Title: Libertarian Communism မိတ်ဆက်
Author: Libcom.org
Language: Burmese
Date: 2014
Source: https://www.facebook.com/mmlibertarianmarxism/posts/pfbid026rDu3x8G362D5KSP4cM5rG9shvLvxMkihvmz4rC4Wh38cHvZxG7a8B944VEVQkw3l
Notes: မူရင်း : Libertarian Communism : an introduction - libcom.org ဘာသာပြန်သူ : ကေတီး

ကွန်မြူနစ်စနစ်အကြောင်းပြောကြရာတွင် အကြောင်းရာ ၂ခု အပေါ်ရည်ညွှန်းပြောဆိုနေကြခြင်းဖြစ်သည်။ ပထမ တစ်ခုမှာ “တစ်ဦးချင်း၏လုပ်အားစွမ်းရည်မှသည် တစ်ဦးချင်း၏လိုအပ်ချက်ဆီသို့” ဟူသော မူဝါဒပေါ်အခြေခံ၍ တည်ဆောက်ထားသောလူ့အဖွဲ့စည်းဖြစ်သည်။ ဒုတိယတစ်ခုမှာ ထိုလူ့အဖွဲ့စည်းဆီသို့ တက်လှမ်းရန် လက်တွေ့လှုပ်ရှားမှု အကြောင်းရာပဲဖြစ်ပေသည်။

လက်တွေ့လှုပ်ရှားမှုအကြောင်းဦးစွာပြောပါမည်။

လက်တွေ့လှုပ်ရှားမှု

အရင်းရှင်စီးပွါးရေးတွင် ဓနဥစ္စာအရင်းနှီးဆိုသည်မှာ ငွေကြေးအမြတ်စွန်းရရှိရေးနှင့် အရင်းနှီးတိုးပွါးရေး တို့အတွက်လိုအပ်ချက်ဖြစ်သည်။ ထိုလိုအပ်ချက်သည် အလုပ်သမားလူတန်းစား၏ လိုအပ်ချက်များနှင့် ဆန့်ကျင်ဖက်တွင်တည်ရှိနေသည်။

အလုပ်ရှင်များသည် လုပ်အားခများလျှော့ချသည်၊ ပင်စင်ခံစားခွင့်များလျှော့ချသည်၊ အလုပ် များရပ်ပစ်သည်၊ အလုပ်ချိန်များတိုးမြှင့်သည့်အပြင် သဘာဝပတ်ဝန်းကျင်အပေါ်လဲ ဘေးဥပါဒ်ပြုသည်။အလုပ်သမားထုသည် ထိုလုပ်ရပ်များအား အခွင့်သာလျှင်သာသလို့ ဆန့်ကျင်လှုပ်ရှားနေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုစနစ် အောက်တွင်ကြုံတွေ့နေရသော အခြေနေများကပဲ အလုပ်သမားထုအား ငွေကြေးအရင်းနှီးထက် အခြေခံလိုအပ်ချက်များရရှိရေးတောင်းဆိုရန်ဆီသို့ တွန်းပို့ခဲ့သောကြောင့်ဖြစ်သည်။

အခြေခံလိုအပ်ချက်နှင့် ရပိုင်ခွင့်များတောင်းဆိုသည့်အခါတွင်လည်း လုပ်ခလစာလျှော့ချခြင်း နှင့် အလုပ်ဝန်များပိုထမ်းစေခြင်းအပေါ် ဆန့်ကျင် သပိတ်မှောက်သည့်အခါတုန်းက သကဲ့သို့ အလုပ်သမားထုသည် ပူးပေါင်းဆောင်ရွက်ခြင်း(cooperation)၊ စည်းလုံးစုစည်းနေခြင်း(solidarity) နှင့် တိုက်ရိုက်လှုပ်ရှားမှုများ (direct action) ပြုခြင်းများလုပ်ဆောင်ကြသည်။ ထိုသို့ဖြင့် လူ့ဘောင်သစ်တခုတည်ဆောက်ရန် အုတ်မြစ်ချပြီးသားလည်းဖြစ်လာသည်။

ကွန်မြူနစ် လူ့အဖွဲ့စည်းဆိုသည်မှာ ပူးပေါင်းဆောင်ရွက်ရေး (cooperation)၊ စည်းလုံးစုစည်းရေး (solidarity) နှင့် လူသားတို့၏အခြေခံလိုအပ်ချက်များ ပြည့်ဝရေးတို့အပေါ် အခြေခံသည့်လူ့အဖွဲ့စည်းပဲဖြစ်သည်။

