Title: ရဲ့ အမျိုးသမီးထု လွတ်မြောက်ရေး
Author: He Zhen
Language: Burmese
Date: 1907
Source: Wa Kha Mount Graham R (Ed.) - Anarchism - A Documentary History of Libertarian Ideas Vol I.
Notes: Problems of Women’s Liberation, II originally published in Natural Justice in September and October 1907. The translation is by Hsiao-Pei Yen of the University of Oregon (History Department). Joe Jar & Tengu _ Wa Kha Mount Collective မှ ပူးပေါင်းပြန်ဆိုသည်။

အယ်ဒီတာ မှတ်စု(Robert Graham)

တရုတ်နိုင်ငံရဲ့ အစောပိုင်းမင်းမဲ့ဝါဒအတွေးအခေါ်တွေနဲ့ပတ်သက်ပြီး ဇာတ်မြစ်လိုက်မယ်ဆို တာအို(ဒါအို)

အတွေးအခေါ်က စတင်တယ်လို့ဆိုရလိမ့်မယ်။ ၂၀ရာစုအစောပိုင်းကာလမှာ မင်းမဲ့ဝါဒအတွေးအခေါ်ဟာ တရုတ်နိုင်ငံမှာစတင်ကျယ်ပြန့်လာပြီး နိုင်ငံတကာက တရုတ်ပညာရှင်တွေနဲ့ ကျောင်းသားတွေအထိပါ ပျံ့နှံ့သွားခဲ့တယ်။ ဟိဇန်( He Zhen) ဟာ မင်းမဲ့အမျိုးသမီးဝါဒီတစ်ဦးဖြစ်ပြီး ခင်ပွန်းဖြစ်သူ လျူရှီပေ ( Liu Shipei )( The Society for the Study of Socialism ကို 1907ကိုတည်ထောင်သူ) နဲ့ တိုကျိုမှာနေထိုင်ခဲ့တယ်။ သူတို့နှစ်ဦးဟာ ပထမဦးဆုံး တရုတ်မင်းမဲ့ဝါဒဂျာနယ်တွေထဲက တစ်စောင်ဖြစ်တဲ့ Natural Justice( သဘာဝတရား/ဓမ္မတာ)

ကို ထုတ်ဝေခဲ့တယ်။ တရုတ်မင်းမဲ့တွေအတွက်လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေရဲ့ ကဏ္ဍဟာ

အရေးကြီးတဲ့ပြဿနာတစ်ရပ်ဖြစ်နေပါတယ်။

အဲ့‌‌ေခတ်ကာလတုန်းက တရုတ်နိုင်ငံရဲ့ဓလေ့ထုံးတမ်းတွေထဲမှာ foot binding (ခြေထိပ်ကို အဝတ်စနဲ့စုစည်းပြီး သေးကွေးမသန်မာအောင် ပုံသွင်းခြေစည်းတဲ့ဓလေ့) နဲ့ ကိုယ်လုပ်တော်ထားတာစတဲ့ ဓလေ့မျိုးတွေဟာ ပုံမှန်လူများစုကျင့်သုံးကြတဲ့ ဓလေ့စရိုက်တွေပဲ ဖြစ်ပါတယ်။

ရဲ့ အမျိုးသမီးထု လွတ်မြောက်ရေး

လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက ကမ္ဘာကြီးကို လူတန်းစာအလွှာခွဲခြားမှုနဲ့ တည်ဆောက်ခဲ့ပြီး အဲ့ဒီကမ္ဘာကို ယောကျ်ားတွေကပဲ ကြီးစိုးခဲ့ပါတယ်။ ပိုမိုကောင်းမွန်တဲ့ကမ္ဘာသစ်ကို ဖန်တီးမယ်ဆိုရင် ကျွန်မတို့ဟာ ဖိုဝါဒကြီးစိုးတဲ့ စနစ်ကို ပယ်ဖျက်ရမှာ ဖြစ်ပြီး ကျားမ တန်းတူညီမျှရေးကို လေ့ကျင့်တည်ဆောက်နိုင်မှသာ သာတူညီမျှတဲ့ ကမ္ဘာလောကကြီးကို အတူတကွ ဝေမျှနိုင်မှာပဲဖြစ်ပါတယ်။ ဒီလိုပြောင်းလဲမှုတွေဟာ အမျိုးသမီးတွေရဲ့လွတ်မြောက်မှု နဲ့ သက်ဆိုင်နေတယ်။ နှစ်ထောင်ပေါင်းများစွာ တရုတ်နိုင်ငံရဲ့ လူမှုအဆောက်အအုံစနစ် မှာ အမျိုးသမီးတွေကို တစ်ဆင့်ခံနှိမ့်ကျ ခစား၊ဝပ်တွားရတဲ့ ကျေးကျွန်တွေသဖွယ် တွန်းအားပေးဖိနှိပ်ခဲ့ကြတယ်။ ရှေးယခင်ကဆို အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ပိုင်ဆိုင်မှုပစ္စည်းအဖြစ်သာ ဆက်ဆံခြင်းခံခဲ့ရတယ်။ လိင်ကိစ္စမှာ ကိုယ်ကျင့်သိက္ခာကင်းမဲ့မှုကို ကာကွယ်ဖို့အတွက် အမျိုးသားတွေဟာ လိင်မှုကွဲပြားမှုအပေါ် အဓိကအသားပေးထားတဲ့ စာရိတ္တပိုင်းဆိုင်ရာ သင်ကြားမှုတွေကို လုပ်ခဲ့ကြတယ်။ အချိန်ကြာလာတာနဲ့အမျှ ကျားမ ကွဲပြားမှုဟာ ဖြစ်ရိုးဖြစ်စဉ် နိယာမတရားဖြစ်လာတော့တယ်။ အမျိုးသမီးတွေဟာ မိမိနေထိုင်ရာနေရာ အခန်း၊အဆောင်တွေမှာ တင်းကြပ်တဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့ ပိတ်လှောင်ခံခဲ့ရပြီး၊ တစ်နေရာနဲ့တစ်နေရာ သွားလာဖို့က အစ တားမြစ်ကန့်သတ်ခံခဲ့ရပါတယ်။ အမျိုးသမီးတွေရဲ့ တာဝန်ဟာ ကလေးငယ်တွေကို ပြုစုပျိုးထောင်ဖို့နဲ့အိမ်အလုပ်တွေလုပ်ဖို့အဖြစ်သာ လုပ်ကိုင်နိုင်စွမ်းကို ဘောင်ကျဥ်းမြောင်းခံခဲ့ရပါတယ်။

