#title ဓလေ့ထုံးစံများကို ပုတ်ခတ်သူ #subtitle ဝို(လ်)ဖီ လန်းစတရိုက်ရှာ၏ သူပုန်တစ်ယောက်၏ ရင့်သော ရယ်သံ၊ ဘရူနို ဖိလိပေ၏ စာစုများ။ #author Ko Min Sein (ကိုမင်းစိန်) #LISTtitle ဓ #uid ဓလေ့ထုံးစံများကို ပုတ်ခတ်သူ #source https://theanarchistlibrary.org/library/bruno-filippi-the-rebel-s-dark-laughter-the-writings-of-bruno-filippi#toc10 - translated by Ko Min Sein #lang en #pubdate 2026-02-08T06:01:25.459Z #topics egoism, nihilism, #language Burmese ဟုတ်တယ် သဲလေး၊ မင်းအတွက်ထိတ်လန့်မှုနဲ့ ပြည့်နက်သွားစေမယ့် ဒုစရိုက်သမားတွေမှာပဲ ရှိတယ်လို့ လူတွေပြောတဲ့ ပြစ်မှုတစ်ခု ငါကျူးလွန်မိပြီ။ င့ါရဲ့ထုံးစံအတိုင်းဖြစ်တဲ့ မထီမဲ့မြင်ပြီး မျက်နှာပြောင်တိုက်တဲ့ စိတ်နဲ့မင်းကို ငါဝန်ခံမယ်။ ငါပြောမယ်၊ ဟိုတနေ့ညက ငါဂျူတီကျတဲ့အချိန် ခွေးခြေခုံလေးမှာ ထိုင်နေရင်း ထူးထူးဆန်းဆန်း စစ်တန်းလျားရဲ့ နံရံက မီးရောင်မှိန်နေတဲ့ မီးအိမ်ကို သတိမဲ့မဲ့နဲ့ ငါငေးကြည့်နေတုန်း မင်းအကြောင်း ငါတွေးမိတယ်။ ပင်လယ်လို လေးနက်ပြီး လွမ်းဖို့ကောင်းတဲ့ အတိတ်ကို ပြန်စူးစမ်းနေတုန်း ခဏကြာတော့ အမှတ်မထင်သက်ပြင်းချလိုက်တယ်။ မင်းရဲ့ဓာတ်ပုံကို ပိုက်ဆံအိတ်ထဲကထုတ်ပြီး ငေးကြည့်နေပြီး ငါ့ရဲ့မျက်လုံးနဲ့ အတွေးတွေက ချိုသာတဲ့အကြောင်းလေးတွေ ပြောမိတယ်။ အဲ့ဒီ့အချိန်မှာ မင်းကို လှမ်းခေါ်လိုက်ပြီး မင်းသာရောက်လာခဲ့ရင် သေချာပေါက် ဒီပြစ်မှုကို ငါကျူးလွန်မိမှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းရောက်မလာခဲ့ဘူး။ စစ်တန်းလျားက သာမန်လူတွေရဲ့ ဟောက်သံနဲ့ လမ်းပေါ်မှာ စည်းချက်ညီညီ ကင်းလှည့်နေတဲ့ ခြေသံတွေကို ကြားရတဲ့အချိန်မှာ ရေခဲရေနဲ့ အပတ်ခံလိုက်ရသလိုပဲ။ ငါလေးလေးနက်နက် စဥ်းစားနေတာကို ရပ်လိုက်တယ်။ ငါဆေးလိပ်မီးညှိနေတုန်း မင်းအပေါ် အကြောင်းမရှိဘဲ ရက်စက်ယုတ်မာပြီး ပြင်းထန်တဲ့ မုန်းတီးမှုကို ငါရုတ်တရက် ခံစားမိတယ်။ ရိုင်းစိုင်းပြီး မနှစ်လို့ဖွယ်ကောင်းတဲ့ အတွေးတွေက ခုနက ပေါက်ကွဲမှုနောက်မှာ ပေါ်ပေါက်လာတယ်။ စိတ်လှုပ်ရှားစွာ ဆေးလိပ်သောက်နေတုန်း ငါတို့နှစ်ယောက်ရဲ့ အားတက်ဖို့ ကောင်းတဲ့ စိတ်ကူးယဥ် အိမ်မက်တွေကို သက်ညှာမှုမရှိဘဲ ဖျက်စီးပစ်လိုက်တယ်။ ထွီ၊ အဖြူရောင်တစ်ထပ်အိမ်လေး၊ ညနေပိုင်းမှာ အပြန်လာကိုစောင့်နေတဲ့ သစ္စာရှိတဲ့ ဇနီးလေး၊ ဘယ်လောက် အထက်တန်းစားဆန်လိုက်လဲ။ ရိုးအီဖို့ကောင်းလိုက်တာ။ ဒါကသစ္စာ ဟုတ်လား။ ခမ်းနားကြီးကျယ်တဲ့ စကားလုံးတစ်လုံးပဲ။ ဒီကာလမှာ ဘယ်သူက သစ္စာရှိလို့လဲ။ ဒီကာလမှာ သစ္စာဆိုတာ စိတ်ရဲ့လှည့်စားမှုတွေကို မသိချင်ယောင်ဆောင်ဖို့ လူတွေက လိမ်ညာမှုတွေကို သိသိကြီးနဲ့ လက်ခံနေကြတာ။ မနာလိုမှုဆိုတာ ရှိပါတယ်။ သူ့ရဲ့ သစ္စာရှိကြောင်းကို အသည်းအသန် အတည်ပြုမှုက ငါ့ဘာသာငါမနေရပဲ သူ့ဒရာမာတွေကြားထဲ ဆွဲထည့်တဲ့အတွက် ငါစိတ်ကသိကအောက်ဖြစ်တယ်။ သို့သော်ငြားလည်း ငါ့ကိုဒရာမာတွေလာမချိုးနဲ့လို့ပြောပြီး မိုက်မိုက်မဲမဲ သူ့ကို လက်လွှတ်လိုက်တယ်။ နောက်တော့ ငါ့ကိုဖက်ရှင်အကြောင်းတွေပဲ တစ်ချိန်လုံးပြောပြတယ်။ ဦးထုပ်တွေ၊ ဖဲကြိုးတွေ၊ ဖဲပြားတွေ။ ပျင်းဖို့ကောင်းလိုက်တာ။ ဒါက အပြောင်းအလဲလွယ်တယ်ဆိုတာ ပြတ်ပြတ်သားသား ပြတဲ့လက္ခဏာတွေပဲ။ အဆုံးမှာ သူငါ့ကို တကယ်ချစ်ခဲ့တာလား။ မိန်းမတစ်ယောက်က ချစ်တတ်တယ်ဆိုတာ သေချာပေါက် ပြောလို့ရလား။ သူ့ရဲ့ သူငယ်ချင်းတွေကို "သူကဘယ်သူဘယ်ဝါပါ" "သူကနာမည်ကြီးတဲ့သူပါ" "သူကငါ့ကိုအရမ်းချစ်တာ" ဆိုတဲ့ ရည်မှန်းချက်တွေကြောင့် ပဲဖြစ်နိုင်မှာပါ။ မိန်းမတွေကြားထဲမှာ တချိန်လုံးတွေ့နေရတဲ့ သဘာဝဖြစ်စဥ်ပဲ။ ငါ အဲဒါတွေကို အကြိမ်းပေါင်းများစွာ တွေ့ဖူးနေပြီပဲ မဟုတ်လား။ အဲ့တာဆို အဲ့ဒီ ပြင်းထန်တဲ့ ချစ်ခြင်းမေတ္တာတွေ၊ ငါ့ကိုရစ်ပတ်ထားတဲ့ မြတ်နိုးမှုတွေက ဟန်ဆောင်မှုတွေပဲ ဖြစ်မယ်။ သူ့ကို သေစေချင်လားလို့ ငါ့ကိုမေးတဲ့ မေးခွန်းတွေကို စဥ်းစားကြည့်၊ ဟာသပဲ။ သူ့ရဲ့ ဇာတ်လမ်းဆန်တဲ့ စကားတွေကို ယုံမယ့် ငတုံးငအကောင်လို့ ငါ့ကိုသတ်မှတ်ထားတာလား။ ဆေးလိပ်ဖင်စည် ငါ့လက်ကို လောင်လာတော့ ဒေါသထွက်ထွက်နဲ့ လွှတ်ပြစ်ပြီး လမ်းထွက်လျှောက်လိုက်တယ်။ ဟုတ်တယ်၊ ဟုတ်တယ်။ မိန်းမတစ်ယောက်ရဲ့ ခြေထောက်အောက်မှာ မနေဘဲ အဆုံးသတ်လိုက်ပြီး တစ်ယောက်ထဲနေတာက ပိုကောင်းတယ်ဆိုတာကို သံသယဖြစ်နေစရာမလိုဘူး။ လွတ်လပ်ပြီ၊ လွတ်လပ်ပြီ။ ငါ့ရဲ့စိတ် ကျွန်ပြုခံနေရတာကို ငါပျင်းလာပြီ။ ငါ ဓာတ်ပုံကို မီးညှိပြီး ရှို့လိုက်တယ်။ တဖြည်းဖြည်းလောင်ကျွမ်းပြီး ပုံဖော်လို့မရတဲ့ ပြာပုံဖြစ်သွားတဲ့ အထိ ငါကြည့်နေတယ်။ ငါတက်နင်းပြီးတော့ ရယ်လိုက်တယ်။ ဆန့်ငင်ဆန့်ငင်နဲ့ ရယ်ပစ်လိုက်တယ်။ စစ်တန်းလျားကတော့ဟောက်နေဆဲ။ တစ်ယောက်ယောက်ကတော့ အိမ်မက်မက်ရင်း ထယောင်တယ် "ဟေ့ ဆိုင်ရှင်၊ ငါသောက်ဖို့ ဘာပေးမှာလဲ။"