#title စက်ဝိုင်းပုံစံ အနာခီ
#author Thiha JP
#date 03-11-2017
#source https://www.facebook.com/share/p/qhqc9HZqvB6JGZM6/
#lang mya
#pubdate 2024-08-10T02:25:40
#topics anarcho-primitivism, green anarchism
#language Burmese
သမိုင်းဦးဘုံမြေကာလတုန်းက လူသားတွေဟာ အမဲလိုက်ခြင်း နဲ့ သဘာဝအလျောက် သီးပွ့င့်နေတာတွေကို ခူးယူစားသောက်ကြပြီး အသက်မွေးခဲ့ကြတယ်။ အဲတုန်းက လူသားဟာ နေစရာစားစရာတွေကို အတူမျှဝေနေထိုင်စားသောက်ကြသလို အရေးအကြောင်းပေါ်လာရင်လည်း စုပေါင်းကာကွယ်ကြတယ်။ အဲခေတ်ဘုံမြေစနစ်ဟာ နှစ်ပေါင်းထောင်သောင်းကြာပြီးတဲ့နောက် လယ်ယာစိုက်ပျိုးရေး၊ တိရစ္ဆာန်မွေးမြူရေးများ ပြုလုပ်တတ်လာတာနဲ့အမျှ ပုဂ္ဂလိကပိုင်ဆိုင်မှုကလည်း တွဲလျက်ပေါ်ပေါက်လာခဲ့တယ်။ ပုဂ္ဂလိကပိုင်ဆိုင်မှုမှာ လယ်မြေ၊ တိရစ္ဆာန်အပြင် လူသားတွေကိုပါ ပုဂ္ဂလိကပိုင်ပြုလာတဲ့ ကျေးကျွန်စနစ်ဟာ မြေရှင်ပဒေသရာဇ်စနစ်နဲ့အတူ ဖြစ်ထွန်းလာခဲ့တယ်။
အဲကျေးပိုင် မြေပိုင် ပဒေသရာဇ်စနစ်ဟာ နှစ်ပေါင်းထောင်သောင်းကြာပြီးနောက် တီထွင်တိုးတတ်မှုတွေနဲ့အတူ စက်ရုံအလုပ်ရုံများပေါ်ပေါက်လာပြီး အရင်းရှင်စနစ် ဖြစ်ပေါ်လာရတယ်။ သမိုင်းအမြင်အရ သမိုင်းဦးဘုံမြေစနစ်၊ ပဒေသရာဇ်စနစ်၊ အရင်းရှင်စနစ်ဟူပြီး လူ့အဖွဲ့အစည်းကို သုံးပိုင်းခွဲခြားထာတာ ဖြစ်ကြောင်း အားလုံးသိပြီးဖြစ်ပါတယ်။ အဲလူ့အဖွဲ့အစည်းစနစ်တိုင်းမှာ အောက်ခြေသာမန်လူတန်းစား၊ မူးမတ် ဘာသာရေးခေါင်းဆောင် ကြွယ်ဝချမ်းသာသူစတဲ့ အလယ်အလတ်လူတန်းစား၊ အုပ်ချုပ်သူအာဏာရှိလူတန်းစား ဟူပြီး အလွှာသုံးခုတွေ့ရပါတယ်။ သမိုင်းဦးဘုံမြေမှာ လူတွေဟာ တူရာအစုကလေးများအဖြစ် စုပေါင်းကာကွယ်စားသောက်ရှင်သန်ကြပြီး စိုက်ပျိုးမွေးမြူျရးလုပ်တတ်လာတဲ့အခါ ပုဂ္ဂလိကပိုင်ဆိုင်မှုဖြစ်လာရတာကြောင့် ပဒေသရာဇ်စနစ်အဖြစ် ပြောင်းလဲလာတာ ဖြစ်ကြောင်း တွေ့ရပါတယ်။