တရုတ်ဘာသာရေးအယူအဆမှာ မျိုးဆက်သစ်တွေဟာ ရှေးဘိုးဘေးဘီဘင်တွေရဲ့ စိတ်ဓာတ်၊ ဝိဉာဉ် တွေပါဝင်တယ်လို့ အယူရှိကြပါတယ်၊ အဲ့တာကြောင့် လူတွေဟာ မျိုးပွားခြင်း၊ မျိုးဆက်မပျက်ခြင်းဟာ မသေမျိုးဖြစ်အောင် အမျိုးအမည် မျိုးဂုဏ်ရိုးဂုဏ်ကို ကြိုးပမ်းထိန်းသိမ်းမှုလို့အမြင်ရှိပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရေးစနစ်က ကလေးငယ်တွေကို ပိုင်ဆိုင်မှုပစ္စည်းတစ်ခုလို သဘောထားရှိပြီး၊ လူအများစုကလဲ စည်းစိမ်ချမ်းသာ ကိုဖန်တီးလို့ရတဲ့ အရင်းအနှီးတစ်ခုထက်ပိုမမြင်တတ်ကြပါဘူး။ ဒါကြောင့် လူတွေဟာ လိင်ဆက်ဆံမျိုးပွားခြင်းဟာ ပစ္စည်းဉစ္စာကြွယ်ဝမှုကို ပေးတယ်လို့ သတ်မှတ်ထားကြပါတယ်။ အဲ့ဒီတော့ တရုတ်နိုင်ငံရဲ့ ဘာသာရေးအယူအဆအပြင် နိုင်ငံရေးအယူအဆနှစ်ခုစလုံးဟာ အမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ

ပြုကျင့်မှုကို လက်ခံထောက်ပံ့ပေးကြပြီး အမျိူးသမီးတွေကိုတော့ သားဖောက်ရာပစ္စည်းတစ်ခု သဖွယ်သာ ဆက်ဆံခဲ့ကြတယ်။

ဒါ့အပြင် တရုတ်နိုင်ငံက အမျိုးသားတွေဟာ အိမ်မှုကိစ္စအလုပ်တွေ လုပ်ကိုင်ဖို့ဝန်လေးကြပြီး အဲ့ဒီအစား အမျိုးသမီးတွေကိုသာ ကလေးထိန်းကျောင်းတဲ့အလုပ်တွေမှာ ကာယလုပ်သားတွေအဖြစ် ခိုင်းစေခဲ့ကြပါတယ်။ အမျိုးသမီးတွေဟာ ကလေးပြုစုပျိုးထောင်ခြင်း၊ တစ်ဘဝလုံး အိမ်မှုကိစ္စအလုပ်တွေနဲ့သာ အချိန်ကုန်ရခြင်းတို့ကို ဖြစ်စေတဲ့ တခြားအကြောင်းတရားများစွာ ရှိပါသေးတယ်။ ပထမတစ်ခုက အမျိုးသားတွေဟာ အမျိုးသမီးတွေကို သူတို့ရဲ့ ကိုယ်ပိုင်သက်မဲ့ပစ္စည်းဉစ္စာအဖြစ် သတ်မှတ်ထားကြတယ်။ ဒုတိယအချက်ကတော့ လူနေမှုအဆင့်အတန်းနိမ့်ပါးတဲ့ ခေတ်နှောင်းပိုင်းကာလတွေမှာ အမျိုးသားတစ်ယောက်ရဲ့ လုပ်အားဟာ အိမ်ထောင်တစ်ခုလုံးကို ကျွေးမွေးဖို့လုံလောက်တဲ့အတွက် သာမန် နေနိုင်၊စားနိုင်တဲ့ အသိုင်းအဝိုင်းက အမျိုးသမီးတွေဟာ ကလေးထိန်းကျောင်းခြင်း၊ အိမ်မှုကိစ္စထိန်းသိမ်းခြင်း စတဲ့ကိစ္စရပ်တွေကိုသာ လုပ်ခဲ့ရတယ်။ ဒါကြောင့် ကျွန်စနစ်ရဲ့ဆိုးကျိုးတွေ၊ အလုပ်လက်မဲ့ပြဿနာတွေဟာ အမျိုးသမီးတွေအပေါ် လာပြီးသက်ရောက်ခဲ့တယ်။ ဆင်းရဲတဲ့အသိုင်းအဝိုင်းက အမျိုးသမီးတွေဟာ သူတို့ရဲ့အသက်ရှင်နေထိုင်ရေးအတွက် ကိုယ်အားကိုယ်ကိုး ခဲ့ရတယ်။ သူတို့ဟာ လယ်ကွင်းတွေမှာ အလုပ်လုပ်ကြရတယ်။ အိမ်ဖော်အဖြစ် အဌားခံရတယ်။ အဆိုးဆုံးကတော့ ပြည့်တန်‌ဆာတွေအဖြစ် ရောက်ရှိသွားကြတာပဲ။ ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုနည်းပါးတဲ့ အမျိုးသမီးတွေအတွက် စိတ်ပိုင်းဆိုင်ရာ လွတ်မြောက်မှုတော့ ရရှိမှာမဟုတ်ပါဘူး။ အမှန်တကယ်တော့ ရုပ်ပိုင်းဆိုင်ရာလွတ်လပ်မှု တစ်နည်း ကာယအသုံးချမှု ပိုရှိလေလေ အဆိုပါ အမျိုးသမီးတွေဟာ ပိုပြီး ခေါင်းပုံဖြတ်ခံရလေလေ၊ လူလူခြင်းနှိမ့်ချဆက်ဆံခံရလေလေ၊ သိက္ခာချခံရလေလေ ပဲဖြစ်ပါတယ်။

