Ma Chinthe
ဂရေဘာရဲ့ "မင်းက မင်းမဲ့သမားတစ်ယောက်လား?" ဆောင်းပါးသုံးသပ်ချက်
မတ်လဆန်းက ကျွန်မ ဘာသာပြန်ခဲ့တဲ့ မနုဿဗေဒပညာရှင် ဒေးဗစ်ဂရေဘာရဲ့ "မင်းက မင်းမဲ့သမားတစ်ယောက်လား? မင်းအဖြေက မင်းကိုယ်မင်းတောင် အံ့အားသင့်သွားစေမယ်" ဆောင်းပါးနဲ့ ပတ်သက်ပြီး တွေးမိတဲ့ မှတ်ချက်တွေကို အခုပြန်ချရေးချင်ပါတယ်
အရင်ဆုံး စကားချပ်ခံချင်တာက ဂရေဘာရဲ့စာတွေကို ဒီဆောင်းပါးဘာသာမပြန်ခင်အထိ ကျွန်မသေချာမဖတ်ဖူးခဲ့ပါဘူး ဒါပေမဲ့ အမေရိကန်မနုဿဗေဒနဲ့ မာ့စ်ဝါဒီတွေကြားမှာ သူ့နာမည်ဟာ ဟိုးလေးတကျော်ကျော်ရှိခဲ့တယ်ဆိုတာ သတိထားခဲ့မိတယ် အထူးသဖြင့် မနုဿဗေဒပါရဂူတန်းတက်နေကြတဲ့ ရာဒီကယ်ကျတယ်ဆိုတဲ့ လူဖြူအသိုင်းအဝိုင်းတွေကြားမှာ ဂရေဘာရဲ့စာတွေဟာ လျှမ်းလျှမ်းတောက်နာမည်ကြီးခဲ့တယ် အကယ်ဒါးမီးယားရပ်ဝန်းတစ်နေရာမှာတောင် တည်ရှိနေဆဲဖြစ်တဲ့ လူတန်းစားမညီမျှမှုတွေကို ဂရေဘာဟာ အကယ်ဒါးမစ်ဖြစ်နေပေမဲ့လည်း ရေရေလည်လည် ပက်ပက်စက်စက်ထောက်ပြဝေဖန်ပြောဆိုတယ်လို့ ကြားခဲ့ရတယ် Yale တက္ကသိုလ်မှာ စာသင်ရင်း tenure မပေးတဲ့အတွက် UK က Goldsmiths College ကို ပြောင်းစာသင်ခဲ့တယ်ဆိုတာကို အကယ်ဒါးမီးယားရဲ့ tenure အထိကရုံးတွေနဲ့ပတ်သက်ပြီး ကြားခဲ့တယ် ဂရေဘာကိုယ်တိုင်ကလည်း လူဖြူဖြစ်နေပေမဲ့ ဆင်းရဲချို့တဲ့တဲ့ဂျူးလူမျိုးမိသားစုကနေ ပေါက်ဖွားလာခဲ့တဲ့အတွက် လူတန်းစားပြဿနာနဲ့ မင်းမဲ့သဘောတရားတွေကို စာနဲ့ရေး၊ ဟောပြောပွဲတွေမှာပြော၊ စာသင်ခန်းတွေမှာ ပို့ချပြီး ထောက်ပြခဲ့တယ်လို့ ကိုယ်တိုင် ဂရေဘာနဲ့ လူချင်းမတွေ့ခဲ့ဖူးသည့်တိုင် ကြားခဲ့ရပါတယ်
(စိတ်ဝင်စားစရာကောင်းတာက ဂရေဘာကွယ်လွန်ပြီး သူ့ပထမဇနီးဟောင်း အကယ်ဒါးမစ်ပညာရှင်လည်း ဖြစ်တဲ့ အယ်ရစ်ကာ လာဂယ်လီစ် (Erica Lagalisse) ရဲ့The Elvis of Anthropology ဆိုတဲ့ ဂရေဘာကို မနုဿဗေဒရဲ့ အယ်လ်ဗစ်ပရက်စလေဆိုပြီးနှိုင်းယှဉ်ရေးထားတဲ့ဆောင်းပါးက "a woman like David is not considered a “mad professor” or “package deal” but a “flaky psychobitch”, and a person of colour with his temperament might easily be murdered by police." (ဒေးဗစ်နေရာမှာ မိန်းမတစ်ယောက်သာဆိုရင် "လန်ထွက်နေတဲ့ ပါမောက္ခ" (သို့) "အကုန်ပြည့်စုံတဲ့သူ" လို့ ခေါ်ဝေါ်မှတ်ယူခံရမှာထက် "စောက်ရူးရူးနေတဲ့ခွေးမ" လို့သာအခေါ်ခံလိမ့်မယ် လူဖြူမဟုတ်တဲ့လူတစ်ယောက်သာဆိုလို့ရှိရင် ဒေးဗစ်လိုစိတ်သဘောထားနဲ့သာဆိုရင် ရဲအသတ်ခံရတာကြာလှပေါ့) ဆိုပြီး ဖီမီနင့်ရှုထောင့်၊ လူမျိုးရေးရှုထောင့်ကနေ ဂရေဘာနဲ့ သူ့အယူအဆတွေကို ဝေဖန်သွားတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ် ဒီဝေဖန်ချက်ကလည်း စဉ်းစားစရာပါပဲ (လာဂယ်လိစ်ရဲ့ဆောင်းပါးကို ကျွန်မကို ပြန်ဝေမျှပေးတဲ့ မိတ်ဆွေ S ကိုလည်း ကျေးဇူးတင်ပါတယ်)
အဲ့ဒီတော့ ကျွန်မနဲ့ တစ်ခရီးတည်းသွားသူ၊ အရင်က သူ့ဆောင်းပါးတစ်ပုဒ်ကိုလည်း ကျွန်မ ဘာသာပြန်ဖူးတဲ့ ဖိလစ်ပိုင်က မိတ်ဆွေ စီမုန်းမာဂ်စာလင်းက သူ့ရဲ့ ဒီမင်းမဲ့သဘောတရားအကြောင်းမိတ်ဆက် ဆောင်းပါးကို ဘာသာပြန်ဖို့ တိုက်တွန်းခဲ့တဲ့အခါ ဂရေဘာရဲ့အရေးအသားတစ်ခုကို အမြည်းအစမ်းခံစားရမယ်လို့ ယူဆတဲ့အတွက် ဘာသာပြန်ခဲ့တယ်
