Title: မင်းမဲ့ဝါဒီနှင့် ဘာသာမဲ့(ဘုရားမဲ့)ဝါဒီ ကွဲပြားချက်
Author: Hein Htet Kyaw
Topics: anarchism, atheism
Language: Burmese
Publication: AntiFascist in Burma
Date: 30-03-2022
Source: https://www.facebook.com/share/p/U8Wm5vPYBuSzoLCB/?mibextid=WC7FNe

မင်းမဲ့ဝါဒ၏ အဆုံးစွန်းပန်းတိုင်မှာ လုံးဝမုတ်သုန်လွတ်လပ်ရေးဖြစ်သည်။ နိုင်ငံတော်၏ ထိန်းချုပ်မှုများနှင့် သံကြိုးများ ခန္ဓာကိုယ်ပေါ်တွင် မရှိတော့ခြင်းပင်။ ဆိုလိုသည်မှာ ချာ့ချ်၊ ဘုရားသခင်နှင့် ဘာသာရေး၊ နိုင်ငံတော်နှင့် ပုဂ္ဂလိက ပိုင်ဆိုင်မှုစနစ်တို့မှ လွန်မြောက်ခြင်းပင်။ ~ Bhagat Singh

ဘာသာမဲ့(ဘုရားမဲ့) ဆိုတာကတော့ ရိုးရှင်းပါတယ်။ ဘာသာတရားတွေရဲ့ဖြစ်တည်မှု၊ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ဗျူရိုကရေစီယန္တရားအပေါ် လုံးဝ အယုံအကြည်မရှိတော့တာကို ဆိုလိုတယ်။ ဗျူရိုကရေစီယန္တရားဆိုတာ ရှိနေသရွေ့ အခွင့်ထူးခံလူတန်းစားဟာ အမြဲရှိတယ်။ ဘာသာတရားဟာ မူလဘူတအားဖြင့် ကိုးကွယ်ဆည်းကပ်မှုနဲ့အစပြုတာ‌ကြောင့် အကိုးကွယ်ခံနဲ့ ကိုးကွယ်သူဆိုတဲ့ လူတန်းစားနှစ်ရပ်ရှိလာပြီး အကိုးကွယ်ခံ ဘုရားသခင်၊ ဘုရား၊ တမန်တော်၊ နတ်နဲ့ သူတို့ရဲ့ကိုယ်စားလှယ် ဘာသာ‌ရေးဆရာတွေဟာ အခွင့်ထူးခံလူတန်းစားတစ်ရပ်အနေနဲ့ ဖြစ်တည်လာတယ်။ ဒီအနေအထားကို မကြိုက်ကြတဲ့အခါ လူတွေဟာ ဘာသာရေးကနေ ဝေးကွာလာရတယ်။ တချို့ကလည်း ပိုမိုတိကျပြတ်သားတဲ့ ငြင်းဆိုချက်တွေထုတ်ဖို့ ဘာသာတရားတွေရဲ့ ကျိုးကြောင်းမဆီလျော်မှုတွေကို လေ့လာရင်း အမှားထောက်ဝေဖန်ထောက်ပြကြတယ်။ ဒီလိုလူတွေကို ဘာသာမဲ့တွေလို့ ယေဘူယျဆိုလိုတာပဲ။ ဘာသာမဲ့ဆိုသူတွေဟာ နိုင်ငံ‌ရေးခံယူချက်မျိုးစုံပြန်ကွဲနိုင်တယ်။ လက်ဝဲမင်းမဲ့ဝါဒီ၊ ကွန်မြူနစ်၊ လစ်ဘရယ်တို့ကစလို့ နောက်ဆုံးနာဇီ၊ ဖက်ဆစ်တွေ အထိ ရှိနိုင်တယ်။ ဘာသာရေး ဗျူရိုကရေစီယန္တရားထဲမှာပဲ ဘာသာ‌ရေးကို စီးပွား‌ရေးအတွက် ကိုယ်ကျိုးအတွက် သုံးနေသူတွေကလည်း အယူဝါဒအရတော့ ဘာသာမဲ့ပဲ။ ဒါပေမယ့် ဘာသာရေး ဗျူရိုကရေစီယန္တရားအရတော့ သူတို့ဟာ ဘာသာရေးဆိုင်ရာ အခွင့်ထူးခံ ကပ်ပါးကောင်လူတန်းစားဖြစ်တဲ့ ဘာသာရေးခေါင်း‌ဆောင်လို့ခေါ်တဲ့ အနေအထားမှာ ရှိတတ်တယ်။

