Title: အီမာဂိုလ်းမန်း၏ လူနည်းစုနှင့်လူများစု
Author: Emma Goldmen
Topic: individualism
Language: Burmese
Notes: Translated from Emma Goldmen 's Miniority vs Majority 1917 from Marxist Archive by Azathot (Wa Kha Mount Collective)

ယနေ့ပစ္စုပ္ပန်ရဲ့အရွေ့ကိုအကျဉ်းချုံးဖော်ပြပါဆိုရင် “အရေအတွက်” ဆိုပြီးကျွန်ုပ်တင်ပြပါမယ်။ လူအုပ်ကြီးနဲ့ အုပ်စုစိတ်ကနေရာတကာလွှမ်းမိုးလျက်ရှိပြီး အရည်အသွေးကိုဖျက်စီးလျက်ရှိနေတယ်။ ကျွန်ုပ်တို့ရဲ့ဘဝတစ်ခုလုံး (ကုန် ထုတ်လုပ်ရေး၊နိုင်ငံရေးနဲ့ပညာရေးမှာပါ) အရေအတွက်၊ကိန်းဂဏန်းအပေါ်အခြေပြုနေတယ်။ တစ်ချိန်ကလုပ်သားတစ် ယောက်ဟာသူ့ထုတ်ကုန်ရဲ့လက်ရာနဲ့အရည်အသွေးအပေါ်ဂုဏ်ယူခဲ့ရတယ်။ ယခုချိန်မှာတော့ အဲဒီအစားစွမ်းဆောင်ရည် ညံ့ဖျင်းတဲ့ ဦးနှောက်မဲ့စက်ယန္တရားတွေထုတ်လုပ်လိုက်တဲ့ သူ့အတွက်လည်းအဖိုးမတန်၊ ကျန်တဲ့လူသားတွေအတွက် လည်းဘေးဖြစ်စေတဲ့ အရေအတွက်များပြားလှတဲ့အရာဝတ္ထုတွေက နေရာဝင်ယူနေပါတယ်။ ဒီလိုနဲ့အရေအတွက် ကြောင့် လူတွေရဲ့ဘဝတွေသက်တောင့်သက်သာနဲ့ငြိမ်းချမ်းရမယ့်အစား ဝန်ပိုထုပ်ပိုးပဲဖြစ်လာစေတယ်။

နိုင်ငံရေးမှာဆိုလည်းအရေအတွက်ကအရာရာကိုဆုံးဖြတ်ပါတယ်။သူ့ရဲ့တိုးတက်မှုနှုန်းနဲ့အချိုးချကြည့်ရင်လည်း ”မူဝါဒ၊စိတ်ကူးစံ၊တရားမျှတမှုနဲ့ဖြောင့်မတ်မှု” တို့ဟာကိန်းဂဏန်းတွေကြားထဲမှာပဲနှစ်မြှုပ်နေရတယ်။ အထွဋ်အထိပ်ကို ရောက်ဖို့အတွက် နိုင်ငံရေးပါတီတွေက အချင်းချင်းကလိန်ကျအကောက်ကြံကျိတ်ပုန်းခုတ်လို့သာနေကြတယ်။ နိုင်တဲ့ သူကို အများစုလူအုပ်ကြီးကကောင်းချီးဩဘာနဲ့ကြိုဆိုဂုဏ်ပြုလိမ့်မယ်ဆိုပြီး အပ်ချမတ်ချယုံကြည်နေကြလေသတဲ့။ အောင်မြင်မှုကတစ်ဆူတည်းသောဘုရားပါပဲ၊ ဘာတွေရင်းရသလဲဆိုတာကတော့အရေးမကြီးဘူး။ အဲဒီလိုကြေကွဲစရာ အဖြစ်ကိုသက်သေပြဖို့အတွက်လည်း ရှည်ရှည်ဝေးဝေးလိုက်ရှာနေစရာမလိုပါဘူး။ ပုပ်အဲ့ပြီးခြစားနေတဲ့အစိုးရရဲ့ သရုပ် မှန်ဟာလည်းဘယ်တုန်းကမှခုလောက်ထိမပေါ်လွင်ခဲ့ဖူးဘူး။ အမေရိကန်လူမျိုးတွေတစ်ခါမှမကြုံဖူးသေးတဲ့ ယောဒ (Ju das) လိုသစ္စာဖောက်တတ်တဲ့သဘာဝရှိတဲ့ နိုင်ငံရေးမျိုးကို စင်းလုံးချောပါဆိုပြီး နှစ်တွေအများကြီးတိုင်အောင်ပြောခဲ့ ကြတယ်။ လူတွေရဲ့အခွင့်အရေးနဲ့လွတ်လပ်မှုတို့ရဲ့ ကာကွယ်သူစစ်စစ်ပါလို့ဆိုတဲ့ အင်စတီကျူးရှင်းကြီးရဲ့ မပါမဖြစ် အစိတ်အပိုင်းကြီးပါပဲ။

တကယ်လို့များပါတီရဲ့အပုပ်နံ့ကတော်တော်ထွက်နေပြီးမျက်ကန်းကတောင်သူတို့ရဲ့ပြစ်မှုကိုမြင်ရနေရပြီဆိုရင်နောက်လိုက်တပည့်တပန်းလေးတွေကိုထိုးကျွေးအကွက်ရွေ့လိုက်ယုံနဲ့ထိပ်ဆုံးကထိုင်ခုံကိုထိန်းနိုင်သွားပြီ။ဒါကြောင့်မို့လို့လည်းလူတွေကဒီလောက်ထိအကြိမ်ကြိမ်အခါခါအလိမ်ခံရ၊သစ္စာဖောက်ခံရ၊နာကြည်းရတာတောင်မှအောင်နိုင်သူကိုဆန့်ကျင်ဖို့ထက်ထောက်ခံဖို့ကိုပဲဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်။

