ အဖေက လက်ဝဲရပ်ဝန်းကအထင်ကရရှိသူတွေနဲ့ စကားစစ်ထိုးခဲ့ပြီး Eldridge Cleaver နဲ့ Daniel Cohn-Bendit မှသည် ဟာဘာ မားကယူးစ်နဲ့ ဂျီးဒီဘော့ဒ် တို့လိုလူတွေအထိ လွှမ်းမိုးနိုင်စွမ်းရှိခဲ့တယ်။ ၁၉၆၈ခုနှစ် မေလက ပြင်သစ်တော်လှန်ရေးသမားတွေကို ကျောင်းသားလှုပ်ရှားမှုများအား ကွန်မြူနစ်ပါတီက ကျုံးသွင်း(corral)ဖို့ကြိုးပမ်းနေခြင်းအပေါ်မှာ ဖြားယောင်းမခံကြဖို့တိုက်တွန်းခဲ့ တယ်။ ကလီဗာနဲ့ ဟျူဝေးနျူတန်တို့လို ကျားသစ်နက်ပါတီခေါင်းဆောင်တွေကို မော်ဝါဒီများတရားသေကိုင်ဆုပ်ထားတဲ့အယူအဆ ဖြစ်တဲ့ တော်လှန်ရေးအား ပါတီဗဟိုမှ လေ့ကျင့်သင်ကြားထားသော စည်းကမ်းပြည့်ဝသည့်ပါတီကေဒါများမှစီမံဆောင်ရွက်သင့် တယ်ဆိုတဲ့အယူအဆကို စွန့်လွှတ်လိုက်ဖို့တိုက်တွန်းခဲ့တယ်။ နောက်ပြီးအဖေက မားကယူးစ်(Herbert Marcuse) နဲ့တွေ့ဆုံခဲ့ပြီး ထို အတွေ့အကြုံကြွယ်ဝတဲ့ မာ့စ်ဝါဒီဝေဖန်ရေးသီအိုရီဆရာကို ပိုပြီးနက်နဲတဲ့ ဂေဟဗေဒဆိုင်ရာနိုးကြားသိမှု(awareness)တစ်ခုအ ကြောင်းကို လက်ခံယုံကြည်စေခဲ့တယ်။

နှစ်ပေါင်းများစွာတစ်လျှောက်လုံးမှာ အဖေ့ရဲ့ သွေးသားဆက်နွယ်မှုအရစုဖွဲ့သောအုပ်စုများ(affinity groups)၊ လူထုအစည်း အဝေးများ၊ ဂေဟဖမ်းမနစ်ဝါဒ(eco-feminism)၊ အောက်ခြေလူတန်းစားဒမိုကရေစီနဲ့ အထက်အောက်တည်ဆောက်ပုံဖျက်သိမ်း ရေးစတာတွေနဲ့ပတ်သက်တဲ့ အယူအဆအချို့ကို နျူဆန့်ကျင်ရေးကမ်ပိန်း၊ ဂလိုဘယ်လိုက်ဇေးရှင်းဆန့်ကျင်တက်ကြွလှုပ်ရှားသူ များနဲ့ နောက်ဆုံး သိမ်းပိုက်ရေးလှုပ်ရှားမှု(Occupy movement)အထိ ထိုသူတို့က မှီငြမ်းကိုးကားလာကြပါတယ်။ ထိုအဖွဲ့များကအ ဖေ့ရဲ့အတွေးအခေါ်များကို စုပ်ယူလာကြခြင်းသည် ထိုသူများရှာဖွေလိုသောလူမှုအပြောင်းအလဲ၏ နိမိတ်လက္ခဏာဆောင်သောပြု မူဆောင်ရွက်ပုံနဲ့ စုစည်းတည်ဆောက်ပုံနည်းလမ်းများအား ပေးစွမ်းနိုင်တာကြောင့်ပဲဖြစ်ပါတယ်။ ၁၉၈၀ခုနှစ်မှာ အဖေ့ရဲ့လက်ရာ တွေက ဥရောပရှိပတ်ဝန်းကျင်စိမ်းလန်းရေးလှုပ်ရှားမှုများအပေါ် လွှမ်းမိုးမှုရှိလာတယ်။ ယနေ့မှာ သူ့အယူအဆတွေကိုအခြေခံထား တဲ့ “မြို့ပြတွင်းကိုယ်ပိုင်အုပ်ချုပ်မှုဝါဒ(municipalism)” အရေးလှုပ်ရှားမှုများကလည်း ကမ္ဘာ့အနှံ့အပြားကမြို့ပြတွေမှာ အရှိန်အ ဟုန်နဲ့ပေါ်ပေါက်လာနေပြီဖြစ်တယ်။ သို့ပေသော်လည်း ရိုဂျားဗားဖြစ်ရပ်မပေါ်ပေါက်လာခင်အထိ မူရေးဘွတ်ခ်ချင်ဆိုတဲ့အမည်ကို လွှမ်းမိုးကြီးစိုးသောမီဒီယာတွေမှာ တွေ့မြင်ရလေ့မရှိခဲ့ပါဘူး။

၁၉၇၁ခုနှစ်မှာ နယူးယော့ခ်ဆင်ခြေဖုံးအရှေ့ပိုင်းကနေဗားမွန့်ကိုအဖေပြောင်းနေခဲ့တယ်။ အဲဒီအချိန်သူ့အသက် ၅၀ရှိပါပြီ။ ကျမရဲ့အမေ ဘီးထရစ်နဲ့ အိမ်ထောင်သက်တမ်း ၁၂နှစ်အပြီးမှာကွာရှင်းခဲ့ပေမယ့် အဖေကအမေနဲ့နှစ်ပေါင်းများစွာကြာအောင်အတူ နေထိုင်ခဲ့ကြပြီး အမေကအဖေ့ရဲ့ကျန်တဲ့ဘဝသက်တမ်းတစ်လျှောက်လုံးမှာအဖေ့အတွက် နိုင်ငံရေးမှာရဲဘော်ရဲဘက်တစ်ဦးအဖြစ် ရှိနေခဲ့သလို ဘဝမှာဆိုရင်လည်းရင်ဘတ်ချင်းအနီးဆုံးမိတ်ဆွေအဖြစ်ရှိနေခဲ့ပါတယ်။ ဗားမွန့်မှာ အဖေက နျူဆန့်ကျင်မှုအရေးလှုပ် ရှားမှုတွေမှာ တက်ကြွဆောင်ရွက်လာပြီး အမေကတော့ ထိုစဉ်ကဘာလင်တန်မြို့ဝန်ဖြစ်သူ ဘာနေးဆန်ဒါရဲ့ ဘာလင်တန်ကမ်းနား မှာ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုအရေးစီမံကိန်းများကို ဆန့်ကျင်ရေးလှုပ်ရှားမှုများကိုဦးစီးနေပါတယ်။ အမေရိကားရဲ့ပထမဆုံး မြို့ပြ တွင်းကိုယ်ပိုင်အုပ်ချုပ်မှုအရေးလှုပ်ရှားမှုကို ကျမရဲ့မိဘနှစ်ပါးကစတင်ဆောင်ရွက်ခဲ့တာပါ။ နောက်ပြီး ဘာလင်တန်ကသူတို့ရဲ့အိမ် မှာပဲ အဖေ့ရဲ့အကြီးကျယ်ဆုံးလက်ရာဖြစ်တဲ့ “The Ecology of Freedom” ကိုရေးခဲ့ပါတယ်။ ထိုစာအုပ်ကို ၁၉၈၂ခုနှစ်မှာထုတ်ဝေခဲ့ ပြီး ၁၂နှစ်အကြာမှာ တူရကီဘာသာသို့ပြန်ဆိုခဲ့ပါတယ်။

