#ATTACH g-t-goshal-thesis-the-lie-of-communist-party-of-bu-1.pdf #title ဂိုရှယ်စစ်တမ်းနှင့် ဗကပ၏ သမိုင်းအလိမ်များ #subtitle မြန်မာပြည် ပြည်တွင်းစစ်နှင့် အာဏာသိမ်းယဥ်ကျေးမှုတို့ မြစ်ဖျားခံရာ #author Hein Htet Kyaw #lang mya #pubdate 2024-08-05T01:21:11.699Z #topics Myanmar, Communist Party #language Burmese ဂိုရှယ်စစ်တမ်းဆိုတာကတော့ မြန်မာ့ပြည်တွင်းစစ်မီးပွားကို စတင်ပေါက်ဖွားစေခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီက နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ သခင်ဗတင်(ရဲဘော်ဂိုရှယ်) ရဲ့လမ်းစဥ်တစ်ခုပဲဖြစ်ပါတယ်။ ဂိုရှယ်စစ်တမ်းမူရင်းကိုတော့ ဂျာမနီ နိုင်ငံ ဟမ်းဘတ်မြို့မှာ ထိန်းသိမ်းထားတဲ့ သုတေသန အချက်အလက်ဖိုင်တွေထဲမှာ တွေ့ရပြီး ၁၉၈၉ ခုနှစ်မှာ Verbund Stiftug Deutches Ubersse -I Institut ( Hamburg) မှ Decouments on Communism in Burma အမည်နဲ့ စာအုပ်ထုတ်ဝေရာမှာ ထည့်သွင်း ပုံနှိပ်ခဲ့တယ်။ စာတမ်း ကို အင်္ဂလိပ်ဘာသာ နဲ့ ရေးသားထားပြီး မူရင်း အမည်ကတော့ The Goshal Thesis (On the Present Political Situation in Burma and Our Task) ဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီကတော့ ဒီစစ်တမ်းကို မြင်ဖူးသူ ဖဆပလဝန်ကြီးချုပ် သခင်နု၊ ဗမာ့ဆိုရှယ်လစ်ပါတီခေါင်းဆောင် ကျော်ငြိမ်းနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ သခင်သိန်းဖေမြင့်တို့ သုံးဦးသာ ရှိတယ်လို့ဆိုပေမယ့် မှတ်တမ်းတွေအရတော့ ဂိုရှယ်စစ်တမ်းဟာ အိန္ဒိယကွန်မြူနစ်ပါတီထုတ် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၄ ရက် ပြည်သူ့ခေတ်ဂျာနယ်မှာ ပါခဲ့တာ‌ဖြစ်တာကြောင့် အိန္ဒိယကွန်မြူနစ်အများအပြားအပါအဝင် ကာလကတ္တားကို “လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြသော လူငယ်များ ညီလာခံနှင့် အရှေ့တောင်အာရှမှ ကျောင်းသားများ” ကွန်ဖရင့်အတွက် ဖဆပလ ကိုယ်စားလှယ်အဖြစ် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ သွားရောက်ခဲ့ကြတဲ့ ဖဆပလအဖွဲ့ဝင်များလည်း မြင်တွေ့ခဲ့ကြနိုင်ပါတယ်။ ထိုညီလာခံဟာ ထိုခေတ်က ဆိုဗီယက်ထောက်ခံသူ လက်ဝဲအင်အားစုများဖြစ်တဲ့ World Federation of Democratic Youth နဲ့ International Union of Students တို့က ဦးဆောင်တဲ့ ညီလာခံဖြစ်ပါတယ်။ ထိုညီလာခံမှာပင်လျှင် အိန္ဒိယ‌ရော မြန်မာနိုင်ငံရော ရရှိထားတဲ့ လွတ်လပ်ရေးဟာ အတုဖြစ်တယ်လို့ ကြေညာခဲ့တာကြောင့် ဖဆပလ ကိုယ်စားလှယ်တို့အာ ညီလာခံကိုသပိတ်မှောက်ပြီး ပြန်လာခဲ့ကြတယ်လို့ “လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြသော လူငယ်များ ညီလာခံနှင့် အရှေ့တောင်အာရှမှ ကျောင်းသားများ” ကွန်ဖရင့်ရဲ့ တရားဝင်မှတ်တမ်းများအရသိရပါတယ်။ အိန္ဒိယကွန်ကရက်ပါတီနဲ့ပဲ ပြဿနာတက်ခဲ့တာကြောင့် အိန္ဒိယလူငယ်ကွန်မြူနစ်နှစ်ဦးပင် အသက်သေဆုံးခဲ့တယ်လို့ “လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြသော လူငယ်များ ညီလာခံနှင့် အရှေ့တောင်အာရှမှ ကျောင်းသားများ” ကွန်ဖရင့်ရဲ့ တရားဝင်မှတ်တမ်းများအရရော အိန္ဒိယကွန်မြူနစ်ပါတီရဲ့မှတ်တမ်းများအရရော အိန္ဒိယကွန်ဂရက်ပါတီရဲ့မှတ်တမ်းများအရရော သိရပါတယ်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလအတွင်းမှာ သခင်ဗတင်(ရဲဘော်ဂိုရှယ်)က အိန္ဒိယကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်ကို ခဏသွားချင်တယ်လို့ ပါတီကို တင်ပြလို့ ကျန်တဲ့နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် နှစ်ဦးက သဘောတူလိုက်ကြပါတယ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီက တရားဝင်ဆိုထားဖူးပါတယ်။ ဒီအတွက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်းတို့မှာ ဗမာပြည်ကွန်မြူနစ်ပါတီ သခင်ဗတင်(ရဲဘော်ဂိုရှယ်) ဟာ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၄ ရက် ပြည်သူ့ခေတ်ဂျာနယ်မှာ ဆောင်းပါးရေးခဲ့တာဟာ သမိုင်းမှတ်တမ်းအားဖြင့် ဖြစ်နိုင်ချေရှိသလို “လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြသော လူငယ်များ ညီလာခံနှင့် အရှေ့တောင်အာရှမှ ကျောင်းသားများ” ကွန်ဖရင့်ကို သွားတတ်ခဲ့တဲ့ ဖဆပလကိုယ်စားလှယ်များဟာ အိန္ဒိယရောက်တုန်း ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၄ ရက် ပြည်သူ့ခေတ်ဂျာနယ်ကို လက်ခံရရှိပြီး ပြန်လည်သယ်ဆောင်လာခြင်းဟာ ဖြစ်နိုင်ချေရှိပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၁၉၉၂ ခုနှစ်၊ နိုဝင်ဘာလထုတ် ပြည်သူ့အာဏာဂျာနယ် အမှတ် (၁၁) မှ (ဥက္ကဋ္ဌသခင်ဗသိန်းတင်က ကူညီအချက်အလက်ထောက်ပံ့ပေးထားသော) "ဂိုရှယ်စစ်တမ်းဆိုသည်နှင့် ပတ်သက်ပြီး ပြန်လည်ရှင်းလင်းတင်ပြချက်" ဆိုတဲ့ ဆောင်းပါးမှာ ရဲဘော်ဖိုးသံချောင်းက အောက်ပါအတိုင်းရေးသားထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ "(ဂိုရှယ်စစ်တမ်းပါ) ဒီဆောင်းပါးဟာ ပါတီကို အသိမပေးဘဲ ပါတီလမ်းစဉ်ကို ဆန့်ကျင်ပြီး ရေးသားတာဖြစ်လို့ ရဲဘော်ဗတင်ကို နိုင်ငံရေးဦးဆောင်အဖွဲ့နဲ့ ဗဟိုကော်မတီတို့က ဒါနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ကြတယ်။ ဒီအရင်လေးတင်ကပဲ သခင်သိန်းဖေဟာ နေးရှင်းသတင်းစာ တစောင်ထဲကနေ ပါတီကို တိုက်ခိုက်ရေးသားလို့ အရေးယူခဲ့ရပြီးပြီ။ ရဲဘော်ဗတင်က ဒီဆောင်းပါးကို သူရေးတာ မဟုတ်ပါဘူး။ အိန္ဒိယကွန်မြူနစ်ပါတီ ခေါင်းဆောင်တယောက်က သူ့နာမည်နဲ့ ရေးတာပါလို့ ပြန်လည်ရှင်းပြတာနဲ့ ဒီကိစ္စ ဒီတင်ရပ်သွားခဲ့ပါတယ်။" လို့ဆိုထားပါတယ်။ အလားတူပဲ ဆက်လက်ပြီး‌တော့ "ဂိုရှယ်စစ်တမ်းဆိုတာ တကယ်ရှိခဲ့ရင် ၁၉၄၈ ခုနှစ် မတ်လထဲမှာ တောက်လျှောက်လုပ်နေတဲ့ (ညတိုင်းပဲ) ဗဟိုကော်မတီအစည်းအဝေးတွေမှာ သူက ဘာဖြစ်လို့ သပိတ်စုံ သူပုန်ထ အယူအဆကို တင်နေမလဲ။ ဒီအယူအဆဟာ ဂိုရှယ်စစ်တမ်းဆိုတာထဲက စိတ်ဓာတ်နဲ့ တခြားစီပဲ။ ရန်သူက မတ်လ ၂၈ ရက်နေ့မှာ လက်နက်နဲ့ စတင်ဖိနှိပ်လာတဲ့နောက် ရန်ကုန်၊ ကျောက်ကြီးပေါက်၊ စွယ်တော်မြိုင်တို့မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးလေးကြိမ်မှာလည်း ရဲဘော်ဗတင်ဟာ ကျေးလက်အခြေခံ – မြို့ကိုဝိုင်း ဆိုတဲ့လမ်းစဉ်ကို တောက်လျှောက်ဆန့်ကျင်ခဲ့တယ်။ တကယ်ဆိုတော့ ဂိုရှယ်စစ်တမ်းဆိုတာ နှုတ်နဲ့သော်လည်းကောင်း၊ စာနဲ့သော်လည်းကောင်း လုံးဝမရှိခဲ့ပါဘူး။ ပြည်တွင်းစစ်ဖြစ်ရေးဆိုတာ ဘယ်တုန်းကမှ ပါတီရဲ့လမ်းစဉ် မဖြစ်ခဲ့ပါဘူး။ အဲဒီတုန်းက ပါတီရဲ့ လက်နက်ကိုင်တိုက်ပွဲ မြားဦးဟာ နောက်ဆုံးအချိန်အထိ အင်္ဂလိပ်နယ်ချဲ့သမားပဲ။ ပြည်တွင်းစစ် မဟုတ်ဘူး။ ဒီနောက်ဆုံးတိုက်ပွဲ လမ်းစဉ်ကိုလည်း တပြည်လုံးအနှံ့ တရားဝင်ဖြန့်ထားတာပဲ။" လို့ဆိုထားကြပါတယ်။ အလားတူပဲ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပါတီအနှစ်(၈၀) ပြည့် အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ် အမှတ်(၄၂)ပါ "ဗမာပြည်ကွန်မြူနစ်ပါတီအတွက် လေထီးဦးအုန်းမောင်၏ ဘဝနေဝင်ချိန် နောက်ဆုံး အကျိုးပြုတာဝန်ထမ်းဆောင်ခြင်း" အမည်ဖြင့် ဆောင်းပါးမှာ ဒီလိုရေးသားထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ "၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုရခြင်းနှင့် စပ်လျဉ်း၍ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်ဖြစ်ခဲ့ဖူးသော ဦးသိန်းဖေမြင့်က ဗမာပြည်ကွန်မြူနစ်ပါတီသည် အိန္ဒိယကွန်မြူနစ်ပါတီ၏ အကြံပြုချက်အရ လက်နက်ကိုင်တော်လှန်ရေးကို လမ်းစဉ်အဖြစ် ချမှတ်ကာ တောခိုသွားကြခြင်း ဖြစ်သည်။ ယင်းလက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ပါတီ၏ ပေါလစ်ဗျူရို အဖွဲ့ဝင်တဦးဖြစ်သူ ရဲဘော်ဂိုရှယ်က