လူအနည်းငယ်ကတော့ဦးနှောက်ခြောက်ပြီးမေးကြလေရဲ့၊၊ လူများစုဟာဘာကြောင့်များအမေရိကန်ရဲ့လွတ်လပ် ခွင့်အစဉ်အလာကိုသစ္စာဖောက်နိုင်ရတာလဲ? လူများစုမှာဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိကြဘူးလား? ကျိုးကြောင်းဆင်ခြင်နိုင် စွမ်းမရှိကြဘူးလား?။ ပင်ကိုယ်ဥာဏ်နဲ့ကိုယ်ကျင့်သတ္တိလုံးဝကင်းမဲ့နေတဲ့လူများစုဟာ သူတို့ရဲ့ကံကြမ္မာကိုအခြားသူရဲ့ လက်ထဲပုံအပ်လေ့ရှိကြတယ်။ တာဝန်ယူနိုင်စွမ်းမရှိလို့သူတို့ရဲ့ခေါင်းဆောင်နောက်ကို ပျက်စီးသည်အထိတိုင်အောင် တကောက်ကောက်လိုက်ကြတယ်။ ဒေါက်တာစတောခ်မန်းပြောတာမှန်ပါတယ် ”ကျုပ်တို့ခေတ်မှာအမှန်တရားနဲ့ တရား မျှတမှုအတွက်အန္တရာယ်အကြီးဆုံးရန်သူကလူအုပ်ကြီးပဲ၊သောက်ကျိုးနဲလူအုပ်ကြီး”။ ရည်မှန်းချက်မရှိ၊ ပင်ကိုယ်အစွမ်း အစမရှိတဲ့လူအုပ်ကြီးကအသစ်အဆန်းတွေကိုအမုန်းဆုံးပါပဲ။ အသစ်သစ်သောအမှန်တရားတွေရဲ့ရှေ့ဆောင်တွေဖြစ်တဲ့ ဆန်းသစ်တီထွင်သူတွေမှန်သမျှကိုတိုက်ခိုက်ကြတယ်၊ ဖိအားပေးမောင်းထုတ်ကြတယ်။

ရွယ်ချက်ရိုးသားမှုအပြည့်ရှိတဲ့ကျောင်းဆရာ၊ ပင်ကိုယ်အစွမ်းအစရှိတဲ့အနုပညာသမားနဲ့စာရေးဆရာ၊ အမှီအခို ကင်းတဲ့သိပ္ပံပညာရှင်နဲ့စူစမ်းရှာဖွေသူ၊ ပြတ်သားတဲ့လူမှုအပြောင်းအလဲရဲ့ရှေ့ဆောင်လမ်းပြ၊သူတို့တွေခမျာအသက်ကြီး လေသင်ယူမှုဖန်တီးမှုစွမ်းရည်လျော့ကျလာလေဖြစ်နေတဲ့လူတွေရဲ့ဖိအားပေးခြင်းကိုနေ့ရှိသရွေ့ခံနေကြရရှာတယ်။

Ferrerပုံစံမျိုးကျောင်းဆရာတွေဘယ်မှာမှနေရာမရဘူး။ ပါမောက္ခအီလီယော့နဲ့ပါမောက္ခဘတ်တလာလိုကြို တင်အစာချေပြီးတဲ့အစားအစာပိုင်းဆိုင်ရာ (ဒိန်ချဉ်၊မုန်ညင်းချဉ်တို့လို ဘတ်တီးရီးယားတွေကအစာချေပြီးသားစားစရာ မျိုးတွေ) အာဟာရဗေဒပါရဂူတွေကတော့ သာမန်ညောင်ညတွေရဲ့ခေတ်၊ ယန္တရားခေတ်ကြီးထဲမှာအောင်ပန်းဆင်နေကြ ပါတယ်။ စာပေနဲ့ပြဇာတ်ကမ္ဘာမှာဆိုရင်လည်း ဟမ်းဖရေးဝါ့ဒ်နဲ့ကလိုင်းဒ်ဖစ်ချက်တို့က လူအုပ်ကြီးရဲ့အိုင်ဒေါတွေဖြစ် နေကြပြီး လူအနည်းငယ်ကသာ အမ်မာဆင်၊ သော်ရိုး၊ ဝှစ်ဒ်မန်း၊ အစ်ဘ်ဆင်၊ ဟော့ပ်တ်မန်း၊ ဘာ့တ်တလာယိစ်၊ စတီ ဖင်ဖိလစ်ပ်တို့လိုလူမျိုးတွေရဲ့ အလှတရားနဲ့ဥာဏ်ပညာကိုအသိအမှတ်ပြုကြပါတယ်။ သူတို့တွေကဟိုးမိုးကုတ်စက်ဝိုင်း မှာတွေ့ရတဲ့တထီးတည်းတည်ရှိနေတဲ့ကြယ်တွေလိုပဲ။

ထုတ်ဝေသူ၊ ပြဇာတ်ရုံမန်နေဂျာနဲ့ ဝေဖန်ရေးဆရာတွေက အနုပညာတစ်ခုရဲ့အရည်အသွေးကို ဂရုမစိုက်ကြပါ ဘူး။ သူတို့ဂရုစိုက်တာက လူအုပ်ကြီးခံတွင်းတွေ့ပါ့မလား၊ရောင်းအားကောင်းပါ့မလားဆိုတာတွေကိုပဲကြည့်ကြတာပါ။ အဲဒီခံတွင်းကလည်းအပုပ်အစပ်တွေကိုပဲကြိုက်ကြတယ်၊ ဦးနှောက်မလိုတဲ့ဖျော်ဖြေရေးတွေကိုပဲလိုချင်ကြတယ်။ရလဒ် ကတော့ပင်မစာပေရေစီးကြောင်းမှာသာမန်ညောင်ညတွေကိုပဲတွေ့ရတော့တာပါပဲ။