ထိုစာအုပ်မှာ အဖေက သမိုင်းမတိုင်ခင်အချိန်ကနေ မျက်မှောက်ပစ္စုပ္ပန်ကာလအတွင်း အထက်အောက်တည်ဆောက်မှု ပေါ်ပေါက်လာပုံကိုခြေရာကောက်ခဲ့တယ်။ လူ့သမိုင်းတစ်လျှောက်က “ကြီးစိုးခြယ်လှယ်ခြင်းအမွေအနှစ်(legacy of domination)” နဲ့ “လွတ်လပ်ခြင်းအမွေအနှစ်(legacy of freedom)”လို့သူသမုတ်ခဲ့တဲ့ ၎င်းတို့ကြားကသက်ရောက်မှုကို စူးစမ်းလေ့လာခဲ့တယ်။ လူ သားမျိုးနွယ်၏ လူမှုဖွံဖြိုးတိုးတက်လာခြင်းသည် လူ့အဖွဲ့အစည်းအား ပိုပြီးအလွှာအထပ်ထပ်ဖြစ်စေပြီး အကြီးအကျယ်မညီမျှမှုကို ဖြစ်စေကာ အမျိုးသားနိုင်ငံတော်အား လိုတာထက်ပိုသောအာဏာကိုပေးမိစေတယ်လို့အဖေကဆိုခဲ့တယ်။ သို့ရာတွင် ထိုဖြစ်စဉ်နဲ့ အပြိုင် လွတ်လပ်ခြင်းအနှစ်သာရပြည့်ဝသော ယဉ်ကျေးမှုတစ်ခုလည်းရှိနေပါသေးတယ်။ ဆူမေးရီးယန်းကျူနီဖောင်းအက္ခရာ တွေမှာ ပထမဆုံးတွေ့မြင်ရတာကနေ ဩဂတ်စတင်းလိုဒဿနပညာရှင်နဲ့ ချားလ်စ်ဖောရီးရားလို နိုင်ငံတော်ဆန့်ကျင်သောရာဒီ ကယ်ယူတိုးပီးယားဝါဒီတို့ရဲ့လက်ရာတွေမှာမြင်တွေ့ရသည်အထိ ကြီးစိုးခြယ်လှယ်ခြင်းသမိုင်းနဲ့အပြိုင် လွတ်လပ်ခြင်းအမွေအနှစ် ယဉ်ကျေးမှုတစ်ခုက တည်ရှိနေပါတယ်လို့အဖေကဆိုခဲ့တယ်။ ထိုလွတ်လပ်ခြင်းအမွေအနှစ်က လူသားမျိုးနွယ်ဖွံ့ဖြိုးတိုးတက်မှု အလားအလာရဲ့ အပြိုင်မြင်ကွင်းမျိုးကိုပေးစွမ်းနိုင်ပြီး ၎င်းက အများယုံကြည်လက်ခံကြသည့် နိုင်ငံတော်နှင့်အရင်းရှင်နစ်သည် ဆို ရှယ်လစ်ဝါဒဆီသို့ လူ့အဖွဲ့အစည်းဆင့်ကဲတိုးတက်မှုဖြစ်စဉ်အတွင်းဖြတ်သန်းရမည့် “သမိုင်းလိုအပ်ချက်” ဆိုတဲ့အမြင်ကိုစိန်ခေါ်နေ ပါတယ်။ အဖေက နိုင်ငံတော်နဲ့အရင်းရှင်စနစ်သည် မလိုအပ်ယုံတင်မက ၎င်းကိုသမိုင်းရှုထောင့်အရ “တိုးတက်သည့်”အသွင်အပြင် အဖြစ်ရှုမြင်သည့် အစဉ်အလာမာ့စ်ဝါဒီတို့၏ယုံကြည်မှုသည် စစ်မှန်သောလစ်ဘာတေးရီးယန်းလက်ဝဲပုံစံတစ်ခုစုဖွဲ့ရေးအတွက် လည်း အတားအဆီးဖြစ်စေတယ်လို့ဆိုခဲ့တယ်။

“The Ecology of Freedom” ကိုအိုဂျာလန်ဖတ်ရှုပြီးနောက် ထိုထဲမှာပါတဲ့ဆန်းစစ်သုံးသပ်ချက်တွေကို သဘောတူခဲ့ပြီး သူ့ ရဲ့ “In Defense of the People” စာအုပ်မှာ(၂၀၁၀ခုနှစ်မှာ ဂျာမန်ဘာသာဖြင့်ထုတ်ဝေခဲ့ပြီး မကြာခင်မှာအင်္ဂလိပ်ဘာသာပြန်ထွက်ရှိ လာတော့မှာဖြစ်တယ်) အိုဂျာလန်က အောက်ပါအတိုင်းဖော်ပြခဲ့တယ်။

“လူတန်းစားလူ့အဖွဲ့အစည်းအဖြစ်ထင်ရှားလာခြင်းမရှိသေးခင် အာဏာနှင့် အထက်အောက်ဖွဲ့စည်းမှုတို့သည် သမိုင်းရှိ မြင် သာထင်ရှားသောအချိုးအကွေ့အဖြစ်သာရှိခဲ့သည်။ သဘာဝကျကျတည်ရှိနေသောလူ့အဖွဲ့အစည်းအား နိုင်ငံတော်ကိုအခြေခံထား သည့် အထက်အောက်ဖွဲ့စည်းပုံရှိသည့်လူ့အဖွဲ့အစည်းအဖြစ်ဖွံ့ဖြိုးလာစေရန် မည်သည့်သဘာဝဥပဒေကမှ ပြုလုပ်ခြင်းငှါမစွမ်းသာ ပေ။ အလွန်ဆုံး၎င်းကိုတိမ်းညွှတ်မှုအနေဖြင့်သာကျွန်ုပ်တို့ဆိုနိုင်ပေမည်။ မာ့စ်ဝါဒီတို့ယုံကြည်ကြသည့် လူတန်းစားလူ့အဖွဲ့အစည်း သည်ရှောင်လွှဲခြင်းငှါမစွမ်းနိုင်ပေ ဟူသည့်အယူအဆသည် အမှားကြီးတစ်ခုသာဖြစ်၏။”

