Hein Htet Kyaw
ဗမာပြည်နယ်နှင့်စပ်လျဥ်းလျှင်
On the Question of Ethno-Nationalist Burmese Federal State: in Favor of Geographical Multicultural Federalism
ဗမာပြည်နယ်နှင့်စပ်လျဥ်းလျှင်
ဒီနေ့ခေတ်မှာ "ဗမာပြည်နယ်" ဆိုတဲ့ နိုင်ငံရေး၊ ဖယ်ဒရယ်ရေး တောင်းဆိုသံဟာ NLD/NUG အင်အားစုမဟုတ်တဲ့ တတိယအုပ်စုတွေအတွက်တော့ ပဏာမနိုင်ငံရေး၊ ဖယ်ဒရယ်ရေးလမ်းစဥ်တစ်ခုလိုဖြစ်နေပါတယ်။
"ဗမာပြည်နယ်" ဘာကြောင့်လိုတာလဲ?
"ဗမာပြည်နယ်" ဆိုတဲ့ နိုင်ငံရေး၊ ဖယ်ဒရယ်ရေး တောင်းဆိုသံဟာ ဒီအချက်တွေကြောင့်ရှိလာတယ်။
၂၀၂၂ ခုနှစ် မေလထုတ် လူ့ဘောင်သစ်စာစဥ် အတွဲ(၃)-အမှတ်(၁၀)ပါ၊ “ရှစ်ပြည်နယ်မူကို မဖြစ်မနေ အခြေခံဖို့လိုတယ်” ဆောင်းပါးမှာ စာရေးသူ လွန်းနွေငြိမ်းဟာ ဒီလိုရေးသားခဲ့ပါတယ်။
“လူမျိုးတမျိုးမျိုးက အခွင့်အရေးတွေ၊ လုပ်ပိုင်ခွင့်တွေကို ဘယ်လိုအကြောင်းနဲ့မှ ပိုယူထားတာကို လက်မခံနိုင်တာ ဖြစ်ပါတယ်။ သည့်ထက် အတိအကျ ပြောရရင် ဗမာတိုင်းရင်းသားတွေက အခြားတိုင်းရင်းသားတွေထက် ထူးပြီး ၇ ယူနစ် ယူထားတာကို လက်မခံနိုင်တာ ဖြစ်ပါတယ်”။
အလားတူပဲ (BPLA) ရဲ့ ကွပ်ကဲရေးမှူး ဖြစ်တဲ့ မောင်ဆောင်းခ ရဲ့ ဖက်ဒရယ် FM မှာ "ဗမာပြည်နယ်ဘာကြောင့်ရှိသင့်လဲ" ဆိုတဲ့ အင်တာဗျူးကို ကိုးကားပြရရင်
• တန်းတူညီမျှဖြစ်မယ့်ပြည်နယ်ဖွဲ့စည်းပုံ ဖြစ်ဖို့ ဗမာပြည်နယ်ပါဝင်ဖွဲ့စည်းရမယ်။ ဗမာနဲ့ဗမာမဟုတ်တဲ့တိုင်းရင်းသားအကြားသွေးချင်းဆိုတဲ့ အမြင်ပိုပေါ်လာမယ်။
• ပြည်မလို့မသုံးတော့။ ပိုအရေးကြီးသလိုထင်ရလို့ ဗမာဒေသလို့ပဲသုံးတော့တယ်။
အဲ့တော့ "ဗမာပြည်နယ်" ဆိုတဲ့ နိုင်ငံရေး၊ ဖယ်ဒရယ်ရေး တောင်းဆိုသံဟာ တိုင်းရင်းသားလူမျိုးစုတစ်ခုဖြစ်တဲ့ လူများစု ဗမာလူမျိုးစုကို ကိုယ်စားပြုတယ်လို့ ကြွေးကြော်ခဲ့တဲ့ ခေတ်အဆက်ဆက် ဦးနုကစလို့ ဦးနေဝင်းနဲ့အတူ ဒီကနေ့ခေတ် အုပ်ချုပ်သူတွေရဲ့ နိုင်ငံရေးအာဏာပိုယူထားမှု၊ ဖယ်ဒရယ်ယူနစ်ပိုယူထားမှုကို ချုပ်ကိုင်ချင်တဲ့ တခြားသောတိုင်းရင်းသားလူမျိုးစုများရဲ့ ကြိုးပမ်းမှုဖြစ်တယ်လို့ နားလည်မိတယ်။
ဒီနေရာမှာ "ဗမာပြည်နယ်" နဲ့အတူ နိုင်ငံတော်ရဲ့ ဖယ်ဒရယ်ဖွဲ့စည်းမှုပုံစံအကြောင်းပြောတဲ့အခါ လူမျိုးစုသီးသန့်ပုံစံလား၊ ပထဝီမြေမျက်နှာသွင်ပြင်ပုံစံလား၊ လူမျိုးစုနဲ့ပထဝီအခြေပြု ရောနှောမှုပုံစံလားဆိုတာကို ဆွေးနွေးနေကြတာကိုလည်း လေ့လာနိုင်မှာဖြစ်တယ်။
NST က စီစဥ်ထုတ်လွှင့်ခဲ့သော "၂၀၂၂ အတွင်း မရှိမဖြစ်လိုအပ်တဲ့ ကြားကာလ အခြေခံဥပဒေ - အပိုင်း(၁၀)" မှ ကောက်နှုတ်ဖော်ပြချက်မှာလည်း ဦးအောင်ထူးက ဒီလိုဆိုတယ်။
• အမျိုးသားရေးအလံထောင်သော ပြည်နယ်များကို အမျိုးသားပြည်နယ်၊
• ကျန်တဲ့ပြည်နယ်တွေသာ လက်ခံရင် ပြည်နယ်အသစ်တွေ ဖွဲ့စည်းမယ် (ကချင်၊ ရှမ်း)
• မတူညီသော လူမျိုးအများစု စုဝေးနေထိုင်ရာပြည်နယ်တွေကို အမျိုးသားများပြည်နယ် (ရန်ကုန်တိုင်း)
CNI သတင်းဌာနနဲ့ Sep 21, 2022, က အင်တာဗျူးမှာ ဆရာသန်းစိုးနိုင်က ဒီလိုဆိုတယ်။
“ကျွန်တော်တို့တိုင်းပြည်မှာ လူမျိုးအလိုက် ခွဲခြားစုစည်းနေလို့လည်း မရဘူး။ ပထဝီအလိုက်ပဲလည်း ခွဲခြားဖို့ခက်မယ်။ အဲ့နှစ်မျိုးလုံးကို ထည့်သွင်းစဥ်းစားဖို့လိုမယ်” တဲ့။
သမိုင်းထဲက "ဗမာပြည်နယ်" ဆိုတဲ့ အယူအဆ
သမိုင်းထဲက "ဗမာပြည်နယ်" ဆိုတဲ့ အယူအဆကိုခြေရာခံကြည့်တဲ့အခါ ကျနော်တို့ဟာ ရှစ်ပြည်ထောင်ရှမ်းဖယ်ဒရယ်မူကနေစမှ သမိုင်းကျေမှာဖြစ်ပါတယ်။
၁၉၆၀ ပတ်ဝန်းကျင်မှာ ရှမ်းမူကို စတင်လူထုထံချပြပေးခဲ့တဲ့အထဲ ရန်ကုန်တက္ကသိုလ် ဘာသာပြန်ဌာနမှာ ကထိကအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးတင်ဧလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။
၂၀၁၃ မှာလည်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌဒေါက်တာအေးမောင်က ညီနောင်တိုင်းရင်းသားများပါတီ ဖယ်ဒရေးရှင်း (NBF) ရဲ့ ရှမ်းပြည်နယ်တောင်ကြီးညီလာခံမှာ ရှစ်ပြည်ထောင်အယူအဆကို ဆွေးနွေးခဲ့ဖူးပါတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးတာကို ကျွန်တော်မှတ်သားဖူးပါတယ်။
၂၀၁၆ ခုနှစ် နေပြည်တော်မှာ ကျင်းပတဲ့ ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာလည်း “ဗမာပြည်နယ်” အယူအဆကို ဆွေးနွေးခဲ့ကြဖူးတယ်လို့ သိရပါတယ်။
"ဗမာပြည်နယ်-ရှစ်ပြည်နယ်"
၂၀၂၂ ခုနှစ် မေလထုတ် လူ့ဘောင်သစ်စာစဥ် အတွဲ(၃)-အမှတ်(၁၀)ပါ၊ “ရှစ်ပြည်နယ်မူကို မဖြစ်မနေ အခြေခံဖို့လိုတယ်” ဆောင်းပါးမှာ စာရေးသူ လွန်းနွေငြိမ်းဟာ ဒီလိုရေးသားခဲ့ပါတယ်။
ဘယ်တိုင်းရင်းသားကမှ သဏ္ဍာန်အရပဲဖြစ်ဖြစ်၊ အနှစ်သာရအရပဲဖြစ်ဖြစ် အခွင့်အရေး၊ လုပ်ပိုင်ခွင့်နှင့် နယ်မြေယူနစ်တွေကို ပိုပြီး ယူထားတဲ့ အနေအထားမျိုး လုံးဝကင်းစင်ရမှာ ဖြစ်ပါတယ်။ ဗမာတိုင်းရင်းသားတွေက အခြားတိုင်းရင်းသားတွေနည်းတူ ဗမာပြည်နယ်တခုကိုပဲ ယူရမှာ ဖြစ်ပါတယ်။ ဒါကို ရှစ်ပြည်နယ်မူကို အခြေခံတာလို့ ခေါ်ပါတယ်။” တဲ့။