ထို့ကြောင့် ကွန်မြူနစ် လှုပ်ရှားမှုသည် အရင်းရှင်စနစ်အောက်တွင် အလုပ်သမားထု၏ ပူးပေါင်းဆောင်ရွက်ရေး၊ အပြန်အလှန်ဖေးမကူညီခြင်း၊ တိုက်ရိုက်လှုပ်ရှားမှု ပြုလုပ်ခြင်းနှင့် ခုခံတော်လှန်နေခြင်း တို့ဖြင့်အမြဲရှင်သန်နေမည့်အစဉ်လာတစ်ရပ်ဖြစ်သည်။

ဒီအစဉ်လာသည် အလုပ်သမားထုအပေါ် ကြီးမားသောလွှမ်းမိုးမှုများရှိခဲ့ဖူးသည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှုများ နှင့် အလုပ်သမားသပိတ်ကြီးများပေါ်ပေါက်ခဲ့ဖူးပေသည်။ ၁၉၃၀ British Caribbean ဒေသတဝှမ်း အလုပ်သမားအုံကြွမှုများ၊ စစ်ပြီးကာလ အမေရိကား၊ ဂျပန် နှင့် အာဖရိက တဝှမ်း သပိတ်တိုက်ပွဲများ၊ Italian Hot Autumn of 1969 (ဘာသာပြန်သူဖြည့်စွက်: ၁၉၆၉-၁၉၇၀ အီတလီ နိုင်ငံတွင်း ရှိပေါ်ပေါက်ခဲ့သော ကျောင်းသားများ နှင့် စက်ရုံအလုပ်သမားများ၏ အရင်းရှင်အစိုးရအပေါ် ဆန့်ကျင်ခဲ့သည့် သပိတ်တိုက်ပွဲ)၊ British Winter of Discontent in 1978 ( ဘာသာပြန်သူဖြည့်စွက်: အစိုးရ၏ငွေကြေးဖောင်းပွမှုအားထိန်းချုပ်ရန် အခြေခံလုပ်ခလစာသတ်မှတ်သည့်ပေါ်လစီအပေါ် အလုပ်သမားများသပိတ်မှောက်ခြင်း)၊ ၁၉၈၇ တောင်ကိုရီးယားနိုင်ငံ၏ Great Worker’s Struggle၊ ၂၀၀၁ အာဂျင်တီးနား အုံကြွမှု တို့သည် သာဓကပြစရာများဖြစ်သည်။

ထိုလူထုအာဏာဖီဆန်ရေးမီးပွါးများသည် စနစ်ပြောင်းတော်လှန်ရေးဟူသော မီးတောက်အသွင်သို့ပြောင်းလဲနိုင်စွမ်းရှိသည်။ ဥပမာ ၁၉၇၄ ဟေတီနိုင်ငံ၊ ၁၈၇၁ ပါရီမြို့၊ ၁၉၁၀ မက္ကဆီကိုနိုင်ငံ၊ ၁၉၁၇ ရုရှားနိုင်ငံ၊ ၁၉၁၉-၁၉၂၀ အီတလီနိုင်ငံ၊ ၁၉၂၁ ယူကရိန်းနိုင်ငံ၊ ၁၉၃၆ စပိန်နိုင်ငံ၊ ၁၉၅၆ ဟန်ဂရီနိုင်ငံ၊ ၁၉၆၈ ပြင်သစ်နိုင်ငံ၊ ၁၉၇၄ ပေါ်တူဂီနိုင်ငံ နှင့် ၁၉၉၄ Zapatista သူပုန်ထခြင်းတို့ပဲဖြစ်သည်။ ဒါတွေသည် အလုပ်သမား လူတန်းစားသည် ၎င်းတို့ သူဌေးများ၏ အကျိုးစီးပွါးအတွက် မဟုတ်ပဲ ၎င်းတို့အကျိုးစီးပွါးအတွက် စုပေါင်းလှုပ်ရှားမှုဖြင့် လူ့အဖွဲ့စည်းအားပြုပြင်ပြောင်းလဲရန်ကြိုးပမ်းလှုပ်ရှားမှုများပဲဖြစ်သည်။


တစ်ဦးခြင်းအခြေခံလိုအပ်ချက်များ ပြည့်စုံနိုင်ရေး

ကမ္ဘာပေါ်တွင် သာတူညီမျှသည့် လူဘောင်တစ်ရပ် ပေါ်ထွန်းနိုင်ရန် လမ်းညွှန်နိုင်သည်ဟု အသံကောင်းဟစ်နေသော နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားဆိုတာတွေသည် တောင်ပုံယာပုံကိုရှိပြီးသားပါပဲ။ ကွန်မြူနစ်စနစ်ပေါ်ပေါက်ရေးဆိုတာသည် အထက်မှာရှိနေသည့် နိုင်ငံရေးသမားများ ပါတီများမှ ညွှန်ကြားရေးဖြစ်လာသောအရာမဟုတ်ပဲ အလုပ်သမားကိုယ်တိုင် အလုပ်သမားထုလှုပ်ရှားမှုထဲပါဝင်ခြင်း၊ ၎င်းတို့အတွက်လိုက်လျောညီထွေဖြစ်စေမယ့်စနစ်ဖန်တီးခြင်းရှိမှသာလျှင် တည်ဆောက်နိုင်မည်ဖြစ်သည်။