အရင်ဆုံး ဆောင်းပါးထဲက ဂရေဘာရဲ့ အာဘော်တွေကို ပြန်မဆင်ခြင်ခင် အန်နာခစ်ဇင် (anachism) ဆိုတဲ့စကားလုံးသဘောတရားကို ကျွန်မက မင်းမဲ့သဘောတရားလို့ ဘာသာပြန်ခဲ့ပေမဲ့ စာဖတ်သူတစ်ဦးထောက်ပြခဲ့တဲ့ ဗဟိုအုပ်ချုပ်မှုကင်းမဲ့မှုသဘောတရားဆိုတာကိုလည်း ဆက်စပ်စဉ်းစားချင်ပါတယ် မိုနာခီ (monarchy) ဘုရင်ပဒေဿရာဇ်ခေတ်မှာတော့ လူတွေကို ဘုရင်တစ်ပါးက သက်ဦးဆံပိုင်ဘုရင်စနစ်ကိုအသုံးပြုပြီး အုပ်ချုပ်တာကို အန်နာခစ်သဘောတရားတွေက ဝေဖန်ခဲ့တာ၊ လက်ရှိလည်း ဝေဖန်နေဆဲဖြစ်တာ (ဥပမာ ဘုရင်မင်းစနစ်ကျင့်သုံးဆဲနိူင်ငံတွေဖြစ်တဲ့ ထိုင်း၊ ဘူတန်၊ ဗြိတိသျှ) ဖြစ်တဲ့အပြင် မော်ဒန် state ပုံစံတွေအရ လည်ပတ်နေကြတဲ့၊ (ဒီမိုကရေစီ၊ ဖက်ဆစ်၊ စစ်အာဏာရှင်အစရှိသဖြင့်)ဘယ်လိုနိူင်ငံရေးယန္တရားတွေကို အသုံးပြုအုပ်ချုပ်နေကြတဲ့ ကျွန်မတို့ မြန်မာနိူင်ငံလို နိူင်ငံတွေအကုန်လုံးက အုပ်ချုပ်သူ/အုပ်ချုပ်ခံလူတန်းစားနှစ်ရပ်ဆိုတဲ့ dichotomy တွေကို ဝေဖန်ပုန်ကန်တော်လှန်တဲ့ သဘောတရားတစ်ရပ်ဖြစ်တယ်လို့ ကျွန်မပြန်သုံးသပ်မိတယ် အန်နာခစ်သဘောတရားဟာ အစိုင်အခဲဖြစ်နေတဲ့ ဘုရင်မင်းစနစ်တင်သာမက၊ ဘုရင်ခေတ်မရှိတော့ပေမဲ့ ဘုရင်သဖွယ် အာဏာကို တစ်ဦးတစ်ယောက်၊ လူတန်းစားတစ်ရပ်ရဲ့လက်ထဲမှာ လက်ကိုင်ထားပြီး အုပ်ချုပ်တာတွေအကုန်လုံးကို ဝေဖန်တယ်လို့ ကျွန်မ ယူဆမိတဲ့အတွက် အန်နာခစ်သဘောတရားကို မင်းမဲ့သဘောတရားပဲဆိုဆို၊ ဗဟိုအုပ်ချုပ်သူကင်းမဲ့ရေးသဘောတရားပဲဆိုဆို အနက်အဓိပ္ပါယ်က တူတူပဲလို့ ကျွန်မ ထင်ပါတယ် ဒီနေရာမှာ ဗဟိုအုပ်ချုပ်သူကင်းမဲ့ရေးလို့ဆိုလိုက်ရင်တော့ အာဏာရှင်တွေ၊ ဘုရင်တွေ၊ မင်းတွေ၊ သမ္မတတွေကို ပုန်ကန်နေကြတဲ့သူတွေ၊ အစုအဖွဲ့တွေ၊ NGO တွေကိုယ်နှိုက်ကိုက ဘယ်လို ဗဟိုအုပ်ချုပ်သူစနစ်ကို ပြန်လက်ကိုင်ထားသလဲဆိုတာတော့ ကွက်ကွက်ကွင်းကွင်း ပိုမြင်မိကောင်းမြင်မိနိူင်ပါတယ်
အခု အန်နာခစ်ဇင်ကို ဘာသာပြန်တာနဲ့ ပတ်သက်ပြီး စဉ်းစားမိပြီးတော့ ဆောင်းပါးထဲက အချက်တွေဘက်ကို ပြန်လှည့်ရရင် ဂရေဘာဟာ မင်းမဲ့ဝါဒီလိုကြားလိုက်ရင် လူတွေက ကစဉ့်ကလျားဖရိုဖရဲဖြစ်ရတာ ကြိုက်တဲ့သူတွေရဲ့ဝါဒီလို အများက ထင်ကြတယ်ဆိုပြီး ဆောင်းပါးကို စထားပါတယ် ဒီအချက်ကို ကျွန်မ အကျယ်ဖွင့်ပြီး သေသေချာချာစဉ်းစားချင်တယ် ဘာလို့လဲဆိုတော့ အခုနောက်ပိုင်းမှာ ကျွန်မကိုယ်တိုင်လည်း စဉ်းစားတွေးခေါ်မှုရပ်ဝန်းတွေမှာကြားလာရတာက အားလုံးအတူတူတွဲလုပ်ကြဖို့ လိုလာပြီ၊ တော်လှန်ရေးကို ဒီလိုလုပ်တာတော့ မှားနေပြီ၊ ဒီဖီမီနင့်ဇင်ကြီးကတော့ လွဲနေပြီ အစရှိတဲ့ အတွေးအခေါ်အယူအဆ လုပ်ကိုင်ပုံအသွင်သဏ္ဍာန်တွေကြားထဲ မှားတယ်၊ မှန်တယ် အတွင်းကျိတ်သော်လည်းကောင်း၊ အများရှေ့မှာသော်လည်းကောင်း ငြင်းခုံကြတာတွေကို ပိုသတိထားမိလာတယ် ကျွန်မကိုလည်း ဒီလို ဒီလို ဖီမီနင့်ဇင်တွေကတော့ မှားနေလို့ ပြောပေးပါဦး ဒါမှမဟုတ် ကျွန်မပြောနေ၊ ရေးနေတာတွေကလည်း မှားနေတယ် အစရှိသဖြင့် ထိန်းချုပ်ပုံစံသွင်းဖို့ ကြိုးပမ်းမှုတွေနဲ့ လာချဉ်းကပ်ကြတာတွေ ရှိလာတယ် မနုဿဗေဒသမားတစ်ယောက်အနေနဲ့ ကျွန်မအတွက်က ဒီလို မှန်တယ်၊ မှားတယ် ထိန်းချုပ်ချင်စိတ်တွေ ဘယ်ကပေါ်လာတာလဲဆိုတာကိုပဲ ပိုစိတ်ဝင်စားမိတယ်
