Thiha JP

အနာခီ နိဒါန်း

10-10-2016

[အနာခီ နိဒါန်း]

ကျနော်တို့လူသားတွေဟာ ကိုယ့်ယုံကြည် သက်ဝင်တဲ့ ဘာသာရေး နိုင်ငံရေး အယူအဆတွေကို ပြီးပြည့်စုံတဲ့ အစစ်အမှန်တရားအဖြစ် ဗဟိုထားကာ ခံယူကျင့်သုံးကြတယ်။ ဒါဟာ အခြေခံ ဒဿနအမှားကို ကျူးလွန်ခဲ့ကြတာ ဖြစ်တယ်။ ကိုယ်ယုံကြည်တဲ့ စနစ်တွေကို ဗဟိုပြု ဦးတည်ပြီး တည်ဆောက်ခဲ့ကြတဲ့အတွက် လူသားရဲ့ ဘဝ၊ ခံစားမှု၊ အသိ၊ ပျော်ရွှင်ချမ်းမြေ့မှုတို့ကို ထိုစနစ်တွေအရှေ့မှာ ပူဇော်ခဲ့ကြတယ်..။ လက်ရှိ စစ်မှန်တဲ့ ပစ္စုန်ပ္ပန်ဘဝကို လျစ်လျူရှုပြီး ကိုယ်ခံယူထားတဲ့ အနာဂတ်ကာလတွင် ဖြစ်မယ့် စိတ်ကူးယဉ် သဘောတရားများကို ဦးထိပ်ပန်ဆင်ခဲ့ကြတယ်..။
ဘာသာရေး နိုင်ငံရေး သဘောတရား ပုံစံစနစ်အတိုင်း လူသားဟာ ပြုမူလုပ်ရှားရမယ်လို့ တရားေ သခံယူခဲ့ကြပြီး လူသားရဲ့ ပုဂ္ဂလိကဖြစ်တည်မှုကို စတေးပစ်ခဲ့ကြတယ်..။ လူသားဟာ ကိုယ် ယုံကြည်ရာ ဘာသာရေး နိုင်ငံရေးအတွက် အသေခံရန် အထိ အဆင်သင့်ဖြစ်ခဲ့တယ်။ ကိုယ့် အယူအဆက အမှန်လို့ သတ်မှတ်လိုက်ခြင်းကြောင့် ဘာသာရေး နိုင်ငံရေး အယူအဆ မတူ သူတွေ ကြားမှာလည်း ပဋိပက္ခ ဖြစ်လာလေ့ရှိတယ်။

ဒါပေမယ့် ဘာသာရေး နိုင်ငံရေးကတော့ အဲဒီအကြင်လူသားအတွက် လက်တွေ့မှာ ကျေနပ်မှုအဆင့် တောင် ပြန်လည် မပေးဆောင်နိုင်ခဲ့ပါဘူး။ တိုးတတ်ပြီး ပျော်ရွှင်ချမ်းမြေ့စရာ လူသားဆန်တဲ့ လူ့ အဖွဲ့အစည်း ဖြစ်ပေါ်အောင် နိုင်ငံရေးနဲ့ ဘာသာရေးက ဖြည့်ဆည်းပေးရမှာဖြစ်ပေမယ့် လက်တွေ့မှာ နိုင်ငံရေးနဲ့ ဘာသာရေးတွေဟာ သူတို့စနစ်တွေ လည်ပတ် အားကောင်းဖို့အတွက် လူသားဟာ အသုံးချခံ သားကောင်အဖြစ် ယန္တရားအဖြစ် ရောက်နေရရှာပါတယ်။ ဘာသာရေး နိုင်ငံရေးဟာ လူသားကို အလုပ်အကျွေးပြုရမှာဖြစ်တယ်။ လူသားက ဘာသာရေး နိုင်ငံရေး စနစ်တွေအားကောင်းဖို့ အသုံးချခံဖြစ်နေပြီဆိုရင်တော့ ပြောင်းလဲပစ်ရန် အကြင်လူသားတို့ နိုးထကြပါတော့။ အနာဂတ်ရဲ့မက်လုံးတွေနဲ့ မြူစွယ်ထားတဲ့ နိုင်ငံရေး ဘာသာရေးစနစ်တွေကြားမှာ အိပ်မပျော်နေပါနဲ့တော့..။ ပစ္စုန်ပ္ပန်ကို မျက်မှောက်ပြုပြီး စစ်မှန်တဲ့လူသားဘဝပြန်ရဖို့ လူသားအားလုံးနဲ့ သက်ဆိုင်တဲ့ တန်ဖိုးအသစ်များ နှုန်းစံအသစ်များကို ဖန်တီးကြိုးစားကြရန် အချိန်တန်နေပါပြီ။


https://www.facebook.com/share/N3fdtHTEUbfYeAf5/