ဒီနေရာမှာ ထောက်ပြသင့်သည့်အချက်သည် ယခင် ဆိုဗီယက်ယူနီယံ၊ လက်ရှိ ကျူးဘာပြည် နှင့် မြောက်ကိုရီးယား သည်ကွန်မြူနစ်စနစ်နဲ့ လားလားမှမဆိုင်ပါ။ သူတို့သည် နိုင်ငံတော် ဆိုသည့် တစ်ခုတည်းသောအရင်းရှင် အောက်ကအရင်းရှင်လူ့အဖွဲ့စည်းတွေပဲဖြစ်သည်။ ၎င်းတို့နည်းတူစွာ တရုတ်ပြည်သည်လည်း လားလားမျှမဆိုင်ပေ။ အုပ်စိုးသည့်ပါတီသည် ‘ကွန်မြူနစ်’ ဟုအမည်ခံသော်ငြားလဲ အကြွယ်ဝဆုံးသောအရင်းရှင်နိုင်ငံများစာရင်းထဲတွင်ပါဝင်နေသည်။

သမိုင်းထဲရှိတော်လှန်ရေးဖြစ်ရပ်များတွင် (အချို့လဲအထက်မှာဖော်ပြခဲ့သည်) အလုပ်သမားထုသည် ရှုထောင့်မျိုးစုံမှ စမ်းသပ်ပြီး ကွန်မြူနစ်စနစ်အားလက်တွေ့တွင်အကောင်ထည်ဖော်ခဲ့ကြသည်။ ထိုသို့လုပ်စဉ် ကွန်မြူနစ်လူ့အဖွဲ့စည်းအားမည်သို့ တည်ဆောက်မည်ဟူ၍ မူဝါဒများချမှတ်ခဲ့သည်။ ထို့အပြင် အားလုံးပေါင်းစည်း၍ လူတန်းစားအကျိုးအတွက် တိုက်ပွဲဝင်မည်ဆိုပါက ဘယ်လိုအသီးပွင့်များခံစားရနိုင်မလဲဆိုတာရှေ့မှာ သာဓကများချမှတ်ခဲ့ပြီးလေပြီ။

အလုပ်ရှင်မရှိ

ကွန်မြူနစ်လူ့ဘောင်တွင် ကုန်ထုတ်လုပ်မှုနည်းလမ်း (မြေယာ၊စက်ရုံ၊အလုပ်ရုံ…) သည် တစ်ဦးတစ်ယောက် သို့မဟုတ် နိုင်ငံတော်၏ပိုင်ဆိုင်မှု ထိန်းချုပ်မှုအောက်တွင် မရှိပဲ ဘုံပိုင်ဆိုင်မှု ဘုံထိန်းချုပ်မှုအောက်တွင်သာရှိရမည်။ ကွန်မြူနစ်စနစ်သည် အမြတ်စွန်း သို့မဟုတ် ကုန်သွယ်ခြင်းအတွက် ကုန်ထုတ်လုပ်နေခြင်းမဟုတ်ပါ။ လူသားများ၏အခြေခံလိုအပ်ချက်များ ဖြည့်တင်းရေး နှင့်လုံခြုံစိတ်ချရသည့်ပတ်ဝန်းကျင်တည်ဆောက်နိုင်ရေးအတွက်ကုန်ထုတ်လုပ်နေခြင်းဖြစ်သည်။

ဒီနေ့ဒီအချိန်ထိ အသက်ရှင်ရပ်တည်ဖို့အတွက် ကုန်ထုတ်လုပ်ခြင်းများ နှင့် ဝန်ဆောင်မှုပြုခြင်းများ အကုန်လုံးသည် အလုပ်သမားထုများ၏လုပ်အားပင်ဖြစ်သည်။ လမ်းများခင်းခြင်း၊ အိမ်ဆောက်လုပ်ခြင်း၊ ပို့ဆောင်ရေးဝန်ဆောင်မှုများ၊ မနာမကျန်းများအားပြုစုပေးခြင်း၊ ကလေးသူငယ်များပြုစုပျိုးထောင်ခြင်း၊ စားသောက်ကုန် ထုတ်လုပ်ခြင်း၊ ကုန်ပစ္စည်းများဖန်တီးခြင်း၊ အဝတ်စားများထုတ်လုပ်ခြင်း နှင့် နောင်မျိုးဆက်များအားပညာအမွေပေးခြင်း စသည်များသည် လုပ်သားထု၏ လုပ်အားများပင်ဖြစ်သည်။