အဖေက အစောပိုင်းလူ့အဖွဲ့အစည်းရဲ့ သာတူညီမျှဝါဒနဲ့ အပြန်အလှန်အမှီသဟဲပြုနေထိုင်ခြင်းဝိသေသများကို ဥပမာများ ဖြင့်ဆင်ယင်ခြယ်သပြရင်း အရင်းရှင်စနစ်သည် လူသားမျိုးနွယ်ရဲ့လူမှုဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်အတွင်း ရှောင်လွဲမရနိုင်တဲ့ အဆုံး သတ်ထုတ်ကုန်မဟုတ်ကြောင်းဆိုခဲ့တယ်။ လူသားတို့ရဲ့လိုအပ်ချက်ကိုအခြေခံပြီး ကျင့်ဝတ်နဲ့ကိုက်ညီသော၊ ဂေဟစနစ်နဲ့သင့်လျော် သောဘောဂဗေဒစနစ်တစ်ခုကိုတည်ဆောက်ခြင်း၊ နေရောင်ခြည်စွမ်းအင်နဲ့လေစွမ်းအင်တို့လိုမျိုး အရင်းအမြစ်အားဗဟိုချုပ်ကိုင် ထားခြင်းကိုဖြိုဖျက်နိုင်သောနည်းပညာများကိုမြှင့်တင်ခြင်း၊ ဒမိုကရက်တစ်ကျကျရှိသော အောက်ခြေလူထုအစည်းအဝေးများပြု လုပ်ပြီး ဒေသန္တရလူထုအားလုပ်ပိုင်ခွင့်အာဏာပေးအပ်ထားခြင်း စသည့်နည်းလမ်းများဖြင့် အတူတကွပူးပေါင်းဆောင်ရွက်ခြင်း၊ အပြန်အလှန်အမှီသဟဲပြုခြင်းနဲ့ ဂေဟစနစ်ကြာရှည်တည်မြဲမှုတို့ကို ခေတ်သစ်လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ရှင်သန်လာအောင် ပြုလုပ်နိုင်မယ်လို့အဖေကအကြံပြုခဲ့တယ်။

အဖေ့ရဲ့ အထက်အောက်ဖွဲ့စည်းပုံကိုအသားပေးမှုဟာ အိုဂျာလန်ရဲ့ ကာ့ဒ်အရေးပြဿနာအပေါ်ပြန်လည်အနက်ဖွင့်ဆိုခြင်း အတွက် ကိုယ်ပိုင်ရှုထောင့်တစ်ရပ်ဖြစ်လာတယ်။ အိုဂျာလန်အကျဉ်းစံနေစဉ်ရေးသားခဲ့တဲ့လက်ရာတွေထဲက ပထမဆုံးထုတ်ဝေခဲ့ သော “The Roots of Civilization” မှာ သူလည်းပဲ ရှေးဦးကာလကဘုံရှင်သန်နေထိုင်မှုလူ့အဖွဲ့အစည်းရဲ့သမိုင်းနဲ့ အရင်းရှင်စနစ်သို့ အသွင်ကူးပြောင်းပုံသမိုင်းတို့ကိုခြေရာကောက်ခဲ့တယ်။ ဘွတ်ခ်ချင်လိုပဲသူဟာလည်း မက်ဆိုပိုတေးမီးယားရှေးဦးလူ့အဖွဲ့အစည်းဖွဲ့ တည်လာပုံကို ချီးကျူးဂုဏ်ပြုခဲ့တယ်။ လူမှုဖွံ့ဖြိုးတိုးတက်မှုရဲ့ပုခက်သားအရွယ်ဖြစ်တဲ့ မက်ဆိုပိုတေးမီးယားလူ့အဖွဲ့အစည်းဟာ အနုပညာ၊ အက္ခရာတို့မွေးဖွားရာဖြစ်သလို စိုက်ပျိုးရေးနည်းပညာစတင်ပေါ်ပေါက်ရာလူ့အဖွဲ့အစည်းလည်းဖြစ်တယ်။ ကာ့ဒ်လူမျိုး ရဲ့မိသားစုဘဝမှာ သွေးသားတော်စပ်မှုအရနက်နက်ရှိုင်းရှိုင်းချည်နှောင်မှုပုံစံက (ဝမ်းကွဲမိသားစု(extended family) တွေရဲ့ ဆက်ဆံ ရေးဓလေ့နဲ့ ရိုးရာယဉ်ကျေးမှု) ယနေ့တိုင်တည်မြဲလျက်ရှိနေပြီး ၎င်းက ဥာဏ်အလင်းပွင့်ခေတ်ရဲ့အကောင်းဆုံးစံတန်ဖိုးရှုထောင့် များနဲ့ ဘုံရှင်သန်နေထိုင်မှုနဲ့ ဂေဟဗေဒဆိုင်ရာ သိမှုစွမ်းရည်တို့ ရောနှောပါဝင်သော လူမျိုးစုလူ့အဖွဲ့အစည်းသစ်တစ်ခုအတွက် အခြေခံအုတ်မြစ်ကိုပေးစွမ်းနိုင်တယ်လို့ အိုဂျာလန်ကကျွန်ုပ်တို့ကိုအသိပေးခဲ့ပါတယ်။

ဖိုကြီးစိုးမှုအပေါ် အိုဂျာလန်ကအဖေ့ထက် အလေးအနက်ထားခဲ့တယ်။ အထက်အောက်ဖွဲ့စည်းမှုစနစ်များသည် လူ့အဖွဲ့အ စည်းအတွင်းရှိ အသက်အရွယ်အရ ဝါစဉ်ကြီးသူများက နတ်ဆရာ၊ နောက်ပိုင်းကာလမှာတော့ သာသနာ့ဝန်ထမ်းပုံစံမျိုးနဲ့ ၎င်းတို့ရဲ့ အဆင့်အတန်းကိုအတည်တကျဖြစ်စေခြင်းဖြင့် အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အာဏာလက်လွှတ်ဆုံးရှုံးမသွားစေရန် ပြု လုပ်ထားခြင်းမှ မည်သို့မွေးဖွားလာခဲ့သည်ဖြစ်ကြောင်း အဖေစူးစမ်းတင်ပြခဲ့တယ်။ အမျိုးသားများက အမျိုးသမီးများအပေါ် စိုးမိုး ခြယ်လှယ်ခြင်းလည်းအပါအဝင်ဖြစ်သော ဖြစ်စဉ်တစ်ခုပါပဲ။ အိုဂျာလန်ကတော့ ဖိုကြီးစိုးမှုကို လူသားတို့ရဲ့လူမှုဖွံ့ဖြိုးတိုးတက်ခြင်း ရဲ့ အနက်ဖွင့်ဆိုနိုင်မယ့်ဝိသေသလက္ခဏာရပ်အဖြစ်ရှုမြင်ခဲ့တယ်။ “နှစ်ငါးထောင်သက်တမ်းရှိ လူမှုဖွံ့ဖြိုးတိုးတက်ခြင်းသမိုင်းသည် အနှစ်သားမှာတော့ အမျိုးသမီးများအပေါ်ကျွန်ပြုခြင်းသမိုင်းသာဖြစ်သည်” လို့ အိုဂျာလန်ကသူ့ရဲ့ “Liberating Life : Woman’s revolution” မှာရေးခဲ့ပါတယ်။ “အမျိုးသမီးများကျွန်ပြုခံရခြင်းအတိုင်းအတာနှင့် ထိုအဖြစ်မှန်ကို ရည်ရွယ်ချက်ရှိရှိဖုံးကွယ်ခြင်းတို့ သည် ထို့အတွက်ကြောင့် အထက်အောက်တည်ဆောက်ပုံရှိသောလူ့အဖွဲ့အစည်း၊ နိုင်ငံတော်ပါဝါတို့နှင့် နီးနီးကပ်ကပ်ဆက်နွယ်နေ ကြခြင်းဖြစ်သည်။” အိုဂျာလန်ရဲ့အမြင်မှာ ပါဝါရဲ့ စနစ်အရ၊ စိတ်ပညာရှုထောင့်အရအလုပ်လုပ်သော ဆက်ဆံရေးများကိုအမြစ် ဖြတ်ရန် လူ့အဖွဲ့အစည်းအပေါ်အမြင်သစ်တစ်ခုလိုအပ်လိမ့်မယ်၊ နောက်ပြီး အမျိုးသားများအနေနဲ့ ကိုယ့်ရဲ့ကဏ္ဍကို နက်နက်ရှိုင်း ရှိုင်းဆန်းစစ်ဖို့လိုအပ်ပါလိမ့်မယ်လို့ အိုဂျာလန်ကဆိုခဲ့ပါတယ်။