အိန္ဒိယမှ လက်ခံသယ်ယူလာခဲ့ခြင်း ဖြစ်သည်ဟု စာနှင့်ပေနှင့် ရေးသားခြင်း၊ ဟောပြောခြင်းများ ပြုခဲ့သည်။ ဦးသိန်းဖေမြင့်၏ ယင်း ရေးသားပြောကြားချက်များကို အတည်ယူ၍ အုပ်စိုးသူအစဉ်အဆက်နှင့် ဝါဒဖြန့်စာနယ်ဇင်းများက ပုတ်ခတ်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ ဦးသိန်းဖေမြင့်သည် ပါတီ၏ ခေါင်းဆောင်တဦး ဖြစ်ခဲ့ခြင်းကြောင့် ၎င်း၏ ပြောကြားချက်များ ရေးသားချက်များကို အမှန်ဟု ယူဆလက်ခံခဲ့ကြခြင်းများ ရှိနိုင်သလို တမင်သက်သက် ပုတ်ခတ်တိုက်ခိုက်ရန်အတွက် ဇွတ်မှိတ်အသုံးချခြင်းလည်း ဖြစ်နိုင်ပါသည်။ ဦးသိန်းဖေမြင့်သည်လည်း ယင်းအပေါ် နိုင်ငံရေးအမြင် သဘောထား မတူညီမှုကြောင့် စည်းရုံးရေးအရ ပါတီမှ ထုတ်ပယ်ခံရခြင်းကို မကျေမနပ်ဖြစ်ကာ ရေးသားပြောဆိုခြင်းလည်း ဖြစ်နိုင်သလို တဦးဦးက ပေးသည့် မမှန်သတင်းကို အမှန်ဟု ယူဆကာ ရိုးသားစွာ ရေးသားပြောဆိုခြင်းလည်း ဖြစ်နိုင်ပါသည်။" (အထက်ပါဆောင်းပါးပါ စာသား) ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပါတီအနှစ်(၈၀) ပြည့် အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ် အမှတ်(၄၂)ပါ "ဗမာပြည်ကွန်မြူနစ်ပါတီအတွက် လေထီးဦးအုန်းမောင်၏ ဘဝနေဝင်ချိန် နောက်ဆုံး အကျိုးပြုတာဝန်ထမ်းဆောင်ခြင်း" အမည်ဖြင့် ပါရှိသော အထက်ပါ ဆောင်းပါးမှာ ဒီလိုရေးသားထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ "တောခိုသွားကြရတဲ့အခါမှာလည်း ရဲဘော်ဂိုရှယ်က ကွန်မြူနစ်ကောင်းတယောက် ပီသစွာ သူက သဘောမတူသော်လည်း အများစုရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာပြီး ပါတီနဲ့အတူ ပါသွားခဲ့တယ်။ တောတွင်း ရောက်တဲ့အထိ ပထမပိုင်းမှာ လယ်သမားလက်နက်ကိုင်တော်လှန်ရေးလုပ်တာကို သဘောမတူတဲ့အတွက် တာဝန်မှ ချထားပြီး အရေးယူတာကို ခံခဲ့ရတယ်။ ပေါလစ်ဗျူရို အဖွဲ့ဝင်ဘဝမှ တိုက်နယ်စည်းရုံးရေးမှူး တာဝန်သာ ထမ်းဆောင်ခဲ့ရတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အိန္ဒိယ ကွန်မြူနစ်ပါတီက လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ ညွှန်ကြားတာကို ရဲဘော်ဂိုရှယ်က လက်ခံယူလာပြီး ပေါလစ်ဗျူရိုက ဆုံးဖြတ်ပြီး တောခိုခဲ့တယ်ဆိုတဲ့ ဦးသိန်းဖေမြင့်နဲ့တကွ အုပ်စိုးသူအဆက်ဆက်တို့က စွပ်စွဲတိုက်ခိုက်ခဲ့တဲ့ အချက်ဟာ လုံးဝ မမှန်မကန်ပါဘူး။ ဖဆပလ အစိုးရက တပြည်လုံး ကွန်မြူနစ်ပါတီဝင်များကို ဖမ်းဆီးတာကြောင့် ပြန်လည်ခုခံတဲ့ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲခဲ့ကြရတာ ဖြစ်တဲ့အမှန်တရားကို ကျွန်ုပ်အနေဖြင့် မှတ်တမ်းပြုထားခဲ့ပါသည်။" (အထက်ပါဆောင်းပါးပါ စာသား) ဒီတော့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဂိုရှယ်စစ်တမ်းနှင့် ပတ်သတ်လို့ ခံယူချက်အထိုင် (၆) ခုရှိတာကို သတိပြုမိတယ်။ - ခံယူချက် (၁) - ဂျာမနီနိုင်ငံ၊ ဟင်းဘတ်မြို့တွင် သိမ်းဆည်းထားသော သုတေသနအချက်အလက် ဖိုင်တွဲပါ သခင်ဗတင် (ရဲဘော်ဂိုရှယ်) ရေးသားသည့် “ဗမာပြည် မျက်မှောက်နိုင်ငံရေးအခြေအနေနှင့် ကျွနု်ပ်တို့၏ လုပ်ငန်းတာဝန်များ” ဆောင်းပါးမှာ လက်နက်ကိုင်တော်လှန်ရေးကို လမ်းစဉ် (“ကျေးလက်အခြေခံ – မြို့ကိုဝိုင်း”) အဖြစ် ချမှတ်ခြင်းဖြစ်တယ်။ - ခံယူချက် (၂) - သခင်ဗတင် (ရဲဘော်ဂိုရှယ်) ဟာ ဗဟိုကော်မတီအစည်းအဝေးတွေမှာ "သပိတ်စုံ သူပုန်ထ" အယူအဆကိုသာထောက်ခံပြီး ဂိုရှယ်စစ်တမ်းပါ “ကျေးလက်အခြေခံ – မြို့ကိုဝိုင်း” ကိုဆန့်ကျင်တယ်။ - ခံယူချက် (၃) - ဂိုရှယ်စစ်တမ်းဆိုတာ နှုတ်နဲ့သော်လည်းကောင်း၊ စာနဲ့သော်လည်းကောင်း လုံးဝမရှိခဲ့ပါဘူး။ (ဂျာမနီနိုင်ငံ၊ ဟင်းဘတ်မြို့တွင် သိမ်းဆည်းထားသော သုတေသနအချက်အလက် ဖိုင်တွဲမှာ အတု) - ခံယူချက် (၄) - ဦးသိန်းဖေမြင့်က ဂိုရှယ်စစ်တမ်းပါ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ပါတီ၏ ပေါလစ်ဗျူရို