ဒီလိုပြောလို့ ကျွန်မကိုယ်တိုင် ထိန်းချုင်ချင်စိတ်တွေ မရှိခဲ့ဘူးလားလို့တော့လည်း မဟုတ်ပါဘူး ငယ်စဉ်ကလေးဘဝမှာ ကိုယ့်ခြေကိုယ့်လက်လုပ်ပိုင်ခွင့်မရှိဘဲ ကိုယ်စိတ်ဝင်စားရာကို တစ်ယောက်ယောက်၊ တစ်စုံတစ်ခုက ထိန်းကွပ်ထားခဲ့မှုနဲ့ ကြီးပြင်းလာခဲ့တဲ့ကျွန်မမှာလည်း ထိန်းချုပ်ချင်စိတ်တွေ ပြင်းပြခဲ့တယ်၊ ထိန်းချုပ်ချင်စိတ်တွေ အနည်းအကျဉ်းလည်း ရှိနေတုန်းပဲ ဒါပေမဲ့ အခုနောက်ပိုင်း၊ အထူးသဖြင့် ဂရေဘာ့စာကိုဖတ်ပြီး ပြန်စဉ်းစားလာမိတာက ဘာကြောင့် ကျွန်မတို့က ဒီလိုထိန်းချုပ်ချင်စိတ်တွေရှိနေရတာလဲဆိုတာပဲ ကျွန်မတစ်ကိုယ်ရည်အတွက်ကတော့ ငယ်စဉ်က ကျန်ရှိနေခဲ့တဲ့၊ ထိကျွမ်းပတ်သက်ခဲ့ရတဲ့ သမိုင်းကြောင်းတွေ၊ ရရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေကနေ ကျွန်မကို ဒီလိုထိန်းချုပ်ချင်စိတ်တွေပေါက်ဖွားလာစေတယ်လို့ ထင်တယ် ဘုရင်မင်း၊ အစိုးရတွေထိ ပြေးကြည့်စရာတောင်မလိုပါဘူး ငယ်ငယ်ကတည်းက "ဒီအမေသာ မရှိရင် ညည်းတို့ ကြပ်ကြပ်ဒုက္ခရောက်မယ်" "မအေသေမှ သိမယ်" ဆိုတဲ့ ကျွန်မတို့အမေရဲ့ ထိန်းချုပ်မှုတေးကြီးအောက်က ကြီးလာသူတစ်ယောက်အနေနဲ့ ထိန်းချုပ်သူမှ မရှိရင် မနေတတ်ဆိုသလို ဖြစ်နေကြတာမလား? ကိုယ့်ကို ဂျန်ဒါအရသော်လည်းကောင်း၊ ဖြစ်တည်မှုတစ်ခုခုအရသော်လည်းကောင်း (အသံအကျယ်ကြီး မရယ်နဲ့လေ၊ အင်္ကျီဆို ဒီလိုဝတ်ရမယ်၊ ညဆို ဒီအချိန်အိမ်ပြန်ရမယ်၊ ဆံပင်ဆိုတာ စည်းထားရမယ် ချထားရင် သရဲကပ်တတ်တယ် အစရှိသဖြင့်) ခန္ဓာနဲ့စိတ်ကို အမြဲထိန်းချုပ်ခံခဲ့ရတော့ ကိုယ်ကနေ မိမိကိုယ်ကို (သို့) တခြားတစ်ပါးကို ပြန်ထိန်းချုပ်ချင်စိတ်တွေ ပြန်ပေါ်လာတယ်လို့ ထင်တယ် ထိန်းချုပ်မှုတွေနဲ့ပဲ ကြီးပြင်းလာကြတဲ့လူတွေကြားမှာ ထိန်းချုပ်မှုဟာ culture ရိုးရာဓလေ့တစ်ခုဖြစ်လာတယ် တောင်းမှာအကွပ်ဆိုသလို ထိန်းချုပ်မှုမှမရှိရင် အားလုံးဟာ ဖရိုဖရဲ ဗြဲလန်းရမ်းကြီးကို ဖြစ်လို့ပေါ့ ဒါပေမဲ့ သေချာပြန်စဉ်းစားကြည့်ရင်၊ ဂရေဘာဆောင်းပါးအစက ထောက်ပြထားတာနဲ့ ချိတ်ဆက်ရရင် လူတိုင်းဟာ ထိန်းချုပ်မှုမှမရှိရင် မနေတတ်ကြတော့ဘူးဆိုတာ ဟုတ်ရောဟုတ်ရဲ့လား မေးခွန်းပြန်ထုတ်စရာဖြစ်လာတယ်
မင်းမဲ့သဘောတရားလို့ပြောလိုက်ရင် စကားလုံးအကြီးကြီးနဲ့ တံတားအောက်မှာ ကစဉ့်ကလျား ပန့်ခ်သီချင်းတွေ၊ မျက်လုံးမှာ အိုင်းလိုင်နာတွေ ပေပေရေရေဆိုးထားတဲ့သူတွေ၊ ဆံပင်တွေစုတ်ဖွားနဲ့ လူ့ပတ်ဝန်းကျင်ဘောင်အပြင်ရောက်နေတဲ့သူတွေကိုပဲ မျက်စိထဲ ပြေးမြင်ယောင်မိကြလေ့ရှိတယ် ဒါပေမဲ့ ဂရေဘာပြောပုံအရတော့ မင်းမဲ့သဘောတရားဟာ ထိန်းချုပ်မှုတွေအကုန်ကို လွှတ်ချတာထက် စနစ်အရ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က