နောက်ပြီး အမျိုးသားတွေက အမျိုးသမီးတွေရဲ့လွတ်မြောက်မှုအတွက် အားပေးဖို့တွန့်ဆုတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီလွတ်မြောက်မှုဆိုတာဟာ အမျိုးသမီးတွေ လွတ်လပ်ပြီး လူတကာနဲ့ လွတ်လပ်စွာ ကာမဆက်ဆံမှုကို ဖြစ်စေမယ်လို့ ထင်လို့ပဲ။ အမျိုးသမီးတွေအပေါ် ကန့်သတ်ချက်တွေ ပိုများလာတာနဲ့အမျှ အမျိုးသမီးတွေဟာ ကန့်သတ်ချက်တွေကို ဖောက်ဖျက်ဖို့ ဆန္ဒပြင်းပြလာမယ်။ အမျိုးသမီးတွေဟာ ဘယ်လိုအခွင့်အရေးကိုမဆို ရှာဖွေအသုံးချပြီး မိမိတို့ဘဝလွတ်မြောက်ရေးအတွက် ကြိုးစားလာကြမှာပဲဖြစ်တယ်။ ဉပမာ ခိုးဝှက်ခြင်းကို ဘယ်လိုပဲတားမြစ်ထားပါစေ, ပစ္စည်းရဲ့တန်ဖိုးကိုသိလို့ တစ်ခါခိုးဖူးတဲ့ သူခိုးဟာ နောက်ထပ်တစ်ခါထပ်ခိုးဖို့ အာသီသက ပိုပြီးပြင်းထန်လာဖို့ပဲရှိတယ်။ ဒါကြောင့် ဒါဟာ ချုပ်ချယ်ကန့်သတ်ထားတာဖြစ်တယ်။ အမျိုးသမီးတွေ အိမ်ထောင်ရေးဖောက်ပြန်တာမျိုးကို လွတ်မြောက်ရေးမဟုတ်ဘူး၊ ဖိနှိပ်

လှောင်ပိတ်ထားခြင်းရဲ့ အကျိုးဆက်ပဲဖြစ်တယ်

လို့ ဆိုတယ်။ ဘာလို့များ တရုတ်လူမျိုးတွေဟာ အမျိုးသမီးတွေလွတ်လပ်လာတာနဲ့ လူတကာနဲ့ကာမ ဆက်ဆံကြလိမ့်မယ်လို့ ထင်ကြတာလဲ။ သူတို့ဟာ အဓိကအကြောင်းအရင်းကို နားလည်သဘောမပေါက်သေးလို့သာ ဒီလိုထင်မြင်ယူဆနေ‌ကြတာပဲ။ အမျိုးသမီးတွေရဲ့ လွတ်မြောက်ရေးကို ပိုပြီးတားမြစ် ချုပ်ချယ်လေလေ အမျိုးသမီးတွေရဲ့ ကိုယ်ရည်ကိုယ်သွေး ဂုဏ်သိက္ခာဟာ ပိုပြီးကျဆင်းလာဖို့ပဲရှိတယ်။ ဒါကြောင့်ပဲ အမျိုးသမီးတွေရဲ့ဘဝ မတိုးတက်တာပဲဖြစ်တယ်။

တကယ်တော့ စစ်မှန်တဲ့လွတ်မြောက်မှုဆိုတာ ဖိနှိပ်မှုတွေအားလုံးကနေ လုံးဝလွတ်လပ်သွားခြင်းသာ ဖြစ်တယ်။ ခေတ်ပြိုင်အနောက်နိုင်ငံတွေမှာကျ လက်ထပ်ထိမ်းမြားခြင်းစနစ်ဟာ ပါဝါတွေ၊ ကြွယ်ဝချမ်းသာမှု၊ လူ့ကျင့်ဝတ်ဂုဏ်သတင်း၊ ဥပဒေ စတဲ့အခြေအနေအမျိုးမျိုးနဲ့ ကန့်သတ်ခံထားရတယ်။ ဘယ်လိုပဲ ကိုယ့်စိတ်ဆန္ဒအရ လက်ထပ်ကြပါတယ်ပြောပြော အနောက်နိုင်ငံမှာ ချစ်တာတစ်ခုတည်းနဲ့ လက်ထပ်ကြသလား။ အမျိုးသားတွေက သူတို့ရဲ့ကြွယ်ဝချမ်းသာမှုတွေနဲ့ ဆွဲဆောင်လေ့ရှိသလို ချမ်းသားတဲ့အသိုင်းအဝိုင်းက အမျိုးသမီးတွေကလည်း ရွှေရွှေချင်းထပ် မြတ်တဲ့အယူနဲ့ သူတို့ကိုချစ်ရေးဆိုသူတွေ ပိုများလာအောင် ဆွဲဆောင်ကြတာပါပဲ။ တစ်ခါတစ်လေဆို ချမ်းသာတဲ့အမျိုးသားတွေက ဆင်းရဲတဲ့မိသားစုက အမျိူးသမီးတွေကို သူတို့ကိုလက်ထပ်ဖို့ အာဏာဖိအားတွေ သုံးကြတာမျိုးပါရှိပါတယ်။ ဒါသည် ကြွယ်ဝချမ်းသာမှုနဲ့ လက်ထပ်ခြင်းကို ကန့်သတ်ထိန်းချုပ်ထားတာပဲဖြစ်တယ်။ တချို့ဖြစ်ရပ်တွေမှာဆို အမျိုးသားတွေဟာ သူတို့ရဲ့အကျိုးအတွက် မျက်နှာကောင်းရမဲ့ မျက်နှာကြီးအသိုင်းအဝိုင်းက အမျိုးသမီးတွေကို လက်ထပ်ယူကြတယ်။ တစ်ဖက်မှာလည်း ဂုဏ်အရှိန်အဝါကြီးတဲ့ အမျိုးသားနဲ့ လူမှု့အဆင့်အတန်းနိမ့်ကျတဲ့ အမျိုးသမီးဟာ လူမှုအဆင့်အတန်းကွာဟမှုကြောင့် လက်ထပ်လို့မရကြပါဘူး။ ဒီလိုပုံစံကိုတော့ အာဏာပါဝါနဲ့ လက်ထပ်ထိန်းမြားခြင်းကို ကန့်သတ်ထိန်းချုပ်မှုဖြစ်တယ်။ လွတ်လပ်စွာ သဘောဆန္ဒအလျောက် လက်ထပ်ယူခြင်းဆိုတာ ရိုးရှင်းစွာပဲ တစ်ကယ် မရှိပါဘူး။ ခေတ်သစ်လူ့အဖွဲ့အစည်းမှာ ဉပဒေက ပြဌာန်းထားလို့ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူပညာရေးအခွင့်အလမ်းရရှိနေတာတောင်မှပဲ စစ်တပ်နဲ့ရဲအဖွဲ့အစည်းတွေမှာ စာရင်းပေးသွင်းခံရဖို့၊ နိုင်ငံရေးနဲ့ ဉပဒေ ဘာသာရပ်တွေကို သင်ယူဖို့ အခွင့်အလမ်းဟာ ခဲရာခဲဆစ်ပါပဲ။ ဗြူရိုကရက်တွေ အုပ်ချုပ်တဲ့ ခေတ်မှီပါတယ်ဆိုတဲ့ နိုင်ငံတွေမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးရရှိနေပါတယ်ဆိုကြပါစေ အစိုးရရုံးတွေမှာ မဝင်ဆံ့။ အဲ့တော့ အဲ့ဒီတန်းတူညီမျှမှုဆိုတာ စာရွက်ပေါ်မှာပဲ ရှိတယ်လို့ သတ်မှတ်ရပါမယ်။