အလားတူပဲ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌဒေါက်တာအေးမောင်ကလည်း ရှစ်ပြည်နယ်မူကို ဒီလိုပြောဖူးပါတယ်။
“စစ်မှန်တဲ့ ပြည်ထောင်စုပုံဖော်နိုင်အောင် အမျိုးသားလွှတ်တော်ကို လူမျိုးစုလွှတ်တော်လိုဖန်တီးပေးရမယ်၊ တိုင်း ၇ ခုကို ပေါင်းပြီးတော့ ပြည်မပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ပေးဖို့လိုပါတယ်” တဲ့။
ဗမာလူမျိုးကြီးဝါဒရှင်းတမ်း
ဗမာလူများစုဖိနှိပ်ခြင်းနဲ့ပတ်သတ်လို့ ကျနော်တို့က (၃) မျိုးခွဲပြီးချဥ်းကပ်နိုင်မယ်။
နိုင်ငံတော်အခြေခံ ဗမာ့ဖိနှိပ်မှု
ဒါကတော့ ရှင်းပါတယ်။ နိုင်ငံတော်အာဏာကို ရရှိခဲ့တဲ့ ဦးနေဝင်းကစလို့၊ ဦးသန်းရွှေ စသူတို့ဟာ ဗမာလူများစုရဲ့ကိုယ်စားပြုမှုကို အတင်းအဓမ္မလက်နက်မိုးရယူခဲ့တာဖြစ်တယ်။ အဲ့တာကြောင့် ဗမာတွေကိုယ်တိုင်က ဒီမိုကရေစီလှုပ်ရှားမှုဆိုတဲ့ အမည်နာမအောက်ကနေ "ဗမာ" တွေရဲ့ကိုယ်စားပြုမှုကို ဒီစစ်ဗျူရိုကရက်ယန္တရားအောက်ကနေ ပြန်လည်သိမ်းယူဖို့ကြိုးစားကြတာဖြစ်တယ်။ ဒီတော့ ဒီရှုထောင့်အရ စစ်အာဏာရှင်အဆက်ဆက်ပြုလုပ်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ "ဗမာ" တွေက လုပ်တာမဟုတ်ပဲ "ဗမာ" တွေကိုယ်တိုင်က အဖိနှိပ်ခံ၊ အကြမ်းအဖက်ခံ တော်လှန်ခဲ့ကြတဲ့ စစ်ဗျူရိုကရက်လူတန်းစားတစ်ရပ်က "ဗမာ" အမည်ခံပြီး လုပ်ခဲ့ကြတာဖြစ်တယ်။
ဖက်ဒရယ် FM, April 23 မှာတင်တဲ့ "ဗမာပြည်နယ်ဘာကြောင့်ရှိသင့်လဲ" ဆိုတဲ့ (BPLA) ရဲ့ ကွပ်ကဲရေးမှူး မောင်ဆောင်းခရဲ့ အင်တာဗျူးမှာ ပြောသွားတာလေးကို တွေ့ရတော့ တွေးမိပြန်တယ်။
• တိုင်းရင်းသားလူမျိုးစုတွေက “စစ်တပ်ကဝင်လာရင် ဗမာတွေဝင်လာတယ်လို့ပြောကြတယ်” တဲ့။
တကယ်ဆို ဗမာကိုယ်စားပြုတဲ့ဗမာပြည်သူတွေအနေနဲ့ စစ်တပ်(စစ်ဗျူရိုကရက်လူတန်းစား)နဲ့ဗမာဟာ မတူကြောင်းပြောဖို့ ပေးခဲ့ရတဲ့အသက်တွေ၊ သွေးတွေဟာ များပါတယ်၊ ဒါပေသိ (BPLA) ရဲ့ ကွပ်ကဲရေးမှူး မောင်ဆောင်းခ အဲ့ကိစ္စနဲ့ပတ်သတ်လို့ ဆက်လက်ရှင်းပြတာမျိုး လုံးဝမရှိခဲ့ဘူး။
နဂိုကတည်းက ဒီစစ်ဗျူရိုကရက်လူတန်းစားတစ်ရပ်က သူတို့လုပ်ရပ်အတွက် သူတို့တာဝန်မယူချင်တာကြောင့် ဗမာအရေခြုံလုပ်ခဲ့ကြတာကို စစ်ဗျူရိုကရက်လူတန်းစားတစ်ရပ်စိတ်တိုင်းကျ စစ်ဗျူရိုကရက်လူတန်းစားနဲ့ ဗမာဆိုတဲ့မတူညီတဲ့ ဖြစ်တည်မှုတွေကို တန်းညှိပေးလိုက်ခြင်းဟာ စစ်ဗျူရိုကရက်လူတန်းစားအကျိုးအမြတ်အတွက်ဖြစ်နေတယ်ဆိုတာကို မတွေးမိကြတာဟာ ရင်နာဖို့ကောင်းတယ်။
စစ်ဗျူရိုကရက်နှင့် ဗမာအင်အားစုအကြား ကွဲပြားမှုကို ထောက်ပြနိုင်ရမယ်။ အဲ့လိုမဟုတ်သရွေ့ အမျိုးသားရေးအလံတွေကြားက အမုန်းက ဘယ်တော့မှ ပျောက်မှာမဟုတ်ဘူး။
ယဥ်ကျေးမှုဆိုင်ရာလူမျိုးကြီးဝါဒ
ဗမာလူမျိုးကြီးဝါဒရယ်လို့ ပီပီသသဖြစ်တည်စေတာဟာ ဒီရှုထောင့်ပါပဲ။ "ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား" စတဲ့အနေအထားဟာ ဗမာကြီးစိုးရာဒေသတွေသာမက တိုင်းရင်းသားဒေသတွေအထိပါ ပေါက်ရောက်ပါတယ်။ ဒါ့အပြင် ဗမာကြီးစိုးရာဒေသတွေဟာ လူမှုစီးပွားရေးအရပိုပြီး တိုးတက်တာကြောင့် ဒီဖြစ်တည်မှုကိုယ်တိုင်ဟာ Hegemony တစ်ခုဖြစ်လာရတယ်။
အလားတူပဲ သမိုင်းဆိုင်ရာမှာလည်း ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ သမိုင်းတွေ၊ ယဥ်ကျေးမှုအမွေအနှစ်တွေဟာ ဗမာနှိုက်ဇေးရှင်းဖြစ်လာရတယ်။ ဒါဟာ တကယ်ပဲ ဗမာတွေက ယူနစ်ခုနှစ်ခုယူထားတာကြောင့်ဖြစ်တယ်။ ဗမာတွေရဲ့ လူမှုစီးပွားဆိုင်ရာပိုမိုအခြေအနေကောင်းမှုနဲ့ စစ်အစိုးရအဆက်ဆက် ဗမာနှိုက်ဇေးရှင်းလုပ်မှုတွေကြောင့်ဖြစ်တယ်။
တစ်ဦးချင်းဆိုင်ရာလူမျိုးကြီးဝါဒ
ဒီအခါ ဗမာလူမျိုးစုဝင်တွေအနေနဲ့ လူမျိုးကြီးဝါဒဆိုတာကြီးရဲ့ သိမ်းသွင်းမှုက ကျောင်းပညာရေးနဲ့ ဝါဒဖြန့်မှုမျိုးစုံကလာတာကြောင့် တိုင်းရင်းသားမုန့်တွေကြိုက်လဲ၊ တိုင်းရင်းသားသူငယ်ချင်းတွေရှိလဲ ဘာသာစကားအရ၊ ယဥ်ကျေးမှုအရ၊ သမိုင်းဆိုင်ရာဗဟုသုတအရကိုက လူမျိုးကြီးဝါဒရဲ့သွတ်သွင်းမှုကို ခံလာကြရတယ်။
အလားတူပဲ (BPLA) ရဲ့ ကွပ်ကဲရေးမှူး ဖြစ်တဲ့ မောင်ဆောင်းခ ရဲ့ ဖက်ဒရယ် FM မှာ "ဗမာပြည်နယ်ဘာကြောင့်ရှိသင့်လဲ" ဆိုတဲ့ အင်တာဗျူးကို ကိုးကားပြရရင်
• “ဗမာတွေဟာ စစ်အာဏာရှင်ဒဏ်ခံရပေမယ့် စစ်မပြေးဘူးဖူး၊ ခွဲခြားဆက်ဆံခံရမှုမရှိဘူး၊ မှတ်ပုံတင်မခက်ခဲဘူး။ ဗမာဘာသာစကားမတတ် ပညာရေးရှေ့ရောက်ဖို့ခက်ခဲတယ်”
ဆိုတဲ့ အချက်တွေကို ထောက်ပြသွားတာတွေ့နိုင်ပါတယ်။
ဘုံရန်သူ
CNI သတင်းဌာနက ဖေဖော်ဝါရီ ၁၉ မှာတင်ထားတဲ့ “ဗမာပြည်နယ် ဖွဲ့စည်းဖို့ ဖြစ်နိုင်လား” ဆိုတဲ့ သတင်းဆောင်းပါးမှာ ဒေါက်တာလှကျော်ဇော်က ဒီလိုပြောထားတာကို တွေ့မိတယ်။
“တိုင်းရင်းသားခေါင်းဆောင် ကပြောဖူးတယ်။ အဓိကဘုံရန်သူကို တာဝန်အရ အပြုတ်တိုက်၊ ကျန်တာက မောင်နှမအချင်းချင်းဖြေရှင်းကြမယ်” တဲ့။