သမိုင်းဦးဘုံမြေစနစ်ရဲ့ လူအဖွဲ့အစည်းဟာ သေးငယ်လှသလို ဘုံအဖွဲ့အစည်းမျိုးဖြစ်တာမို့ သူ့လူ့အဖွဲ့စည်းတည်ဆောက်မှုဟာ မျဉ်းတန်းသဘော ညီမျှမှုပုံစံရှိခဲ့တယ်။ မျဉ်းတန်းသဘောဖြစ်နေတာမို့ သာမန်မုဆိုး၊ နတ်ဆရာ၊ လူမျိုးစုခေါင်းဆောင်များဟာ ကွာဟမနေကြောင်း တွေ့ရပါတယ် ။
ပဒေသရာဇ်စနစ်ရဲ့ လူ့အဖွဲ့အစည်းဟာ ပုဂ္ဂလိကပိုင်ဆိုင်မှုအပေါ်အခြေခံပြီး ကြီးထွားလာတဲ့အခါ အာဏာအဖွဲ့အစည်းလည်းဖြစ်ရတာမို့ သူ့လူ့အဖွဲ့အစည်းတည်ဆောက်မှုဟာ အောက်ခြေမှာလူအများစုရှိပြီး အပေါ်ရောက်လေလူနည်းသွားလေဖြစ်ကာ ထိပ်ဆုံးမှာတစ်ဦးတစ်ယောက်တည်း ဖြစ်နေတဲ့ ပိရမစ်ပုံစံရှိနေတာ ဖြစ်တယ်။ ပဒေသရာဇ်စနစ်မှာ အာဏာကြီးလေ ပုဂ္ဂလိကပိုင်ဆိုင်မှုများလေဖြစ်တာမို့ အာဏာဟာ စနစ်တခုလုံးရဲ့ အသက်သွေးကြော ဖြစ်နေတာ တွေ့ရပါတယ်။ ပဒေသရာဇ်စနစ်မှာ ထိပ်ဆုံးကဘုရင်ကသခင်ဖြစ်ပြီး အောက်ခြေလူအားလုံးဟာ ဘုရင့်ရဲ့ကျွန်ဖြစ်ရခြင်းကြောင့် အရမ်းကွာဟနေကြောင်းတွေ့ရပါတယ်။
ကုန်သွယ်ရေးအတွက်ရေကြောင်းလမ်း တွေ့ရှိမှု၊ လူသုံးကုန်ပစ္စည်းများ တီထွင်ဖန်တီးနိုင်မှု တွေကို လူလတ်တန်းစား ငွေကြေးချမ်းသာသူတွေ ပြုလုပ်ပိုင်ဆိုင်နိုင်လာတဲ့အခါ ကုန်ကြမ်းလိုအပ်ချက် ဈေးကွက်လိုအပ်မှုတို့နဲ့အတူ အရင်းရှင်စနစ်ဟာ ကိုလိုနီပြုလုပ်ရင်း တိုးတတ်ဖြစ်ထွန်းလာပါတယ်။ ဒါကြောင့် အရင်းရှင်ခေတ်အစောပိုင်းမှာ အာဏာကိုအခြေခံထားတဲ့ မြေရှင်ပဒေသရာဇ်တွေကိုပံပိုးရင်း လူလတ်တန်းစားဘူဇွာတွေဟာ အခွင့်အရေးတွေအသုံးချကာ အရင်းရှင်စနစ်အုတ်မြစ်ကို ချနိုင်ခဲ့ကြောင်း တွေ့ရပါတယ်။ အရင်းရှင်စနစ်အခြေကျလာတဲ့အခါ ပဒေသရာဇ်အာဏာဟာ ပျက်သုန်းပြီးသားဖြစ်သွားပြီး အရင်းရှင်စနစ်ကို အပြည့်အဝထောက်ပံကူညီပေးနိုင်တဲ့ အရပ်သားအုပ်ချုပ်ရေးစနစ်ကို မွေးထုတ်လိုက်ပါတယ်။