အမျိုးသမီးတွေရဲ့လွတ်မြောက်ရေးဟာ အမျိုးသမီးတွေကို စစ်မှန်တဲ့ တန်းတူညီမျှမှုနဲ့လွတ်လပ်မှုက တစ်ဆင့် ပျော်ရွှင်မှုကို ဖန်တီးပေးစွမ်းနိုင်ရမှာပဲဖြစ်တယ်။ အနောက်နိုင်ငံက စနစ်ဟာလည်း အမျိုးသမီးတွေရဲ့ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှုကို အမည်ခံထားရုံသာ ရှိပါတယ်။ သူတို့သတ်မှတ်ပေးထားတဲ့ လွတ်လပ်မှုဟာ စစ်မှန်တဲ့လွတ်လပ်မှူမဟုတ် လွတ်လပ်မှူအတု သာဖြစ်တယ်။ တန်းတူညီမျှမှုဆိုတာလည်း အတုပါပဲ။ စစ်မှန်တဲ့လွတ်လပ်မှုမရှိရင် အမျိုးသမီးတွေရဲ့ တိုးတက်ရာလမ်းလည်း မရှိနိုင်သလို စစ်မှန်တဲ့တန်းတူညီမျှမှုမရှိရင် လူတိုင်းသဘောကျလက်ခံတဲ့ လူ့အခွင့်အရေးစံနှုန်းတွေရှိမှာမဟုတ်ပါဘူး။ အာရှအမျိုးသမီးတွေက အနောက်နိုင်ငံမှာ အမျိုးသမီးတွေဟာ လွတ်လပ်ပြီး အမျိုးသားတွေနဲ့တန်းတူ တန်းတူညီမျှမှုရကြတယ်လို့ ထင်မြင်အားကျကြပါတယ်။ ဆိုတော့ သူတို့ဟာ အနောက်နိုင်ငံ‌ကို အတုယူပြီး မှီအောင်လိုက်လုပ်ချင်ကြ‌ေတာ့တယ်။ ကျွန်မတို့ဟာ အမျိုးသမီးတွေရဲ့ခေတ်ပြောင်းတော်လှန်ရေးခေတ်ထဲမှာ ရောက်နေကြပြီမလို့ အမျိုးသမီးတွေ လွတ်လပ်မှုအတု၊ တန်းတူညီမျှမှုအတုတွေသာ ရရှိဖို့ မလိုလားပါဘူး။ စစ်မှန်တဲ့ လွတ်လပ်မှု၊ တန်းတူညီမျှမှုသာ ရရှိဖို့ ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။

သိပ်မကြာခင်နှစ်ပိုင်းတွေတုန်းက လူတွေဟာ တရုတ်လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေရဲ့လွတ်မြောက်မှု အခန်းကဏ္ဍကို စတင်ရှာဖွေလာကြတယ်။ အမျိုးသမီးတွေဟာ လွတ်မြောက်မှုကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ အောင်မြင်နိုင်ပါတယ်။ တိုက်ရိုက်ဆိုတာက အမျိုးသမီးတွေကိုယ်တိုင် လွတ်မြောက်မှုကို တိုက်ယူတာဖြစ်ပြီး သွယ်ဝိုက်ဆိုတာကတော့ အမျိုးသားတွေက ရယူပေးတဲ့ အမျိုးသားတွေပေးတဲ့ လွတ်မြောက်မှုပဲဖြစ်တယ်။ ယနေ့ခေတ် အမျိုးသမီးတွေရဲ့လွတ်မြောက်ရေးလှုပ်ရှားမှုဟာ ဒုတိယပုံစံဖြစ်တဲ့ သွယ်ဝိုက်နည်းနာနဲ့ လှုပ်ရှားခြင်းခံနေရပြီပဲဖြစ်တယ်။ အမျိုးသမီးတွေကို လွတ်မြောက်မှုအတွက် လှုပ်ရှားသူတွေသာ အမျိုးသားအများစုဖြစ်နေရင် အမျိုးသမီးတွေဟာ အမျိုးသားတွေလောက် အခွင့်အရေးရရှိမှာမဟုတ်တော့ပါဘူး။ အရင်က အမျိုးသမီးတွေကို စိတ်ဝင်တစား ကန့်သတ်ထိန်းချုပ်မှုတွေ လုပ်ခဲ့တဲ့အမျိုးသားတွေကိုယ်တိုင်က အခုမှဘာလို့ အမျိုးသမီးတွေရဲ့တန်းတူအခွင့်အရေးအတွက် ကြိုးစားထောက်ပံ့နေကြသလဲ။ ရှင်းလင်းချက် သုံးချက်ရှိပါတယ်။ တစ်အချက်က တရုတ်အမျိုးသားတွေဟာ အာဏာကို ကိုးကွယ်လို့ပါပဲ။ တရုတ်နိုင်ငံဟာ တခြား ဥရောပ၊ အမေရိကန်နဲ့ဂျပန်နိုင်ငံတို့လို ကမ္ဘာအင်အားကြီးနိုင်ငံတွေကျင့်သုံးတဲ့ ယဥ်ကျေးမှုစနစ်မျိုးကိုလိုက်ပါပြောင်းလဲရမယ်ဆိုတဲ့အယူအဆဖြစ်တယ်။