CNI သတင်းဌာန Sep 21, 2022, မှာ တင်ထားတဲ့ အင်တာဗျူးမှာ သန်းစိုးနိုင်ကလည်း အလားတူဆိုထားပါတယ်။
“စစ်အာဏာရှင်ဖျက်သိမ်းမှုအောင်မြင်၊ ၂၀၀၈ ဖျက်သိမ်းပြီးမှ အားလုံးညှိနှိုင်းဆွေးနွေးမှသာ၊ မဟုတ်ပါပဲ သူပြည်နယ်ရရင် ငါလည်း ပြည်နယ်ရမှလို့လုပ်နေသရွေ့ တိုင်းပြည်ဟာ ငြိမ်းချမ်းရေးဘယ်တော့မှ ရမှာမဟုတ်” တဲ့။
တကယ်တော့ ဒါဟာ အရေးတကြီးလိုအပ်နေတဲ့ အဖြေတစ်ခုကို လက်ရှောင်တဲ့နည်းလမ်းတစ်ခုပဲဖြစ်တယ်။ ပြီးတော့ လက်တွေ့မြန်မာ့နိုင်ငံရေးပေးထားချက်တစ်ခုကို လုံးဝဖယ်ထုတ်ထားသလိုလည်းပဲဖြစ်နေပါတယ်။ ဒါဟာ ရေတိုကြည့်လွန်းတဲ့ အယူအဆတစ်ခုပါပဲ။
မြန်မာ့နိုင်ငံရေးပေးထားချက်
မြန်မာ့နိုင်ငံရေးပေးထားချက်အရ မြန်မာနိုင်ငံရဲ့တော်လှန်ရေးမူတွေဟာ ဒေသအလိုက် အမျိုးသားရေးအလံအလိုက်ကွဲပြားနေတာကိုမြင်ရမယ်။
မြေပြန့်မှာ ဒီမိုကရေစီအရေးလှုပ်ရှားမှုဟာ ထွန်းကားပြီး တောင်ပေါ်ဒေသ (အထူးသဖြင့် မိမိတို့ရဲ့ အမျိုးသားပြယုဒ်တွေဖြစ်တဲ့ ဘာသာစကား၊ သမိုင်းကြောင်းနဲ့ လူမှုစီးပွားဆိုင်ရာ အခွင့်အလမ်းရပိုင်ခွင့်တို့ကို လိုအပ်သလို မရနိုင်တဲ့ဒေသ) တွေမှာတော့ အမျိုးသားရေးအလံတော်အောက်က ဖယ်ဒရယ်ရေး၊ ကိုယ်ပိုင်ပြဌာန်းရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေးစတာတွေကို တောင်းဆိုကြတာတွေ့ရမယ်။ ဒီနောက်ပိုင်းမှာတော့ ၂၀၂၁ နိုင်ငံရေးအခင်းအကျင်းနဲ့အတူတူ ဒီလှုပ်ရှားမှုနှစ်ခုဟာ ပေါင်းမိဟန်ရှိလာကြတယ်။
ဒီနေရာမှာ မြေပြန့်ပေါ်ကရော၊ တောင်ပေါ်ဒေသကရော အုပ်ချုပ်သူလူတန်းစား (နိုင်ငံရေးအာဏာပိုင် ရွေးကောက်ခံနိုင်ငံရေးပါတီ၊ တပ်မတော်၊ လူမျိုးစုလက်နက်ကိုင်၊ တခြားသော နိုင်ငံရေးပါတီ) စတာတွေဟာ အရေးကြီးတဲ့ ဆင်းရဲချမ်းသာကွာဟမှု၊ လူတန်းစားကွာဟာမှု၊ လူတန်းစားအမြတ်ထုတ်ခံရမှုတို့ကို ဘယ်တုန်းကမှ ထဲထဲဝင်ဝင် ဖြေရှင်းချက်အစစ်အမှန်ကိုမပေး၊ မရှာခဲ့ကြပါဘူး။
ဆိုလိုချင်တာက တကယ်တော့ ဗမာ့နိုင်ငံရေးပေးထားချက်ထဲက အရေးပါတဲ့ အချက်တစ်ခုဖြစ်တဲ့ “ဆင်းရဲချမ်းသာကွာဟမှု၊ ဥစ္စာဓနဖြန့်ဝေမှု တန်းတူမဖြစ်ခြင်း” ဟာ အမျိုးသားရေးအလံတော်အောက်က ဖယ်ဒရယ်ကိုယ်ပိုင်ပြဌာန်းရေးနဲ့ရော မြေပြန့်ဒေသက ဒီမိုကရေစီလှုပ်ရှားမှုနဲ့ရော ဆက်စပ်နေတယ်လို့ ဆိုလိုချင်တာပဲ ဖြစ်ပါတယ်။
တော်လှန်ရေးဘာကြောင့်ဖြစ်သလဲ?
"တော်လှန်ရေးဘာကြောင့်ဖြစ်သလဲ" မေးခွန်းကို ဝေဖန်ခဲ့တဲ့အခါ ဖိနှိပ်မှု၊ လူနေမှုဘဝ သောက်ကျိုးနည်းမှု၊ တိုင်းပြည်မတည်ငြိမ်မှု၊ ဆင်းရဲငတ်မွတ်မှု စတာတွေကြောင့် ဖြစ်ကြပါတယ်။ တိုင်းပြည်တစ်ခု ဒေသတစ်ခု ဝေဆာပွင့်လန်းပြီး ဌာနေ၊ ရွေ့ပြောင်းတို့အတူတူ ချမ်းသာကြွယ်ဝမှုကို ထိတွေ့နေရတဲ့အခါ နိုင်ငံရေးအသိကြွယ်ဝနိုင်လောက်အောင် လေ့လာနိုင်တဲ့အထိ Privilege မရသူတိုင်းဟာ သာမန်လူမှု့ရုန်းကန်မှုတွေနဲ့သာ မနားတမ်းဖြစ်နေကြမှာဖြစ်ပါတယ်။
အဖိနှိပ်ခံ တိုင်းရင်းသားလက်နက်ကိုင်များထဲမှ လူမျိုးရေးမုန်းတီးသူများ
ဖူးကီဒိုရေး "မန်းဘဇင်နှင့် ကရင်တော်လှန်ရေး" စာအုပ် စာမျက်နှာ - ၁၉၆၊ ၁၉၇ ကနေ ကောက်နှုတ်ပြရရင် ဒီလိုဆိုထားတာကို တွေ့ရမယ်။
"လူမျိုးချင်းကျွန်ပြုမှုစနစ်ကိုဆန့်ကျင်သော၊ လူမျိုးစုံသွေးစည်းချစ်ကြည်ရေးကို စွဲမြဲလက်ခံကျင့်သုံးသော၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဥ်းမြောင်းသောအမျိုးသားရေးဝါဒတို့ကို ဆန့်ကျင်သော ကျွန်တော့်အဖေသည် သွေးနှောမှုကို ခါးသီးစွာဆန့်ကျင်ခဲ့သည်။ သွေးနှောခြင်းကြောင့် မလိုလားအပ်သော ကပြားပြဿနာများ တသီကြီးပေါ်လာသည်။" လို့ဆိုထားတာမျိုးကိုတွေ့ရတယ်။
အဖိနှိပ်ခံတွေထဲမှာလည်း လူမျိုးရေးမုန်းတီးသူ၊ အမျိုးသားရေးအစွန်းရောက်တွေရှိနိုင်တယ်ဆိုတဲ့ လက်တွေ့အရှိတရားကို ဂရုပြုရမယ်ထင်တယ်။ ကျားသစ်နက်ပါတီသစ် (ကျားသစ်နက်ပါတီမဟုတ်) ဟာ လူမည်းအမျိုးသားရေးဝါဒီဖြစ်တယ်၊ လူမည်းတွေအပေါ် လူဖြူတွေရဲ့လူမျိုးရေးမုန်းတီးမှုကိုဆန့်ကျင်တယ်။ ဒါပေမယ့် ကျားသစ်နက်ပါတီသစ်ရဲ့ ခေါင်းဆောင် Quanell X အပါအဝင် သူတို့ပါတီဝင်တွေဟာ ဂျူးမုန်းတီးရေး၊ လူမည်းအစွန်းရောက်အမျိုးသားရေး စတဲ့စိတ်ဓါတ်တွေရှိခဲ့တာကြောင့် ကျားသစ်နက်ပါတီရဲ့ အဖွဲ့ဝင်ဟောင်းတွေဟာ ကျားသစ်နက်ပါတီသစ်ဟာ သူတို့ရဲ့မူရင်း ကျားသစ်နက်ပါတီနဲ့ မသက်ဆိုင်ကြောင်း ငြင်းချက်ထုတ်ခဲ့ရဖူးတယ်။
ဖယ်ဒရယ်နဲ့ ခွဲထွက်ခွင့်
ဖယ်ဒရယ်ဟာ ခွဲထွက်ခွင့်ဆိုတဲ့ သုံးသပ်ချက်ကို စတာလင်က ပထမဆုံးတင်ပြခဲ့တယ်။ ဒီအယူအဆကိုပဲ ဗိုလ်ချုပ်အောင်ဆန်းတို့လို နိုင်ငံရေးခေါင်းဆောင်တွေကအထိ ကိုးကားခဲ့ကြတယ်။