အနုပညာမှာလည်းပဲ အလားတူဝမ်းနည်းစရာအဖြစ်မျိုးကြုံတွေ့နေရကြောင်း ထပ်ပြောဖို့လိုဦးမလား? ကျွန်ုပ် တို့ရဲ့လမ်းတွေပန်းခြံတွေမှာကြည့်လိုက်ယုံနဲ့ အနုပညာထုတ်လုပ်ရေးလုပ်ငန်းတွေက ဘယ်လောက်တောင်အရုပ်ဆိုးပြီး ရသမဲ့တဲ့ထုတ်ကုန်တွေကိုထုတ်လုပ်နေကြသလဲဆိုတာတွေ့နိုင်ပါတယ်။ သေချာတာကအဲဒီထုတ်ကုန်တွေရဲ့အရသာမျိုး ကိုလူအုပ်ကြီးကပဲခံစားနိုင်စွမ်းရှိလိမ့်မယ်။ အမေရိကားရဲ့မြို့ကြီးတစ်ခွင်မှာပြန့်ကျဲနေတဲ့ ကျောက်ဆစ်ရုပ်တုတွေအနု ပညာစစ်မစစ်ဆိုတာကတော့ ရှေးဟောင်းတိုတမ်ရုပ်တုတွေက မိုက်ကယ်အိန်ဂျလိုရဲ့လက်ရာတွေလားလို့မေးနေသလို မျိုးပါပဲ။ အယူအဆအမှားတွေနဲ့ အနုပညာရသကို ကြမ်းကြမ်းတမ်းတမ်းဖျက်ဆီးနေသလိုပဲ။ ဒါပေမယ့်လည်းအဲဒီလို လက်ရာမျိုးတွေကပဲခေတ်စားနေတာပါပဲလေ။ တကယ့်အနုပညာပါရမီရှင်တွေကအများအမြင်ကိုဂရုစိုက်နေမှာမဟုတ် ပါဘူး၊ ပင်ကိုယ်အစွမ်းအစကိုသုံးပြီး အနုပညာအစစ်အမှန်တွေကိုဖန်တီးရင်း ခက်ခဲကြမ်းတမ်းလှတဲ့ဘဝကို ဖြတ်သန်း နေကြမှာပါ။ သူတို့ရဲ့လက်ရာတွေဟာ လူ့အန္ဓတွေကြားထဲမှာနာမည်ကြီးချင်မှကြီးပါလိမ့်မယ်။ သို့သော်လည်းသူတို့ ရဲ့နှလုံးသွေးလောင်ကျွမ်းကုန်ဆုံးမသွားသရွေ့၊ ရှေ့ဆောင်လမ်းပြတွေ ရှာဖွေမှုကိုမရပ်တန့်သရွေ့ စိတ်ကူးစံမဲ့၊ အမြင်မဲ့ လူ့အန္ဓအုပ်စုကြီးဟာ တကယ့်ပါရမီရှင်တွေရဲ့လက်ရာအမွေအနှစ်တွေကိုအဆုံးသတ်အောင်လုပ်နိုင်မှာမဟုတ်ပါဘူး။

တစ်ချို့ကယနေ့ခေတ်အနုပညာရှင်တွေရဲ့ဖန်တီးမှုစွမ်းရည်လျော့ကျရခြင်းဟာ ပရိုမီးသီးယပ်စ်လိုဝမ်းရေးတည်း ဟူသောကျောက်တုံးမှာ ချည်နှောင်ခံထားရတာကြောင့်ဖြစ်တယ်လို့ဆိုကြတယ်။ ဘာပဲပြောပြောအဲဒီအဆိုဟာခေတ် တိုင်းအတွက်မှန်သင့်သလောက်မှန်ပါတယ်။ ဒီဖက်ခေတ်ကကျောက်ဆစ်ပန်းပုဆရာနဲ့ပန်းချီဆရာတွေလိုပဲ မိုက်ကယ် အိန်ဂျလိုဟာလဲပဲ သူ့ကိုထောက်ပံ့တဲ့သူတွေအပေါ် မှီခိုရတာပဲလေ။ မတူတာကတော့ အဲဒီခေတ်ကအနုပညာအကဲဖြတ် သမားတွေက လူအုပ်ကြီးလက်လှမ်းမမှီနိုင်တဲ့နေရာမှာရှိနေပြီး ကိုယ်တိုင်ကလည်း ဆရာကြီးတွေရဲ့လက်ရာကောင်း တွေကိုအကဲဖြတ်ခွင့်ရတဲ့အတွက် ဂုဏ်ယူကြသူတွေဖြစ်လို့ပါပဲ။

ငွေကြေးကယနေ့ခေတ်အနုပညာတန်ဖိုးထားသူတွေရဲ့တစ်ခုတည်းသောစံတန်ဖိုးဖြစ်တယ်။ သူတို့ကဘယ်လက် ရာမှာအရည်အချင်းဘယ်လောက်ရှိလဲဆိုတာကို ဂရုစိုက်တာမဟုတ်ပဲ ဘယ်လက်ရာကနေ ပိုက်ဆံဘယ်လောက်များ များရနိုင်မလဲဆိုတာပဲဂရုစိုက်တာဖြစ်တယ်။ ဒါကြောင့်မို့လို့ပဲမီရ်ဘူးလ်ရေးတဲ့ “စီးပွါးကစီးပွါး”ပြဇာတ်ရဲ့စပွန်ဆာက ကြောင်ကြောင်ကျားကျားအရောင်တွေကိုလက်ညှိုးထိုးပြရင်း”ကြည့်လိုက်စမ်းပါဗျာ၊ဘယ်လောက်ကြည့်ကောင်းလဲဆိုတာ၊၊ အဲဒီဟာအတွက်ဖရန့်ငွေငါးသောင်းကုန်ထားတာဗျ” လို့ပြောတာဖြစ်တယ်။ ခုခေတ်ရဲ့လူ့အန္ဓသူဌေးကြီးများလိုပဲ အကောင်ကြီးပလောင်ကြီးတစ်ယောက်က အနုပညာသစ်တစ်ခုအပေါ်ငွေတွေပုံအောပေးလည်း သူ့ရဲ့ခံစားမှုအဆင့်အ တန်းဟာအော်ဂလီဆန်စရာအဆင့်ထက်ပိုမနေဘူး။