တကယ်သာ သူတို့ဇနီးမယား၊ သမီးတွေ ခြေစည်းခြင်းယဉ်ကျေးမှုလို ဓလေ့ထုံးတမ်းတွေလိုက်နာရတာကို တားမြစ်ချင်တယ်ဆိုရင် သူတို့ကို ကျောင်းထား၊ ပညာသင်ကြားခွင့် ပေးရမှာဖြစ်တယ်။ ဒါဆိုရင် တရုတ်နိုင်ငံဟာလည်း တိုးတက်လာမှာပဲဖြစ်တယ်။ တိုးတက်မှုကိုလိုလားတဲ့ တရုတ်အမျိုးသားတွေဟာလဲ မိသားစုအတွက်လည်း အလားတူဖန်တီးပါတယ်။ တိုးတက်ယဥ်ကျေးသော တရုတ်အမျိုးသားကြီးတွေဟာ ခေတ်မှီတိုးတက်တဲ့ သူတို့ဇနီးမယား၊ သမီးဖြစ်သူတိူ့နဲ့ လူပုံအလယ် မဏ္ဍဋ်တိုင် တက်ပြတဲ့အခါ ဒီအမျိုးသားထုကြီးကပဲ ချီးကျူးဂုဏ်ပြုခံရမှာအသေအချာပဲ။ ဒါဆို အမျိုးသားတွေရဲ့လုပ်ဆောင်ချက်ဟာ တကယ်ပဲအမျိုးသမီးထုအတွက် ရည်ရွယ်ပါသလား။ သူတို့ရဲ့ဂုဏ်ရောင်တောက်ပြောင်မှုအတွက်သာ အသုံးချကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့တစ်ကိုယ်ကောင်းဆန်တဲ့လုပ်ဆောင်ချက်တွေက အမျိုးသမီးတွေကို သူတို့ရဲ့ပုဂ္ဂလိက ပိုင်ဆိုင်မှု‌အနေနဲ့သာ သဘောထားတာကို မြင်သာစေတယ်။ တကယ်လို့ အမျိုးသမီးတွေဘဝတိုးတက်မှုဟာ သူတိူ့အတွက် အကျိုးသက်ရောက်မှုမရှိရင် အမျိုးသမီးတွေရဲ့လွတ်မြောက်ရေးအတွက် နှမ်းတစ်စေ့တောင် ဝင်ကူပေးမှာမဟုတ်ပါဘူး။ တရုတ်အမျိုးသားတွေရဲ့ အမျိုးသမီးတွေကို ပုဂ္ဂလိကပိုင်ဆိုင်မှူနဲ့သိမ်းယူခြင်းဟာ ရှေးယခင်တရူတ်လူ့အဖွဲ့အစည်းမှာ ထိန်းချုပိကန့်သတ်မှုတွေနဲ့ ပေါ်‌လွင်သိသာခဲ့တာသိပြီး အခုအချိန်မှာတော့ အနောက်ပိုင်းနိုင်ငံတွေမှာလိူ အမျိုးသမီးတွေရဲ့လွတ်မြောက်မှုအတွက် ကြိုးစမ်းအားထုတ်မှုပုံစံသစ်တစ်မျိုးနဲ့ ဖော်ပြနေပြန်ပါတယ်။

ဒုတိယအချက်အနေနဲ့ တရုတ်အမျိုးသားတွေသာ တရုတ်နိုင်ငံရဲ့စီးပွား‌ရေးကျဆင်းလာမှုနဲ့ပတ်သက်ပြီး တရုတ်အမျိုးသမီးတွေရဲ့လွတ်မြောက်ရေးကို တိုးမြှင့်လုပ်ဆောင်လာကြတာဖြစ်တယ်။ အလယ်အလတ်လူတန်းစားဟာ အိမ်ရှိအမျိုးသမီးမိသားစု‌ဝင်တွေအတွက် ထောက်ပံ့ပေးရတာ ခက်ခဲလာကြတယ်။ အမျိုးသမီးတွေကို ထိန်းချုပ်ပိတ်ပင်ထားရုံနဲ့စီးပွား‌ေရးသာ ကျဆင်းပြီး တခြားအကျိုးအမြတ်မရှိတာ သိလာကြတယ်။ ဒါကြောင့် အမျိုးသမီးတွေလွတ်လပ်မှုကို တွန်းအားပေးလုပ်ဆောင်လာကြပြီး အမျိုးသမီးတွေက စီးပွားရေးအရ သူတို့ကိုမှီခိုခြင်းဟာ သူတို့ရဲ့အဆိုးဆုံးကိစ္စပဲဆိုတာ မြင်လာကြတယ်။ အမျိုးသားတွေဟာ သူတို့ရဲ့သမီးတွေကို ကျောင်းတွေကို ပို့လာကြတယ်။ ငွေကြေးမတောင့်တင်းတဲ့မိသားစုက အမျိုးသမီးတွေသာ ချည်ထိုး၊ ပန်းထိုး၊ စက်ချုပ် စတဲ့လက်မှုအတတ်ပညာတွေလေ့လာလာကြတယ်။ ပိုအဆင်ပြေပြီးခေတ်ရှေ့ပြေးတဲ့ အမျိုးသမီးတွေကတော့ ပုံမှန်သင်ကြားရေးဘာသာရပ်တွေအပြင် ဆေးနဲ့သိပ္ပံပညာရပ်အတွက် သင်ကြားမှုတွေရကြတယ်။ အမျိုးသားတွေက အမျိုးသမီးတွေရဲ့ပညာရေးကို အားပေးတယ်ဆိုတာကလည်း သူတို့ရဲ့ကိုယ်ပိုင်အကျိုးစီးပွားအတွက်သာဖြစ်တယ်။အမျိုးသမီးတွေရဲ့ ဘွဲ့ပေါ်မူတည်ပြီး အမျိုးသမီးတွေဟာ ကျောင်းဆရာမ ၊ ကျွမ်းကျင်လုပ်သားတွေဖြစ်လာပြီး အမျိုးသား‌ေတွတာဝန်ယူရတဲ့ နေထိုင်စရိတ် ထောက်ပံ့စရာမလိုတော့ဘဲ အမှီအခိုကင်းကင်း နေနိုင်မှာဖြစ်တယ်။ ဒါ့အပြင် မိသားစုကိုပါ ပြန်လည်ထောက်ပံ့ပေးဖို့ကို ဖိအားပေးခံရပြန်တယ်။ သမီးမိန်းကလေးတွေဟာ မိသားစုဝန်ကို မျှခံလာရတယ်။ အဲ့လိုမဟုတ်ရင် မိသားစုအတွက် အဓိက ပိုက်ဆံရှာသူဖြစ်လာတယ်။ အမျိုးသားတွေက ပိုပြီးအနားယူချိန် ရရှိသွားသလို အပျော်မယား၊ ပြည့်တန်ဆာတို့အပေါ်မှာသာ ငွေကို သုံးတော့တယ်။ အဲ့လို အမျိုးသားတွေဟာ အထိန်းအကွပ်မရှိ နားနားနေနေ နေရချိန်တွေမှာ သူတို့ရဲ့သမီးတွေကိုတော့ မိသားစုတာဝန်တွေနဲ့ ခက်ခဲပင်ပန်းလာတယ်။ အမျိုးသားတွေရဲ့ အမျိုးသမီးတွေအမှီအခိုကင်းမှုကို တိုးမြှင့်လုပ်ဆောင်ပေးတယ်ဆိုတာ သူတို့အကျိုးအမြတ်ရရှိလို့သာဖြစ်တယ်။ ဒါကတော့ ဒုတိယအကြောင်းပြချက်ပဲ ဖြစ်တယ်။