မင်းမဲ့ဝါဒီဆိုတာကတော့ လူတန်းစားအဆင့်ဆင့်ကွဲပြားပြီး လူတန်းစားတစ်ရပ်က နောက်လူတန်းစားတစ်ရပ်ကို ဖိနှိပ်တာကို ဆန့်ကျင်နေသူတွေပဲ။ ဘာသာရေး ဗျူရိုကရေစီယန္တရားအောက်မှာရှိနေတဲ့ ဘာသာရေးဆိုင်ရာ အခွင့်ထူးခံ ကပ်ပါးကောင်လူတန်းစားဖြစ်တဲ့ ဘာသာရေးခေါင်း‌ဆောင်တွေနဲ့ ဘုရားသခင်တွေဟာ သူတို့ရဲ့ ရန်သူတွေဖြစ်တယ်။ နိုင်ငံရေး ဗျူရိုကရေစီယန္တရားအောက်မှာရှိနေတဲ့ သမ္မတ၊ လွှတ်တော်အမတ်တို့ကစလို့ နိုင်ငံ့ဝန်ထမ်းနဲ့ နိုင်ငံတော်ကိုယ်တိုင်သည်ပင်လျှင် သူတို့ရဲ့ ရန်သူတွေဖြစ်တယ်။ ဘာလို့ဆို နိုင်ငံရေး ဗျူရိုကရေစီယန္တရားအရ အုပ်ချုပ်သူလူတန်းစားနဲ့ အုပ်ချုပ်ခံလူတန်းစားဆိုပြီး တည်ရှိနေလို့ဖြစ်တယ်။ အလားတူပဲ ဘောဂဗေဒရှုထောင့်အရလည်း ဓနရှင်လူတန်းစားနဲ့ လုပ်သားထုဆိုတာမျိုး ကွဲပြားပြီး အမြတ်ထုတ်သူလူတန်းစားနဲ့ နင်းပြားလူတန်းစားဆိုတာမျိုး ကွဲပြားလာပြန်တယ်။ ဘောဂဗေဒ ဗျူရိုကရေစီယန္တရားအောက်မှာတော့ အမြတ်ထုတ်သူလူတန်းစားဟာ မင်းမဲ့ဝါဒီတို့ရဲ့ ရန်သူဖြစ်လာပြီး နင်းပြားလူတန်းစားတွေဟာ မင်းမဲ့ဝါဒီတို့ရဲ့ မိတ်ဆွေတွေဖြစ်လာတယ်။ ဒီအချက်တွေဟာ မင်းမဲ့ဝါဒရဲ့ အနှစ်သာရစစ်စစ်ကိုဖော်ကျူးရေးသားပြတာသာဖြစ်တယ်။ လက်တွေ့ဘဝမှာ တချို့မင်းမဲ့ဝါဒီတွေဟာ ဗျူရိုကရေစီယန္တရားတိုင်းကို မတိုက်ခိုက်နိုင်တဲ့အခါ သူတို့အပေါ် ဖိနှိပ်မှုအလုပ်ခဲ့ဆုံးသော ဗျူရိုကရေစီယန္တရားကို ဦးတည်တိုက်ခိုက်တာမျိုး ရှိတတ်တယ်။ ဘာသာရေးဗျူရိုကရေစီယန္တရားကိုပဲ တိုက်ခိုက်တဲ့မင်းမဲ့ဝါဒီဟာ ဘောဂဗေဒနဲ့ နိုင်ငံရေး ဗျူရိုကရေစီယန္တရားတွေအောက်မှာ မင်းမဲ့ဝါဒရဲ့ အနှစ်သာရစစ်စစ်နဲ့ ကင်းဝေးသွားတာ ရှိနိုင်တယ်။ အဲ့လိုဖြစ်လာတာ‌ကြောင့် ဓနရှင်မင်းမဲ့ဝါဒလိုမျိုး ခရစ်ယာန်မင်းမဲ့ဝါဒလိုမျိုး တင်းမပြည့်ကျပ်မပြည့်တဲ့ သူငယ်နာမင်းမဲ့ဝါဒီအနည်းအကျဥ်းရှိလာကြတယ်။