၁၉၄၇ ခုနှစ် မေ ၂၀ ရက် ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းက လူမျိုးစုများရဲ့ကိုယ်ပိုင်ပြဌာန်းခွင့် အကြောင်းပြောရာမှာ ဆိုဗီယက်ပြည်ထောင်စု ခေါင်းဆောင် စတာလင်ကို ကိုးကားပြီး “လူမျိုးကြီးဆိုတာ အချင်းချင်း ပေါင်းသင်းနေရင် (Regional Autonomy) ဆိုတဲ့ နယ်မြေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြီး ခွဲထွက်ခွင့်ပါ ရထိုက်သတဲ့။ ကိုယ်ပိုင်ပြဌာန်းခွင့် လုံးဝရထိုက်သတဲ့” လို့ ဆိုခဲ့ပါတယ် (ကိုးကား - မြန်မာ့သမိုင်း ဖြစ်ရပ်မှန်များ ရေးသားပြုစုရေးအဖွဲ့၊ တိုင်းရင်းသား လူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံဥပဒေ၊ ဒုတိယတွဲ၊ ၁၉၉၀)။
လက်ဝဲနိုင်ငံရေး ဆိုရှယ်လစ်အမည်ခံပြီး ဗမာလူမျိုးစုခေါင်းဆောင်မှုကို လက်နက်နဲ့ အဓမ္မသိမ်းယူပြီး အာဏာရလာတဲ့ မဆလနဲ့ ဦးနေဝင်းတို့ဟာလည်း စတာလင်ရဲ့ဖယ်ဒရယ်ဟာ ခွဲထွက်ခွင့်ဆိုတဲ့ သုံးသပ်ချက်ကို လက်ခံခဲ့ကြပြီး ဖယ်ဒရယ်ကို ပထွေးမုန်းမုန်းတဲ့ အုပ်စုအနေနဲ့ ရပ်တည်ခဲ့ကြတယ်။ "ပြည်ထောင်စုမပြုကွဲရေး တို့အရေး" ဆိုတဲ့ ဂျင်းက တို့တာဝန်အရေးသုံးပါးထဲမှာ ပါလာပြီး နေ့တိုင်းရုပ်ရှင်ကြည့်ခါနီး ကြားနာခဲ့ရတဲ့အထိ လူထုနားထဲ အဆိပ်ခပ်ခဲ့တယ်။
ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေး (၇၅) နှစ်ပြည့် အထိမ်းအမှတ် ရဲဘော်ဖိုးသံချောင်း အင်တာဗျူးမှာ သူက “တိုင်းပြည်ပြိုကွဲမယ့်ကိစ္စမှန်သမျှကို ရှောင်ကြဉ်မယ်။ တိုင်းပြည်ကခွဲထွက်ချင်သူပေါ်လာရင် ဖျောင်းဖျပြီး ပြန်ဆွဲမယ်” လို့ ဆိုခဲ့တာကို ထောက်ဆခြင်းဖြင့်
ဒီအယူအဆကို ဗမာပြည်ကွန်မြူနစ်ပါတီမှာလည်း ဆင်တူတွေ့ရတတ်တယ်။ တရုတ်ပြည်ရဲ့ ဖယ်ဒရယ်မူကို အားကျတဲ့ မော်စီတုန်းကိုးကွယ်သူတွေအနေနဲ့ ရပ်တည်ခဲ့ပြီး တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ လက်ဝေခံအဖြစ် သူများပေးစာကမ်းစာနဲ့ တော်လှန်ရေးလုပ်ခဲ့ရတဲ့ သခင်သန်းထွန်းနှောင်းပိုင်း သခင်ချစ်၊ သခင်ဇင်စသည့် မျိုးဆက်တိုင်းမှစလို့ ဒီကနေ့ ရဲဘော်ဖိုးသံချောင်းတို့အထိဟာ "ပြည်ထောင်စုမပြုကွဲရေး တို့အရေး" ဆိုတဲ့ စစ်အာဏာရှင် ဦးနေဝင်းတို့၊ ဦးသန်းရွှေတို့နဲ့ ဆင်တူတဲ့ အယူအဆတွေကို ကိုင်စွဲနေကြသေးတာကို တွေ့ရပါလိမ့်မယ်။ ပြောရရင် ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ မဆလအကြား နိုင်ငံရေးအာဏာကြောင့်သာ ရန်သူတွေဖြစ်နေခဲ့ကြပေမယ့် အတွေးအခေါ်အခြေခံအားဖြင့် သိပ်မကွာတာကိုလည်း တွေ့ရပါလိမ့်မယ်။ ဒါကြောင့်လဲ တစ်ခေတ်တစ်ခါက ဗမာမဟုတ်တဲ့ တခြားတိုင်းရင်းသားလူမျိုးစုတွေဟာ ဆိုရှယ်လစ်တွေ (မဆလ)၊ ကွန်မြူနစ်တွေ (ဗကပ) အချင်းချင်းသာ အာဏာလုနေကြလို့ မတည့်ကြတာ တိုင်းရင်းသားလူမျိုးစုအရေးနဲ့ပတ်သတ်ရင်တော့ တစ်လေသံတည်း ဗမာလူမျိုးကြီးဝါဒီတွေချည်းဆိုတဲ့ အဓိပ္ပါယ်မျိုးသက်ရောက်တဲ့ "ဗမာနီနဲ့ဗမာညို တစ်သံတည်းပဲ" ဆိုတာမျိုး ပြောဆိုခဲ့ကြတာဖြစ်တယ်။ ဒီပြည်ထောင်စုမပြိုကွဲရေးဂျင်းဟာ ဒီကနေ့အထိ တော်လှန်ရေးအတွေးအခေါ် တိုးတက်လာပါတယ်လို့ ဆိုတဲ့ NUG/CRPH အုပ်စုကို အထိလိုက်လာသေးတယ်။ ခွဲထွက်ရေးကို သမိုင်းတစ်လျှောက် လက်နက်ကိုင်ကြိုးပမ်းမှုတိုင်းကျရှုံးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဟောင်းကြီးများက မာန်လျော့ပြီး စွန့်လွှတ်လိုက်ပေမယ့် ရခိုင့်တပ်တော် အေအေက ပြန်လည်ဖော်ထုတ်လာတာကို မြင်ရတယ်။ "ရခိုင်ပြည်နယ်မဟုတ် ရခိုင်နိုင်ငံတော်ဖြစ်သည်" ဆိုတဲ့ ဆောင်ပုဒ်အောက်မှာ ဘယ်လိုပယောဂကြောင့်ဆိုသည်ဖြစ်စေ ဖယ်ဒရယ်ထက်ကျော်လွန်တဲ့ ကွန်ဖယ်ဒရေးရှင်းကို ၂၁ ရာစုမှာ တောင်းဆိုတဲ့ အင်အားကြီးအုပ်စုတစ်ခုအနေနဲ့ ထီးထီးကြီးကွဲထွက်ဖြစ်တည်နေတာကို မြင်တွေ့ရမှာဖြစ်တယ်။ ဒါဟာ ဘာကိုဆိုလိုသလဲဆိုရင် ဖယ်ဒရယ်အရေးထက်ပိုပြီး ရယ်ဒီကယ်ဆန်တဲ့ နိုင်ငံရေးတောင်းဆိုချက်တွေ ရှိလာနေတာကို ဖော်ညွှန်းနေတာဖြစ်တယ်။
သမိုင်းထဲက ဗမာ့လီနင်
"ဗမာ့နိုင်ငံရေးမှာ လက်ဝဲနိုင်ငံရေးဟာ ပေါလွန်းပါတယ်။" သို့သော် တိုးတက်တဲ့လက်ဝဲနိုင်ငံရေးခေါင်းစဥ်အောက်က ဗမာ့နိုင်ငံရေးသမားတွေမှာ ၂၁ရာစုအထိ မှန်ကန်နေတဲ့ တကယ့်နိုင်ငံရေးပေးထားချက် နဲ့ မှတ်ကျောက်တင်ခံရလောက်တဲ့အထိ အတွေးအခေါ်အားကောင်း၊ ကြိုတင်တွေးဆနိုင်ခဲ့သူမရှိခဲ့ပါဘူး။ သခင်ဗဟိန်းမှာလည်း ဒီလိုအရည်အချင်းမရှိခဲ့သလို သခင်သန်းထွန်း၊ သခင်ချစ်၊ သခင်ဇင်၊ သိန်းဖေမြင့်၊ စတဲ့ နိုင်ငံရေးသမားတွေမှာလည်း မရှိခဲ့ဘူး။ ရဲဘော်ကြင်မောင်ရဲ့ "ဆောင်းပါးပေါင်းချုပ်" စာအုပ်ထဲမှာ သခင်စိုးရဲ့ အယူအဆနဲ့ပတ်သတ်လို့ သူဝေဖန်သွားတာလေးကို သွားသတိမထားမိခင်အထိ ဗမာ့နိုင်ငံရေးထဲ ၂၀ရာစုအခြေစိုက် တော်လှန်ရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်တိုင်းဟာ ၂၁ ရာစုစံတွေနဲ့ မှတ်ကျောက်တင်ရလောက်တဲ့အထိ ပြီးပြည့်စုံခဲ့တဲ့သူမရှိဘူးလို့ပဲ ကျနော်လဲ အထင်ရောက်ခဲ့ပါတယ်။ ရဲဘော်ကြင်မောင်ရဲ့ "ဆောင်းပါးပေါင်းချုပ်" စာအုပ်ထဲမှာ "အလံနီတွေ၊ သခင်စိုးတို့တွေဟာ ဗကပအဖြူဆို သူတို့ကအမည်း၊ ဗကပက ဗဟိုဦးစီးစနစ်တစ်ပြည်ထောင်ဆို သူတို့က လူမျိုးတစ်မျိုး တိုင်းပြည်တစ်ခု ဆိုတာမျိုး လုပ်ခဲ့ကြတယ်" လို့ (အတိအကျမဟုတ်၊ အသေးစိတ်မမှတ်မိ) ရေးသားခဲ့တာလေးကို သတိထားမိတဲ့အခါ ဗမာပြည်မှာ အမျိုးသားရေးအလံသီးသန့် (လူမျိုးရေးသီးသန့်) နိုင်ငံရေး၊ လူတန်းစားသီးသန့်နိုင်ငံရေးတို့ကို ကျော်လွန်ပြီး အမျိုးသားရေးအလံရော၊ လူတန်းစားရေးရောကို စနစ်တကျ ပေါင်းစပ်တင်ပြနိုင်ခဲ့တဲ့ ဗမာကိုယ်စားပြုနိုင်ငံရေးအင်အားစုရှိနေခဲ့ပါလားဆိုတာကို သတိထားမိလာတယ်။ ၂၁ ရာစုအထိ ပြည်ထောင်စုမပြိုကွဲရေးဂျင်းအောက်ကနေ ဖယ်ဒရယ်မှာ ကွဲထွက်ရေးမပါပါဘူး လုပ်ချင်ကြတဲ့ နိုင်ငံရေးအုပ်စုတွေရဲ့ နိုင်ငံရေးရေချိန်နဲ့ ၂၀ ရာစုကတည်းက ကွန်ဖယ်ဒရေးရှင်းမူကို အခြေခံပြီး လူတန်းစားရေးပါ မလွတ်စေခဲ့တဲ့ သခင်စိုးရဲ့ နိုင်ငံရေးရေချိန် ကွာခြားခဲ့မှုတို့ကို အသိအမှတ်ပြုလာရတယ်။ ဒီတော့ ဒီနေ့ခေတ် BPLA က ပြောနေတဲ့ သူတို့ဟာ ဗမာဒေသအကြောင်းပြောတဲ့ ပထမဆုံးဗမာကိုယ်စားပြုလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တယ်ဆိုတဲ့အချက်ဟာ ဘာသာဗေဒအရ ကပ်သပ်ပြောရင်သာမှန်ကန်တော့ပြီး နိုင်ငံရေးစံအရဆိုရင်တော့ သမိုင်းမသိနားမလည်သူတွေအတွက်သာ မှန်ကန်တဲ့ အချက်ဖြစ်နေတယ်ဆိုတာကို သိနားလည်လာရတယ်။
"ဗမာပြည်နယ်" နှင့်လူမျိုးစုအခြေပြု ဖယ်ဒရယ်စနစ်ရဲ့ ပြဿနာ
လူမျိုးစုအခြေပြု ဖယ်ဒရယ်စနစ်ဟာ တကယ့်ကို ခေတ်နောက်ကျလွန်းပြီး အလုပ်မဖြစ်တဲ့အပြင် နှောင်းကာလမှာ မတူညီတဲ့လူမျိုးစုတွေအကြားက သွေးစည်းညီညွတ်မှုကို ပျက်ပြားစေပြီး လူမျိုးရေး(အမျိုးသားရေး) အလံတွေအောက် အချင်းချင်း နိုင်ငံရေးကိုယ်စားပြုမှု၊ နိုင်ငံရေးအာဏာအတွက် ရန်သူသဖွယ် သဘောထားနေကြစေမယ့် ပေါ်ပျူလာဝါဒတစ်ခုဖြစ်ပါတယ်။ ဒီလူမျိုးစုအခြေပြု ဖယ်ဒရယ်စနစ်ကို အားသန်နေတဲ့ နိုင်ငံရေးအင်အားစုတိုင်းဟာ ဆင်းရဲ-ချမ်းသာကွာဟမှုဟာ ဘောဂဗေဒမူလပြဿနာတွေထဲက တစ်ခုဖြစ်ပါတယ်ဆိုတဲ့ နီယိုလစ်ဘရယ်ဝါဒီတွေလို ပြဿနာတစ်ခုရဲ့အရင်းကိုမကိုင်နိုင်လို့ အသိအမြင်ဖောက်ပြန်မှောက်မှားရတဲ့ သူငယ်နပ်စားနိုင်ငံရေးသိမှုတွေကြောင့် ဖြစ်လာရတာပါပဲ။
ဒီလူမျိုးစုအခြေပြု ဖယ်ဒရယ်စနစ်ကိုသာ အကောင်အထည်ဖော်မိတဲ့အခါ လူများစုကြီးစိုးရာဒေသမှာ လူနည်းစုအုပ်စုတွေက နေရာရဖို့ကြိုးစားလာရမယ်။ ဒါက လူမျိုးစုအခြေခံအပေါ်ပိတ်မိနေစေမယ့်အတွက် လူထုကို ရေရှည်မှာ လူမျိုးရေးအလံထူတဲ့ နိုင်ငံရေးအောက်မှာ နှစ်ရှည်ကြာ ပိတ်ထားလိမ့်မယ်။ အုပ်စိုးသူလူတန်းစား ruling class အပေါ် သက်ဆိုင်ရာဒေသမှာ နေထိုင်တဲ့ လူမျိုးစုတိုင်းက အဖိနှိပ်ခံအလုပ်သမား၊ လယ်သမားနဲ့ သူဆင်းရဲလူတန်းစားတွေရဲ့ စုဝေးတော်လှန်ရန် ကြိုးပမ်းစည်းလုံးမှုကို နှောင့်နှေးစေမယ်။
ဆိုလိုတာက "ဗမာပြည်နယ်" မှာ ဗမာမဟုတ်တဲ့ လူနည်းစုတိုင်းရင်းသားလူမျိုးစုတွေဟာ သူတို့ရဲ့နိုင်ငံရေးကိုယ်စားပြုမှု၊ နိုင်ငံရေးအာဏာအတွက် ဗမာတွေအပါအဝင် တခြားသော လူနည်းစုတိုင်းရင်းသားလူမျိုးစုတွေအပေါ်ပါ ရန်သူသဖွယ်ရှုမြင်လာကြရမှာဟာ အရှိတရားတစ်ခုဖြစ်ပါတယ်။
အလားတူပဲ "ကချင်ပြည်နယ်" မှာ ကချင်မဟုတ်တဲ့ လူနည်းစုတိုင်းရင်းသားလူမျိုးစုတွေဟာ သူတို့ရဲ့နိုင်ငံရေးကိုယ်စားပြုမှု၊ နိုင်ငံရေးအာဏာအတွက် ဗမာတွေအပါအဝင် တခြားသော လူနည်းစုတိုင်းရင်းသားလူမျိုးစုတွေအပေါ်ပါ ရန်သူသဖွယ်ရှုမြင်လာကြရမှာဟာ အရှိတရားတစ်ခုဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုပိုထင်ရှားမှာက နိုင်ငံလုံးအနေအထားအရ ဗမာဟာ လူများစုဖြစ်ပေမယ့် ကချင်ပြည်နယ်မှာ ရွှေ့ပြောင်းနေထိုင်သူဗမာတွေဟာ လူနည်းစုဆိုတဲ့ဖြစ်တည်မှုအတွက် သူတို့ရဲ့နိုင်ငံရေးကိုယ်စားပြုမှု၊ နိုင်ငံရေးအာဏာအတွက် တိုက်ပွဲဝင်တဲ့အခါ သူတို့ဟာ အစ္စရေးဇီယွန်ဝါဒီတွေ ပါလက်စတိုင်းကို ကျူးကျော်သလို ကိုလိုနီအနေနဲ့အမြင်ခံရမှာလား၊ သာမန်လူနည်းစုရွှေ့ပြောင်းနေထိုင်သူအနေနဲ့ အမြင်ခံရမှာလားဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီလိုအနေအထားရောက်တဲ့အခါ ဒီလူမျိုးရေးအမုန်းတွေကြားမှာ လူတန်းစားအရေးဆိုတဲ့ အရှိတရားတစ်ခုလုံးဟာ ရုပ်လုံးပေါ်ဖို့ ပိုမိုခက်ခဲလာပြီး လူတန်းစားအသိစိတ်ဆိုတဲ့ အနေအထားကို ဒီသက်ဆိုင်ရာ လူမျိုးစုပြည်နယ်တိုင်းမှာ ပြန်လည်ဖော်ဆောင်ဖို့ ဆယ်စုနှစ်များစွာ ထပ်လိုပါလိမ့်မယ်။
လူထုဟာ တော်လှန်ရေးကာလမှာသာ တော်လှန်ရေးအတွေ့အကြုံကို အရယူနိုင်တာမို့ ဆယ်စုနှစ်များစွာ နိုင်ငံရေးကိုယ်စားပြုမှုမရှိပဲ ခေါင်းပုံဖြတ်ခံရတော့မယ် လူမျိုးစုအသီးသီးက နင်းပြားတွေရဲ့ ဒုက္ခတွေအတွက် ဒီလူမျိုးရေးအခြေပြုဖယ်ဒရယ်စနစ်ကို တွန်းခဲ့ကြတဲ့ နိုင်ငံရေးအင်အားစုတွေဖြစ်တဲ့ BPLA၊ လက်နက်ကိုင်အုပ်စုတွေ၊ အန်ဂျီအို-စီအက်စ်အို လက်ဝေခံ စီးပွားဖြစ် လခစားတက်ကြွလှုပ်ရှားသူတွေ၊ စီးပွားဖြစ်လခစားသုတေသီတွေအနေနဲ့ တာဝန်ယူကြမှာလားဆိုတာကို ကျနော်တို့ မေးခွန်းထုတ်သင့်တယ်လို့ထင်ပါတယ်။