အလုပ်သမားတိုင်းသိသည့် အချက်ကား အလုပ်ရှင်သူဌေးတို့သည် အကူညီပြုခြင်းထက် ဆူးညှောင့်ခလုတ်သာဖြစ်သည်။ အလုပ်သမားများသည် အလုပ်ရုံများအား ကိုယ်ထူကိုယ်ထ အုပ်ချုပ်ခြင်းသည်ပိုမိုထိရောက်မှုရှိသည်။ အထက်အောက်အမိန့်ပေးသည့်စနစ်အောက်တွင်ရှိသည့်အလုပ်ရုံများထက် ပိုမိုထိရောက်မှုရှိသည်။

သိပ်မဝေးလွန်းသည့်ကာလ -၂၀၀၁ခုနစ် တွင် အာဂျင်တီးနား လူထုအုံကြွမှုပေါ်ပေါက်ခဲ့ဖူးသည်။ တိုင်းပြည်တွင်းရှိ စက်ရုံသုံးပုံတစ်ပုံ သည် အလုပ်သမားထု၏လက်ထဲသို့ရောက်ခဲ့ဖူးသည်။ ဒီအဖြစ်ပျက်ထက်ပိုမိုကြီးမားကျယ်ပြန့်သည့် အဖြစ်ပျက်များလဲရှိခဲ့ဖူးသည်။

၁၉၃၆ စပိန်တော်လှန်ရေးကာလတွင် စက်ရုံအများစုသည် အလုပ်သမားများ၏ထိန်းချုပ်မှုအောက်တွင်ရှိသည်။ တချို့သောဒေသများတွင် ငွေကြေးစနစ် ဖျက်သိမ်းနိုင်ခြင်း နှင့် မရှားပါးသည့်ကုန်ပစ္စည်းများအား အခမဲ့ဝေမျှနိုင်ခဲ့ခြင်းတို့ကြောင့် ကွန်မြူနစ်လူ့ဘောင်နှင့်များစွာနီးစပ်ခဲ့သည်။

၁၉၁၉ အမေရိကန် ဆီယက်တယ်လ်မြို့ (Seattle) အထွေထွေသပိတ်ကာလတွင် တစ်မြို့လုံးသည် အလုပ်သမားထု၏ ထိန်းချုပ်မှုအောက်တွင်ရှိခဲ့ဖူးသည်။ ၁၉၁၇ ရုရှားတွင် ဘိုရှီဗစ်များအလုပ်ရှင်ထံသို့ စက်ရုံအာဏာပြန်မအပ်ခင်ထိ အလုပ်သမားများထိန်းချုပ်ခဲ့ကြသည်။

လုပ်ခလစာမရှိ

ကွန်မြူနစ်စနစ်တွင် ငွေကြေးစနစ်ဆိုတာလဲမရှိပါ။ လူသားတို့၏ အလုပ်နှင့် ထုတ်ကုန်များသည် ရောင်းကုန်ဝယ်ကုန် သဏ္ဍာန်တွင်မတည်ရှိပေ။

လူအများစု စိုးရိမ်နေသည့်အချက်ရှိသည်။ ဘာလဲဆိုတော့ လုပ်ခစားစနစ်ကပြဌာန်းသည့် ပိုက်ဆံမရှိပါက ဆင်းရဲမည်ဟုသွယ်ဝိုက်သောနည်းဖြင့် ခြိမ်းခြောက်ထားသည်။ ထို့ကြောင့် ထိုစနစ်မရှိပါက လူသားတို့ရှင်သန်ရပ်တည်ရေးအတွက် အလုံအလောက်ထုတ်လုပ်နိုင်ပါဦးမည်လားဟုပဲဖြစ်သည်။

သို့သော် ထိုခြိမ်းချောက်မှုများမပါပဲ အလုပ်များထိရောက်စွာပြီးစီးနိုင်ကြောင်းပြစရာသက်သေတွေအများကြီးရှိပါတယ်။

လူသားသမိုင်းတွင် ငွေကြေးစနစ်နှင့် လုပ်ခစားစနစ်ပေါ်ပေါက်သည်မှာသိပ်မကြာသေးပါ။ ထိုစနစ်များမပေါ်ပေါက်မှီအချိနိထဲကပင် လိုအပ်သည့်အလုပ်များပြီးမြောက်သည်ကိုတွေ့ရပါတယ်။