လူ့အဖွဲ့အစည်းအတွင်း ခွင့်မလွှတ်နိုင်စရာအဖြစ်ဆုံးအပြစ်က အမှီခိုကင်းကင်းတွေးခေါ်ခြင်းပဲ။ ဒီလိုအဖြစ်မျိုး ဟာ ဒီမိုကရေစီပြယုဒ်လို နိုင်ငံမျိုးအတွက် အင်မတန်အရုပ်ဆိုးပါတယ်။ လူများစုရဲ့လွှမ်းမိုးနိုင်စွမ်းကလည်း အဆုံးအ ဖြတ်ပေးနိုင်တဲ့အတွက် ထိုအချက်ဟာအင်မတန်အရေးကြီးတယ်လို့ဆိုနိုင်ပါတယ်။

လွန်ခဲ့သောနှစ်ငါးဆယ်က ဝမ်ဒဲလ်ဖိလစ်ပ်ခုလိုပြောခဲ့ဖူးတယ် ”အကြွင်းမဲ့ဒီမိုကရက်တစ်ကျကျတန်းတူညီမျှမှုရှိ တဲ့နိုင်ငံတစ်နိုင်ငံမှာ လူထုရဲ့အမြင်ဟာအနန္တတန်ခိုးရှိယုံမက နေရာစုံတည်ရှိနိုင်ပါတယ်။ ၎င်းရဲ့စိုးမိုးမှုကို ပုန်းရှောင်စရာ နေရာလည်းမရှိတော့ဘာဖြစ်လာသလဲဆိုရင် ဂရိမီးအိမ်ဟောင်းတစ်လုံးကိုယူပြီး လူတွေကြားထဲလိုက်ရှာကြည့်၊ ကိုယ့် ရဲ့ရည်မှန်းချက်၊ လူမှုရေး၊ စီးပွါးရေးမှာ တစ်ခုခုရဖို့၊ဆုံးရှုံးဖို့ဆိုတာက ဘေးလူတွေရဲ့ အမြင်နဲ့အကဲဖြတ်မှုနဲ့သက်ဆိုင် တယ်ဆိုပြီးထင်မြင်မှုမရှိတဲ့ အမေရိကန်လူမျိုးတစ်ယောက်ကိုမှ တွေ့ရမှာမဟုတ်တာပဲ။ အကျိုးဆက်ကတော့ ကိုယ်ပိုင် ယုံကြည်မှုကိုရဲရဲဝံ့ဝံ့ပြောရဲဆိုရဲတဲ့တစ်ပုဂ္ဂလအစုအရုံးဖြစ်ရမယ့်အစား သူရဲဘောကြောင်တဲ့လူအုပ်ကြီးဖြစ်နေရတယ်။ အခြားသူတွေထက်အချင်းချင်းကိုပိုပြီးကြောက်ရွံ့နေကြရတယ်”။ လက်ရှိအခြေအနေဟာလည်းပဲ ဝမ်ဒဲလ်ဖိလစ်ပ်ကြုံ တွေ့ခဲ့ရတဲ့အခြေအနေထက် ပိုပြီးထူးခြားမှုရှိမနေဘူးဆိုတာကိုတွေ့မြင်ကြရပါလိမ့်မယ်။

ဒါကြောင့်ယနေ့ဟာ တစ်ချိန်ကလို အများရဲ့အမြင်ဟာနေရာစုံရှိနေတဲ့အာဏာရှင်ဖြစ်တယ်၊ ယနေ့ဟာတစ်ချိန် ကလိုပဲလူများစုဟာသူရဲဘောကြောင်တဲ့လူအုပ်ကြီးဖြစ်တယ်၊သူတို့ရဲ့စိတ်ဝိဥာဉ်နဲ့ဆင်ခြင်တုံတရားကင်းမဲ့မှုကိုထင်ဟပ် တဲ့မည်သူ့နောက်ကိုမဆိုလိုက်ဖို့အသင့်ရှိကြတယ်။ ရုစဗဲ့လိုလူမျိုးအကြိမ်ကြိမ်ရှေ့ရောက်လာရတာလည်းအဲဒါကြောင့်ပဲ ။ ရုစဗဲ့ကိုကြည့်ခြင်းအားဖြင့် အုပ်စုစိတ်ပညာရဲ့အဆိုးဝါးဆုံးအစိတ်အပိုင်းတွေကို တွေ့ရမှာဖြစ်ပါတယ်။ နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ လူများစုဟာ စိတ်ကူးစံနဲ့သမာဓိကိုဂရုမစိုက်တဲ့အကြောင်းကို သူကောင်းကောင်းသိတယ်။ လူထုကို သူကြိုက်သလိုပုံသွင်းလို့ရတယ်ဆိုတာသူသိတယ်။ ခွေးအလှပြပွဲတစ်ခုဖြစ်ဖြစ်၊ ပြိုင်ပွဲတစ်ခုခုဖြစ်ဖြစ်၊ လူမည်းတစ် ယောက်ကိုကြိုးပေးသတ်တာပဲဖြစ်ဖြစ်၊ ရာဇဝတ်ဂိုဏ်းတစ်ခုခုကိုဖြိုခွင်းတာပဲဖြစ်ဖြစ်၊ အမွေဆက်ခံသူမိန်းမချောလေး ရဲ့အိမ်ထောင်ရေးအခြေအနေပဲဖြစ်ဖြစ်၊ သမ္မတဟောင်းတစ်ယောက်ယောက်ရဲ့စတန့်ထွင်မှုတစ်ခုပဲဖြစ်ဖြစ်၊ ဘယ်ဟာပဲ ဖြစ်ဖြစ်အရေးမကြီးပါဘူး၊ ဆင်ခြင်တုံတရားချည့်နဲ့လေလက်ခုပ်လက်ဝါးတီးကြလေပဲ။ ဒါကြောင့်မို့လို့ပဲစိတ်ကူးစံဆင်း ရဲပြီးသိက္ခာမရှိတဲ့ရုစဗဲ့ဟာအကြိမ်ကြိမ်အောင်ပွဲခံနေရတာပါပဲ။