အမျိုးသမီးများလွတ်မြောက်ရေးအပေါ်အိုဂျာလန်ရဲ့စိတ်ပါဝင်စားမှုဟာ အီမ်မရာလီသို့မရောက်ရှိခင်အချိန်ကတည်းက ရှိ နေခဲ့တာပါ။ နောက်ပြီး၎င်းက အယူအဆရေးရာသက်သက်ပဲမဟုတ်ခဲ့ပါဘူး။ ၁၉၈၀နဲ့ ၉၀ကာလကြားမှာ ဆီးရီးယားကကာ့ဒ်လူမျိုး အမျိုးသမီးတွေနဲ့အတူ တူရကီအစိုးရလက်အောက်မှာ သူတို့အပေါ်သာအထူးရက်စက်စွာဖိနှိပ်ခြင်းကိုခံနေရတဲ့ တူရကီကကာ့ဒ်လူ မျိုးအမျိုးသမီးတွေကလည်း PKK ထဲကိုအလုံးအရင်းနဲ့ဝင်ရောက်လာကြတယ်။ သူတို့ရဲ့ရွာ၊ သူတို့ရဲ့မြို့ငယ်လေးတွေကိုစွန့်ခွါပြီး လဘ်ဘနွန်က ဘီခါးချိုင့်ဝှမ်းဒေသနဲ့ အီရတ်က ခန်ဒီးလ်တောင်တွေမှာ ထိုအမျိုးသမီးတွေက ၁၉၉၄ခုနှစ်မှာ PKK စစ်သည်အင်အား ၁၅,၀၀၀ထိရောက်အောင်တစ်တပ်တစ်အားပါဝင်ပေးခဲ့တယ်။ တပ်ထဲမှာအမျိုးသမီးများရဲ့အချိုးအစားကသုံးပုံတစ်ပုံခန့်ရှိပါတယ်။ လေ့လာရေးနဲ့သင်ကြားရေးကို PKK ကဖိဖိစီးစီးရှိတဲ့အလျောက် ထိုအမျိုးသမီးတွေက ပျောက်ကျားတပ်သားတစ်ယောက်ဖြစ်ဖို့ လေ့ကျင့်ရသလို ဖမ်းမနစ်ဝါဒရေးရာနဲ့အခြားသောရာဒီကယ်စာတမ်းများကိုပါ ဖတ်ရှုလေ့လာရပါတယ်။ PKK ရဲ့ ဖိုကြီးစိုးသောစ ရိုက်ပြဿနာကို ပြန်လည်အကဲဖြတ်သုံးသပ်ပြီးဖြစ်တဲ့ အိုဂျာလန်ဟာ အမျိုးသမီးစစ်သည်တို့ရဲ့ ခွင့်တူညီမျှအရေး၊ သီးခြားစစ်ဖက် အဖွဲ့အစည်းဖြစ်ရေးနဲ့ ကိုယ်ပိုင်အင်စတီကျူးရှင်းအနေဖြင့်ရပ်တည်နိုင်ရေးတောင်းဆိုချက်များကို အားပေးကူညီခဲ့တယ်။ မကြာ သေးခင်ကထွက်ရှိထားတဲ့ “A Road Unforeseen: Women Fight the Islamic State” စာအုပ်ထဲမှာ စာရေးသူ Meredith Tax ရှင်းပြခဲ့ သလို PKK ထဲမှာ အမျိုးသမီးတပ်စိတ်ဖွဲ့စည်းလိုက်ခြင်းသည် အပြည့်အဝသီးခြားရပ်တည်သောအမျိုးသမီးတပ်မတော်ဆီသို့လှမ်း နိုင်ရန် အမျိုးသမီးများအား မိမိကိုယ်ကိုယုံကြည်မှုနဲ့ ခေါင်းဆောင်မှုအတွေ့အကြုံများကိုပေးစွမ်းနိုင်ရေးအတွက် မရှိမဖြစ်အရေးပါ ကြောင်း ဆိုသလိုပါပဲ။

ဘွတ်ခ်ချင်ရဲ့ အစောပိုင်းကာလတုန်းကအတိုင်းပဲ အိုဂျာလန်လည်း နိုင်ငံတော်ဆိုရှယ်လစ်ဝါဒအပေါ်စိတ်ပျက်ခဲ့ရပါတယ်။ “ဆိုရှယ်လစ်ဝါဒကို ဘုရားသခင်အဖြစ်မရှုမြင်မိစေဖို့နဲ့ ဆိုဗီယက်ကိုနောက်ဆုံးဘုရားတစ်ပါးအနေနဲ့ရှုမြင်ခြင်းမပြုကြပါနဲ့” လို့ ၁၉၉၁ခုနှစ်က အင်တာဗျူးတစ်ခုမှာသူခုလိုပြောခဲ့ဖူးပါတယ်။ “ဆိုရှယ်လစ်ယူတိုးပီးယားအိပ်မက်ကို မာ့စ်လီနင်ဝါဒီတွေကပဲမက်ခဲ့ ကြတာမဟုတ်ပါဘူး။ ၎င်းကလူသားမျိုးနွယ်ရဲ့သက်တမ်းလောက် ရှိနေပါပြီ”။ နိုင်ငံတော်ကသာ ပြဿနာဖြစ်နေကြောင်း ပိုပိုပြီး လက်ခံလာတာနဲ့အမျှ သူဟာသူ့ရဲ့ပန်းတိုင်ကို ပြန်လည်ပုံဖော်ခဲ့တယ်။ ကာ့ဒ်အမျိုးသားနိုင်ငံတော်ထူထောင်ရေးအတွက်သာမဟုတ် ပဲ ဖက်ဒရေးရှင်းအောက်ကအဖွဲ့ဝင်တိုင်း တန်းတူညီမျှကိုယ်ပိုင်ပြဌာန်းမှုရှိ​သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသည့်ဒမိုကရက်တစ်ကိုယ် ထည်တစ်ခုကို ၎င်းရဲ့ပန်းတိုင်အဖြစ်ပြန်လည်ချမှတ်ခဲ့တယ်။ အဆိုပါနိုင်ငံရေးစနစ်မျိုးဟာ အရှေ့အလယ်ပိုင်းတင်မက ဘယ်နေရာ မှာမှမရှိသေးတဲ့ နိုင်ငံရေးစနစ်မျိုးဖြစ်ပါတယ်။