ပြီးတော့ ကချင် ruling class၊ ကချင် လူချမ်းသာ၊ ကချင်ဗျူရိုကရက်တွေနဲ့ ကချင်နင်းပြားတွေအကြား တူညီတဲ့ ဝိသေသတွေဟာ ကချင် ruling class၊ ကချင် လူချမ်းသာ၊ ကချင်ဗျူရိုကရက်တွေနဲ့ ရှမ်း ruling class၊ ရှမ်း လူချမ်းသာ၊ ရှမ်းဗျူရိုကရက်တွေအကြားက ဝိသေသတွေလောက် များမှာမဟုတ်ဘူး။ အလားတူပဲ ကချင်နင်းပြားတွေနဲ့ ရှမ်းနင်းပြားတွေအကြားမှာ တူညီတဲ့ ဝိသေသတွေဟာ ပိုများပါလိမ့်မယ်။ ဗမာပြည်နယ်ထဲ ကချင်လူချမ်းသာတစ်ယောက် ပါလီမန်ထဲရောက်နေခြင်း၊ အစိုးရအဖွဲ့ထဲပါနေခြင်းဟာ ဗမာပြည်နယ်ထဲက ကချင်ဆိုက်ကားသမားတစ်ယောက်ရဲ့ နေ့စဥ်ဘဝအတွက်တော့ ဘာမှ အကျိုးရှိမှာမဟုတ်ဘူး။ ဒါပေမယ့် ဗမာဆိုက်ကားသမားတစ်ယောက် ပါလီမန်ထဲရောက်နေခြင်း၊ အစိုးရအဖွဲ့ထဲပါနေခြင်းဟာ ကချင်ဆိုက်ကားသမားတစ်ယောက်ရဲ့ နေ့စဥ်ဘဝအတွက်တော့ များစွာအကျိုးရှိပါလိမ့်မယ်။ အလားတူပဲ ကချင်ပြည်နယ် ကချင်ကျပန်းအလုပ်သမားတစ်ယောက် ပါလီမန်ထဲရောက်နေခြင်း၊ အစိုးရအဖွဲ့ထဲပါနေခြင်းဟာ ဗမာရွှေ့ပြောင်းနေထိုင်သူတစ်ယောက်ရဲ့ နေ့စဥ်ဘဝအတွက်တော့ ဗမာစီးပါဦးရေးလုပ်ငန်းရှင်တစ်ယောက် ပါလီမန်ထဲရောက်နေခြင်း၊ အစိုးရအဖွဲ့ထဲပါနေခြင်းထက် များစွာအကျိုးရှိပါလိမ့်မယ်။ ဒီအခြေအနေဟာ တကယ်မရှိနိုင်ပါဘူးလို့ ငြင်းချက်ထုတ်မယ့်သူတွေအနေနဲ့ သမိုင်းထဲက ဖြစ်ရပ်တစ်ခုကို ဥပမာယူသင့်တယ်လို့ထင်ပါတယ်။
၁၉၄၇၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှာ KNU၊ ကရင်လူငယ်များအစည်းအရုံး (KYO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကရင်အမျိုးသားအဖွဲ့ချုပ် (BKNA) တို့က အစည်းအဝေး ကျင်းပပြီးတော့ တောင်းဆိုချက် (၆) ရပ်ကို တောင်းဆိုခဲ့ကြပါတယ်။
၁။ အင်းစိန်၊ ပဲခူး၊ ဟံသာဝတီ၊ သာယာဝတီ၊ ဖျာပုံ၊ ထားဝယ်၊ မြိတ် မဲဆန္ဒနယ်တွေမှာ ကရင်အမတ် (၁၇) ဦး ရွေးချယ်ပေးရန်နဲ့ ဘုရင်ခံ၏ အတိုင်ပင်ခံအမှုဆောင်ကောင်စီ ဝန်ကြီးနေရာရဲ့ (၂၅%) ကို ကရင်ကိုယ်စားလှယ်တွေအား ပေးရန်၊
၂။ တိုင်းပြုပြည်ပြုလွှတ်တော်ရဲ့ အမတ်နေရာ (၂၅%) ကို ကရင်ကိုယ်စားလှယ်တွေအား ပေးရန်၊
၃။ ကရင်အမျိုးသားစစ်တပ်ထားခွင့်ပေးရန်၊
၄။ ပြည်ထောင်စုမြန်မာနိုင်ငံဝင်အနေနဲ့ ပင်လယ်ဆိပ်ကမ်းမြို့ရှိတဲ့ ကရင်ပြည်နယ် ထူထောင်ခွင့်ပေးရန်၊
၅။ အုပ်ချုပ်ရေးဌာနမှာ ကရင်အမျိုးသားတွေ အချိုးအဆအလိုက် ပါဝင်ခွင့်ပေးရန်၊
၆။ တိုင်းပြုပြည်ပြုလွှတ်တော် ဖွဲ့စည်းပြီးရင် သန်းခေါင်စာရင်းကောက်ပေးရန်။
ဒီနေရာမှာ အမှတ်စဥ်(၁)၊ (၂) နဲ့ အမှတ်စဥ်(၅) တို့ဟာ ကျနော်အပေါ်မှာ ထောက်ပြခဲ့တဲ့ ဖြစ်နိုင်ချေတွေရဲ့သမိုင်းစက်ဘီးတွေပဲဖြစ်ပါတယ်။
ဖြစ်သင့်သော ဖယ်ဒရယ်နှင့်ဖြစ်သင့်သော ကွန်ဖယ်ဒရိတ်
တိုင်းရင်းသားအရေးလေ့လာသူ ခွန်းမတ်ရ်ကိုဘန်က အမျိုးသားလက္ခဏာသုံးရပ်ရှိတယ်လို့ ပြောဖူးတာကို သတိရမိတယ်။ ပြည်ထောင်စု အမျိုးသားစိတ်ဓါတ်/လက္ခဏာ၊ ပြည်နယ် အမျိုးသားစိတ်ဓါတ်/လက္ခဏာ၊ လူမျိုး အမျိုးသားစိတ်ဓါတ်/လက္ခဏာတဲ့။
တလောက လေးမျက်နှာစကားဝိုင်းမှာ BPLA ရဲ့တည်ထောင်သူ မောင်ဆောင်းခကိုယ်တိုင်က "လူမျိုးစုဖယ်ဒရယ်ဟာ ခေတ်နောက်ကျနေပြီး ဒေသ/ပြည်နယ်အခြေပြုဖယ်ဒရယ်သည်သာ တကယ်တမ်း စံနှုန်းအရ ဖြစ်သင့်သော ဖယ်ဒရယ်ဖြစ်ကြောင်းကို အသိအမှတ်ပြုပါတယ်" လို့ ဝန်ခံထွက်ဆိုထားတာကို တွေ့ရမှာပါ။
နိုင်ငံရေးဦးဆောင်သူတွေလို ခံယူထားသူတွေအနေနဲ့ ဖြစ်သင့်တာကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်ရမှာပဲ တာဝန်တစ်ရပ်ဖြစ်ပါတယ်။
စာပေအရဆို နိုင်ငံရေးစံအရ ဖြစ်သင့်တာကိုမလုပ်ပါပဲ ဖြစ်နိုင်တာကိုသာ လုပ်ရင်း လူထုကိုအချိုသတ်ပေါင်းတာမျိုးကို လူထုနောက်ဆွဲနိုင်ငံရေးလို့ခေါ်ဆိုသမုတ်ပါတယ်၊ ဒါပေသိ "ဗမာပြည်နယ်" ကိစ္စနဲ့ လူမျိုးစုဖယ်ဒရယ်ပြည်နယ်ကိစ္စတွေမှာ အထူးသဖြင့် "ဗမာပြည်နယ်" ကိစ္စဟာ ဗမာလူထုက လက်မခံတာကြောင့် လူထုနောက်ဆွဲစစ်စစ်တော့လည်း မဟုတ်ဘူးလို့ဆိုရမယ်ထင်တယ်။
လူထုဟာ တော်လှန်ရေးကာလမှာသာ တော်လှန်ရေးအတွေ့အကြုံကို အရယူနိုင်တာမို့ မဟာအောက်တိုဘာတော်လှန်ရေးမတိုင်ခင်ကတည်းက ကျဆုံးခဲ့တဲ့ တစ်ဆင့်ချင်းလှမ်းတက်တဲ့ ပြုပြင်ပြောင်းလဲရေးနိုင်ငံရေးလမ်းစဥ်ကို တော်လှန်ရေးကာလမှာ ချပြနေသင့်တာမဟုတ်ပဲ ရယ်ဒီကန်လမ်းစဥ်နဲ့သွားရမှာဖြစ်ပါတယ်။
လီနင်တို့ ရိုဇာလူဇင်ဘတ်တို့ရဲ့စကားနဲ့အငှားပြောရရင် ကျဆုံးခဲ့တဲ့ တစ်ဆင့်ချင်းလှမ်းတက်တဲ့ ပြုပြင်ပြောင်းလဲရေးနိုင်ငံရေးလမ်းစဥ်ကို တော်လှန်ရေးကာလမှာ ချပြနေခြင်းဟာ အခွင့်အရေးသမားဆန်ပြီး နိုင်ငံရေးသူငယ်နာမစင်ခြင်းသာဖြစ်တယ်။ လူထုရဲ့ တော်လှန်ရေးကို တန်ပြန်တော်လှန်ရေးဆင်နေခြင်းဖြစ်တယ်။ လူထုရဲ့တော်လှန်စိတ်ကို အပင်းသျှိုနေစေတာဖြစ်တယ်။ လူထုကို ဦးဆောင်ပါမယ်လို့ ကြွေးကြော်နေလျက်နဲ့ လူထုရဲ့ တော်လှန်ရေးမာန်နဲ့ အတွေးအခေါ်တိုးတက်လာမှုကို နောက်ပြန်ဆွဲနေခြင်းသာ ဧကန်အမှန်ဖြစ်တယ်။