တစ်ဖက်မှာတော့ နိုင်ငံရေးသမားလူ့အန္ဓတွေထက် အဆပေါင်းများစွာသာလွန်တဲ့အရည်အချင်းရှိသူတွေက အ ရိုက်ခံရတဲ့ခလေးတစ်ယောက်လို နှုတ်ဆိတ်မှုကိုပဲရွေးချယ်ခဲ့ရပါတယ်။ ဒီတော့”ကျုပ်တို့ခေတ်ဟာ တစ်သီးပုဂ္ဂလဝါဒရဲ့ ခေတ်ပါ”လို့ပြောနေတာဘယ်လောက်တောင်အဓိပ္ပာယ်မရှိလိုက်လဲ။ကျွန်ုပ်တို့ခေတ်ဟာအမှန်တော့ ခေတ်အဆက်ဆက် ဖြစ်နေကျနောက်ထပ်ကြေကွဲစရာတစ်ခုပါပဲ။ တိုးတက်ဖို့အတွက်၊ သိပ္ပံပညာအတွက်၊ ဘာသာရေး၊ နိုင်ငံရေးနဲ့စီးပွါး ရေးဆိုင်ရာလွတ်မြောက်ရေးအတွက်အားထုတ်မှုတိုင်းဟာ လူနည်းစုဆီကနေသာအညှောင့်ပေါက်တာဖြစ်ပြီး၊ လူများစု ဆီကမဟုတ်ပါဘူး။ ယနေ့ခေတ်မှာဖြစ်နေတာတွေကလည်း ခေတ်အဆက်ဆက်ကဖြစ်နေကျအတိုင်း လူနည်းစုဟာ နား လည်မှုလွဲတာခံရ၊ အမဲလိုက်သလိုလိုက်ပြီးအကျဉ်းချနှိပ်စက်သတ်ဖြတ်ခံနေရတာဖြစ်တယ်။

နာဇရတ်ကလှုံ့ဆော်သူတွေလက်စွဲထားတဲ့ ”ညီအကိုပမာစိတ်ဓာတ်”က လူနည်းစုတွေရဲ့လမ်းပြမီးအိမ်ဖြစ်လာ မယ်ဆိုရင်တော့ အမှန်တရားနဲ့တရားမျှတမှုဟာ လူ့အဖွဲ့အစည်းထဲရှင်သန်လာမှာဖြစ်ပါတယ်။ အဲဒီမူကိုလူများစုကသိမ်း ပိုက်လိုက်ရင်တော့ ၎င်းဟာကြီးမြတ်တဲ့သဘောတရားတစ်ခုအဖြစ်ကနေ ခေတ်ဟောင်းခေတ်ဆွေး အတွေးအခေါ်တစ် ခု၊ မီးလျှံနဲ့သွေးစက်တွေရဲ့ပုဗ္ဗနိမိတ်ဖြစ်လာပြီး ဒုက္ခဆင်းရဲနဲ့ဘေးအန္တရာယ်တွေကိုဖြန့်ဝေနေလိမ့်မယ်။ ရောမသာသနာ ပိုင်ကိုတိုက်ခိုက်ခဲ့တဲ့ Huss၊ Calvin နဲ့ Luther တို့လိုပုဂ္ဂိုလ်ကျော်တွေဟာ အမှောင်ညရဲ့အာရုံဦးအလင်းရောင်ပါပဲ။ သို့ သော်လည်း Lutherနဲ့ Calvinက နိုင်ငံရေးသမားဖြစ်သွားပြီး အာဏာပိုင်၊တော်ဝင်မျိုးနွယ်နဲ့လူအုပ်ကြီးကို ဝန်ဆောင်မှု ပေးလိုက်တာနဲ့ ကြီးမြတ်တဲ့ပြန်လည်ဖွဲ့စည်းရေးလမ်းစဉ်ကို ဒုက္ခပေးတော့တာပါပဲ။ သူတို့တတွေအနေနဲ့ အောင်မြင်မှု ကိုရောလူများစုကိုပါဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်အဲဒီလူများစုဟာလည်းအရင့်အရင်ရိုမန်ကက်တလစ်မိစ္ဆာကြီးတွေ လိုပဲ ရက်စက်ပြီးသွေးဆာတယ်ဆိုတာကိုသက်သေပြခဲ့တယ်။ သူတို့ရဲ့ကြီးစိုးမှုအောက် ဒူးမထောက်တဲ့လူနည်းစုအမြင် မတူသူတွေကကပ်ဆိုက်ရပါတော့တယ်။ ဘယ်လိုဆိုဆိုထုလေမာလေငါးဖယ်တေစိတ်ဓာတ်နဲ့ စတေးမှုပေါင်းများစွာတို့ ကိုကျော်လွန်ပြီး နောက်ဆုံးမှာတော့ လူသားတွေဟာဘာသာရေးတစ္ဆေလက်အောက်ကနေ လွတ်မြောက်လာခဲ့ပြီဖြစ် ပါတယ်။ လူနည်းစုဟာပန်းတိုင်အသစ်သစ်ဆီသို့ဆက်လက်ချီတက်နေပြီး လူများစုကတော့ အချိန်နဲ့အမျှသေဆုံးနေတဲ့ အမှန်တရားထဲမှာပဲလှောင်ပိတ်မိနေပြီးနောက်ကျကျန်နေခဲ့ရပါတယ်။

တကယ်လို့များ ဂျွန်ဘောလ်၊ ဝက်တ်တိုင်လာ၊ တဲလ်တို့လို ကြီးမြတ်သောတစ်သီးပုဂ္ဂလတို့က မင်းဆိုးမင်းညစ် တွေရဲ့ဖိနှိပ်မှုကို ခုခံတော်လှန်ခဲ့ခြင်းမရှိခဲ့ရင် လူသားတွေဟာ ကျွန်ပြုခံရခြင်းမှလွတ်မြောက်ဦးမှာမဟုတ်ပါဘူး။ တစ်သီး ပုဂ္ဂလရှေ့ဆောင်လမ်းပြတွေကြောင့်သာမဟုတ်ရင်ကမ္ဘာဟောင်းကိုကိုင်လှုပ်ပစ်တဲ့ပြင်သစ်တော်လှန်ရေးကြီးဟာလည်း ပေါ်ပေါက်လာမှာမဟုတ်ပါဘူး။ ကြီးကျယ်သောအဖြစ်အပျက်များဟာ သေးငယ်တဲ့အရာလေးတွေကနေ ပေါက်ဖွားလာ ခြင်းဖြစ်တယ်။ ခါမီလ်ဒယ်မူလမ်ရဲ့ ရဲရဲတောက်အပြောအဟောတွေက ဂျယ်ရီခိုတိုက်ပွဲခရာသံလို အကြမ်းဖက်ဖိနှိပ် ရက်စက်ခြင်းရဲ့ပြယုဒ်ဖြစ်တဲ့ ဘာစတီးလ်ထောင်ကိုစိစိညက်ကြေအောင်ချေမှုန်းနိုင်ခဲ့တယ်။