ရှေးဦး “မုဆိုးလိုက်သူ-စုဆောင်းသူ” လူ့အဖွဲ့စည်းကိုဥပမာအဖြစ်ကြည့်ကြည့်ပါ။ အလွန်ငြိမ်းချမ်းပြီးသာတူညီမျှမှုရှိသည်။ အလုပ်လုပ်ရာတွင်လဲ စက်ယန္တရား၏ ခွေးသွားစိပ်လေးတစ်ခုဖြစ်မသွားပဲ အလုပ်လုပ်ရင်း ကိုယ်ရည်ကိုယ်သွေးများတိုးတက်လာသလို အတတ်ပညာအသစ်များလဲသင်ယူနိုင်ကြသည်။

ယနေ့ကာလ၌လဲ မြောက်များစွာသောအလုပ်များသည် အခကြေးငွေမရသော်လည်း ပြီးမြောက်သည်။ ဥပမာ များသောအားဖြင့် အမျိုးသမီးများသည် အလုပ်ထွက်လုပ်ရသလို အခကြေးငွေမရသော အိမ်မှုကိစ္စများလဲလုပ်ကြရသည်။ထို့အပြင် ၂၅% သော အင်္ဂလန်ရှိ အရွယ်ရောက်ပြီးသူများသည် အနည်းဆုံးတလ တကြိမ် လုပ်အားပေးများဝင်လုပ်လေ့ရှိသည်။ ၂၀၁၁ ခုနှစ် ရှိစစ်တမ်းများအရ ကမ္ဘာတဝှမ်းရှိ အခကြေးငွေမရပဲလုပ်ခဲ့သောအလုပ်တို့သည် ခေတ်ကာလငွေကြေးတန်ဖိုးနှင့်တွက်ပါက တစ်နှစ်လျှင် ၁၁ထရီလီယံ ဒေါ်လာခန့်တန်ဖိုးရှိသည်။

လေ့လာတွေ့ရှိချက်တွေအရ သမာရိုးကျမဆန်သောအလုပ်များတွင် ပိုက်ဆံသည် ရလဒ်ကောင်းထွက်ဖို့ ထိရောက်စွာလှုံ့ဆော်နိုင်ခြင်းမရှိပါဟုဆိုသည်။ မည်သို့မည်ပုံလုပ်မည်ကို စည်းဘောင်များမခတ်ထားပဲ လွတ်လပ်စွာလုပ်ကိုင်နိုင်ပြီး လူ့အဖွဲ့စည်းအတွက် အထောက်ကူပြုနိုင်ခြင်းသည် အကောင်းဆုံးလှုံ့ဆော်မှုပဲဖြစ်သည်။

ဥပမာ ‘free software movement’ လိုလှုပ်ရှားမှုကိုကြည့်ကြပါစို့။ သူသည် အထက်အောက်အမိန့်ပေးအုပ်ချုပ်ပုံ မရှိပဲ လူ့အဖွဲ့စည်းအားအကျိုးပြုရေးအတွက် စုပေါင်းလုပ်ကိုင်ကြသည်။ ထိုလှုပ်ရှားမှုကနေ အလုပ်ဖြစ်မြောက်ပြီးစီးရေးအတွက် အခကြေးငွေမလိုအပ်ဘူးဆိုတာပြသလိုက်သည်။ အမြတ်စွန်းရရှိရေးအတွက် အထက်အောက်အမိန့်ပေးစနစ်ဖြင့်လည်ပတ်နေသော အဖွဲ့စည်းများထက်ပင် ပိုမိုအားကောင်းနိုင်သည်ဆိုတာကိုလဲပြသလိုက်သည်။

ယနေ့ခေတ် နည်းပညာတိုးတက်လာမှုကြောင့် အလုပ်သမားများစွာသည် အလုပ်မှထုတ်ပစ်ခံရပြီး ကျန်ရှိနေသူများအား အလုပ်မြဲလိုက အလုပ်ပိုလုပ်ဖို့ဖိအားများပေးလျက်ရှိသည်။ အမြတ်ရရှိရေး ရည်ရွယ်ချက် မရှိပါက နည်းပညာတိုးတက်မှုလာသည်နှင့် အမျှအလုပ်သမားများ၏နေရာတွင်ဝင်အစားထိုးမည်မဟုတ်ပဲ ၎င်းတို့အလုပ်အား ပို၍သာတွင်ကျယ်စေမည်။ အလုပ်သမားများသည် အလုပ်လျှော့လုပ်နိုင်ကာ ကိုယ်ပိုင်အချိန်လဲပိုမိုရရှိမည်ဖြစ်သည်။

