Title: ငါမတောင်းဆိုခဲ့တဲ့ ဘဝကို ငါဘာလို့ လက်ခံရမှာလဲ
Language: Burmese
Publication: 2/5/2026
Date: 1/11/2026
Source: မူရင်းအရေးအသား



"ငါက ငါ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို နက်နက်ရှိင်းရှိင်း အလေးထားတဲ့ လူတစ်ယောက်။ ငါ့ရဲ့ အခန်းတံခါးတွေကိုဆို အမြဲသော့ခတ်ထားတယ်။ ဒါပေမယ့် တခါတလေ သော့ယူဖို့မေ့ပြီး အခန်းတံခါးတွေကို သော့ခတ်မိတယ်။ တစ်ယောက်ထဲ ပိတ်မိနေပြီး ထွက်ပေါက်အတွက် သော့မရှိဘူး။"



- ကိုမင်းစိန်


** ၁.

လသားမစေ့ဘဲ မွေးလာတဲ့ ကလေးတစ်ယောက်က တကယ်ဆိုရင် ဒီလောကမှာ မရှိသင်တဲ့လူဘဲ။ "ကံ" ကြောင့်ဘဲဖြစ်ဖြစ်၊ ဆေးရုံဝန်ထမ်းတွေတော်လို့ပဲ ဖြစ်ဖြစ်၊ ငါ့ကို ဒီဘဝထဲ ကြိုးစားပြီး တွန်းပို့ပေးလိုက်တာကတော့ ငါ့အတွက် အကြီးမားဆုံး မှားယွင်းမှုပဲ။ မွေးလာပြီး ပထမမိနစ်ပိုင်းတွင်းမှာ သူနာပြုတွေရဲ့ လက်ထဲမှာ အော်ငိုခဲ့တဲ့ အခိုက်အတန့်ကတော့ ငါ့ရဲ့ ပထမဆုံး တိုက်ပွဲ၊ လောကကြီးကို စပုန်ကန်ခဲ့တဲ့ အချိန်ပဲ။ သူတို့ရဲ့ နှလုံးခုန်သံတွေ၊ အောက်စီဂျင်ပိုက်တွေ၊ ရောဂါပိုးမကူးစက်တဲ့ ပိုးသတ်ဆေးတွေက ငါ့ကို ဒီဘဝထဲ အသက်သွင်းခဲ့တဲ့ လက်နက်ခဲယမ်းတွေပဲ။ ငါမလိုချင်ခဲ့သလို တောင်းလဲမတောင်းတခဲ့ဘူး။ ဒါပေမယ့် သူတို့ကတော့ ငါ့ရှင်သန်ရေးအတွက် လက်နက်တွေ တပ်ဆင်ပေးလိုက်တာပဲ။ အသက်ရှင်ဖို့ဆိုတာ ဘာလဲ။ အတင်းအဓမ္မ လောကကြီးရဲ့ ဖုန်မှုန့်တွေကိုရှူခိုင်း၊ ဆေးရုံကုတင်အနံ့တွေနဲ့ မွန်းကြပ်ပြီး နောက်ပိုင်း သူတို့ လူ့အဖွဲ့အစည်းရဲ့ သတ်မှတ်ချက်တွေကို ငါ့အပေါ်ပုံအပ်ခဲ့တယ်။ ငါသဘောမတူခဲ့တဲ့ အရာတွေကို လိုက်နာဖို့ မဖြစ်နိုင်သလို၊ လက်ခံဖို့ဆိုတာ ပိုပြီးမဖြစ်နိုင်ဘူး။ လောကကြီးက လိုလိုလားလားနဲ့ မပေးခဲ့တဲ့ ငါ့ဘဝကို ငါပဲပိုင်တယ်။