ဘယ်ခေတ်ကာလမှာမဆို ကြီးကျယ်တဲ့လွတ်မြောက်ရေးတိုက်ပွဲရဲ့တပ်ဦးဟာ လူနည်းစုသာဖြစ်ပါတယ်။ ဝန်ထု တ်ဝန်ပိုး ပိနေလို့ရှေ့မရောက်တဲ့လူများစုမဟုတ်ပါဘူး။ ရုရှပြည်ကအဖြစ်အပျက်ဟာ ဒီအချက်မှန်ကန်ကြောင်းသက် သေပါပဲ။ လူပေါင်းများစွာရဲ့အသက်တွေနဲ့ ရာဇပုလ္လင်ဟာသွေးစွန်းနေပြီဖြစ်သော်လည်း ပုလ္လင်ထက်ကမိစ္ဆာတွေက တင်းတိမ် ခြင်းမရှိသေးပါဘူး။ ပုလ္လင်အောက်ကနေပြီးပြင်းပြသောဆန္ဒနဲ့ ကြုံးဝါးနေတဲ့ အတွေးအခေါ်၊ ယဉ်ကျေးမှု၊ စာပေလက်ရာတွေသာမရှိရင် ဒါတွေဘယ်လိုလုပ်ဖြစ်လာနိုင်မှာလဲ? ရာစုနှစ်တွေကြာသည်ထိတိုင်အောင် စတေးမှုတွေ ရုန်းကန်လှုပ်ရှားတွေအပြီးမှာတောင်၊ ထိုင်းမှိုင်းတဲ့လူများစုကြီးဖြစ်တဲ့ ရုရှလယ်သမားများဟာ”သန့်စင်သောလက်အစုံ”4 ကိုသတ်ထားတဲ့ကြိုးကကံကောင်းစေတယ်ဆိုပြီးယုံကြည်ခဲ့ကြသေးတာပဲ။

အမေရိကန်တွေရဲ့လွတ်မြောက်ရေးတိုက်ပွဲမှာလည်း လူများစုကခလုတ်ကန်သင်းဖြစ်ခဲ့သေးတယ်။ ယနေ့မတိုင် ခင်အထိ ဂျက်ဖာဆန်၊ ပက်ထရစ်ဟင်နရီ၊ သောမတ်စ်ပိန်း တို့ရဲ့အတွေးအခေါ်တွေကို နောက်လူတွေကဆန့်ကျင်ခဲ့ကြ သေးတာပဲ။ လူအုပ်ကြီးကသူတို့ကိုမလိုချင်ခဲ့ဘူး။ တစ်ချိန်ကကြည်ညိုခံရတဲ့ လင်ကွန်းရဲ့ ရဲစွမ်းသတ္တိနဲ့ ကြီးမြတ်မှုဟာ လည်း အဲဒီခေတ်ရဲ့နောက်ခံမြင်ကွင်းကျယ်ကိုပုံဖော်သူတွေကြားထဲ မေ့ပျောက်ခြင်းကိုခံခဲ့ရသေးတာပဲ။ လူမည်းရဲဘော် တွေအတွက်အမှန်တကယ်အထောက်အပံ့ပေးခဲ့တဲ့ လွိုက်ဂယ်ရီဆန်၊ ဝမ်ဒဲလ်ဖိလစ်ပ်၊ သော်ရိုး၊ မာဂရက်ဖူလာ တို့ရဲ့အ တွေးအခေါ်တွေကို ဘော်စတွန်တိုက်ပွဲကဖိုက်တာတွေဆီမှာ တွေ့မြင်နိုင်ပြီး၊ ဂျွန်ဘရောင်းဆီမှာ သူတို့ရဲ့ကြီးမြတ်သော သတ္တိနဲ့ကြံ့ခိုင်မှုတွေကို အထင်အရှားဆုံးတွေ့နိုင်ပါတယ်။ သူတို့ရဲ့နွမ်းနယ်သွားခြင်းမရှိတဲ့ပြင်းပြတဲ့စိတ်ဆန္ဒ၊ နှုတ်စွမ်း လျှာစနဲ့ ဇွဲလုံ့လတို့ဟာ တောင်ပိုင်းသခင်ကြီးတွေရဲ့ နန်းတော်အုတ်မြစ်ကို တိုက်စားနေခဲ့တယ်။ လင်ကွန်းနဲ့သူ့နောက် လိုက်တွေကတော့ ဖြိုချဖျက်ဆီးရေး လက်တွေ့တိုက်ပွဲတွေဖြစ်လာမှသာ ဒီလမ်းစဉ်နောက်ကိုလိုက်လာပြီး အသိအမှတ် ပြုလာကြတာဖြစ်တယ်။