လူထုတစ်စုကို ထိန်းကျောင်းတာကို ဆန့်ကျင့်တာလို့ ကျွန်မ မြင်မိတယ် အဲ့ဒီ့တော့ သာမန်လူတွေကရော တစ်ကိုယ်ရည် မိမိကိုယ်ကိုသာ ပြန်ထိန်းကျောင်းတတ်ရင် ထိန်းချုပ်မှုစနစ်ဆိုတာ လိုကိုမလိုတော့ဘူးဆိုတဲ့သဘောပေါ့ ဒီနေရာမှာ ဂရေဘာရဲ့ နံပါတ်တစ်အချက် (ဘတ်စ်ကားမှတ်တိုင်မှာ ရဲတွေက စောင့်မကြည့်နေရင်တောင်မှ သူများကို တံတောင်ဆစ်နဲ့ တွန်းတိုက်ပြီး ဘတ်စ်ကားပေါ် အလုအယက်ကျော်တက်မဲ့အစား မင်းက မင်းအလှည့်ကို မင်းစောင့်လေ့ရှိတဲ့သူလား?) ကို ဘာသာပြန်ရင်း ကျွန်မ တစ်ချက်သွားတွေးမိတာက ကျွန်မတို့ မြန်မာပြည်ကလူတချို့ကတော့ ဒါကို တန်ပြန်ငြင်းဆိုကောင်းငြင်းဆိုနိူင်တယ်ဆိုတာပဲ ဒါကတော့ မြန်မာပြည်ကလူတွေဟာ တခြားနိူင်ငံတွေမှာလိုမဟုတ်ဘူး နိူင်ငံကြီးသားမပီသဘူး၊ စည်းကမ်းမရှိဘူး၊ အမှိုက်တွေလည်း လမ်းပေါ်အလျဉ်းသင့်သလိုပစ်တာပဲ အစရှိတဲ့တန်ပြန်အာဘော်တွေနဲ့ ဂရေဘာပြောနေတဲ့ မိမိကိုယ်ကို ပြန်လည်ထိန်းကျောင်းမှုဆိုတာ မြန်မာပြည်က သာမန်လူတန်းစားဆိုတာမှာ မရှိဘူးလို့ ငြင်းချက်ထုတ်ကောင်းထုတ်နိူင်တယ်ဆိုတဲ့အချက်ပဲ
ဒီအချက်ဟာ မနုဿဗေဒပညာရှင်တစ်ယောက်ဖြစ်ပေမဲ့လည်း ဂရေဘာ့ဘက်က လစ်ဟင်းသွားတယ်လို့ ကျွန်မမြင်တယ် ဒါကတော့ မနုဿဗေဒရဲ့ အားသာချက်တစ်ခုဟာ အခြေအနေအရပ်ရပ်တွေကို စုတ်တံအကြီးကြီးနဲ့ရေးခြစ်တာထက် ကိစ္စတစ်ခုခုမှာ ဒေသန္တရအခြေအနေကိုပါ ထည့်သွင်းစဉ်းစားခြင်းပဲ ဂရေဘာပြောတဲ့ မိမိကိုယ်ကိုထိန်းကျောင်းနိူင်မှုဟာ မြန်မာပြည်လိုနိူင်ငံကလူတွေမှာ မရှိဘူးလို့ ကျွန်မတို့ ခဏ ခဏကြားနေရတဲ့စကားတွေကို ပြန်လည်ချေပဖို့ဆိုရင် မြန်မာပြည်ရဲ့ နိူင်ငံရေးသမိုင်းကြောင်း၊ အင်ဒီးဂျနင့်အမူအကျင့်တွေအရ မိမိကိုယ်ကိုထိန်းကျောင်းမှုတွေကို ဆက်စပ်စဉ်းစားရမယ်လို့ ကျွန်မထင်တယ် ဒါကတော့ ဂရေဘာပြောတဲ့ ဘတ်စ်ကားပေါ်တိုးဝှေ့မတက်ဘူးဆိုတဲ့ မိမိကိုယ်ကိုထိန်းကျောင်းမှုဟာ မြန်မာပြည်လိုအခြေအနေက မိမိကိုယ်ကိုထိန်းကျောင်းမှုနဲ့ ထပ်တူမကျနေနိူင်ဘူး ရန်ကုန်က ဘတ်စ်ကားတွေစီးဖူးသူတိုင်း သိကြပါတယ် ဘတ်စ်ကားကို တိုးမှမတက်ရင် အိမ်ပြန်ရောက်ချင်မှရောက်တော့မှာကိုး ဆိုတော့ ဘတ်စ်ကားပေါ်တိုးဝှေ့တက်တိုင်း အုပ်ချုပ်သူကင်းမဲ့သဘောတရားတွေကို ဆန့်ကျင့်သူဖြစ်သွားရောလား? ကျွန်မအမြင်အရတော့ မဟုတ်ပါဘူး ဘယ်အခြေအနေတွေက ဖန်တီးထားတာကြောင့်၊ ဘယ်ဒေသကြောင့် ဘတ်စ်ကားပေါ်တိုးတက်ရတာလဲဆိုတာကိုပါ ပြန်စဉ်းစားရပါမယ် ဘတ်စ်ကားပေါ် တိုးဝှေ့တက်ပြီး ကားပေါ်မှာ အချင်းချင်း ပြန်ညှာတာတာ၊ ဖေးမတာတွေကရော မင်းမဲ့သဘောမရောက်နိူင်ဘူးလား? ဂရေဘာရဲ့ ဒီဥပမာက ကျွန်မအတွက်တော့ အဲကွန်းလေးတဖြူးဖြူးနဲ့ အချိန်ပုံမှန်လာတဲ့ ဘတ်စ်ကားတွေ မရှိတဲ့နေရာတွေကို ထည့်သွင်းမစဉ်းစားထားဘဲ လူဖြူသဘောတရားကနေပဲ ညှစ်ထုတ်ယူထားတဲ့ ဥပမာတစ်ခုလို ကျွန်မမြင်မိတယ် ကျွန်မတို့ မြန်မာပြည်လိုနေရာတစ်ခု (မြန်မာပြည်ထဲက နေရာပေါင်းမြောက်မြားစွာအတွက် ပိုပြီး ထင်သာမြင်သာရှိမဲ့ တခြားသော အန်နာခစ်ဆန်ဆန်ဥပမာတွေက ဘာတွေများဖြစ်မလဲ?)