ဘာသာရေး ဗျူရိုကရေစီယန္တရားထဲမှာတောင်မှ တချို့က ဘာသာရေး ဗျူရိုကရေစီယန္တရားအောက်မှာရှိနေတဲ့ ဘာသာရေးဆိုင်ရာ အခွင့်ထူးခံ ကပ်ပါးကောင်လူတန်းစားဖြစ်တဲ့ ဘာသာရေးခေါင်း‌ဆောင်တွေကိုပဲ ဦးတည်တိုက်ခိုက်ပြီး ဘုရားသခင်နဲ့ နတ်ဒေဝါတွေကို တိုက်ခိုက်ဖို့ မဝံ့မရဲဖြစ်တတ်တယ်။ ဒါကတော့ သူဟာ မင်းမဲ့ဝါဒီဖြစ်ဖို့‌ရော၊ ဘာသာမဲ့ဖြစ်လာဖို့ရော လုံလောက်မြင့်မြတ်ကြီးမားတဲ့ သိမှုအဆင့်အတန်းတစ်ခုမရှိသေးတာသာ ဖြစ်တယ်။ သို့မဟုတ် သူ့ဦးနှောက်ရဲ့ တွေးခေါ်နိုင်စွမ်းဟာ စစ်မှန်တဲ့ မင်းမဲ့ဝါဒီဖြစ်ဖို့‌ရော၊ ဘာသာမဲ့ဖြစ်လာဖို့ရော တွေးခေါ်မှုဆိုင်ရာ အရည်အချင်းမပြည့်မှီတာ ဖြစ်နိုင်တယ်။

ဒီနေရာမှာ ဘုရားမဲ့ဝါဒီတွေရဲ့ ရန်သူတွေဟာ ဘာသာရေး ဗျူရိုကရေစီယန္တရားအောက်မှာရှိနေတဲ့ ဘာသာရေးဆိုင်ရာ အခွင့်ထူးခံ ကပ်ပါးကောင်လူတန်းစားဖြစ်တဲ့ ဘာသာရေးခေါင်း‌ဆောင်တွေနဲ့ ဘုရားသခင်၊ နတ်ဒေဝါတွေ ဖြစ်တယ်။

ဒီနေရာမှာ မင်းမဲ့ဝါဒီတွေရဲ့ ရန်သူတွေဟာ ဘာသာရေး ဗျူရိုကရေစီယန္တရားအောက်မှာရှိနေတဲ့ ဘာသာရေးဆိုင်ရာ အခွင့်ထူးခံ ကပ်ပါးကောင်လူတန်းစားဖြစ်တဲ့ ဘာသာရေးခေါင်း‌ဆောင်တွေနဲ့ ဘုရားသခင်၊ နတ်ဒေဝါတွေလည်း ဖြစ်သလို နိုင်ငံရေးဆိုင်ရာ၊ ဘောဂဗေဒဆိုင်ရာ ဗျူရိုကရေစီယန္တရားတွေအောက်က အုပ်ချုပ်သူလူတန်းစားတိုင်းနဲ့ အမြတ်ထုတ်သူလူတန်းစားဝင်တိုင်းဟာလည်း မင်းမဲ့ဝါဒီတွေရဲ့ ရန်သူတွေဖြစ်တယ်။


သိမှုမြင့်လူ့အဖွဲ့အစည်းဆီသို့

ဟိန်းထက်ကျော်

Abu Bakr