လွန်ခဲ့သောနှစ်ပေါင်းငါးဆယ်ခန့်က အတွေးအခေါ်တစ်ခုဟာ ဥက္ကာပျံတစ်ခုလို ကမ္ဘာကြီးရဲ့လူမှုမိုးကုတ်စက်ဝိုင်း ကောင်းကင်ယံမှာတောက်ပစွာပေါ်လာခဲ့ဖူးတယ်။ တိုးတက်ပြီးတော်လှန်တဲ့ ထိုအတွေးအခေါ်ဟာ နေရာအနှံ့ကမင်းဆိုး မင်းညစ်တွေကိုကြောက်လန့်တုန်လှုပ်စေခဲ့ပြီး တစ်ဖက်မှာသန်းချီသောလူအများရဲ့ မျှော်လင့်ချက်နဲ့ပျော်ရွှင်မှု ရှေ့ပြေးနိ မိတ်ဖြစ်ခဲ့တယ်။ အဲဒီအတွေးအခေါ်ရဲ့ရှေ့ဆောင်သူတွေက လမ်းတစ်လျှောက်မှာဆန့်ကျင်တိုက်ခိုက်မှုတွေနဲ့ အခက်အ ခဲတွေကြုံတွေ့ရမယ်ဆိုတာကိုကောင်းကောင်းသိကြပါတယ်၊ အဲဒါကြောင့်ရှေ့ကိုတိုးနေတဲ့ သူတို့ရဲ့ခြေလှမ်းတွေက နည်း နည်းလေးမှတုံ့ဆိုင်းခြင်းမရှိပဲ ရင်ကိုကော့လို့ရဲရဲဝံ့ဝံ့ချီတက်ခဲ့ကြတာဖြစ်တယ်။ အဲဒီအတွေးအခေါ်ဟာ ယနေ့ခေတ်မှာ ထင်ရှားတဲ့ကြွေးကြော်သံတစ်ခုဖြစ်နေပါပြီ။ ယနေ့မှာလူတိုင်းနီးပါးဆိုရှယ်လစ်တွေဖြစ်ကုန်ကြပြီ၊ လူချမ်းသာတွေနဲ့သူ့ ရဲ့သနားစရာသားကောင်တွေ၊ ဥပဒေနဲ့အာဏာပိုင်ဆိုင်ထားသူတွေနဲ့ ကံမကောင်းအကြောင်းမလှတဲ့အပြစ်သားတွေ၊ အ မှီအခိုကင်းကင်းတွေးခေါ်သူတွေနဲ့ ဘာသာရေးအလိမ်အညာဖြန့်ဝေသူတွေ၊ ဖက်ရှင်ကျကျဝတ်ထားတဲ့အမျိုးသမီးနဲ့ ကျားဝတ်ရှပ်အင်္ကျီဝတ်ဆင်ထားတဲ့မိန်းကလေး။ ဘယ်လိုလုပ်မဖြစ်ပဲနေမလဲ? လွန်ခဲ့သောနှစ်ပေါင်းငါးဆယ်ကအမှန်တ ရားတစ်ခုဟာယနေ့မှာ ပျိုမြစ်တဲ့စိတ်ကူးတွေ၊ အားမာန်ခွန်အားနဲ့ တော်လှန်ရေးဝိဉာဉ်အနှုတ်ခံရပြီး အလိမ်အညာတစ်ခု လိုဖြစ်နေမှတော့၊ အဲလိုမဖြစ်ပဲနေမလား? အဲဒီအတွေးအခေါ်ဟာ လှပတဲ့အမြင်တစ်ခုသက်သက်မဟုတ်တော့ပဲ လူများ စုရဲ့ဆန္ဒအပေါ်မူတည်တဲ့ လက်တွေ့အလုပ်ဖြစ်တဲ့ အစီအစဉ်တစ်ခုဖြစ်လာတဲ့အခါကျရင်ရော? ကောက်ကျစ်တဲ့နိုင်ငံရေး သမားတွေက လူအုပ်ကြီးသူတို့နောက်လိုက်လာအောင် လူများစုအပေါ် ချီးမြှောက်ခြင်းတေးမကြာခဏဆိုဆိုတတ်ကြ တယ်။ သနားစရာလူများစု၊အကြမ်းဖက်ဖိနှိပ်ခံကြီးမြတ်သောလူများစုဆိုပြီးပေါ့၊ အဲဒီလိုကျေးဇူးတော်ဂုဏ်ပြုတေးမျိုး ကိုဘယ်သူကမကြားခဲ့ဖူးပဲနေမလဲ? နိုင်ငံရေးသမားတွေအားလုံး ထပ်တလဲလဲဖွင့်နေတဲ့ဓာတ်ပြားဟောင်းကြီးကို ဘယ် သူကမသိပဲနေမလဲ? နာကျင်ရတာလူများစုပါ၊ ပိုင်ဆိုင်ခွင့်လုယက်သွေးစုပ်ခံရတာလူများစုပါ၊ ဒါကိုကျွန်ုပ်တင်မက အဲဒီ မဲတောင်းစားတဲ့နိုင်ငံရေးသမားတွေပါကောင်းကောင်းသိပါတယ်။ သို့သော်လည်း ကျွန်ုပ်အနေနဲ့ အဲဒီဆိုးဝါးလှတဲ့အခြေ အနေဟာ လူ့ကပ်ပါးကောင်နိုင်ငံရေးသမားတွေထက်စာရင် လူအုပ်ကြီးဆီမှာအဓိကတာဝန်ရှိတယ်လို့အခိုင်အမာဆိုချင် ပါတယ်။ လူအုပ်ကြီးဟာသူတို့ရဲ့သခင်ကိုမစွန့်ပစ်လိုကြဘူး၊ ကြာပွတ်ကိုမြတ်နိုးကြတယ်။ နောက်ပြီးအရင်းရှင်အာဏာ ပိုင်တွေရဲ့ အတုမရှိမှုကို စိန်ခေါ်တဲ့တိုက်ပွဲနဲ့ ဟောင်းနွမ်းဆွေးမြေ့နေပြီဖြစ်တဲ့ အင်စတီကျူးရှင်းဟောင်းတွေကို ဖြိုချဆန့် ကျင်တဲ့တိုက်ပွဲခေါ်သံတွေထွက်လာတိုင်း လူအုပ်ကြီးက “အဲ့ကောင်တွေကိုကားစင်တင်ပစ်” ဆိုပြီးအရင်ဆုံးအော်ကြ တယ်။ လူအုပ်ကြီးကသာကျေကျေနပ်နပ်နဲ့ စစ်သား၊ ပုလိပ်တွေ၊ အကျဉ်းချတဲ့လက်၊ ကြိုးပေးတဲ့လက်တွေအဖြစ် တာဝန်ထမ်းဆောင်ပေးခြင်းမရှိရင် အာဏာပိုင်နဲ့ပုဂ္ဂလလက်ဝါးကြီးအုပ်မှုကဆက်လက်တည်ရှိနေနိုင်ပါ့မလား။အဟော ကောင်းတဲ့ဆိုရှယ်လစ်နိုင်ငံရေးသမားတွေလည်း ကျွန်ုပ်သိသလိုဒါကိုသိကြပါတယ်။ ဒါပေမယ့်လူများစုကြီးရဲ့သူတော် ကောင်းဒဏ္ဍာရီကိုအဖြေထုတ်ခြင်းမပြုပဲ ဒီအတိုင်းထားထားတယ်။ ဘာကြောင့်ဆိုသူတို့ရဲ့အစီအစဉ်ကိုက လက်ထဲအာ ဏာတည်မြဲနေဖို့ဖြစ်တာကြောင့်ပဲ။ အာဏာရဖို့လူအုပ်ကြီးမရှိလို့ရပါ့မလား? လူများစုကအာဏာကိုဖန်တီးပေးပေမယ့် အဲဒီအာဏာက လွတ်လပ်တဲ့လူ့ဘောင်နဲ့ တစ်သီးပုဂ္ဂလလူသားရဲ့အမှီအခိုကင်းကင်းနေထိုင်ခွင့်ကိုတော့ ဖန်တီးပေးနိုင်မှာ မဟုတ်ပါဘူး။