နောက်တစ်ချက်က ဂရေဘာရဲ့ မိမိကိုယ်ကိုထိန်းကျောင်းမှုဟာ အနောက်လူဖြူရိုးရာဓလေ့ကလာတဲ့ တစ်ကိုယ်ရည်တစ်ကာယဖြစ်တည်မှုနဲ့ အများကြီးဆက်စပ်နေတယ်လို့ ကျွန်မမြင်မိတယ် ဒါကတော့ လူတိုင်းသာ မိမိတစ်ကိုယ်ရည်ကို ထိန်းကွပ်လိုက်ရင် ဘယ်အထက်ကမှ လာပြီးထိန်းချုပ်နေစရာမလိုတော့ဘူးဆိုတဲ့ အမြင်ပေါ့ ဂရေဘာ့ရဲ့ ဒုတိယနဲ့ တတိယဥပမာမှာတော့ အများနဲ့ဆက်စပ်နေတာတွေကို ထောက်ပြထားပါတယ် ဒါပေမဲ့ အများဆိုတာနဲ့ ချိတ်ဆက်ဖို့ မိမိကိုယ်ကို တစ်ကိုယ်ရည်ပြန်လည်ထိန်းကွပ်ရမယ်ဆိုတဲ့ အယူအဆကလည်း မသိမသာပါဝင်နေတုန်းပဲ တစ်နေ့က ကျွန်မ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောရင် လူဖြူရိုးရာဓလေ့တွေထဲက parenting အကြောင်းရောက်မိတယ် အဲ့မှာ သူထောက်ပြတာက လူဖြူဓလေ့မှာ ကလေးတစ်ယောက်ကို ငယ်ငယ်ကတည်းက တစ်ကိုယ်ရည်တစ်ကာယစိတ်ဓါတ် (individuality) ကို ဘယ်လို socialize လုပ်ထားသလဲဆိုတာပေါ့ ကလေးတစ်ယောက်ကို ထမင်းစားတယ်ဆိုရင်တောင် ဒါက မင်းပန်းကန်၊ ဒါကသူ့ပန်းကန် မနှိုက်ရဘူးနော် အစရှိသဖြင့် တစ်ကိုယ်ရည်တစ်ကာယဘောင်ကို မိဘကနေ ငယ်ငယ်လေးကတည်းကနေ သင်ကြားပေးလိုက်တယ်ဆိုတာပဲ စိတ်ဝင်စားဖို့ကောင်းပါတယ် အဲ့ဒါကြောင့်လည်း အနောက်လူဖြူနိူင်ငံတွေမှာ individuality ဟာ ထွန်းကားတယ် ဒါကို ကြိုက်နှစ်သက်လို့ ပြုကျင့်ဖို့ကြိုးစားကြတဲ့ မြန်မာတွေလည်း ကျွန်မတွေ့ဖူးတယ် အင်တာနေရှင်နယ်ကျောင်းတွေမှာ သင်ကြတယ် ပြောချင်တာက ဂရေဘာဆိုလိုချင်တဲ့ မင်းမဲ့သဘောတရားဟာ တစ်ကိုယ်ရည်တစ်ကာယစိတ်ဓါတ်တွေနဲ့ ဘယ်လောက်ထိအောင်များ ယှက်နွှယ်နေဦးမလဲပေါ့ ကျွန်မအတွက်တော့ မင်းမဲ့သဘောတရားဟာ တစ်ကိုယ်ရည်တစ်ကာယဖြစ်မှ လေ့ကျင့်လို့ရတယ်လို့တော့ မထင်မိဘူး မြန်မာပြည်က အင်ဒီးဂျနင့်အမူအကျင့်တွေအရ အတူနေအတူထိုင် အတူစား အင်္ကျီတစ်ထည်တည်းအတူဝတ်အစရှိတာတွေမှာရော မင်းမဲ့သဘောတရားတွေရှိမနေနိူင်ဘူးလား? တချို့ကတော့ ဒီလို လည်ပင်းဖက်ပေါင်းတာတွေဟာ ပဲ့တင်သံအခန်းလိုပဲ ပြန်ဖြစ်ပြီး အဆိပ်အတောက်တွေဖြစ်စေတယ်လို့ ဆိုပါတယ် ဒါကိုလည်း ကျွန်မလက်ခံတယ် ဒီအုပ်စုနဲ့ပေါင်းပြီး ဒီအုပ်စုထဲက လူအချင်းချင်းပဲ ပြန်မြှောက်ပေး၊ လက်ခုပ်တီးပေါ့ ဒါကတော့ မင်းမဲ့သဘောတရားမဟုတ်ဘူး ကျွန်မပြောချင်တာလည်း အဲ့ဒီလိုမျိုးမဟုတ်ဘူး မင်းမဲ့သဘောတရားကို ကျင့်သုံးဖို့ဆိုတာ လူတိုင်းဟာ လွတ်လပ်စွာ မိမိအမြင်ကို ချပြနိူင်ခွင့်ရှိပြီး တစ်ဘက်ကလည်း နားထောင်ခွင့်ရှိရမယ်ဆိုတာပဲ
ဒါကို ဂရေဘာရဲ့ ဒုတိယဥပမာ (မင်းပါဝင်တဲ့ အစုအဖွဲ့တစ်ခုခု၊ ရပ်ရွာပရဟိတအဖွဲ့တစ်ခုခု ဒါမှမဟုတ် အားကစားအဖွဲ့တစ်ခုခုဟာ ခေါင်းဆောင်တစ်ယောက်ကနေပဲ အဖွဲ့အစည်းတစ်ခုနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်လေ့ရှိတာမျိုးမဟုတ်ဘဲ အများသဘောတူညီချက်နဲ့ ဆုံးဖြတ်ချက်ချလေ့ရှိတဲ့ အဖွဲ့တွေမျိုးလား?)