“အမျိုးသားနိုင်ငံတော်ကလူသားတွေရဲ့တန်ဖိုးကိုလျော့ကျစေပါတယ်” လို့ ဘွတ်ခ်ချင်က ၁၉၈၅ခုနှစ်က”Rethinking Ethics, Nature and Society” ဆောင်းပါးမှာခုလိုတင်ပြခဲ့တယ်။ “၎င်းကကျွန်ုပ်တို့ကိုအပေါ်စီးကနေစိုးမိုးထားတယ်၊ မြှောက်ပင့်လှည့်ဖျား တယ်၊ ကျွန်ုပ်တို့ရဲ့လုပ်ပိုင်ခွင့်တွေကိုလုယူတယ်၊ ကျွန်ုပ်တို့ရဲ့ဥစ္စာပစ္စည်းတွေကိုညာယူတယ်၊ ကျွန်ုပ်တို့ကိုသိက္ခာချတယ်။ နောက်ပြီး ၎င်းရဲ့နယ်ချဲ့ရေးစွန့်စားခန်းတွေမှာ ကျွန်ုပ်တို့ရဲ့အသက်ကိုစတေးပစ်တယ်။ ကျွန်ုပ်တို့ဟာ၎င်းရဲ့အစိတ်အပိုင်းတစ်ရပ်မဟုတ်ပဲ ရုပ် ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာတင်မက အိုင်ဒီယော်လော်ဂျီအရပါအပြုခံသားကောင်တွေဖြစ်ကြပါတယ်။” အိုဂျာလန်လည်းထိုအမြင်အ တိုင်းတူညီစွာရှုမြင်ခဲ့ပြီး ၂၀၀၅ခုနှစ်မှာ ကြေညာစာတမ်းတစ်ခုကိုထုတ်ပြန်ခဲ့တယ်။ ထိုကြေညာချက်မှာ “ဒမိုကရက်တစ်အမျိုးသား နိုင်ငံတော်အရေးပြဿနာအတွက် နိုင်ငံရေးဆိုင်ရာအဖြေကတော့ နိုင်ငံတော်နည်းလမ်းဖြင့်ဖြေရှင်းရန်မဟုတ်ပဲ အရပ်သားလူ့အဖွဲ့ အစည်းရဲ့ ဒမိုကရက်တစ်ကွန်ဖက်ဒရိတ်ဝါဒပဲဖြစ်ပါတယ်။” နိုင်ငံတော်အစား “ဒေသန္တရယူနစ်”ကိုသာအခြေခံပြီး၊ အကျိုးအမြတ် အတွက်မဟုတ်ပဲ ထိုဒေသရှိလူထုကစုပေါင်းဆုံးဖြတ်ထားတဲ့လိုအပ်ချက်အပေါ်မှာသာအခြေခံတည်ဆောက်ထားတဲ့ ဂေဟစနစ် ဆိုင်ရာ၊ လူမှုရေးဆိုင်ရာနဲ့ ဘောဂဗေဒဆိုင်ရာအဆောက်အအုံတစ်ခုကသာ ဖြေရှင်းနည်းဖြစ်တယ်လို့ဆိုခဲ့တယ်။ ထိုစာတမ်းက အီ ရန်မှာရှိတဲ့ ကာ့ဒ်လူမျိုးဦးရေ ၆သန်းနဲ့ အီရတ်ကအလားတူအရေအတွက်ရှိသောကာ့ဒ်လူမျိုးတို့အပါအဝင် ကာ့ဒ်တစ်မျိုးသားလုံး ယုံကြည်လက်ခံနိုင်မယ့် အိုဂျာလန်မျှော်လင့်သောမြင်ကွင်းအနေနဲ့ရှိနေပါတယ်။

အဖေ့ရဲ့ “The Rise of Urbanization and the Decline of Citizenship”(နောက်ပိုင်းမှာ”Urbanization Without Cities”) ထဲက အစီအမံများကို ထောင်ထဲမှာအိုဂျာလန်ဖတ်ရှုခဲ့ပြီး တူရကီအရှေ့တောင်ဖက်က ဘာခူမြို့မြို့ဝန်ကိုလည်း ဖတ်ရှုဖို့အကြံပြုခဲ့တယ်။ ထိုစာအုပ်မှာ အဖေက အေသင်မြို့ပြမှသည် ပါရီကွန်မြူးတင်မကတဲ့ ဧရာမမြို့ကြီးများပေါ်ပေါက်လာပုံသမိုင်းကို ခြေရာကောက် ခဲ့ပြီး မြို့ပြအား သဘာဝပတ်ဝန်းကျင်အပေါ်ခြိမ်းခြောက်နေတဲ့အရာအဖြစ်ရှုမြင်ခြင်းမရှိတော့ပဲ လူသားမျိုးနွယ်နှင့်ဆိုင်သော၊ ကျင့်ဝတ်ဆိုင်ရာနဲ့ ဂေဟဗေဒဆိုင်ရာ အထူးသီးခြားရပ်ဝန်းအဖြစ် ပြန်လည်ရှုမြင်လာကြစေရန်ကြိုးပမ်းခဲ့တယ်။ ၎င်းက ဒမိုကရက် တစ်လူထုအစည်းအဝေးပွဲများကိုအခြေခံသော နိုင်ငံရေးပုံစံသစ်ရှိရာရပ်ဝန်းအဖြစ်ပြန်လည်ရရှိစေပြီး ၎င်းက ရပ်ဝန်းအတွင်းနေ ထိုင်တဲ့ မြို့သူမြို့သားတိုင်းအား ထိုသူတို့နေထိုင်ရာရပ်ဝန်းရဲ့ကံကြမ္မာကို ထိုသူတို့ရဲ့သီလသမာဓိနဲ့ ဆင်ခြင်တုံတရားအပေါ်မူတည် စေတဲ့အနုပညာတစ်ရပ်ဖြစ်ပါတယ်။ “မြို့ပြကို ကျင့်ဝတ်နဲ့ကိုက်ညီသောပေါင်းစည်းမှုအမျိုးအစားသစ်တစ်ခု၊ တစ်ဦးချင်းတန်ရာ တန်ရာလုပ်ပိုင်ခွင့်ရှိသည့်ရပ်ဝန်းတစ်ခု၊ လူတိုင်းပါဝင်ဆုံးဖြတ်နိုင်တဲ့အပြင် ဂေဟဗေဒကိုပါအခြေခံထားတဲ့ ဆုံးဖြတ်ချက်ချမှတ် ခြင်းစနစ်နဲ့ အရပ်သားယဉ်ကျေးမှုရဲ့တမူထူးခြားသောအရင်းအမြစ်တစ်ခုအနေဖြင့် စိတ်ကူးပုံဖော်ကြည့်ကြရမယ်” လို့ သူရေးခဲ့ တယ်။ “ရာဒီကယ်မြူနီစီပယ်နိုင်ငံရေး* ကိုလက်တွေ့ကျင့်သုံးခြင်းဖြင့် ခန္ဓာအဟောင်းကြီးရဲ့အတွင်းမှာပဲ ဒမိုကရက်တစ်လူ့အဖွဲ့အ စည်းသစ်တစ်ခုကို ဖန်တီးနိုင်ပြီး ဗဟိုအစိုးရဆီကပါဝါကိုပြန်လည်ပိုင်ဆိုင်ခွင့်ရမယ်လို့ သူကဆိုခဲ့ပါတယ်။(*radical municipal-based politics ဆိုတာ မြို့ပြဒါမှမဟုတ် ဒေသန္တရအစိုးရရဲ့ နိုင်ငံရေးကျင့်သုံးပုံနဲ့အယူအဆကိုပြောတာပါ။ ဒေသခံလူထုအခြေပြု ထားတဲ့ဒေသန္တရစီမံခန့်ခွဲ ရေးတွေမှာ လူတိုင်းပါဝင်ဆုံးဖြတ်စေခြင်းနဲ့ လူမှုအပြောင်းအလဲကိုဖော်ဆောင်တာပါပဲ။ - ဘာသာပြန်သူ)