နိုင်ငံတော်မရှိ

အစိုးရဆိုသည်မှာ လူနည်းစုမှ ဦးဆောင်ချုပ်ကိုင်ထားသော အဖွဲ့စည်းတစ်ခုပဲဖြစ်သည်။ အတိုင်းတာတစ်ခုအောက်တွင် နိုင်ငံရေးနှင့် ဥပဒေအရ ဆုံးဖြတ်ပိုင်ခွင့်အာဏာရှိကြသည်။ ၎င်းတို့ချမှတ်ထားသည်များလိုက်နာရန်အတွက်လဲ လိုအပ်ပါက အကြမ်းဖက်နည်းလမ်းများအသုံးပြုသည်။

အလုပ်ရှင်-အလုပ်သမား ဆက်ဆံရေးများမရှိ လူတန်းစားကွာဟမှု မရှိတော့လျှင် လူတစ်စုချုပ်ကိုင်မှုအောက်က လူမိုက်သာသာအဖွဲ့စည်းလည်းလိုအပ်တော့မည်မဟုတ်ပါ။ ဥပမာ ရဲတွေလို လူချမ်းသာများ၏ပစ္စည်းဥစ္စာနှင့် မြေယာများ ကာကွယ်ပေးပြီး သာမန်ပြည်သူတွေအပေါ် ဆင်းရဲမွဲတေမှုစနစ်၊ လခစားကျေးကျွန်စနစ် နှင့် အငတ်ဘေးကျတဲ့အထိပြဌာန်းပေးနေသူများလဲ မလိုအပ်တော့ပါ။ အရင်းနှီးတိုးပွါးရေးနှင့် ငွေကြေးအမြတ်စွန်းရှာစရာမလိုတော့လျှင် ဈေးကွက်အသစ်များသိမ်းပိုက်ဖို့ သံယံဇာတသိမ်းပိုက်ဖို့ အတွက်စစ်တပ်များလည်းလိုတော့မည်မဟုတ်ပါ။

သို့သော် အကြမ်းဖက်သမားများရန်မှ ပြည်သူလူထုအားကာကွယ်ဖို့လိုဦးမည်ဖြစ်သည်။ ထိုကာကွယ်ရန်အတွက် ဒေသအလိုက် ဒီမိုကရေစီနည်းကျ သက်တမ်းအလိုက်ရွေးကောက်တင်မြှောက်ပြီး ဒီမိုကရေစီနည်းကျပြန်ဖြုတ်ချနိုင်သည်။ ပြည်သူအပေါ် ကြမ်းကြုတ်ရက်စက်ပြီး လူသတ်မှုကျူးလွန်ကာ ပြစ်ဒဏ်မှအမြဲတစေလွတ်ကင်းသော တာဝန်ခံမှုမရှိသည့်ရဲများတော့မလိုအပ်ပါ။

စုပေါင်းဆုံးဖြတ်ချက်ချရာတွက် နိုင်ငံအများစုကျင့်သုံးနေသည့် ‘ကိုယ်စားပြု ဒီမိုကရေစီစနစ် (representative democracy)’ မသုံးပဲ ‘တိုက်ရိုက် ဒီမိုကရေစီစနစ် (direct democracy)’ အစားထိုးကျင့်သုံးသင့်သည်။ ဒီမိုကရေစီ အနှစ်သာရစစ်စစ်ဆိုသည်မှာ လက်တစ်ဆုပ်စာလူတစ်စု(များသောအားဖြင့် လူချမ်းသာများ) အားနိုင်ငံရေးဆုံးဖြတ်ချက်များချမှတ်ရေးအတွက် ရွေးကောက်တင်မြှောက်တာထက်ပိုပါသည်။ ကျန်ဆုံးဖြတ်ချက်များသည် ဈေးကွက်၏ပြဌာန်းခြင်းအပေါ် ကော်ပိုရိတ်တွေချမှတ်လိုက်ခြင်းဆီကနေလာသည်။

အလုပ်သမားတိုက်ပွဲများကို အလုပ်သမားများ ကိုယ်တိုင်ဖော်ဆောင်နိုင်သည်။ ကိုယ့်လုပ်ဖော်ကိုင်ဖက် ရဲဘော်များစုစည်းတာမှတစ်ဆင့် အလုပ်ရုံတွေ ကွန်မြူနတီတွေထဲ စည်းဝေးစုရုံးခြင်းအထိတက်လှမ်းနိုင်သည်။ ထိုမှတစ်ဆင့်ဝေးကွာသောနေရာဒေသမှာ အလုပ်သမားများနှင့် ဆက်သွယ်ရေးနည်းပညာများ သို့မဟုတ် အလုပ်သမားကောင်စီ မှရွေးကောက်လိုက်သော ကိုယ်စားလှယ်များစေလွှတ်၍ ပေါင်းစည်းလှုပ်ရှားနိုင်သည်။