မှာ တွေ့နိူင်တယ် ကျွန်မတို့ မြန်မာပြည်အစုအဖွဲ့ရပ်ဝန်းတွေမှာတော့ အင်ဒီးဂျနင့်လို့အကြောင်းပြပြီး ကိုယ့်အစုအဖွဲ့အတွင်းပဲ ကိုယ့်ဟာကိုယ်လှိုဏ်ခေါင်းသံတွေ ပဲ့တင်ထပ်နေတာဟာ မင်းမဲ့သဘောတရားတော့ မဟုတ်ဘူး လက်ရှိတော်လှန်ရေးခေါင်းစဉ်အောက်မှာ အလုပ်လုပ်နေတဲ့၊ ဂျန်ဒါတန်းတူညီမျှမှုနဲ့အလုပ်လုပ်နေတဲ့ ဘယ်အဖွဲ့အစည်းတွေကများ ဒီလို အုပ်ချုပ်သူ/အုပ်ချုပ်ခံ၊ ဆုံးဖြတ်ချက်ချသူ/လိုက်နာသူ structure တွေနဲ့ မလည်ပတ်နေဘူးလဲ ကျွန်မ သိချင်စမ်းမိတယ် တကယ်လို့ ဒါတွေမရှိရင် မဖြစ်လို့ ထင်တယ်ဆိုရင် ဘာကြောင့်လဲ? ကျွန်မ တစ်ခါစာသင်ဖူးတဲ့ alternative တက္ကသိုလ်ကြီးလိုပေါ့ ဌာန head မှမရှိရင် အလုပ်မဖြစ်ပါဘူးဆိုလို့ လမ်းခွဲခဲ့တယ် ဌာနမှာ head က ဘာလို့အရေးပါနေတာလဲ? Head မရှိရင် ဘာဖြစ်လဲ? Head ပဲရှိနေရင် ကိုယ်မှမရှိရင်ရော? ဒီမေးခွန်းတွေဟာ တော်လှန်ရေးခေါင်းစဉ်အောက်က အလုပ်လုပ်သူတွေ ပြန်စဉ်းစားစရာလို့ ထင်တယ်
ဂရေဘာရဲ့ အာဘော်တွေဟာ အပေါ်ယံမင်းမဲ့သဘောတရားကို သဘောကျကျင့်သုံးချင်သူတွေအတွက် လွယ်လွယ်ကူကူမျက်စိထဲမြင်ကောင်းမြင်လို့ရတဲ့ အချက်တွေဖြစ်ပေမဲ့ တစ်ချိန်တည်းမှာလည်း ကျွန်မစဉ်းစားမိတာ မင်းမဲ့သဘောတရားတွေဟာ အနောက်ထုတ်ဝါဒအနေနဲ့ ဘယ်လောက်များ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်နေပြီလဲဆိုတာပဲ ဒါကတော့ အရှင်းပြောရရင် နယ်နိမိတ်တွေကို ကျော်လွန်ပြီးတည်ဆောက်ကြတဲ့ လက်တွဲလုပ်ကိုင်မှုတွေမှာ မင်းလည်း မင်းမဲ့သမား၊ ငါလည်းမင်းမဲ့သမား မင်းနဲ့ငါနဲ့ သဘောတရားတူတူပဲဆိုတာမျိုးတွေကို ရှေ့တန်းတင်လာပြီး တခြားသော ဖြစ်တည်မှုဆုံမှတ်တွေကို ထည့်မစဉ်းစားတော့သလိုမျိုးပဲ အထူးသဖြင့် ကျွန်မတွေ့ဖူးရသလောက် လူဖြူယောင်္ကျားတွေဟာ မင်းမဲ့သဘောတရားကို ကြိုက်နှစ်သက်ကြတယ်၊ ကျင့်သုံးချင်ကြတယ် သူတို့ဟာ လူချမ်းသာအသိုင်းအဝိုင်းကလာတာမဟုတ်ဘဲ ဂရေဘာလိုမျိုး လက်လုပ်တန်းစားကလာတယ်ဆိုရင်ကိုပဲ ပိုပြီး အန်နာခီဆန်ချင်ကြတယ်၊ မာ့စ်ဆန်တယ် ဒါပေမဲ့ တစ်ပြိုင်နက်တည်း သူတို့ရဲ့ အန်နာခီဆန်မှု၊ အပြုအကျင့်တွေဟာ ကမ္ဘာ့တောင်ပိုင်းဒေသက အန်နာခီသဘောတရားတွေနဲ့ ထပ်တူမကျနေနိူင်ဘူးဆိုတာကို မေ့သွားတတ်ကြတယ် မင်းလည်း လက်လုပ်တန်းစား၊ ငါလည်း လက်လုပ်တန်းစားပြောရင်း သူ့ရဲ့ လူဖြူသဘောတရား၊ ဂျန်ဒါအစရှိတဲ့ အခြားသော လှုပ်ရှားနေတဲ့ ဖိနှိပ်မှုသဘောတရားတွေကို မေ့ဖျောက်ပစ်လိုက်ကြတယ်
ပြီးခဲ့တဲ့နှစ်က ထိုင်းမှာလုပ်သွားတဲ့ မြန်မာပြည်က ကျေးလက်အမျိုးသမီးတွေအတွက် ရန်ပုံကောက်ပွဲဆိုတဲ့ပွဲက လူဖြူမတစ်ယောက်က စင်ပေါ်တက်ပြီး သူဟာ မိန်းမတစ်ယောက်အနေနဲ့ ဗီယက်နမ်မှာ တစ်ယောက်တည်း ကျောပိုးလွယ်ခရီးထွက်တုန်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကြုံခဲ့ရတယ် တက်ပြောသလိုပေါ့ သူ့ရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဟာ တကယ်မဖြစ်ခဲ့ဘူးလို့ လှောင်ပြောင်ပြီး ပြောချင်တာမဟုတ်ဘူး ကိုယ့်ကျောပိုးအိတ်ကိုယ်လွယ်ပြီး တစ်ယောက်တည်း အရှေ့တောင်အာရှတစ်ခွင် ခရီးလှည့်လည်သွားနိူင်တဲ့ လူဖြူမိန်းမတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကို ကမ္ဘာ့တောင်ပိုင်းက ကျေးလက်ဒေသက အင်္ဂလိပ်စကားတောင် မပြောတတ်တဲ့ မိန်းမတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ တန်းညှိလို့မရလို့ပဲ ဂျန်ဒါအပြင် အခြားသောဖြစ်တည်မှုဆုံမှတ်တွေကိုပါ ထည့်စဉ်းစားရမယ် အဲ့လိုပဲ လူဖြူယောင်္ကျားတွေ ကြိုက်နှစ်သက်တဲ့ မင်းမဲ့သဘောတရားတွေဟာ အခြားသောဒေသက၊ လူဖြူမဟုတ်သောသူတွေရဲ့၊ ယောင်္ကျားမဟုတ်သောသူတွေရဲ့ မင်းမဲ့သဘောတရားတွေနဲ့ တူတူပဲလို့ တန်းညှိလိုက်လို့မရဘူး ကျွန်မထင်တယ် ကျွန်မအတွက်က ဒါကြောင့် မင်းမဲ့သဘောတရားဟာ ပဒေသရာဇ်ဘုရင်နဲ့ အစိုးရအုပ်ချုပ်မှုစနစ်တွေကိုသာမက နီရိုကိုလိုနီစနစ်၊ အရင်းရှင်စနစ်၊ လူမျိုးရေးအခြေပြုထိန်းချုပ်မှု၊ ဂျန်ဒါအခြေပြုထိန်းချုပ်မှုအစရှိတဲ့ ခေတ်သစ်ထိန်းချုပ်မှုပုံစံတွေအကုန်ကိုပါ ပြန်စဉ်းစားရမယ် ထင်တယ် ဒါကို ဂရေဘာရဲ့ နောက်ဆုံးဥပမာ (လူတွေဟာ သဘာဝအရ အတွင်းထဲက ခြစားနေတဲ့ မကောင်းဆိုးဝါးတွေလို့ မင်း ထင်သလား? ဒါမှမဟုတ် တချို့လူတွေ (မိန်းမတွေ၊ လူဖြူမဟုတ်တဲ့သူတွေ၊ ပညာမတတ်တဲ့၊ ပိုက်ဆံမချမ်းသာတဲ့ သာမန်လူတွေ)ဟာ သူတို့ထက် ပိုတော် ပိုသိတဲ့သူတွေရဲ့ အအုပ်ချုပ်ကို ခံသင့်တဲ့ ပိုမိုနိမ့်ကျတဲ့သူတွေလို့ မင်း ထင်သလား?) မှာလည်း သေချာမြင်နိူင်ပါတယ်
ဒီနေရာမှာ ကျွန်မအတွက်ကတော့ parallel တစ်ပြိုင်နက်လုပ်ဆောင်မှုတွေကို ပြန်မြေတောင်မြှောက်ရမယ်၊ အဲ့လို တစ်ပြိုင်နက်လုပ်ဆောင်မှုတွေနဲ့လည်း သက်တောင့်သက်တာနေတတ်ရမယ်လို့ ထင်တယ် ဒါက ကိစ္စရပ်တစ်ရပ်နဲ့ပတ်သက်ပြီး အလုပ်လုပ်ကြသူတိုင်း တစ်ပုံစံတည်းလုပ်စရာမလိုသလို၊ တစ်အာဘော်တည်းလည်း ဖြစ်နေစရာမလိုဘူးလို့ ထင်တယ် (ကမ္ဘာ့ပေါ်ကလူတွေအကုန် အတူတူပဲတွေးပြီး အတူတူလုပ်ကြမယ်ဆိုရင် ကျွန်မတို့က စက်ရုပ်တွေနဲ့ ဘာကွာသေးသလဲ?) အဲ့ဒါကြောင့် ကျွန်မ ကျောင်းသားကျောင်းသူတွေကို ပြောဖြစ်တာကတော့ မြန်မာပြည်နဲ့ပတ်သက်ပြီး စာရေးတာ၊ သုတေသနလုပ်တာတွေ များများစုံစုံလင်လင်ရှိလာတာ ကောင်းတယ် သူတို့တွေကို လုပ်ဖို့လည်း အားပေးတယ် တစ်ဦးတစ်ယောက် (သို့) လူနည်းစုကနေပဲ မြန်မာပြည်ဖွား မြန်မာပြည်သုတေသနလုပ်သူ၊ တက်ကြွသူတွေဖြစ်နေကြသေးရင် ဒီလူတွေကပဲ မြန်မာပြည်ကိုယ်စားလှယ် တုံကင်အမှတ်အသားတွေ ဖြစ်သွားတတ်လို့လေ (လူညိုတွေထဲမှာလည်း problematic လူညိုတွေရှိနေသေးတုန်းပဲ) တစ်ပြိုင်နက်တည်းလုပ်လို့ ရတယ်ပြောလို့ သူတစ်လူငါတစ်မင်း ဆရာများသားသေမျိုးကိုလည်း မဆိုလိုပါဘူး တစ်ပြိုင်နက်တည်း လုပ်ဆောင်တဲ့နေရာမှာ လက်တွဲလုပ်လို့ရတာတွေ ရှိကောင်းရှိနိူင်တယ် သဘောမကျတာတွေ ပါကောင်းပါနိူင်တယ် အရေးကြီးတာက သဘောမကျတာရှိလို့ သူက သူ့ဘာသာ ဒီရပ်ကွက်မှာ ဆရာကြီးလုပ်၊ ငါက ငါ့ရပ်ကွက်မှာ ဆရာကြီးလုပ်ဆိုတာထက် ကြားထဲမှာ စကားပြောဆိုမှု၊ အင်နဲ့အားနဲ့မဟုတ်တဲ့ညှိနှိုင်းမှုလည်းပါတဲ့ တစ်ပြိုင်နက်လုပ်ဆောင်မှုကို ဆိုလိုတာပါ
ကစဉ့်ကလျားဖရိုဖရဲဖြစ်မှာကို ကြောက်လန့်လို့ တစ်ပြိုင်နက်လုပ်ဆောင်မှုတွေအကုန်ကို ဖရိုဖရဲတန်းထဲ ထည့်လိုက်တာကတော့ ထိန်းချုပ်လိုစိတ်တွေကပဲ ပြန်လာတယ်လို့ ကျွန်မမြင်တယ်
အကျဉ်းချုံးရရင် ဂရေဘာထောက်ပြတဲ့ မင်းမဲ့သဘောတရားဟာ အာဏာနဲ့ အဓိကဆက်စပ်နေတယ် အာဏာသာရရင် ဘယ်သူမဆို အကျင့်ပျက်ခြစားသွားနိူင်တယ်လို့ ဂရေဘာကဆိုထားတယ် အဲ့တော့ အာဏာကို ဘာလို့လူတွေကြိုက်တာလဲ? လူတချို့က အာဏာကိုလိုချင်ပြီး တချို့ကလည်း အာဏာကို လိုလိုချင်ချင် အပ်နှင်းချင်ရတာလဲ?