တတိယမြောက်အချက်ကတော့ တရုတ်အမျိုးသားတွေဟာ မိသားစုအပေါ်တန်ဖိုးထားပြီး သူတို့ရဲ့မျိုးဆက်ကို ကြီးကြီးမားမားမျှော်လင့်တတ်ကြတယ်။ ဒါပေမယ့်လည်း သူတို့ကိုယ်တိုင်က အိမ်ထောင်မှုကိစ္စတွေနဲ့ကလေးတွေကို ပြုလုပ်ပျိုးထောင်တာမျိုးတော့ မလုပ်ချင်ကြဘူး။ အမျိုးသမီးတွေကသာ တာဝန်ယူကြရတယ်။ ဒါကြောင့်လည်း အမျိုးသမီးတွေရဲ့ပညာရေးမှာ အိမ်တွင်းစီးပွားရေးကလည်း သင်ရိုးတစ်ခုလိုသင်ကြားခံလာရတယ်။ တရုတ်နိုင်ငံရဲ့ပြန်လည်ဖွဲ့စည်းထားတဲ့ပါတီ (တော်လှန်သောမဟာမိတ်ပါတီ) ကတောင် အိမ်တွင်းမှုပညာရေးဟာ ပညာရေးအားလုံးရဲ့ အခြေခံလို့ဆိုတယ်။ ဆိုလိုတာက တိုးတက်‌တဲ့အမျိုးသမီးဟာ ခေတ်နောက်ကျကျန်နေတဲ့ အမျိုးသမီးတွေထက် အိမ်မှုကိစ္စ ပိုမိုစီမံနိုင်တယ်။ ကလေးတွေကို ပညာသင်ကြားပေး

နိုင်တယ်လို့ ဆိုလိုချင်တာဖြစ်တယ်။ အမှန်တကယ်တော့ မိသားစုဟာ အမျိုးသားတွေနဲ့သာ သက်ဆိုင်တာဆိုရင် မိသားစုကိုထိန်းသိမ်းစောင့်ရှောက်ခြင်းဟာ အမျိုးသားကို အလုပ်အကျွေးပြုရခြင်းနဲ့သာ တူသလိူ သားသမီးတွေဟာလည်း အမျိုးသားတွေနဲ့သာ ပိုလို့သက်ဆိုင်တယ်။ ဘာလို့လဲဆိုတော့ နာမည်ကင်ပွန်းတပ်တဲ့အခါ အမျိုးသားဘက်က မျိုးရိုးနာမည်သာ တပ်ကြလို့ပဲ။ ဒါကြောင့်သာ အမျိုးသားတွေဟာ သူတို့ရဲ့ကိုယ်ပိုင်အကျိုးအမြတ်အတွက်သာ အမျိုးသမီးတွေကို အသုံးချနေတာဖြစ်တယ်။ အထက်ပါ အကြောင်းအရင်းသုံးချက်လုံးက ဘာကိုဖော်ပြနေသလဲဆိုတော့ အမျိုးသားတွေက သူတိူ့ရဲ့ကိုယ်ကျိုးစီးပွားရှိလို့သာ အမျိုးသမီးတွေရဲ့ လွတ်မြောက်ရေးကို အားပေးအားမြှောက်ပြုနေခြင်းသာဖြစ်တယ်။ အမျိုးသမီးတွေကို လွတ်မြောက်စေလိုပါတယ်။ တိုးတက်ခေတ်မှီစေလိူပါတယ်၊ အမှန်တကယ်လွတ်မြောက်ဖို့ လိုလားပါတယ် လို့သာ ဆိုတာ။ အမှန်တကယ်ကတော့ အမျိုးသမီးတွေကို ပိုခက်ခဲတဲ့ဘဝနေထိုင်မှုပုံစံထဲ အတင်းသွပ်သွင်းနေတာသာဖြစ်တယ်။ ယခင်တရုတ်ရိုးရာဓလေ့ထုံးတမ်းတွေအရ အမျိုးသားတွေဟာ အမျိုးသမီးတွေရဲ့အထက်မှာရှိပြီး အမျိုးသမီးတွေဟာ ရုပ်ပိုင်းဆိုင်ရာလွတ်လပ်ခွင့်နဲ့ အားလပ်ချိန်တွေရရှိခဲ့ကြတယ်။ ယခုခေတ်သစ်လူ့အဖွဲ့အစည်းမှာတော့ အမျိုးသားတွေရဲ့ အလုပ်တွေကို အမျိုးသမီးတွေခွဲဝေယူနေရပြီး အမျိုးသမီးတွေရဲ့အားလပ်ချိန်တွေကိုတော့ လုယူလိုက်ကြပေမယ့်လည်း အမျိုးသားတွေကသာ အမျိုးသမီးတွေရဲ့ အထက်မှာရှိနေပြန်သေးတယ်။ အမျိုးသားတွေရဲ့အသုံးချခံဖြစ်နေရတဲ့ အမျိုးသမီးတွေဟာ ဘာအကြောင်းကြောင့် ပျော်ရွှင်နေရမှာလဲ။ အကြောင်းတရားကို သေချာနားမလည်တဲ့အမျိုးသမီးတွေကတော့ အမျိုးသားတွေရဲ့လွတ်မြောက်ရေးကြိုးပမ်းပေးမှုအပေါ် ဂုဏ်ဖော်ချီးကျူးကြလိမ့်မယ်။ သူတို့ဟာ မန်ချူးဖွဲ့စည်းပုံအခြေခံဉပဒေကို လေးစားလိုက်နာတဲ့သူတွေနဲ့ အတူတူပဲဖြစ်နေတယ်ဆိုတာ နားမလည်ကြလို့သာဖြစ်တယ်။ မန်ချူးတွေဟာ ဖွဲ့စည်းပုံအခြေခံဉပဒေကြမ်းတစ်ရပ်ဆွဲတယ်။ ဒါပေမယ့် နိုင်ငံရေးအာဏာကိုတော့ ပြည်သူကို လွှဲအပ်ပေးဖို့ဆန္ဒမရှိဘူး။ အဲ့လိုပဲ အမျိူးသားတွေဟာလည်း အမျိုးသမီးတွေရဲ့လွတ်မြောက်ရေးကို အားပေးတယ်။ ဒါပေမယ့် အမျိုးသမီးတွေ အာဏာရလာမှာကိုတော့ ဆန္ဒမရှိဘူး။