အလုပ်သမားများကိုယ်တိုင် လှုပ်ရှားမှုအားဦးဆောင်နိုင်လျှင် အလုပ်သမားများကိုယ်တိုင်ပင် အသိုက်အဝန်းတစ်ခုတည်ဆောက်နိုင်သည်။ ၁၉၅၆ ဟန်ဂေရီ အရေးခင်းတွင် အလုပ်သမား ကောင်စီများအား အသိုက်ဝန်းတစ်ခုတည်ဆောက်ရေးအတွက် ဖွဲ့စည်းကာ အလုပ်သမားလူတန်းစားဒီမိုကရေစီစနစ်အပေါ်အခြေခံသည့် ဆိုရှယ်လစ်စနစ် အားတောင်းဆိုခဲ့ကြသည်။ ၁၉၉၄ ခုနှစ် မက္ကဆီကိုနိုင်ငံ ‘Chiapas’ ဒေသတွင် အရေးခင်းပေါ်ပေါက်ခဲ့သည်။ ထိုအချိန်မှစ၍ ထိုဒေသတွင် နိုင်ငံတော်အချုပ်ခြာအာဏာအောက်မှကင်းလွတ်၍ တိုက်ရိုက်ဒီမိုကရေဆီစနစ်ကိုကျင့်သုံးခဲ့ကြသည်။ ခေါင်းဆောင်များမရှိကြပဲ ပြည်သူ့ဝန်ထမ်းများအား ၂ပတ်တစ်ကြိမ်ရွေးချယ်ကြသည်။

နိဂုံး

လူအများစုသည် ကွန်မြူနစ်စနစ်ဆိုတာ ကောင်းတယ်ထင်ရပေမဲ့ တကယ်အလုပ်ဖြစ်ပါ့မလားဟု သံသယဝင်ကြသည်။ ဒီနေရာမှာအရင်ပြန်မေးကြည့်ပါ အရင်းရှင်စနစ်ကရော အလုပ်ဖြစ်ရဲ့လား။

လူတစ်စုတွက်ချက်မရလောက်အောင်ချမ်းသာနေကြသောလဲ လူပေါင်းဘီလီယံနဲ့ချီပြီး ကုန်းကောက်စရာမရှိလောက်အောင်ဆင်းရဲမွဲတေမှုဒဏ်ခံနေကြရတယ်။ သဘာဝပတ်ဝန်းကျင်ကလည်းလျင်မြန်စွာပဲပျက်စီးနေသည်။ ဒီနေရာမှာ အရင်းရှင်စနစ်အလုပ်ဖြစ်မဖြစ်ဘူးဆိုတာရှင်းနေပါပြီ။ ဘယ်စနစ်ရယ်မှပြီးပြည့်စုံတယ်လို့တော့မရှိပါဘူး။ သို့သော် ကွန်မြူနစ်လူ့အဖွဲ့စည်းကတော့ လက်ရှိ အရင်းရှင်လူ့အဖွဲ့စည်းထက် ပိုမိုအလုပ်ဖြစ်နိုင်သည်ဆိုတာ သက်သေအထောက်ထားများစွာရှိပါတယ်။ လူအများစုအတွက် အကျိုးပြုနိုင်သလို ပိုက်ဆံရှိသော်လဲ မပျာ်ရွှင်နိုင်သည့် လူချမ်းသာများအတွက်တောင် အကျိုးပြုနိုင်သည်။

ကွန်မြူနစ် လူ့ဘောင်ဆိုသည်မှာ ပြဿနာများအားလုံးပပျောက်နေမည်လို့မဆိုလိုပါ။ မျက်မှောက်ကာလ၌ ကြုံတွေ့နေရတဲ့ အဓိကပြဿနာများကိုတော့ဖြေရှင်းနိုင်မည်ဖြစ်သည်။ ဆင်းရဲမွဲတေမှု နှင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာခြင်းတို့လိုဥပမာတွေပေါ့။ တခြားပို နက်နဲပြီးစိတ်ဝင်စားစရာကောင်းတဲ့ ပြဿနာတွေအဖြေရှာနိုင်ဖို့ အခွင့်လမ်းဖွင့်ပြီးသားလည်းဖြစ်တာပေါ့။