အဖွဲ့ဝင်တဦးဖြစ်သူ ရဲဘော်ဂိုရှယ်က အိန္ဒိယမှ လက်ခံသယ်ယူလာခဲ့ခြင်း ဖြစ်သည်ဟု စာနှင့်ပေနှင့် ရေးသားခြင်း၊ ဟောပြောခြင်းများ ပြုခဲ့တယ်။ - ခံယူချက် (၅) - အိန္ဒိယ ကွန်မြူနစ်ပါတီက လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ ညွှန်ကြားတာကို ရဲဘော်ဂိုရှယ်က လက်ခံယူလာပြီး ပေါလစ်ဗျူရိုက ဆုံးဖြတ်ပြီး တောခိုခဲ့တယ်ဆိုတဲ့ ဦးသိန်းဖေမြင့်နဲ့တကွ အုပ်စိုးသူအဆက်ဆက်တို့က စွပ်စွဲတိုက်ခိုက်ခဲ့တဲ့ အချက်ဟာ လုံးဝ မမှန်မကန်ပါဘူး။ - ခံယူချက် (၆) - ဖဆပလ အစိုးရက တပြည်လုံး ကွန်မြူနစ်ပါတီဝင်များကို ဖမ်းဆီးတာကြောင့် ပြန်လည်ခုခံတဲ့ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲခဲ့ကြရတာ ဖြစ်တယ်။ ဒီတော့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဂိုရှယ်စစ်တမ်းနှင့် ပတ်သတ်လို့ ခံယူချက်အထိုင် (၆) ခုလုံးကို ဝေဖန်ဆန်းစစ်ကြည့်ရအောင်ပါ။ *** ခံယူချက် (၁) အားဆန်းစစ်ခြင်း ခံယူချက် (၁) ဖြစ်တဲ့ ဂျာမနီနိုင်ငံ၊ ဟင်းဘတ်မြို့တွင် သိမ်းဆည်းထားသော သုတေသနအချက်အလက် ဖိုင်တွဲပါ သခင်ဗတင် (ရဲဘော်ဂိုရှယ်) ရေးသားသည့် “ဗမာပြည် မျက်မှောက်နိုင်ငံရေးအခြေအနေနှင့် ကျွနု်ပ်တို့၏ လုပ်ငန်းတာဝန်များ” ဆောင်းပါးမှာ လက်နက်ကိုင်တော်လှန်ရေးကို လမ်းစဉ် (“ကျေးလက်အခြေခံ – မြို့ကိုဝိုင်း”) အဖြစ် ချမှတ်ခြင်းဖြစ်တယ်ဆိုတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဋ္ဌသခင်ဗသိန်းတင်ရဲ့ အယူအဆမှာ လုံးဝမှားပါတယ်။ ဂျာမနီနိုင်ငံ၊ ဟင်းဘတ်မြို့တွင် သိမ်းဆည်းထားသော သုတေသနအချက်အလက် ဖိုင်တွဲပါ သခင်ဗတင် (ရဲဘော်ဂိုရှယ်) ရေးသားတဲ့ “ဗမာပြည် မျက်မှောက်နိုင်ငံရေးအခြေအနေနှင့် ကျွနု်ပ်တို့၏ လုပ်ငန်းတာဝန်များ” ဆောင်းပါးအား အောက်ပါလင့်မှာတစ်ဆင့် ဒေါင်းလုပ်ချ ဖတ်ရှုနိုင်ပါတယ်။ - လင့် - https://archive.org/details/h-n-goshal-on-the-present-political-situation-in-burma-and-our-task/page/n3/mode/2up အဆိုပါဆောင်းပါးမှာ သခင်ဗတင် (ရဲဘော်ဂိုရှယ်) ဟာ သခင်နုရဲ့ ဖဆပလအစိုးရဟာ ဓနရှင်နယ်ချဲ့လက်ပါးစေအစိုးရပြီး ဒါကိုအလုပ်သမားလူတန်းစားကိုယ်စားပြုတဲ့ အစိုးရအဖြစ်ပြောင်းလဲစေရန် ပါတီကို ခိုင်မာစေပြီး "တပ်ပေါင်းစု" ဖွဲ့ကာ "သပိတ်စုံ သူပုန်ထ" ရမယ်လို့ဆိုပါတယ်။ ဒီလို သုံးသပ်ချက်အတွက် သခင်ဗတင် (ရဲဘော်ဂိုရှယ်)ရဲ့ မူလ အင်္ဂလိပ်အသုံးအနှုန်းအတိုင်းသာ ကိုးကားတင်ပြလိုပါတယ်။ သခင်ဗတင် (ရဲဘော်ဂိုရှယ်) က စာမျက်နှာ ၁၂၀ မှာ Tactics of the United Front in terms of the change in the situation ဆိုတဲ့ခေါင်းစဥ်အောက်မှာ ဒီလိုဆိုထားပါတယ်။ - united front from below. - Attitude towards the Marxist League. - Building UF - (*82) a struggle, political and ideological, exposure of the bourgeois and socialist leadership. - Fight for proletarian leadership. - Lead mass battles Win the masses for UF national rising against imperialism for people's Government, for democratic revolution. - Build the Party On the basis of the draft we prepare (*there*) should be a thorough discussion inside the Party in the process of getting delegates elected to the Party Congress. ဒီနေရာမှာ united front from below၊ Lead mass battles၊ Build the Party ဆိုတာနဲ့ Building UF ဆိုတဲ့ သဘောတရားတွေဟာ "တပ်ပေါင်းစု" ဖွဲ့ကာ အောက်ခြေမှစတင်ကာ "သပိတ်စုံ သူပုန်ထ" ရင်း ပါတီကိုခိုင်မာစေရမယ်လို့ဆိုလိုနေတာပဲ မဟုတ်ပါလား။ သခင်ဗတင် (ရဲဘော်ဂိုရှယ်) ရေးသားတဲ့ “ဗမာပြည် မျက်မှောက်နိုင်ငံရေးအခြေအနေနှင့် ကျွနု်ပ်တို့၏ လုပ်ငန်းတာဝန်များ” ဆောင်းပါးအား စာဖတ်သူတို့ကိုယ်တိုင်လည်း စ၊ လယ်၊ ဆုံး