ကျွန်မက အမျိုးသားတွေပဲအလုပ်အကုန်လုပ်ရမယ်။ အမျိုးသမီးတွေဟာ အခွင့်အရေးကို ရသလောက်ထပ်မံတောင်းဆိုနေဖို့ကို ဆိုလိုတာလည်းမဟုတ်ဘူး။ အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်သဘောဆန္ဒနဲ့သာ သူတို့ရဲ့တာဝန်တွေကို လုပ်ဆောင်ရမယ်လို့ ဆိုလိုတာဖြစ်တယ်။ ကျွန်မအဆိုပြုရည်ညွှန်းတာက အမျိုးသမီးတွေရဲ့ အခွင့်အရေးကို အမျိုးသမီးတွေကိုယ်တိုင်တိုက်ယူရမယ်။ အမျိုးသားတွေ ခွင့်ပြုမှရလာမယ့်အခွင့်အရေးကို ရည်ညွှန်းတာ မဟုတ်တာပဲ။ အမိန့်တွေလုပ်ဆောင်ရမှာတွေကို အမျိုးသားတွေဆီက ပြန်တောင်းခံနေရရင်

ကိုယ်ပိုင်လွတ်လပ်ခွင့်ပျောက်ဆုံးနေတုန်းပဲဖြစ်တယ်။ အမျိုးသားတွေပေးတဲ့အခွင့်အရေးကို အသုံးချရတယ်ဆိုကတည်းက အမျိုးသားတွေအပေါ်မှီခိုနေရတုန်းပဲလို့ ဆိုလိုချင်တာပဲ။ အမျိုးသမီးတွေလွတ်မြောက်ရေးက အမျိုးသားတွေလက်ထဲမှာဆိုရင်တော့ အမျိုးသားတွေကသာ အဲ့အပေါ်မှာကိုယ်ကျိုးစီးပွား‌ရရှိနေမှာဖြစ်တယ်။ နောက်ဆုံးတော့ အမျိုးသမီးတွေက သူတို့ရဲ့လက်အောက်ခံအနေအထားပဲပြန်ရောက်သွားတာပဲ။ ဒါကြောင့် ကျွန်မက အမျိုးသားတွေကိုမမှီခိုဘဲ ကိုယ့်အခွင့်အရေးကိုယ်တိုက်ယူကြဖို့ ဆိုတာဖြစ်တယ်။ ယနေ့ခေတ်မှာ တရုတ်အမျိုးသမီးတွေက သူတို့ရဲ့လွတ်မြောက်ရေးအတွက် အမျိုးသားတွေကို အားကိုးနေကြတယ်။ သူတို့ကိုယ်ပိုင်သိမှုမရှိလို့သာ သွယ်ဝိုက်ပြီးအမျိုးသားတွေကို အားကိုးနေကြတာဖြစ်တယ်။ ကိုယ်ပိုင်သိမှုမရှိတော့ အမျိုးသားတွေထိန်းချုပ်တာပဲခံနေရပြီး အမျိုးသားတွေကို လေးစားဂုဏ်ပြုနေကြတုန်းပဲဖြစ်တယ်။ ရှက်စရာအလွန်ကောင်းတယ်လို့ပဲ ဆိုချင်ပါ

တော့တယ်။

အမျိုးသမီးတွေရဲ့လွတ်မြောက်ရေးခရီးမှာ သွယ်ဝိုက်လမ်းစဉ်ရဲ့ ချို့ယွင်းချက်တွေကို ကျွန်မ ပြောပြခဲ့ပြီးဖြစ်တယ်။ သေချာပေါက် လွတ်လပ်မှု၊ တန်းတူညီမျှမှုကိုလိုချင်တဲ့ ခေတ်ဟောင်းလူ့အဖွဲ့အစည်းကဖိနှိပ်မှုတွေကို လက်မခံတဲ့ အမျိုးသမီးတွေရှိနေပါတယ်။ သူတို့ရဲ့လွတ်မြောက်ရေးအတွက် သူတို့ကိုယ်တိုင်ကြိုးစားနေကြတယ်ဆိုတာ မြင်နေရပါတယ်။ သို့သော် ကျွန်မတို့ဒီထက်ပိုတဲ့အရွေ့ အားပေးမှုလိုအပ်ပါတယ်။ သူတို့အမှန်တကယ်လိုချင်တာကတော့ စစ်မှန်တဲ့လွတ်လပ်မှုနဲ့တရားမျှတမှုခေါင်းစဉ်အောက်ကနေ လိင်မှုဆန္ဒကို အနှောင်အဖွဲ့ကင်းကင်းနဲ့ ရချင်တာဖြစ်တယ်။ လွတ်လပ်ရေးဆိုတာ လိင်မှုဆန္ဒကို အနှောင်အဖွဲ့ရလိုရေးအဖြစ်လောက်သာ ကျဉ်းမြောင်းစွာ ကောက်ချက်ချလိုက်တယ်။ သူတို့နားမလည်တာက လူ့အဖွဲ့အစည်းကိုပြောင်းလဲပစ်ဖို့အာဏာမှာ အမျိုးသမီးတွေကိုယ်တိုင် ပါဝင်လာမှသာ စစ်မှန်တဲ့လွတ်မြောက်ခြင်းရရှိမှာဖြစ်တယ်။ အမျိုးသမီးတွေဟာ ချစ်ခြင်းမေတ္တာနဲ့လိင်မှုကိစ္စမှာသာ စိတ်ဝင်စားနေရင် အဲ့စိတ်ကို တခြားလိုအပ်ချက်တွေက အစားထိုးဝင်ရောက်လာပြီး လွတ်မြောက်ရေးဟာလည်း ဆုံးခန်းတိုင်မှာမဟုတ်တော့ဘူး။ အမျိုးသမီးတွေရဲ့စွဲလမ်းစိတ်က လွတ်လပ်တဲ့ချစ်ခြင်းမေတ္တာကို ရရာကနေ လာတယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ ဒါပေမယ့် အမျိုးသမီးအနည်းစုကသာ ဒီအစုထဲမှာပါတယ်။ တချို့ကတော့ စွဲဆောင်မှုကို တောင့်မခံနိုင်တော့လို့ ဘယ်