ဒီတော်လှန်ရေးမှာ ဒေသအခြေပြုဖယ်ဒရယ်လို ဖြစ်သင့်တဲ့ ဖယ်ဒရယ်အယူအဆက မချပြနိုင်ရင် ဒီဖြစ်သင့်တဲ့ ဒေသအခြေပြုဖယ်ဒရယ်ကို ဆက်ဆွေးနွေးနိုင်ဖို့ နောက်တော်လှန်ရေးတစ်ခုအမြုတေဖို့ ဆယ်စုနှစ်လား၊ ရာစုနှစ်လားမသေချာပါဘူး။ အဲ့ကာလအကြားမှာ ဖြစ်သင့်တဲ့ ဖယ်ဒရယ်အယူအဆမရတဲ့အတွက် မခံရသင့်တဲ့ သွေးကွဲမှု၊ ရန်လိုမှု၊ ဒုက္ခတွေကို ခံစားရမယ့်လူထုကို အားနာသင့်တယ်၊ အဲ့ဒုက္ခတွေအတွက် သက်ဆိုင်ရာနိုင်ငံရေးအုပ်စုတွေက တာဝန်ယူသင့်တယ်လို့ ထင်ပါတယ်။
တစ်ဆင့်ချင်းသွားတဲ့နိုင်ငံရေးဟာ ပါလီမန်နိုင်ငံရေးမှာသာ လူကြားကောင်းပေမယ့် ရယ်ဒီကန်ကျရမယ့်တော်လှန်ရေးတစ်ရပ်အလည်မှာ တော်လှန်ရေးတပ်ဦးဖြစ်ချင်သူတွေက လုပ်တဲ့အခါတော့ ကြောင်သူတော်ဆန်လွန်းပြီး လူထုရဲ့ဇောကို ခဲဆွဲသလို တော်လှန်ရေးဝန်ထုပ်ဝန်ပိုးဖြစ်သွားစေပါတယ်။
"လူနည်းစုထဲကလူနည်းစုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်"
ကိုမြအေးကို ဧရာဝတီသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့တဲ့ “ပြည်မ ပြည်နယ် စဉ်းစားချက်ကိုက မှားနေတာ” အင်တာဗျူးမှာ ဒီလိုဆိုထားတာကို စိတ်ဝင်စားဖွယ်တွေ့ရပါတယ်။
“ဒီနေရာမှာ ယူနစ်ကို ၁၄ ခုတို့၊ ၈ ခုတို့၊ ၇ ခုတို့ ပုံသေမထားပါနဲ့။ တိုင်းရင်းသားမှာလည်း minority within minorities ဆိုတာတွေ ရှိပါတယ်”။ တဲ့။
အဆိုပါ အင်တာဗျူးမှာပဲ ကိုမြအေးက ဒီလိုလေးဆက်ပြောသွားတာလေးကို စိတ်ဝင်စားဖွယ်တွေ့ရပါသေးတယ်။
“ဖယ်ဒရယ်ဆိုတာကို ကိုယ့်သဘောနဲ့ကိုယ် ပုံဖော်လို့မရဘူး။ သူ့မှာ သက်ဆိုင်ရာစံတန်ဖိုးတွေရှိပြီးသားဖြစ်တယ်။ ငါကမင်းကိုပေးရတယ်။ မင်းကငါ့ဆီကတောင်းရမယ်ဆိုတဲ့ အယူအဆတွေကို ဖယ်ပြီး ငါတို့အားလုံးအတူတူ ပြည်ထောင်စုအသစ်တစ်ခု တည်ဆောက်ရအောင်ဆိုတဲ့ အခြေခံကို သွားရမယ်”
"ဗမာပြည်နယ်သည် Placebo"
ဖက်ဒရယ် FM, April 23 မှာတင်တဲ့ "ဗမာပြည်နယ်ဘာကြောင့်ရှိသင့်လဲ" ဆိုတဲ့ (BPLA) ရဲ့ ကွပ်ကဲရေးမှူး မောင်ဆောင်းခရဲ့ အင်တာဗျူးမှာ ပြောသွားတာလေးကနေ ဗမာ Privilege ဆိုတာအပေါ် အရကောက် စဥ်းစားကြည့်တဲ့အခါ
• တိုင်းရင်းသားတွေလည်း ဗမာအမည်ခံတဲ့ စစ်အာဏာရှင်ဒဏ် မခံရတော့ရင်
• စစ်ပြေးဖို့ပါ မလိုတော့ရင်
• ခွဲခြားဆက်ဆံခံရမှုမခံရတော့ရင်
• မှတ်ပုံတင်မခက်ခဲတော့ရင်
• မိခင်ဘာသာစကား သင်ရိုးအဖြစ် လွတ်လပ်စွာ သုံးစွဲခွင့်ရလာရင်
• ကိုယ့်လူမျိုးစု သမိုင်း ကိုယ်တိုင်ဖော်ထုတ်ခွင့် ရလာရင်
• လွတ်လပ်စွာကိုးကွယ်ခွင့် ရှိလာရင်
• နိုင်ငံသားအခြေပြု ဖယ်ဒရယ်အခွင့်အရေး ရှိလာရင်
• ပြည့်ဝသောဒီမိုကရေစီအခွင့်အရေး ရှိလာရင်
အဖိနှိပ်ခံ တိုင်းရင်းသားများဟာ ဘာကြောင့် အမျိုးသားရေးအလံ ဆက်သုံးနေဦးမှာလည်းပေ့ါ။ ဒီလိုဆို ကျွန်တော်တို့ဟာ ဖြစ်သင့်တဲ့ လူမျိုးစုအခြေမခံတဲ့ ဒေသအခြေခံကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖယ်ဒရယ်ကိုသွားနိုင်ပြီမဟုတ်လားပေါ့။ ဒီတော့ “ဗမာပြည်နယ်” ဆိုတဲ့အနာပျောက်ဆေးအတွက်ပဲ အချိန်တွေအကုန်ခံနေမယ့်အစား ဒီပြဿနာရဲ့အရင်းဖြစ်တဲ့ အပေါ်က အချက်များကိုရော ဘာကြောင့် အချိန်မပေးကြည့်ကြသလဲပေါ့။
“ဗမာ Privilege အား ဖြေရှင်းရန် ဗမာပြည်နယ်လိုအပ်သည်” ဆိုသော ကိုမောင်ဆောင်းခ၏ အဆိုမှန်ပါက ဗမာ Privilege မရှိတော့သည့်အခါမှာရော
• အမျိုးသားရေးအလံထူတဲ့ ဖယ်ဒရယ်စနစ်ကိုလိုအပ်နေဦးမှာလား?
• ဗမာပြည်နယ်လိုအပ်နေဦးမှာပါလား? ဒီမေးခွန်းက စိတ်ဝင်စားဖို့ကောင်းပါတယ်။
လူတန်းစားမှသည် အမျိုးသားရေး
တချို့စကားဝိုင်းတွေမှာ Moral Supeority ယူတဲ့ "ဗမာကယ်တင်ရှင်ရူး" ပြောဟန်တွေရှိတယ်။ "အရင်ကတော့ ကျနော်၊ ကျမတို့လည်း အမျိုးသားသရုပ်လက္ခဏာနိုင်ငံရေးဖက်ကို လက်မခံခဲ့တဲ့အထဲပါခဲ့ကြတယ်" လို့ဆိုကြပါတယ်။ သူတို့ပြောင်းလဲသွားရတဲ့ အကြောင်းအရင်းဟာ "ပြည်တွင်းစစ်အတွင်းမှာ ဗမာမဟုတ်တဲ့ လူမျိုးစုတို့ရဲ့ ရုန်းကန်မှုတွေကို လေ့လာသင်ယူခွင့်ရခဲ့တဲ့ ဗမာဖြစ်နေတာကြောင့်" လို့ဆိုပါတယ်။ ဒီနေရာမှာ ဗမာတွေက ဗမာလို့မသတ်မှတ်ခဲ့တဲ့ ဗမာ၊ ကချင်၊ ရှမ်း၊ ဘင်္ဂါလီသွေးနှောတစ်ဦးအနေနဲ့ အဆိုပါ ပြောဟန်တွေကို ချေပလိုပါတယ်။
မူဆိုလီနီလည်း ပထမကမ္ဘာစစ်ကာလအစောပိုင်းမှာ စစ်ပွဲဆန့်ကျင်တဲ့ အမျိုးသားရေးဝါဒကို ဆန့်ကျင်တဲ့ လူတန်းစားအရေးလုပ်တဲ့ ဆိုရှယ်လစ်ဝါဒီတစ်ဦးပါပဲ။ နောက်ပိုင်းမှာသူဟာလည်းပဲ ကမ္ဘာ့စစ်အတွင်းမှာ အီတလီလူမျိုးစုတို့ရဲ့ ရုန်းကန်မှုတွေကို လေ့လာသင်ယူခွင့်ရခဲ့ပြီး လူတန်းစားအရေးကိုဖယ်ကျဥ်ရင်း အမျိုးသားသရုပ်လက္ခဏာနိုင်ငံရေးဖက်ကို လှည့်ရင်း ဆိုရှယ်လစ်ကနေ ဖက်ဆစ်ဖြစ်သွားရတာပါပဲ။ ဆိုလိုချင်တာကတော့ ကိုယ်က လူတန်းစားနိုင်ငံရေးကို ဆန့်ကျင်ပြီး အမျိုးသားသရုပ်လက္ခဏာနိုင်ငံရေးဖက်ကို လှည့်တာက နိုင်ငံရေးစံအရ Upgrade ဖြစ်သွားတာလား၊ Downgrade ဖြစ်သွားတာလား ဆိုတာကိုလည်း သတိထားဖို့လိုမယ်။
Reductionism လွတ်သော နိုင်ငံရေး