** ၂.

ငါက အရာအားလုံးကို အကောင်းမြင်တဲ့စိတ်နဲ့ ဘဝကို ပေါ့စတစ်သင့်ခင်းက ကျေနပ်ပျောင်ရွှင်မှုတွေ ပေးမယ်လို့ ထင်ယောင်ထင်မှား ဖြစ်နေတဲ့ ဦးနှောက်အဆံချောင်နေတဲ့ လူပိန်းမဟုတ်သလို၊ ဘဝရဲ့ နာကျင်မှုတွေကို လျှပ်တပြတ်ခနတာသာ ရရှိနိုင်တဲ့ သာယာမှုနဲ့ အပျော်အပါးတွေနောက်ပဲ လိုက်နေတဲ့ ညံ့ဖျင်းပြီး စိတ်ပျက်ဖို့ကောင်းတဲ့ အရှူံးသမားလဲ မဟုတ်ဘူး။ နှစ်ယောက်လုံးက လောကဓံကို ရင်ဆိုင်ဖို့ ခွန်အားသတ္တိနဲ့ ဆင်ခြေညာဏ်မဲ့တဲ့ သနားစရာ သတ္တဝါလေးတွေဘဲ။ အကျဥ်းသားတစ်ယောက်လို ခံစားရတဲ့ လူ့အဖွဲ့အစည်းရဲ့ လူ့ကျင့်ဝတ်တွေ၊ တန်ဖိုးတွေ၊ ဝတ္တရားတွေဆိုတာ ဧကန်ဧကမဟုတ်တဲ့ အမှန်တရားတွေဆိုတာ ရှင်းရှင်းလင်းလင်း သိလိုက်ရတဲ့ နေ့ကစပြီး၊ ဘဝဆိုတာ ကိုယ့်အဓိပ္ပာယ်ကိုကိုယ်ရှာပြီး ကိုယ်ပိုင်ဆိုင်ရမယ့် အရာဆိုတာ သဘောပေါက်ခဲ့တယ်။ ငါက နိုင်ငံပေါ်မှာ သစ္စာမရှိသလို၊ လူမျိုး၊ ဘာသာနဲ့၊ အတင်းအဓမ္မလက်ခံထားရတဲ့ အရာအားလုံးကိုလဲ အသိအမှတ်မပြုနိုင်ဘူး။ ငါရွေးချယ်တဲ့ အရာတွေအပေါ်မှာဘဲ ငါသစ္စာရှိမယ်။ ငါကိုယ်တိုင် ဖန်တီးထားတဲ့ တန်ဖိုးတွေကိုဘဲ ငါအသိအမှတ်ပြုမယ်။ ဒါတွေက ငါ့အသိစိတ်နဲ့ ငါသတ်မှတ်ထားတဲ့ ငါ့ရဲ့ရွေးချယ်မှုတွေပဲ။

** ၃.

တခါတလေတော့ ငါ့ရဲ့ခေါင်းထဲက မသေသေးတဲ့ အသံသေးသေးလေးက ငါ့ကိုယ်ငါ သံသယဖြစ်စေတယ့် အတွေးတွေ တွေးစေတယ်။ ငါဒီလို ဖြစ်နေတာ ပုံမှန်ဟုတ်ရဲ့လား၊ ငါကပဲ တစ်ခုခုချို့ယွင်းနေတာလား၊ ငါဒီလိုသာ မဖြစ်ခဲ့ရင် သာမန်လူတွေလို ​သာမန်ဘဝလေးနဲ့ အကုန်လုံးကို လျစ်လျူရှုပြီး ပျော်ပျော်ရွှင်ရွှင်နေနိုင်မလား။ တခါတလေတော့ သူတို့ဘဝတွေကို ငါတိတ်တခိုးလေး သဘောကျမိတယ်။ ဒါပေမယ့် အဲ့ဒါက ငါနဲ့ မကိုက်ညီတဲ့ ဘဝပဲ လက်တွေ့မှာတော့။ မွေးကတည်းက မသေအောင် လောကကြီးထဲကို ရုန်းကန်လာရတဲ့ ငါက ငြိမ်သက်မှုဆိုတာကို မခံစားတတ်တော့ဘူး။ ဘဝက ငါ့ရဲ့ စစ်မြေပြင်ပဲ။ ငါအဲ့တာနဲ့ပဲ ရင်းနှီးတယ်။ အဲ့လိုဘဝလေး ရခဲ့ရင်တောင် ဘာလုပ်ရမလဲ ငါမသိဘူး။ ငါ့အတွက် အဲ့ဒီ့အချိန်တွေက ကျော်လွန်သွားပြီ။ အဲ့ဒီ့ သဘောကျမှုတောင် ငါ့ရဲ့ အမှန်တရား မဟုတ်ဘူးဆိုတာ ငါသိတယ်။

ငါ့ရဲ့ ကျယ်လောင်တဲ့ အသိစိတ်ကတော့ ဒါတွေဟာ ငါအတင်းအဓမ္မ မျိုချထားရပြီး တာဝန်မကျေဘူးလို့ခံစားစေတဲ့ လူ့အဖွဲ့အစည်းရဲ့ အကျွင်းအကျန်တွေ၊ အနှောင်အဖွဲ့တွေထဲက ရုန်းထွက်လို့မရအောင်လို့ ချုပ်နှောင်ထားတဲ့ လူတွေရဲ့ခေါင်းထဲမှာ ရိုက်သွင်းခံထားရတဲ့ သံမှိုတွေ။ ငယ်ငယ်တုန်းက ငါနဲ့ရင်းနှီးတဲ့ လူတစ်ယောက်က ဒီလောကကြီးမှာ ငါ့လိုလူတွေဘဲ ရှိရင်အကုန်လုံးက အခုလိုဖြစ်နေမှာ မဟုတ်ဘူးလို့ ပြောဘူးတယ်။ အခုပြန်တွေးမိရင် ငါရယ်ချင်တယ်။ ငါလိုချင်တာက အဲ့တာပဲ။ အခုလက်ရှိ လူ့အဖွဲ့အစည်းကြီးကို မရှိစေချင်တာပဲ​။ ငါ့ကိုမလိုမလားဘဲ ဆွဲခေါ်လာတဲ့ ဘဝကို လက်မခံတာက ငါ့ရဲ့အောင်ပွဲပဲ။