ယောကျာ်းနဲ့မဆို ဖြစ်သွားတာတွေရှိသလို တချို့ကတော့ ဖြားယောင်းသွေးဆောင်ခံရပြီး အကျင့်ပျက်သွားကြတယ်။ တချို့ကျ ငွေကြေးအတွက် ခန္ဓာကိုယ်ကို ရောင်းစားကြတယ်။ တချို့ကျ ပြည့်တန်ဆာအလုပ်ကနေ ငွေကြေးရှာကြသလို့ တချို့ကျ ချမ်းသာတဲ့အမျိုးသားတွေကို ဖြားယောင်းပြီး ငွေကြေးရှာဖွေကြတယ်။ ချမ်းသာကြွယ်ဝဖို့ ကိုယ့်သိက္ခာကို ချနင်းတာက အဆင့်မရှိဆုံးအပြုအမူသာဖြစ်တယ်။ ဒါကို လွတ်လပ်တယ်လို့ ဆိုနိုင်မလား။ ဒါ့အပြင် လွတ်မြောက်ခြင်း ဆိုတဲ့ဝေါဟာရက အကျဉ်းကျခံရမှုမှ လွတ်မြောက်ခြင်းဆိုတဲ့ အယူအဆက လာတာဖြစ်တယ်။ ဒါဆို ပြည့်တန်ဆာနဲ့ လွတ်လပ်တဲ့အမျိုးသမီးကြား အမှန်တကယ်လွတ်မြောက်မှုဆိုတဲ့ဝေါဟာရကိုရောက်ဖို့ ဘယ်လိုချိတ်ဆက်ကြမလဲ။ တကယ်တော့ လိင်မှုဆန္ဒအတွက် လွတ်မြောက်ရေးဆိုတာကို အဓိပ္ပာယ်လွဲမှားကောက်ယူထားလို့သာ ဖြစ်တယ်။ ဒါကြောင့်လည်း သူတိူ့ဟာ တန်ဖိုးနိမ့်ပြည်တန်ဆာသာဖြစ်တယ်ဆိုတဲ့အချက်ကို အမှန်တကယ်နားမလည်တာ ဖြစ်တယ်။

ယနေ့ခေတ်မှာ လူဖြူအမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာတရားမမျှတမှုရဲ့ ချို့ယွင်းချက်တွေကို သိလာကြပြီး ဒီတရားမမျှတမှုကနေ ဘက်မညီတဲ့စီမံခန့်ခွဲမှုတွေကို သိလာကြတယ်။ ဒါကြောင့် အမျိုးသမီးတွေ မဲပေးပိုင်ခွင့်အတွက် ကြိုးပမ်းဖို့ အစုအဖွဲ့တွေလုပ်လာကြတယ်။

အမျိုးသမီးအများစုဟာ အစိုးရအပြင် အမျိုးသားတွေရဲ့ ဖိနှိပ်မှုပါ ခံရတာဖြစ်တယ်။ ရွေးကောက်ပွဲစနစ်မှာလည်း အမျိုးသမီးထုကို နောက်တစ်ဆင့် ဖိနှိပ်မှုပြုဖို့ တတိယအုပ်စုလို့ဆိုရမယ့် အခွင့်ထူးခံ ဓနရှင်အမျိုးသမီးတွေကို ပွဲထုတ်လာကြပြီ။ အမျိုးသမီးတွေအပေါ် ဖိနှိပ်မှုတွေကမပြောင်းလဲပေမဲ့ အမျိုးသမီး‌အများစုဟာ လူနည်းစုဓနရှင် အမျိုးသမီး(elite)တွေရဲ့ အသုံးချခံရပြန်တယ်။

အာဏာရှိတဲ့အမျိုးသမီးအနည်းစုက အမျိုးသမီးအများစုအပေါ်ထိန်းချုပ်လာတဲ့အခါ လူတန်းစားကွာဟမှုပြဿနာပါ ဖြစ်တည်လာတယ်။ အမျိုးသမီးထုဟာ အမျိုးသား‌ေတွရဲ့ လွှမ်းမိုးမှုကို မခံချင်ရင် ဘာကြောင့်အမျိုးသမီးတွေရဲ့ ထိန်းချုပ်မှုကိုပါ လက်ခံပေးရမှာလဲ။ ဒါကြောင့် ပါဝါအာဏာအတွက် အမျိုးသားတွေကို ယှဉ်ပြိုင်တိုက်ခိုက်မယ့်အစား အမျိုးသားတွေထုတ်ထားတဲ့စည်းမျဉ်းဉပဒေသတွေကို တိုက်ထုတ်သင့်တယ်။ အမျိုးသားတွေ အခွင့်ထူးခံရတာမရှိတော့ရင် အမျိုးသမီးတွေအတွက် တန်းတူညီမျှမှုရှိလာမှာပဲ။ ဒီလိုဆို ဖိနှိပ်ခံအမျိုးသမီးလည်းမရှိတော့သလို

ဖိနှိပ်ခံအမျိုးသားဆိုတာလည်း ရှိမှာမဟုတ်တော့ဘူး။ ဒါကသာ အမျိုးသမီးတွေရဲ့ လွတ်မြောက်ရေးဖြစ်တယ်။ ဒါကသာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှု (radical reform)

ဖြစ်တယ်။ ဘာကြောင့် လက်ရှိလွှတ်တော်စနစ်နဲ့ မဲပေးခွင့်လှုပ်ရှားမှုကို အဆုံးသောရည်မှန်းချက်အဖြစ် တင့်တိမ်လက်ခံကြမလဲ။ နိုင်ငံရေးအမြတ်ထုတ်လိုတဲ့ အမျိုးသမီးတွေပဲ ဒီအစိုးရစနစ်ထဲဝင်ပြီး ဒီအစိုးရကို

မျိုးဖြုတ်ပစ်နိုင်လိမ့်မယ်လို့ အထင်ရောက်နေတာဖြစ်လိမ့်မယ်။