Reductionism တိုင်းဟာ မကောင်းပါ။ အရာရာဟာ ဆက်စပ်နေတာမို့ ပေါင်းစပ်တော်လှန်မှသာ လွတ်မြောက်မှုလမ်းစပေါ် ရောက်ပါမယ်။ လူမျိုးစုအခြေခံဖယ်ဒရယ်ပုံစံကိုဝေဖန်တဲ့အခါ၊ လူတန်းစားအရေးကိုပြောတဲ့အခါ လူမျိုးစုအရေးကို လုံးဝလက်မခံသယောင် ဆိုရှယ်လစ်လမ်းစဥ်ပါတီ ဆန်ဆန်၊ ဗမာပြည်ကွန်မြူနစ်ပါတီဆန်ဆန်စသဖြင့် ခေါင်းစဥ်တပ်တာမျိုးဟာ လူတိုင်းအတွက် မမှန်ကန်နိုင်ဘူးလို့ထင်ပါတယ်။
DVB "အမျိုးသားရေး - ထောင်ချောက်လား ထွက်ပေါက်လား” သုံးသပ်ချက် စကားဝိုင်းမှာ ဆရာကျော်ဝင်းသုံးသပ်သွားတာလေးကို တော်တော်လေး သဘောကျမိတယ်။
“အမျိုးသားရေးဝါဒဟာ သိပ်အစဥ်အလာကြီးပြီး သိပ်အသက်ပြင်းတဲ့အတွက် ဒါတွေကို ကျွန်တော်တို့စဥ်းစားတဲ့အခါ ဘက်တစ်ဖက်ကရပ်ပြီး တစ်ဖက်ဖက်ကို အပြတ်ငြင်းတာမျိုးလည်း မလုပ်သင့်၊ မလုပ်ကောင်းဘူးလို့ ကျွန်တော်ထင်တယ်” တဲ့။
လူတန်းစားရေး၊ အမျိုးသားရေးစတာတွေကို ဘက်တစ်ဖက်ကရပ်ပြီး တစ်ဖက်ဖက်ကို အပြတ်ငြင်းတာမျိုးမဟုတ်ပါပဲ ဖိနှိပ်မှုတိုင်းကို ဆန့်ကျင်တဲ့ တန်းတူလူ့အဖွဲ့အစည်းကို သွားလို့ရသားရယ်။ ဥပမာအနေနဲ့ အမေရိကန်နိုင်ငံက ကျားသစ်နက်နိုင်ငံရေးအင်အားစုနဲ့ ဥပမာပြလို့ရမယ်ထင်ပါတယ်။
ကျားသစ်နက်ပါတီဟာ လူမျိုးရေးမုန်းတီးမှုကို ဆန့်ကျင်တယ်။ အလားတူ လူမည်းတို့၏ အမျိုးသားရေးကို ရှေ့တန်းတင်တယ်။ လူတန်းစားရေးကို လက်မလွှတ်သလို ဆင်းရဲချမ်းသာကွာဟမှုတွေ၊ စီးပွားရေးအရ လုပ်အားအမြတ်ထုတ်ဖိနှိပ်မှုတွေကို လူဖြူကွန်ဖယ်ဒရိတ်အလံကိုင်တဲ့ အလုပ်သမားတွေနဲ့တောင် ရင်ဘောင်တန်းသွေးစည်းညီညွတ်ပြီး တော်လှန်ခဲ့ကြတယ်။ ဒါကိုကြည့်ခြင်းဖြင့် လူတန်းစားရေးနဲ့ အမျိုးသားရေးဆိုတာ ပေါင်းလို့မရတဲ့ အစွန်းတရားနှစ်ခုမဟုတ်ဘူးဆိုတာကို လေ့လာနိုင်သင့်တယ်။ ကျားသစ်နက်ပါတီက ခေါင်းဆောင်တစ်ယောက်ရဲ့ ပြောစကားကိုတောင် သွားသတိရမိတယ်။ “ငါတို့ဟာ လူဖြူဓနရှင်ဝါဒကို လူမည်းဓနရှင်ဝါဒနဲ့ ခွန့်တုန့်မပြန်ဘူး၊ ငါတို့ဟာ သမ္မာသမဂ္ဂဝါဒနဲ့ ပြန်လည်ချေပတိုက်ခိုက်မယ်” လို့ ဆိုခဲ့သတဲ့။ အလားတူပဲ သခင်စိုးရဲ့ ကွန်မြူနစ်ပါတီဗမာပြည်(အလံနီ)ဟာ “လူမျိုးတစ်မျိုး၊ တိုင်းပြည်တစ်ခု” ဆိုတဲ့ ကြွေးကြော်သံတဲ့ လူတန်းစားရေးကိုလည်း မလစ်ဟင်းအောင် လုပ်ခဲ့တာကို အတုယူနိုင်သင့်တယ်။ ဒီနေရာမှာ သခင်စိုးရဲ့ ကွန်မြူနစ်ပါတီဗမာပြည်(အလံနီ) မှ “လူမျိုးတစ်မျိုး၊ တိုင်းပြည်တစ်ခု” ဆိုတဲ့ ကြွေးကြော်သံတဲ့ လူတန်းစားရေးအကြောင်း ပြောခဲ့ခြင်းဟာ ၂၀ရာစုမှာ ဖြစ်ကြောင်း သတိချပ်ဖို့လိုတယ်။ ကျနော်တို့တတွေဟာ Race Reductionism, အကျိုးအမြတ်နိုင်ငံရေး၊ ကိုယ့်အုပ်စုအာဏာရနိုင်ငံရေး စတဲ့ လူချမ်းသာနိုင်ငံရေး လစ်ဘရယ်နိုင်ငံရေးစံတွေကို ကျော်လွှားပြီးတော့ Intersectionality ရှုထောင့်ကနေပြီး အဖိနှိပ်ခံထဲက အဖိနှိပ်ခံများရဲ့ လူ့ဖြစ်တည်မှုအခွင့်အရေးအတွက် ယထာဘူတကျကျ အစွဲကင်းကင်းနဲ့ တရားမျှတမှုအပေါ် သစ္စာရှိရှိ ရပ်တည်ကြရပါလိမ့်မယ်။
နိဂုံးချုပ်
ဗမာပြည်နယ် အပါအဝင် လူမျိုးစုအခြေပြုတဲ့ ဖယ်ဒရယ်စနစ်ကိုယ်တိုင်က အနာဂါတ်အတွက် အာမခံချက်ရှိတဲ့ ပြဿနာဖြေရှင်းချက်မဟုတ်ပါ။ အတိတ်က ဒဏ်ရာတွေကို ဆေးထည့်သလို၊ အနာရင်းလူနာတစ်ဦးကို မခွဲစိတ်ပေးပဲ နာကျဥ်မှုအပေါ် သည်းခံနိုင်အောင် ဘိန်းကျွေးသလိုသာဖြစ်တယ်။ တကယ့်ပြဿနာအရင်းအမြစ်ကိုမရောက်နိုင်တဲ့ အပေါ်ယံကုစားမှုသာဖြစ်တယ်။ အဲ့ဒီကုစားမှုကိုယ်တိုင်ကတောင် သူ့တာဝန်သူကျေပါ့မလားဆိုတာကို တိတိကျကျ အကောင်အထည်နဲ့ အချက်အလက်ကျကျ သက်သေမပြနိုင်သေးတဲ့ Hypothesis တစ်ခုဖြစ်နေပါတယ်။ ဒါဟာ မဟာဗျူဟာရှုထောင့်က အကျဥ်းချုပ်ဝေဖန်ချက်အနေနဲ့ ကောက်ချက်ဆွဲရရင် “ဗမာပြည်နယ်” ကြွေးကြော်သံဟာ နီယိုလစ်ဘရယ်သူငယ်နာမစင်တဲ့ ပေါ်ပျူလစ်နိုင်ငံရေးသာသာပဲ ဖြစ်တယ်လို့ ဆိုရမှာပဲ။ အလားတူပဲ နည်းနာအရလည်း "ဗမာပြည်နယ်" ဖြစ်ချင်သလား၊ မဖြစ်ချင်သလားဟာ "ဗမာပြည်နယ်" ဖြစ်လာမယ့်၊ ပါလာမယ့် ဒေသထဲက လူတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဖြစ်တယ်။ သက်ဆိုင်ရာဒေသတွေကမဟုတ်တဲ့ တခြားဒေသတွေမှာ အခြေချနေထိုင်တဲ့ ဗမာအပါအဝင် ဘယ်တိုင်းရင်းသားလူမျိုးစုကမှ ဆုံးဖြတ်ပေးရမယ့်ကိစ္စမဟုတ်ပါ။ ဒီသဘောကို လက်မခံနိုင်ရင် မိမိဟာ ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ် တကယ်ရောယုံကြည်ထားရဲ့လားဆိုတာကိုပြန်လည်မေးခွန်းထုတ်ဖို့လိုမယ်။ "ဗမာပြည်နယ်" နည်းတူ၊ တခြားပြည်နယ်တိုင်းဟာလည်း ဒီလိုအလားတူဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံမှာရှိနေတဲ့ တိုင်းနဲ့ပြည်နယ်အားလုံးဟာ ဆက်လက်ကွဲနိုင်၊ တွဲနိုင်၊ နောက်ဆုံး ပြည်ထောင်စုပြိုကွဲနိုင်တာကိုအထိ ကိုယ်ပိုင်ပြဌာန်းခွင့်မူအခြေခံကနေ လေးစားနိုင်နာနိုင်မှသာ စစ်မှန်တဲ့ တိုးတက်တဲ့အမြင်ရှိသူ၊ စစ်မှန်တဲ့ ဖယ်ဒရယ်လိုလားသူ၊ ဖိနှိပ်မှုတွေကို ဆန့်ကျင်သူ ဧကန်အမှန်ဖြစ်လာပါလိမ့်မယ်။