အဲဒီဘုံစုဖွဲ့နေထိုင်ရေးအတွေးအခေါ်များဟာ တောင်ပိုင်းဆီးရီးယားဒမိုကရက်တစ်ဖက်ဒရေးရှင်းရဲ့ မြို့တွေမှာရုပ်လုံးပေါ် နေပါတယ်။ ကောင်စီဒီမိုကရေစီရဲ့စနစ်အသေးစိတ်ဟာ”ဘုံအဖွဲ့”အဆင့်ကနေအစပြုပါတယ်။ ထိုနေရာမှာအိမ်ထောင်စု၃၀၀နဲ့၄၀၀ ကြားရှိတယ်။ ဘုံအဖွဲ့က ရပ်ကွက် ဒါမှမဟုတ် ကျေးရွာကောင်စီကို ကိုယ်စားလှယ်လွှတ်တယ်။ အဲဒီကနေပြီးတော့ ခရိုင်ဒါမှမဟုတ် မြို့နယ်နဲ့နောက်ဆုံး တိုင်း/ပြည်နယ်အဆင့်အစည်းအဝေးပွဲတွေအထိကိုယ်စားလှယ်စေလွှတ်တယ်။ ကျန်းမာရေး၊ သဘာဝပတ်ဝန်း ကျင်ရေးရာ၊ ကာကွယ်ရေး၊ အမျိုးသမီးရေးရာ၊ စီးပွါးရေး၊ နိုင်ငံရေး၊ တရားရေးရာနဲ့ အယူဝါဒရေးရာကော်မတီတွေမှာ အရပ်သား တွေကပါဝင်ဆောင်ရွက်ကြတယ်။ လူတိုင်းကပြောရေးဆိုခွင့်ရှိကြတယ်။ နောက်ပြီး အိုဂျာလန်ရဲ့အမျိုးသမီးများအရေးအလေးပေး မှုအတွေးများကို သဘောတူတဲ့အလျောက် အမျိုးသမီးတစ်ယောက်ရဲ့အခွင့်အရေးကိုထိပါးလာမယ့်ဆုံးဖြတ်ချက်ဖြစ်နေရင် အမျိုး သမီးရေးရာကောင်စီဟာ အခြားသောကောင်စီများရဲ့ဆုံးဖြတ်ချက်တွေကို ပယ်ချခွင့်ရှိပါတယ်။

PKK ပါတီဟာ တူရကီသမ္မတအယ်ဒိုးဝမ်ရဲ့ပေါ်လစီတွေကိုဆန့်ကျင်တဲ့ ကာ့ဒ်လူမျိုးအများစုပါဝင်တဲ့အတိုက်အခံအင်အားစု တစ်ရပ်အနေနဲ့ရှိနေခဲ့သော်လည်း လှုပ်ရှားမှုကြီးက အတွင်းပိုင်းအကွဲအပြဲတော့ရှိနေပါတယ်။ အထူးသဖြင့် ဒမိုကရက်တစ်ကွန်ဖဲဒ ရေးရှင်းအယူအဆကို အိုဂျာလန်အလေးအနက်ထားအကောင်အထည်ဖော်နေတဲ့ ၂၀၀၀ခုနှစ်အလယ်ပိုင်းလောက်ပိုသိသာပါတယ်။ ဆယ်စုနှစ်နှစ်ခုလောက် ထောင်သွင်းအကျဉ်းချခံထားရပေမယ့်လည်း ကာ့ဒ်လူမျိုးအများစုကသူချပေးတဲ့လမ်းအတိုင်းလျှောက်နေ ကြတာဟာ အိုဂျာလန်ရဲ့ခေါင်းဆောင်မှုအရည်အသွေးရဲ့ ခိုင်မာတဲ့သက်သေအထောက်အထားပါပဲ။ ထိုသို့ဆိုသော်ငြားလည်း PKK ပါတီကို အမေရိကန်နဲ့ဥရောပသမဂ္ဂတို့က နာမည်ဆိုးစာရင်းသွင်းထားလျက်ရှိဆဲပဲ။ နောက်ပြီး လက်တွေ့အားဖြင့်ရော၊ စာမျက်နှာ ထောင်ချီရှိတဲ့အရေးအသားတွေနဲ့ပါ အိုဂျာလန်က၎င်းရဲ့အတွေးအခေါ်ကိုတရားဝင်ကြေညာခဲ့ပြီးတာဆယ်စုနှစ်တစ်ခုစာလောက် ရှိလာခဲ့ပြီဖြစ်ပေမယ့် အနောက်တိုင်းမီဒီယာတွေက အိုဂျာလန်နဲ့ PKK ပါတီကို မာ့စ်လီနင်ဝါဒီများအဖြစ် နားလည်ရခက်စွာ သမုတ် လျက်ရှိနေပါသေးတယ်။

၂၀၁၅ခုနှစ် ဂျွန်လတူရကီရွေးကောက်ပွဲကာလမှာ PKK ပါတီကတစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးကြေညာခဲ့ပြီး သူတို့အ ခိုင်အမာရပ်တည်ထားတဲ့ အောက်ခြေလူတန်းစားဒမိုကရေစီဟာလည်း ကာ့ဒ်လူမျိုးတွေအများဆုံးရှိတဲ့မြို့တွေနဲ့ တူရကီအရှေ့ တောင်ပိုင်းမြို့တွေမှာ အပြည့်အဝပွင့်လန်းလျက်ရှိနေပါတယ်။ အဲဒီမြို့တွေမှာ အမျိုးသမီးများကမြို့ဝန်နေရာကို ပူးတွဲရယူထားပြီး မြို့ပြစီမံခန့်ခွဲမှုနယ်ပယ်တိုင်းမှာ ပါဝင်ဆောင်ရွက်ကြပါတယ်။ ထိုရွေးကောက်ပွဲမှာ ကာ့ဒ်လူမျိုးအများစုဦးဆောင်တဲ့ HDP ပါတီက မဲအရေအတွက် ၁၃ရာခိုင်နှုန်းနဲ့ တူရကီလွှတ်တော်မှာ တတိယအင်အားအကြီးဆုံးပါတီအနေနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အကျဉ်းချုပ် လိုက်ရင် ၂၀၁၃ခုနှစ်ကနေစပြီး အိုဂျာလန်နဲ့ရယူထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီမှုကို အယ်လ်ဒိုးဝမ်ကရပ်တန့်ခဲ့ပြီး ကာ့ဒ်ဒေသ တွေမှာ သဲကြီးမဲကြီးတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်။ အစိုးရတပ်ရဲ့စစ်ဆင်ရေးနဲ့ ကာ့ဒ်လူမျိုးတို့ရဲ့ခုခံမှုတို့ကြောင့် ရာနဲ့ချီတဲ့လူတွေ သေဆုံးခဲ့ရပြီး ထောင်ချီတဲ့လူတွေဖမ်းဆီးအကျဉ်းချခံရပါတယ်။ ထိုထဲမှာ ဆာလာဟာ့ဒ်တင်ဒီမီးလ်တာ့ရှ်လည်း အပါအဝင်ပါပဲ။ သူဟာ HPD ပါတီရဲ့ ဩဇာတိက္ကမနဲ့ပြည့်စုံသောခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဂျွန်လ၂၄ရက်နေ့မှာ အယ်ဒိုးလ်ဝမ်ကျင်းပပေးခဲ့တဲ့ကြား ဖြတ်ရွေးကောက်ပွဲမှာ ထောင်ထဲကနေပြီး သမ္မတနေရာအတွက်ဝင်အရွေးခံခဲ့ပါတယ်။