ဘာလို့ ငါအသိကြီး၊ အတတ်ကြီးလုပ်ချင်ကြတာလဲ?
တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ကို အာဏာအုပ်ချုပ်ခွင့်၊ ထိန်းချုပ်ခွင့်ပေးလိုက်ခြင်းအားဖြင့် မိမိကိုယ်ကိုနဲ့ မိမိပတ်ဝန်းကျင်က လုပ်ရပ်တွေမှာ တာဝန်ယူစရာ၊ ခေါင်းခဲစရာအလုပ်တစ်ခုလျော့သွားလို့လား? အထက်ကရေးခဲ့သလို ငါ့ဖီမီနင့်ဇင်က အမှန်၊ သူ့ဖီမီနင့်ဇင်က အမှား အစရှိတဲ့ ထိန်းချုပ်ချင်စိတ်တွေ ဘယ်ကလာတာလဲ? (တချို့ ဖီမီနင့်ဇင်တွေက လွဲနေတယ်ဆိုရင်တောင် ကိုယ့်ဖီမီနင့်ဇင် ကိုယ်ဆက်မကျင့်သုံးဘဲ၊ သူများကို လမ်းပြလိုချင်စိတ် ဘာကြောင့်ရှိတာလဲ?)
အမှန်တရားစစ်စစ်ဆိုတာ ဘာလဲ? (မနုဿဗေဒမှာတော့ ကျွန်မနားလည်ရသလောက် အမှန်တရားဆိုတာ တစ်ခုတည်းသောပရမ္မတသဘောဆိုတာထက် အမှန်တရားတွေအများကြီးရှိတယ်ဆိုတာပဲ ကိုယ်က လူတန်းစားပြဿနာတွေအကြောင်း သိမှုတွေရလာလို့ တခြားလူတွေက false consciousness နဲ့နေနေကြတယ်လို့ ဘာလို့ထင်ကြရတာလဲ? ဒီနေရာမှာ သိမှုမရှိတာနဲ့ သိမှုအမှားလိုပြောတာကတော့ ကွာပါတယ် ကျွန်မအမြင်မှာက သိမှုမရှိနေတာက ပြဿနာဖြစ်ပြီး သိမှုအမှားဆိုတာက ပြန်ဆန်းစစ်ရမဲ့အချက်တစ်ခုလို့ ထင်တယ်)
ဒီလို ဂရေဘာရဲ့ဆောင်းပါးထဲ စာကြောင်းတွေကို ဘာသာပြန်ရုံတင်မက သူတို့အပြင်ကိုပါ ကျော်ဖတ်ရင်း ဒီမေးခွန်းတွေက ကျွန်မကို ဆက်လက်ပြီး သူ့ရဲ့အာဘော်တွေကိုရော၊ မိမိကိုယ်ကိုပါ ပြန်သုံးသပ်စေရုံသာမက တွေးတောနေဆဲပါပဲလေ မင်းမဲ့သဘောတရားတွေဟာ သီးသန့်တည်ရှိနေတဲ့ ဝါဒီတစ်ခုမဟုတ်ဘဲ အဘောလစ်ရှင်းလိုမျိုး စနစ်တွေကို ဖြိုချဖျက်ဆီးခြင်းတွေနဲ့လည်း ဘယ်လောက်ထိ ဆက်စပ်ပတ်သက်နေမလဲ၊ ဖီမီနင့်အမူအကျင့်တွေနဲ့ရော ဘယ်လောက်ထိ ပလဲနံပသင့်နေမလဲ၊ လူဖြူသဘောတရား၊ မဟာဖိုဝါဒတွေရော မင်းမဲ့သဘောတရားကို ကျင့်သုံးတယ်ဆိုတဲ့ရပ်ဝန်းမှာ ပြန်လည်ထွန်းကားနေသေးသလဲဆိုတာ ဂရေဘာ့ဆောင်းပါးကိုဖတ်ရင်း ကျွန်မတော့ ပိုပြီး စိတ်ဝင်စားလာမိပါတယ်လေ
ပုံ - Rebel Riot Band ရဲ့ logo ကို ငှားရမ်းအသုံးပြုထားပါတယ် logo သင်္ကေတအဓိပ္ပါယ်တွေကို ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိူင်ပါတယ် Rebel Riot Band ရဲ့ logo အကြောင်းအနက်ဖွင့်ခြင်း https://m.facebook.com/story.php?story_fbid=4283202528363593&id=158831214134099&mibextid=Nif5oz
ဂရေဘာဆောင်းပါး ဘာသာပြန် https://www.machinthe.com/post/မင-က-မင-မ-သမ-တစ-ယ-က-လ-မင-အဖ-က-မင-က-ယ-မင-တ-င-အ-အ-သင-သ-စ-မယ
အယ်ရစ်ကာ လာဂယ်လိစ်ရဲ့ ဂရေဘာအကြောင်းဆောင်းပါး https://thesociologicalreview.org/collections/guest-essays/the-elvis-of-anthropology/?fbclid=IwAR0U03FZJG7jmY_wQt2K0hZbbON5kydjNeKjjViuh6PQfmDHVzqARHuuMRs
မောင်မှန်ရေးသားသုံးသပ်တဲ့ အန်နာခစ်သဘောတရားများ https://www.facebook.com/groups/milliondots/permalink/741765863320269/?mibextid=Nif5oz
ဉာဏ်ဝါသုံးသပ်တဲ့ အန်နာခစ်သဘောတရားများ https://m.facebook.com/photo.php?fbid=1074061182620338&id=100000494005580&set=a.104617516231381&mibextid=Nif5oz
ကယန်းဒေသလက်ဝဲလူငယ်များ ရေးသားတဲ့ မင်းမဲ့သဘောတရားအကြောင်းဆောင်းပါး https://m.facebook.com/story.php?story_fbid=253411556596664&id=100479078556580&mibextid=Nif5oz
အောင်နိူင်စိုး စုစည်းထားသော မင်းမဲ့သဘောတရားနဲ့ပတ်သက်သော မြန်မာလိုရေးနဲ့ ဘာသာပြန်ဆောင်းပါးများ https://m.facebook.com/story.php?story_fbid=464685648900539&id=100060773230524&mibextid=Nif5oz