ဖတ်ကြည့်ဖို့တိုက်တွန်းပါတယ်။ “ကျေးလက်အခြေခံ – မြို့ကိုဝိုင်း” နဲ့တူတဲ့ အယူအဆတစ်ခုခုများပါခဲ့ရင် ထောက်ပြစေလိုပါတယ်။ ဒီလို လီနင်ဝါဒရဲ့ အခြေခံသဘောတရားဖြစ်တဲ့ "သပိတ်စုံ သူပုန်ထ" လမ်းစဥ်နဲ့ မော်စီတုန်းအတွေးအခေါ်ရဲ့ အခြေခံသဘောတရားဖြစ်တဲ့ “ကျေးလက်အခြေခံ – မြို့ကိုဝိုင်း” တို့ကိုတောင် သေချာမခွဲနိုင်ပါပဲ သခင်ဗသိန်းတင် အနေနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ဥက္ကဋ္ဌ တက်လုပ်ခဲ့တာဟာ ဗမာပြည်ကွန်မြူနစ်ပါတီအတွက်ရော သခင်ဗသိန်းတင်အတွက်ရော တော်တော်လေး အရှက်ရစေပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ဥက္ကဋ္ဌ တစ်ယောက်ဟာ ဒီလိုအခြေခံအဆင့်ဗဟုသုတတောင် မရှိပဲ လီနင်ဝါဒရဲ့ အခြေခံသဘောတရားဖြစ်တဲ့ "သပိတ်စုံ သူပုန်ထ" လမ်းစဥ်နဲ့ မော်စီတုန်းအတွေးအခေါ်ရဲ့ အခြေခံသဘောတရားဖြစ်တဲ့ “ကျေးလက်အခြေခံ – မြို့ကိုဝိုင်း” တို့ကိုတောင် သေချာမခွဲနိုင်တာကို သိရတော့ တော်တော်လေးလည်း အံ့သြရပါတယ်။ ဒီတော့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဂိုရှယ်စစ်တမ်းနှင့် ပတ်သတ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ခံယူချက်အထိုင် ပထမတစ်ခုဟာ မှားကြောင်း သက်သေပြပြီးလို့ ယူဆပါတယ်။ *** ခံယူချက် (၂) အားဆန်းစစ်ခြင်း ဒီလိုဆို ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဂိုရှယ်စစ်တမ်းနှင့် ပတ်သတ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ခံယူချက်အထိုင် ဒုတိယတစ်ခုကို လေ့လာကြရအောင်ပါ။ ခံယူချက် (၂) - သခင်ဗတင် (ရဲဘော်ဂိုရှယ်) ဟာ ဗဟိုကော်မတီအစည်းအဝေးတွေမှာ "သပိတ်စုံ သူပုန်ထ" အယူအဆကိုသာထောက်ခံပြီး ဂိုရှယ်စစ်တမ်းပါ “ကျေးလက်အခြေခံ – မြို့ကိုဝိုင်း” ကိုဆန့်ကျင်တယ်ဆိုတဲ့ အယူအဆကို လေ့လာရာမှာ သခင်ဗတင် (ရဲဘော်ဂိုရှယ်) ဟာ ဗဟိုကော်မတီအစည်းအဝေးတွေမှာ "သပိတ်စုံ သူပုန်ထ" အယူအဆကိုသာထောက်ခံတယ်ဆိုတဲ့ အချက်ကို ဗမာပြည်ကွန်မြူနစ်ပါတီရဲ့သမိုင်းတင်ပြချက်အရ သိရတာဖြစ်ပါတယ်။ ဂိုရှယ်စစ်တမ်းဟာ “ကျေးလက်အခြေခံ – မြို့ကိုဝိုင်း” လမ်းစဥ်ပါဆိုတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့နားလည်မှုကတော့ မှားယွင်းနေကြောင်း ပထမအချက်မှာတင် သက်သေထူပြီးဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ဥက္ကဋ္ဌ တစ်ယောက်အပါအဝင် များပြားလှတဲ့ ကွန်မြူနစ်ဝါဒီတွေဟာ ဒီလိုအခြေခံအဆင့်ဗဟုသုတတောင် မရှိပဲ လီနင်ဝါဒရဲ့ အခြေခံသဘောတရားဖြစ်တဲ့ "သပိတ်စုံ သူပုန်ထ" လမ်းစဥ်နဲ့ မော်စီတုန်းအတွေးအခေါ်ရဲ့ အခြေခံသဘောတရားဖြစ်တဲ့ “ကျေးလက်အခြေခံ – မြို့ကိုဝိုင်း” တို့ကိုတောင် သေချာမခွဲနိုင်တာကို သိရတော့ တော်တော်လေးလည်း အံ့သြခဲ့ရပါတယ်။ ဒီတော့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဂိုရှယ်စစ်တမ်းနှင့် ပတ်သတ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ခံယူချက်အထိုင် ဒုတိယတစ်ခုဟာလည်း မှားကြောင်း သက်သေပြပြီးလို့ ယူဆပါတယ်။ ဘာလို့ဆို ဗမာပြည်ကွန်မြူနစ်ပါတီရဲ့သမိုင်းတင်ပြချက်အရရော ဂိုရှယ်စစ်တမ်းအရရော "သပိတ်စုံ သူပုန်ထ" အယူအဆကိုသာထောက်ခံတယ်ဆိုတဲ့ အချက်ကသာ အမှန်ဖြစ်တာကြောင့် ဖြစ်ပါတယ်။ *** ခံယူချက် (၃) အားဆန်းစစ်ခြင်း အမှတ် (၃) ခံယူချက် ဖြစ်တဲ့ ဂိုရှယ်စစ်တမ်းဆိုတာ နှုတ်နဲ့သော်လည်းကောင်း၊ စာနဲ့သော်လည်းကောင်း လုံးဝမရှိခဲ့ပါဘူး ဆိုတာနဲ့ ပတ်သတ်လို့ အဆိုပါ ဆောင်းပါးဟာ ဂျာမနီနိုင်ငံ၊ ဟင်းဘတ်မြို့တွင် သိမ်းဆည်းထားသော သုတေသနအချက်အလက် ဖိုင်တွဲတစ်ခုမှာသာ ရှိနေတာမဟုတ်ပါပဲ အိန္ဒိယကွန်မြူနစ်ပါတီထုတ် ၁၉၄၈ ခုနှစ် ဖေဖဝါရီ ၄ ရက် ပြည်သူ့ခေတ်ဂျာနယ်မှာ ပါခဲ့တာ‌ဖြစ်တာကြောင့် အိန္ဒိယကွန်မြူနစ်ပါတီမှာလည်း အခုထိရှိနေသေးကြောင်း သိရပါတယ်။ ဒီ့အပြင် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၁၉၉၂ ခုနှစ်၊ နိုဝင်ဘာလထုတ် ပြည်သူ့အာဏာဂျာနယ် အမှတ် (၁၁) မှ (ဥက္ကဋ္ဌသခင်ဗသိန်းတင်က ကူညီအချက်အလက်ထောက်ပံ့ပေးထားသော) "ဂိုရှယ်စစ်တမ်းဆိုသည်နှင့် ပတ်သက်ပြီး ပြန်လည်ရှင်းလင်းတင်ပြချက်" ဆိုတဲ့ ဆောင်းပါးမှာ "ရဲဘော်ဗတင်က ဒီဆောင်းပါးကို သူရေးတာ မဟုတ်ပါဘူး။ အိန္ဒိယကွန်မြူနစ်ပါတီ ခေါင်းဆောင်တယောက်က သူ့နာမည်နဲ့ ရေးတာပါလို့ ပြန်လည်ရှင်းပြတာနဲ့ ဒီကိစ္စ ဒီတင်ရပ်သွားခဲ့ပါတယ်။" လို့ဆိုထားပါတယ်။ ဂိုရှယ်စစ်တမ်းဆိုတာ နှုတ်နဲ့သော်လည်းကောင်း၊ စာနဲ့သော်လည်းကောင်း လုံးဝမရှိခဲ့ပါရိုးမှန်ရင် အိန္ဒိယကွန်မြူနစ်ပါတီ ခေါင်းဆောင်တယောက်က ဂိုရှယ်နာမည်ခံပြီး ရေးပါတယ်လို့ ဂိုရှယ်က ဘာကြောင့်ပြောရပါသလဲ။ လုံးဝမရှိခဲ့တဲ့ စာတမ်းဟာ တိုက်ရိုက်ရေးသူ‌ရော၊ နာမည်ခံရေးသူရော ရှိစရာမလိုဘူး မဟုတ်ပါလား၊ ဗမာပြည်ကွန်မြူနစ်ပါတီအနေနဲ့ သမိုင်းလိမ်ချင်ရင်လည်း အချင်းချင်းတော့ အရင်ညှိနှိုင်းထားစေချင်ပါတယ်။ တစ်ယောက်က လုံးဝမရှိဘူးပြောလိုက် တစ်ယောက်က အိန္ဒိယကွန်မြူနစ်ပါတီ ခေါင်းဆောင်တယောက်က နာမည်လွှဲပြီး (တကယ်မရှိပါလို့ငြင်းထားတဲ့)ကျမ်းကြီးကို ရေးထားပါတယ်ပြောလိုက်က ရှေ့နောက်မညီဖြစ်နေပါတယ်။ ဒီတော့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဂိုရှယ်စစ်တမ်းနှင့် ပတ်သတ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ခံယူချက်အထိုင် တတိယတစ်ခုဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ မပြည့်စုံတဲ့ လိုအပ်ချက်တွေရှိနေတဲ့ အလိမ်အညာသမိုင်းလိမ်တစ်ခုသာဖြစ်‌ကြောင်း သက်သေပြပြီးလို့ ယူဆပါတယ်။ *** ခံယူချက် (၄) အားဆန်းစစ်ခြင်း ခံယူချက် (၄) မှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ (အထူးသဖြင့် လေထီးဦးအုန်းမောင်ဟာ) ဦးသိန်းဖေမြင့်က ဂိုရှယ်စစ်တမ်းပါ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ပါတီ၏ ပေါလစ်ဗျူရို အဖွဲ့ဝင်တဦးဖြစ်သူ ရဲဘော်ဂိုရှယ်က အိန္ဒိယမှ လက်ခံသယ်ယူလာခဲ့ခြင်း ဖြစ်သည်ဟု စာနှင့်ပေနှင့် ရေးသားခြင်း၊ ဟောပြောခြင်းများ ပြုခဲ့တယ်လို့ ပြောထားပါတယ်။ တကယ်တမ်း ဦးသိန်းဖေမြင့်ရေးသားပါတဲ့ ပြန်ကြားရေးဝန်ကြီးဦကျော်ငြိမ်းအတ္ထုပတ္တိဆိုတဲ့ စာအုပ်ကို ပြန်လည်လေ့လာတဲ့အခါ ဦးသိန်းဖေမြင့်ဟာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်လို့လုံးဝမသုံးခဲ့ပါပဲ "သူပုန်ထ" သည်လို့သာ သုံးနှုန်းခဲ့ပါတယ်။ သူဟာ ဒီလို သူပုန်ထခြင်းဟာ ပြည်တွင်းစစ်ကို ဦးတည်နေသည်ဟုသာ သုံးနှုန်းပြီး လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်လိုမျိုး ပြည်တွင်းစစ်ဖြစ်စေမယ်လို့ လုံးဝမသုံးနှုန်းခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ စာဖတ်သူတို့အနေနဲ့ သိန်းဖေမြင့်ရေးတဲ့ ပြန်ကြားရေးဝန်ကြီးဦကျော်ငြိမ်းအတ္ထုပတ္တိ စာအုပ်ထဲက အဆိုပါ အပိုင်းကို အောက်ပါလင့်က ဗီဒီယိုရဲ့ အချိန် မိနစ် ၅၀ ဝန်းကျင်ကို သေချာနားထောင်ရင်း သုံးသပ်နိုင်ပါတယ်။ - လင့် - https://www.youtube.com/watch?v=sGZ5-Ye9CvY ဒီတော့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဂိုရှယ်စစ်တမ်းနှင့် ပတ်သတ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ခံယူချက်အထိုင် စတုတ္ထတစ်ခုဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြည်တွင်းစစ်စတင်ခဲ့ကာ လက်နက်ဖြင့် အာဏာသိမ်းရန် ကြံစည်ထားမှုကို တာဝန်မခံချင်တာကြောင့် ဦးသိန်းဖေမြင့်မရေးသားခဲ့တာကို ရေးသားခဲ့သယောင် ပုံဖော်ပြီး အလိမ်အညာသမိုင်းလိမ်တစ်ခုဖန်တီးရန်ကြိုးစားနေခြင်းသာဖြစ်‌ကြောင်း သက်သေပြပြီးလို့ ယူဆပါတယ်။ *** ခံယူချက် (၅) အားဆန်းစစ်ခြင်း ခံယူချက် (၅) အရ အိန္ဒိယကွန်မြူနစ်ပါတီက လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ ညွှန်ကြားတာကို ရဲဘော်ဂိုရှယ်က လက်ခံယူလာပြီး ပေါလစ်ဗျူရိုက ဆုံးဖြတ်ပြီး တောခိုခဲ့တယ်ဆိုတဲ့ ဦးသိန်းဖေမြင့်နဲ့တကွ အုပ်စိုးသူအဆက်ဆက်တို့က စွပ်စွဲတိုက်ခိုက်ခဲ့တဲ့ အချက်ဟာ လုံးဝ မမှန်မကန်ပါဘူးဆိုတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ခံယူချက်ဟာ သမိုင်းအလိမ်အညာတွေနဲ့သာပြည့်နေတာဖြစ်နေပြန်ပါတယ်။ အိန္ဒိယကွန်မြူနစ်ပါတီက ဘယ်တုန်းကမှ ရဲဘော်ဂိုရှယ်ကို လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ မညွှန်ကြားခဲ့ပါဘူး။ အိန္ဒိယကွန်မြူနစ်ပါတီက လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ ညွှန်ကြားတာကို ရဲဘော်ဂိုရှယ်ကသာ လက်ခံယူလာရင် ရဲဘော်ဂိုရှယ်ကိုယ်တိုင်လည်း လက်နက်ကိုင်တော်လှန်ရေးကိုသာ ထောက်ခံမှာဖြစ်ပါတယ်။ အခုတော့ သခင်ဗတင် (ရဲဘော်ဂိုရှယ်) ဟာ ဗဟိုကော်မတီအစည်းအဝေးတွေမှာ "သပိတ်စုံ သူပုန်ထ" အယူအဆကိုသာထောက်ခံတယ်ဆိုတဲ့ အချက်ကို ဗမာပြည်ကွန်မြူနစ်ပါတီရဲ့သမိုင်းတင်ပြချက်ကိုယ်တိုင်က ဖော်ပြနေတာဖြစ်ပါတယ်။ ဒီတော့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဂိုရှယ်စစ်တမ်းနှင့် ပတ်သတ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ခံယူချက်အထိုင် ၅ ခုမြောက်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြည်တွင်းစစ်စတင်ခဲ့ကာ လက်နက်ဖြင့် အာဏာသိမ်းရန် ကြံစည်ထားမှုကို တာဝန်မခံချင်တာကြောင့် တကယ်မရှိခဲ့တဲ့ အိန္ဒိယကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ ညွှန်ကြားမှုကို အတုအယောင်ဖန်တီးယူနေမှုသာဖြစ်ပါတယ်။ *** ခံယူချက် (၆) အားဆန်းစစ်ခြင်း ခံယူချက် (၆) - ဖဆပလ အစိုးရက တပြည်လုံး ကွန်မြူနစ်ပါတီဝင်များကို ဖမ်းဆီးတာကြောင့် ပြန်လည်ခုခံတဲ့ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲခဲ့ကြရတာ ဖြစ်တယ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီက ‌တုန့်ပြန်သော ဆင်ခြေမှာလည်းပဲ သမိုင်းအရ မမှန်ပါဘူး။ အဲဒီ မတ်လ ၂၈ ရက်နေ့အဖမ်းအဆီးတွေ မဖြစ်သေးခင် လပိုင်းအလိုမှာကတည်းက သတင်းစာတိုက်ပြဿနာနဲ့ မဒိန်းမှုပြဿနာတို့ကြောင့် ဆိုရှယ်လစ်တွေနဲ့ ဗကပတို့ အခြေအနေမှာ တင်းမာခဲ့ပြီးဖြစ်ပါတယ်။ “ဗားကရာချောက်ကို ဆိုရှယ်လစ်အရိုးတွေနဲ့ ဖို့ပစ်ရမယ်”လို့ ဖဆပလအကွဲမှာ ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင် သခင်သန်းထွန်းကပြောခဲ့တာဟာ အဲဒီ မတ်လ ၂၈ ရက်နေ့အဖမ်းအဆီးတွေ မဖြစ်သေးခင် ကာလတွေကတည်းကဖြစ်ပါတယ်။ ထို့အတူပဲ တကယ်ရှိခဲ့ပြီး သပိတ်စုံသူပုန်ထလမ်းစဥ်ကို ဖော်ပြနေတဲ့ ဂိုရှယ်စစ်တမ်းကို ဆိုရှယ်လစ်ပါတီက ကျော်ငြိမ်းဟာ ဂိုရှယ်စစ်တမ်းကို ဦးနုကိုပြတယ်။ သပိတ်စုံသူပုန်ထခံရပြီး ပုန်ကန်ခံရမှာကြောက်တဲ့ ဦးနုက ကွန်မြူနစ်ဖမ်းပွဲကြီးလုပ်တယ်။ ကွန်မြူနစ်ပါတီဟာ ပါလီမန်ဒီမိုကရေစီနည်းကျ အာဏာရယူထားတဲ့ ဖဆပလအစိုးရအပေါ် အာဏာသိမ်းခြင်းနည်းလမ်းနဲ့ သူပုန်ထဖို့ ကြိုးစားတာကြောင့် တစ်ဖန်က ပြန်လည်တုန့်ပြန်တဲ့အချိန်မှာ ပိုမိုပြင်းထန်တဲ့ လက်နက်ကိုင်နည်းလမ်းနဲ့ ပြည်တွင်းစစ်ကို စတင်ခဲ့တာသာဖြစ်ပါတယ်။ *** နိဂုံးချုပ်အဆုံးသတ် ဒီတော့ နိဂုံးချုပ်အဆုံးသတ်ရရင် ဗမာပြည်ကွန်မြူနစ်ပါတီအနေနဲ့ ဂိုရှယ်စစ်တမ်းမရှိကြောင်း ကျားကန်ကန်ငြင်းနိုင်ပါမှ ဂိုရှယ်စစ်တမ်းကြောင့်ဖြစ်လာရတဲ့ ပြည်တွင်းစစ်ရဲ့ အစပျိုးသူဆိုတဲ့ သမိုင်းတရားခံတာဝန်ကနေ ကင်းလွတ်မယ်။ အဲ့တာကြောင့်ပဲ ဂိုရှယ်စစ်တမ်းမရှိကြောင်းကို ကျားကန်ကန်ငြင်းဖို့တတ်နိုင်သမျှ နည်းလမ်းတွေနဲ့ ကြိုးစားတယ်။ ကြိုးစားတဲ့ အခါမှာလည်း အလိမ်အညာတွေဟာ ရှေ့နောက်မညီဖြစ်တာကြောင့် လိမ်ထားမှန်းဟာ ဘူးပေါ်သလို ပေါ်ပေါ်လာတယ်။ တကယ်မရှိတဲ့ စာတမ်းကို အမည်ခံရေးပါတယ်ဆိုတဲ့ အလိမ်ဟာ သူဟာသူကို အလိမ်ပေါ်နေပြီးဖြစ်နေတယ်။ အရေးခံစာတမ်းမှမရှိပါပဲ ရေးသားသူသာ ရှိနေတဲ့ အလိမ်အညာဟာ ဟာကွက်တွေနဲ့ အလိမ်အညာသာဖြစ်ပါတယ်။ နှောင်းပိုင်းမှာ ဂိုရှယ်စစ်တမ်းဟာ ဂျာမနီနိုင်ငံ၊ ဟင်းဘတ်မြို့တွင် သိမ်းဆည်းထားသော သုတေသနအချက်အလက် ဖိုင်တွဲများအထဲမှ ပြန်လည်ပေါ်ပေါက်လာသောအခါမှာလည်း ဥက္ကဋ္ဌသခင်ဗသိန်းတင်ကစလို့ လေထီးဦးအုန်းမောင်တို့အဆုံး ဂိုရှယ်စစ်တမ်းဟာ “ကျေးလက်အခြေခံ – မြို့ကိုဝိုင်း” လမ်းစဥ်ပါဆိုတဲ့ သမိုင်းအလိမ်တစ်ခုကိုဖန်တီးယူပြီး သမိုင်းကိုလိမ်ဖို့ကြိုးစားပြန်တယ်။ ခက်တာက သူတို့ကသာ ဒီလို လီနင်ဝါဒရဲ့ အခြေခံသဘောတရားဖြစ်တဲ့ "သပိတ်စုံ သူပုန်ထ" လမ်းစဥ်နဲ့ မော်စီတုန်းအတွေးအခေါ်ရဲ့ အခြေခံသဘောတရားဖြစ်တဲ့ “ကျေးလက်အခြေခံ – မြို့ကိုဝိုင်း” တို့ကိုတောင် သေချာခွဲခြားသိနိုင်လောက်‌အောင် အသိပညာဗဟုသုတမရှိပေမယ့် နှောင်းလူငယ်တွေဟာ ဥာဏ်ကြီးတယ်၊ သုတေသနလုပ်နိုင်တယ်ဆိုတာကို ထည့်တွက်ထားပုံမရဘူး။ အဲ့ဒီလိုနဲ့ လီနင်ဝါဒ၊ မာ့က်စ်-လီနင်ဝါဒ၊ မော်စီတုန်းအတွေးအခေါ်စတဲ့ သဘောတရားရေးရာတွေကို ကျွမ်းကျင်ပြီး ဂိုရှယ်စစ်တမ်းကို တကယ်တမ်း ဘာသာစကားအခက်အခဲမရှိဖတ်နိုင်တဲ့သူတွေခေတ် ရောက်တဲ့အခါ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့အလိမ်အညာတွေရော၊ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဥက္ကဌကစလို့ သာမန်ပါတီဝင်တွေအထိပါ မာ့က်စ်-လီနင်ဝါဒ၊ မော်စီတုန်းအတွေးအခေါ်စတဲ့ သဘောတရားရေးရာအခြေခံလေးတွေတောင် နားမလည် မတတ်ကျွမ်းတာတွေရောပါ ဘူးပေါ်သလိုပေါ်လာရတယ်။ အရင်းစစ်ရရင်တော့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ကွန်မြူနစ်အမည်ခံလျှက် လူထုကို အထင်သေးတယ်၊ လူထုအပေါ် မရိုးသားခြင်းဖြင့်ကျေးဇူးကန်းတယ်။ သမိုင်းအတုအယောင်တွေကို ဖန်တီးပုံဖော်ခြင်းဖြင့် သမိုင်းကို သစ္စာဖောက်တယ်။ လုပ်သားထုနဲ့ တောင်သူလယ်သမားအပါအဝင် ဗမာ့လူထုကို အင်္ဂလိပ်စာမဖတ်နိုင်ဘူးထင်လို့သော်လည်းကောင်း၊ မာ့က်စ်လီနင်ဝါဒကစလို့ မော်စီတုန်းအတွေးအခေါ်တို့ကို နားလည်ရန်လက်လှမ်းမမှီနိုင်ဘူးထင်လို့သော်လည်းကောင်း ဂိုရှယ်စစ်တမ်းနဲ့ပတ်သတ်လို့ အလိမ်အညာတွေဖြန့်ထားပြီး လူပိန်းဖမ်းသမိုင်းအတုတွေနဲ့ ဂျင်းထည့်တယ်။ ဒီလိုပါတီတစ်ခုဟာ ကွန်မြူနစ်လောကအတွက် လောက်သဖွယ် ရွံစရာအတိနဲ့ မရှိသော်ကား ပိုကောင်း၏ဖြစ်မှာပါပဲ။ *** ကိုးကား - ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၁၉၉၂ ခုနှစ်၊ နိုဝင်ဘာလထုတ် ပြည်သူ့အာဏာဂျာနယ် အမှတ် (၁၁) မှ (ဥက္ကဋ္ဌသခင်ဗသိန်းတင်က ကူညီအချက်အလက်ထောက်ပံ့ပေးထားသော) "ဂိုရှယ်စစ်တမ်းဆိုသည်နှင့် ပတ်သက်ပြီး ပြန်လည်ရှင်းလင်းတင်ပြချက်" ဆိုတဲ့ ဆောင်းပါး (https://www.cp-burma.org/2014/02/) - ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပါတီ အနှစ် (၈၀) ပြည့် အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ် အမှတ် (၄၂) ပါ "ဗမာပြည်ကွန်မြူနစ်ပါတီအတွက် လေထီးဦးအုန်းမောင်၏ ဘဝနေဝင်ချိန် နောက်ဆုံး အကျိုးပြုတာဝန်ထမ်းဆောင်ခြင်း" အမည်ဖြင့် ပါရှိသော ဆောင်းပါး (https://myo-myo-myintcho.blogspot.com/2019/09/blog-post_68.html?m=1) *** အချက်အလက်ကိုးကားမှုများ - Lintner, Bertil. The Rise and Fall of the Communist Party of Burma (CPB) Archived 2018-02-18 at the Wayback Machine. Southeast Asia Program series, no. 6. Ithaca, N.Y.: Southeast Asia Program, Cornell University, 1990. pp. 12–13 - Desai, Akshayakumar Ramanlal. Expanding Governmental Lawlessness and Organized Struggles: Violations of Democratic Rights of the Minorites, Women, Slum Dwellers, Press and Some Other Violations Archived 2018-02-18 at the Wayback Machine. Bombay: Popular Prakashan, 1991. p. 238 - သိန်းဖေမြင့်‌ရေးသော ပြန်ကြားရေးဝန်ကြီးဦကျော်ငြိမ်းအတ္ထုပတ္တိ