မေလ ၂၄ရက်နေ့မှာ ရောမမြို့အခြေစိုက် ပြည်သူ့ခုံရုံးက(၁၉၇၉ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့ပြီး ဗီယက်နမ်မှာကျူးလွန်ခဲ့တဲ့စစ် ရာဇဝတ်မှုတွေစုံစမ်းစစ်ဆေးတဲ့ ရပ်ဆဲလ်ခုံရုံးရဲ့အလုပ်တွေကိုဆက်လုပ်နေခဲ့တာပါ) PKK ကိုအကြမ်းဖက်အဖွဲ့အစည်းမဟုတ်ပဲ နိုင် ငံတကာအတိုင်းအတာအရမဟုတ်သော လက်နက်ကိုင်ပဋိပက္ခထဲက လက်နက်ကိုင်တပ်ဖွဲ့အဖြစ်သတ်မှတ်ခဲ့ပြီး အယ်လ်ဒိုးဝမ်ကို ၂၀၁၅ခုနှစ်ဂျွန်လကနေ ၂၀၁၇ခုနှစ်ဇန်နဝါရီလအထိ ၁၈လအကြာ ဂျီနီဗာကွန်ဗင်းရှင်းလမ်းညွှန်ချက်များကို လိုက်နာရန်ပျက်ကွက်ခဲ့ ပြီး ကာ့ဒ်လူမျိုးများအပေါ်ကျူးလွန်တဲ့စစ်ရာဇဝတ်မှုအတွက် ပြစ်မှုထင်ရှားကြောင်းကြေညာခဲ့တယ်။ ဘရပ်ဆဲလ်အခြေစိုက်ဥရော ပသမဂ္ဂရဲ့ဆုံးဖြတ်ချက်အရ တူရကီကို၎င်းရဲ့နိုင်ငံတော်အလံအားအလွဲသုံးစားလုပ်ပြီး ကျူးလွန်တဲ့ရာဇဝတ်မှုများအတွက် အပြစ်ရှိ ကြောင်းကြေညာခဲ့ပါတယ်။ “ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်မှုများ၊ ဥပဒေမဲ့စီရင်ခြင်းများ၊ ကာ့ဒ်လူမျိုးများနေထိုင်ရာမြို့တွေကို ဖျက်ဆီးပစ်ပြီး အရပ်သား၃သိန်းကျော်ကိုအိုးမဲ့အိမ်မဲ့ဖြစ်စေတဲ့အင်အားသုံးပျောက်ကွယ်စေခြင်းများ စတဲ့အမှုမျိုးတွေကိုကျုးလွန် ခဲ့တဲ့အပြင် တူရကီအမျိုးသားလက္ခဏာရပ်များကိုအတင်အဓမ္မသွပ်သွင်းပြီး နိုင်ငံရဲ့နိုင်ငံရေး၊ စီးပွါးရေးနဲ့ယဉ်ကျေးမှုရေးရာတွေမှာ ၎င်းကိုသက်ဝင်လှုပ်ရှားနေစေခြင်းအားဖြင့်ဖိနှိပ်ထားကာ ကာ့ဒ်လူမျိုးများရဲ့ကိုယ်ပိုင်ပြဌာန်းခွင့်အရေးကိုငြင်းဆိုထားပါတယ်။ ခုံရုံး က ကာ့ဒ်လူမျိုးများနဲ့ ငြိမ်းချမ်းရေးသဘောတူညီမှုများအမြန်ဆုံးပြန်လည်ပြုလုပ်ပြီး ဆီးရီးယားကကာ့ဒ်လူမျိုးတွေအပေါ်ပြုလုပ် နေတဲ့စစ်ဆင်ရေးတွေကိုချက်ချင်းရပ်တန့်ဖို့ တူရကီနိုင်ငံကိုတောင်းဆိုခဲ့တယ်။

အိုဂျာလန်နဲ့အယူဝါဒရေးရာနီးနီးကပ်ကပ်ရှိတာကြောင့်ဆီးရီးယားကကာ့ဒ်လူမျိုးတွေဟာလည်းပဲ အကြမ်းဖက်သမားများ ဖြစ်ကြောင်း တူရကီကအခိုင်အမာဆိုပါတယ်။ အဲဒါကအမေရိကန်အတွက် ကြိုးတန်းလမ်းလျှောက်နေရသလိုဖြစ်သွားစေတယ်။ ဆီးရီးယားဒမိုကရက်တစ်တပ်မတော်ရဲ့အစိတ်အပိုင်းတွေဖြစ်တဲ့ YPG နဲ့ YPJ ကိုထောက်ပံ့ကူညီနေသလို တူရကီက PKK ပါတီကို တော့ အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားပြီး ၎င်းနဲ့ပတ်သက်မှုမှန်သမျှကိုငြင်းဆိုခဲ့တယ်။ ဒီလိုနဲ့ အမေရိကန်ဟာ ဆီးရီးယားက ISIS တွေနဲ့တိုက်တဲ့စစ်ပွဲတွေမှာ ကာ့ဒ်လူမျိုးတွေကို “အကောင်းဆုံးရဲဘော်ရဲဘက်များ”အဖြစ် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာ နက နှုတ်အားဖြင့်ထောက်ခံခဲ့သော်လည်း အယ်လ်ဒိုးဝမ်ရဲ့ သည်းခံနိုင်စရာမရှိတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုတော့ အမေရိ ကန်အစိုးရကမျက်ကွယ်ပြုခဲ့ပြီး PKK ကိုဖျက်ဆီးပစ်ရမယ်ဆိုတာကိုပဲထပ်တလဲလဲရေရွတ်နေပါတယ်။ ကာ့ဒ်တစ်မျိုးသားလုံးအ ပေါ်ခင်းတဲ့စစ်ပွဲတစ်ခုကိုမသိသာခွင့်ပြုထားတဲ့ပေါ်လစီမျိုးလို့ ကာ့ဒ်လူမျိုးတွေဆိုခဲ့သလိုပါပဲ။ အမေရိကန်ရဲ့ထိုသို့သောပေါ်လစီမျိုး နဲ့အတူ ၂၀၁၅ခုနှစ်နဲ့ ၂၀၁၇ခုနှစ်ကာလကြား ကာ့ဒ်လူမျိုးအရပ်သားများအပေါ်တူရကီအစိုးရရဲ့သည်းကြီးမည်းကြီးတိုက်ခိုက်မှုတွေ ကို အမေရိကန်နဲ့ ဥရောပသမဂ္ဂခေါင်းဆောင်တွေက မသိချင်ယောင်ဆောင်နေခဲ့တာတွေကြောင့် အယ်လ်ဒိုးဝမ်ကိုရဲဆေးတင်ပေး လိုက်သလိုဖြစ်ပြီး ဇန်နဝါရီ ၂၀ရက်နေ့မှာ ဆီးရီးယား အာ့ဖ်ဖရင်ဒေသက ဂျီဟတ်စစ်သွေးကြွတွေနဲ့ ISIS တပ်ဖွဲ့ဝင်ဟောင်းတွေနဲ့စု ဖွဲ့ထားတဲ့ ယခင်ဆီးရီးယားလွတ်မြောက်ရေးတပ်အတွက် စစ်ကူတွေစေလွှတ်ခဲ့တယ်။ ခန့်မှန်းချက်များအရ အာ့ဖ်ဖရင်ဒေသကအ ရပ်သားဦးရေ ၁၇၀,၀၀၀ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အကာအကွယ်မရှိတဲ့နေရာတွေမှာစစ်ဘေးရှောင်ကြရတယ်။ တစ်ချိန်က ငြိမ်း ချမ်းရေး၊ ယဉ်ကျေးမှုအရောင်အသွေးစုံလင်ခြင်းတို့ရဲ့ နိဗ္ဗာန်ဘုံ၊ လူထုရေးရာဌာနတွေမှာ အမျိုးသမီးအချိုးအစား ၅၀ရာခိုင်နှုန်းရှိခဲ့ တဲ့နေရာဟာအခုချိန်မှာတော့ သိမ်းပိုက်ခံလိုက်ရပါပြီ။ အမျိုးသမီးများကိုအဓမ္မဖမ်းဆီးမှုများ အများအပြားရှိခဲ့ပြီး ရှာရီရာဥပဒေရဲ့ တစ်ဖက်သတ်ပြဌာန်းချက်အရ ကာ့ဒ်လူမျိုးအမျိုးသမီးတွေဟာ သူတို့ရဲ့အိမ်နဲ့အလုပ်တွေကနေအတင်းအဓမ္မဖမ်းဆီးခံကြရတယ်။ တူရကီအစိုးရဟာ ၎င်းတို့ရဲ့ကာ့ဒ်လူမျိုးမဟာမိတ်တွေကိုယ်စားအယ်လ်ဒိုးဝမ်အပေါ်ဆန့်ကျင်ရမယ့်အရေးမှာပျက်ကွက်ခဲ့တဲ့အမေ ရိကန်ဆီကနေ အကူအညီတွေမသိမသာရရှိခဲ့ပါတယ်။ ထိုအကျိုးဆက်ကြောင့်ဖြစ်ရတဲ့ပျက်စီးခြင်းတွေကိုလည်း အမေရိကန်မီဒီ ယာတွေမှာ စိတ်မကောင်းစွာပဲ ပြည့်ပြည့်ဝဝဖော်ပြခြင်းမရှိခဲ့ပါဘူး။