အရပ်သားအုပ်ချုပ်ရေးရဲ့ အရင်းရှင်စနစ်ဟာလည်း ပုဂ္ဂလိကပိုင်ဆိုင်မှုအပေါ် ငွေကြေးဖြင့် တည်ဆောက်ထားတာမို့ ငွေကြေးပိုင်ဆိုင်မှုအများဆုံး ဖြစ်တဲ့အရင်းရှင်လူတန်းစားတွေသာ အားကောင်းအသာစီးယူထားတဲ့ ဒိုင်းမွန်းစိန်ပုံစံဖြစ်လာတာ ဖြစ်တယ်။
အရင်းရှင်စနစ်ဟာ ထိပ်ကအုပ်ချုပ်သူတွေကို အသုံးချပြီး အောက်ခြေလူတန်းစားကိုလည်း လုပ်အားရောင်းစားသူ၊ စားသုံးသူဖြစ်အောင် ဂုတ်သွေးစုပ် အမြတ်ထုတ်ကာ ဆင်းရဲချမ်းသာကွာဟမှု ချောက်ကမ်းပါးကို ပိုနက်ရှိုင်းလာစေတာ တွေ့ရပါတယ်။ ဒါကြောင့် လူအဖွဲ့အစည်း တိုးတတ်မှုဖြစ်စဉ်ကို သုံးသပ်တဲ့အခါ သမိုင်းဦးဘုံမြေစနစ်မှာ လူတန်းစားကွာဟမှုမရှိတာတွေ့ရပါတယ်။ အဲနောက် ပုဂ္ဂလိကပိုင်ဆိုင်မှုနဲ့အတူ ထိပ်ဆုံးကအုပ်ချုပ်သူလူတန်းစားက လူ့အဖွဲ့အစည်းကိုအာဏာပုံစံဖြင့် လွှမ်းမိုးလာတာ တွေ့ရပါတယ်။ ထိပ်ဆုံးအုပ်ချုပ်သူလူတန်းစား လွှမ်းမိုးပြီးနောက် အလယ်အလတ်လူတန်းစားတွေက လူ့အဖွဲ့စည်းကို ငွေကြေးဖြင့် လွှမ်းမိုးလာတာ တွေ့ရပါတယ်။ အလယ်အလတ်လူတန်းစား လွှမ်းမိုးပြီးနောက် လူ့အဖွဲ့အစည်းတိုးတတ်မှု သမိုင်းအရ အောက်ခြေလူတန်းစားတွေ လွှမ်းမိုးရမယ့် အလှည့်ဟာ သီအိုရီအရကို ကလံဒါကျဖြစ်နေတာမို့ ကားလ်မက်စ်တို့က စနစ်တကျ ဟောကိန်းထုတ်တာ ဖြစ်ပါလိမ့်မယ်။
စာရေးသူ ကျနော့်အမြင်ကတော့ မျဉ်းတန်းသမိုင်းဦးဘုံမြေစနစ် ပြီးနောက် ပိရမစ်ပဒေသရာဇ်စနစ် ဖြစ်ထွန်းခဲ့တယ်။ ပိရမစ်ပြီးနောက် ဒိုင်းမွန်းပုံအရင်းရှင်စနစ် ပေါ်ထွက်လာတယ်။ အလယ်နှစ်ဖက်ချွန် ဒိုင်းမွန်းပုံ ပြီးတဲ့နောက် ဖြစ်ပေါ်လာမယ့် အနီးဆုံးပုံစံက လူတန်းစားအလွှာသုံးလွှာလုံး ဘယ်သူကဘယ်သူ့အပေါ်မှ မလွှမ်းမိုးတော့မယ့် စက်ဝိုင်းပုံစံ အနာခီအဖြစ် တိုးတတ်ပြောင်းလဲသွားဖို့ အရိုးသားဆုံး မျှော်လင့်မိပါတယ် ခင်ဗျာ။