ကျွန်ုပ်အနေနဲ့လူများစုဟာ ကောင်းမှုကိုဖန်တီးမယ့်စွမ်းအားစုမဟုတ်ကြောင်း ငြင်းဆိုနေရခြင်းက ပိုင်ဆိုင်ခွင့် တွေလုယူခံရတဲ့ အဖိနှိပ်ခံများအပေါ်မစာနာလို့မဟုတ်ပါ၊ ဒီလောကကြီးထဲရှင်သန်နေဖို့ လူတွေကြိတ်မှိတ်သည်းခံနေရ တဲ့ ဆိုးဝါးမှုတွေ၊ အရှက်ခွဲသိက္ခာချခံရတာတွေကိုနားမလည်လို့လည်းမဟုတ်ပါ။ အမှန်တကယ်တော့ လူအုပ်ကြီးဟာ တရားမျှတမှုနဲ့သာတူညီမျှမှုဖက်မှာ ဘယ်တုန်းကမှမရပ်တည်ခဲ့ဘူးဆိုတာကို ကျွန်ုပ်အနေနဲ့ကောင်းကောင်းကြီး သိလို့ပဲ ဖြစ်ပါတယ်။ လူအုပ်ကြီးဟာ လူတစ်ယောက်ရဲ့အသံကိုဖုံးပစ်တယ်၊ လူတစ်ယောက်ရဲ့စိတ်ဝိဉာဉ်ကိုအကျဉ်းချတယ်၊ လူ တစ်ယောက်ရဲ့ခန္ဓာကိုချုပ်နှောင်တယ်။ လူအုပ်ကြီးဟာ ဘဝတွေကိုသဲကန္တာရလိုပုံတစ်ပုံထဲညီညီညာညာရှိပြီး အသက်မဲ့ ခြောက်သွေ့နေစေချင်တယ်။ လူအုပ်ကြီးဟာ အမြဲတစေတစ်သီးပုဂ္ဂလလူသား၊ လွတ်မြောက်မှုရဲ့ပမာဏခြေလှမ်း၊ ပင် ကိုယ်အစွမ်းအစ၊ စတာတွေရဲ့ အမြစ်ပြတ်ချေမှုန်းသူအဖြစ်ရှိနေမှာဖြစ်တယ်။ ဒီအတွက်ကြောင့်အမ်မာဆန်ယုံကြည်သ လိုပဲကျွန်ုပ်အနေနဲ့လည်းအဲဒီလိုပဲယုံကြည်ပါတယ်။”လူအုပ်ကြီးဟာထုံထိုင်းကြမ်းတမ်းပြီး သူတို့ရဲ့လွမ်းမိုးမှုဟာအဆိပ် အတောက်ဖြစ်စေတယ်။ နောက်ပြီးသူတို့ကိုမြှောက်ပင့်ရမှာမဟုတ်ပဲ ပညာပေးရမှာဖြစ်ပါတယ်။ ကျွန်ုပ်အနေနဲ့ သူတို့ ကိုအလျှော့ပေးဖို့ဆန္ဒလုံးဝမရှိပါဘူး။ လူအုပ်ကြီးကိုထိုးဖောက်ဖြိုခွဲပစ်ပြီး တစ်သီးပုဂ္ဂလအင်အားစုလေးတွေအဖြစ် ခွဲထုတ်ပစ်လိုတဲ့ဆန္ဒပဲရှိတယ်။ လူအုပ်ကြီးဟာကပ်ဆိုးဘေးဆိုးပဲ။ ကျွန်ုပ်အနေနဲ့လူအုပ်ကြီးကိုမမြင်ချင်တော့ပါဘူး၊ ရိုးသားမှုရှိသောအမျိုးသားတွေနဲ့ ချစ်စဖွယ်ပြည့်စုံသောအမျိုးသမီးတွေကိုပဲ မြင်လိုပါတော့တယ်”။

တစ်နည်းပြောရရင်တော့ လူမှု၊စီးပွါးသုခဟာ စိတ်အားထက်သန်၊ရဲရင့်ပြီး တွေဝေခြင်းမရှိပဲ ဆုံးဖြတ်ချက် ပြတ်သားတဲ့၊ အသိဥာဏ်ရှိတဲ့လူနည်းစုဆီကနေတစ်ဆင့်သာ လက်တွေ့ဖြစ်လာမှာဖြစ်ပြီး လူအုပ်ကြီးဆီကတော့ဖြစ် လာမှာမဟုတ်ပါဘူး။

အီမာဂိုလ်းမန်း၏ ၁၉၁၇ လူနည်းစုနှင့်လူများစုကို အဇာတုတ် (ဝါးခမောက်) မှပြန်ဆိုသည်။