အိုဂျာလန်ရဲ့ကိုယ်စားလှယ်အဖေ့ဆီဆက်သွယ်ခဲ့ပြီး ၂နှစ်အကြာ ၂၀၀၆ခုနှစ် ဂျူလိုင်လ ၃၀ရက်နေ့မှာအဖေဆုံးပါတယ်။ အ သက်က ၈၅နှစ်ပါ။ အအဆစ်အမြစ်ရောဂါကြောင့် သူ့ခမျာကွန်ပြူတာရှေ့ထိုင်ပြီး စာရိုက်ဖို့မဖြစ်နိုင်တဲ့အတွက် အိုဂျာလန်နဲ့အပြန် အလှန်ဆွေးနွေးမှုတွေက ၃-၄စောင်လောက်အပြန်အလှန်ပေးစာပို့အပြီးမှာပဲရပ်တန့်ခဲ့ပါတယ်။ သူ့ရဲ့နောက်ဆုံးပို့တဲ့ပေးစာမှာ အို ဂျာလန်အတွက် လှိုက်လှိုက်လှဲလှဲဆုတောင်းပေးခဲ့ပြီး အောက်ပါအတိုင်းရေးခဲ့ပါတယ်။

“ကာ့ဒ်လူမျိုးတွေရဲ့ဂုဏ်ရောင်ပြန်လည်ထွန်းပြောင်လာစေမယ့် လွတ်လပ်သော၊ ဆင်ခြင်တုံတရားနှင့်ပြည့်စုံသောလူ့အဖွဲ့ အစည်းတစ်ခုကို တစ်နေ့မှာထူထောင်နိုင်လိမ့်မယ်လို့ ကျွန်ုပ်မျှော်လင့်ပါတယ်။ မစ္စတာအိုဂျာလန်လိုအရည်အချင်းနဲ့ပြည့်စုံတဲ့ခေါင်း ဆောင်ကောင်းတစ်ယောက်က လမ်းညွှန်ဦးဆောင်မှုပြုနေတဲ့အတွက်လည်း သူတို့ဟာအမှန်တကယ်ပဲကံကောင်းလှပါတယ်။”

မူရေးဘွတ်ခ်ချင်ကွယ်လွန်ခြင်းအပေါ် PKK ပါတီက စာမျက်နှာနှစ်မျက်နှာရှိ ကြေညာချင်တစ်စောင်ကိုထုတ်ပြန်ခဲ့ပြီး သူ့ကို “၂၀ရာစုရဲ့အကြီးကျယ်ဆုံးသော လူမှုသိပ္ပံပညာရှင်တစ်ယောက်”အဖြစ် ချီးမြှောက်ဂုဏ်ပြုခဲ့တယ်။ “လူမှုဂေဟဗေဒအတွေးအခေါ် များကို ကျွန်ုပ်တို့အားမိတ်ဆက်ပေးခဲ့သူဖြစ်တဲ့ မူရေးဘွတ်ခ်ကို လူသားမျိုးနွယ်က ကျေးဇူးတင်စိတ်နဲ့အမှတ်ရနေမှာဖြစ်ပါတယ်” လို့ ကြေညာချက်ကိုရေးတဲ့သူကဆိုခဲ့တယ်။ “ကျွန်ုပ်တို့ရဲ့တိုက်ပွဲတွေမှာ ဘွတ်ခ်ချင်ဆက်လက်ရှင်သန်နေစေဖို့ကျွန်ုပ်တို့ကတိပြုပါ တယ်။ ဒမိုကရက်တစ်ကွန်ဖက်ဒယ်ရိတ်ဝါဒအခြေခံထားသောလက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ပထမဆုံးလူ့အဖွဲ့အစည်းအားထူထောင် ခြင်းဖြင့် ထိုကတိကဝတ်ကိုလက်တွေ့ဖြစ်လာအောင်ကျွန်ုပ်တို့ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်”။ တကယ်လို့များရိုဂျားဗား နဲ့တူရကီတောင်ပိုင်းဒေသတွေမှာ သူ့ရဲ့”လူမှုဂေဟဗေဒ”အယူအဆတွေသက်ဝင်ထွန်းကားနေတာကို ကျမရဲ့ဖခင်က သက်ရှိထင်ရှား မြင်တွေ့ခွင့်ရမယ်ဆိုရင် သူ့ရဲ့တော်လှန်သောစိတ်ဓါတ်နဲ့ လူသားမျိုးနွယ်လွတ်မြောက်ရေးအမြင်များက ကာ့ဒ်လူမျိုးမျိုးဆက်တစ် ခုမှာ တစ်ဖန်ပြန်ပြီးမွေးဖွားလာတာကို မြင်တွေ့ရတာ ဝမ်းမြောက်ဂုဏ်ယူနေမှာပါ။ သူကိုယ်တိုင်လည်းနက်နက်ရှိုင်းရှိုင်းလိုလားပြီး သူ့ဘဝတစ်ခုလုံးကို၎င်းအပေါ်မှာသာနှစ်မြှုပ်ထားခဲ့တဲ့ လွတ်မြောက်ရေးအပေါ်လှိုက်လှိုက်လှဲလှဲဆန္ဒရှိမှုရဲ့ သမိုင်းဆိုင်ရာပြယုတ် တစ်ခုအဖြစ် ရိုဂျားဗားကိုသူ့ရင်ထဲကနေယုံကြည်နေမှာပဲဖြစ်ပါတယ်။