ကုန်ပိုထုတ်နိုင်ဖို့ အမြတ်ပိုရှာနိုင်ဖို့ အတွက်ပဲအလုပ်လုပ်နေစရာမလိုတော့ပါဘူး။ အလုပ်ဘယ်လိုသက်တောင့်သက်သာလုပ်လို့ရမလဲ ဘယ်အလုပ်မှာပျော်ရွှင်လဲ ဘယ်လိုအလုပ်မျိုးကိုစိတ်အားထက်သန်လဲဆိုတာတွေအပေါ်အာရုံစိုက်လာနိုင်ပြီ။

တိုင်းပြည် ဘယ်လောက်အောင်မြင်လဲဆိုတာ GDP(ဘာသာပြန်သူဖြည့်စွက်: စုစုပေါင်းပြည်တွင်းထုတ်ကုန်နှင့်ဝန်ဆောင်မှုတန်ဖိုး) နှင့်မတိုင်းတာပဲ ဘယ်လောက်ပျော်ရွှင်နေကြလဲဆိုတာနှင့်တိုင်းတာနိုင်မည်။ တစ်ဦးပေါ်တစ်ဦး စားသုံးသူ၊ ဝန်ထမ်း၊ ကြီးကြပ်သူ၊ စီးပွါးပြိုင်ဖက်လို့မမြင်ပဲ လူသားတွေလို့ပဲမြင်နိုင်ပြီ။

စာရေးသူရော ဖတ်သူရော အချုပ်အနှောင်ကင်းသည့် ကွန်မြူနစ်စနစ်ဆီရောက်တာကိုမှီနိုင်ဖို့ဆိုတာမသေချာပါ။ လက်တွေ့ ကွန်မြူနစ်လှုပ်ရှားမှုဆိုတာသည် အခြေခံလိုအပ်ချက်များအတွက် အရင်းရှင်တို့ဆီကတိုက်ယူနေရမည့်တိုက်ပွဲပဲဖြစ်သည်။ ဒီတိုက်ပွဲတွေကတစ်ဆင့် ဘဝအခြေနေတွေတစ်ဆတစ်ဆ တိုးတက်လာမည်၊ မိမိအတွက် နောင်မျိုးဆက်များအတွက် ကမ္ဘာမြေကြီးအတွက်ပါ ရှင်သန်ရပ်တည်နိုင်ရေးအတွက် ကာကွယ်နိုင်မည်။ ပစ္စုပ္ပန်အခြေအနေများ တိုးတက်ရေးနှင့်ခုခံကာကွယ်နိုင်ရေးအတွက် အစဉ်မပျက်လှုပ်ရှားမှုသည် လက်တွေ့ ကွန်မြူနစ်လှုပ်ရှားမှုပဲဖြစ်သည်။ ထိုမှတဆင့် သာတူညီမျှတဲ့ ကွန်မြူနစ်စနစ်တည်ဆောက်ရာအတွက်လည်း အုတ်မြစ်ချပြီးသားဖြစ်သည်။

ဒီလှုပ်ရှားမှုကို နေရာဒေသ နှင့် ကာလအပိုင်းခြားအလိုက် ‘anarchist communism’၊ ‘libertarian communism’၊ ‘ဆိုရှယ်လစ်စနစ်’ သို့မဟုတ် ‘ကွန်မြူနစ်စနစ်’ လို့ခေါ်ဝေါ်တတ်ကြသည်။ ဘယ်နာမည်ပဲခေါ်ခေါ် ဘယ်တံဆိပ်ပဲကပ်ကပ် အဓိကမကျပါဘူး သူ့ရဲ့ဖြစ်တည်မှုကသာလျှင်အဓိကဖြစ်သည်။သူ့ဖြစ်တည်မှုသည် စိတ်ကူးယဉ် နတ်သမီးတိုင်းပြည်ဖန်တီးတာမဟုတ်ပဲ နေ့စဉ်ဖြတ်သန်းနေရသည့် ဘဝထဲရှိသော ရုပ်ကျသည့် ရှင်သန်ရေးလိုအပ်ချက်များ၊ တောင်းဆိုမှုများ နှင့် တော်လှန်စိတ်တို့ပဲဖြစ်သည်။ မတရားမှု နှင့် ခေါင်းပုံဖြတ်မှု ရှိသည့် မည်သည့်စနစ် မည်သည့်အုပ်ချုပ်မှု အောက်တွင်မဆို တော်လှန်ရေး ဝိညာဉ်သည်အမြဲရှင်သန်နေမည်ဖြစ်သည်။ ထို့ကြောင့် လွတ်လပ်မှု နှင့် သာတူညီမျှမှုအပေါ်တည်ဆောက်ထားသည့် ကမ္ဘာသည်လည် ပေါ်ပေါက်လာမည်ဟုပြောနိုင်သည်။