Otto Rühle
ဖက်ဆစ်ဝါဒအား ဆန့်ကျင်တိုက်ခိုက်ခြင်းသည် ဘော်ရှီဗစ်ဝါဒအား တွန်းလှန်ခြင်းမှ စတင်သည်။
အပိုင်း(၁)
ရုရှားအား အာဏာရှင်နိုင်ငံသစ်များကြားတွင် ပထမတန်းစား အာဏာရှင်နိုင်ငံအဖြစ် သတ်မှတ်ရမည်။
နိုင်ငံတော်ဝါဒ နိယာမသစ်ကို ပထမဆုံး ချမှတ်ခဲ့ရုံတင်မက အတတ်နိုင်ဆုံး ကျင့်သုံးသွားခဲ့သော အာဏာရှင်ကြီးစိုးသော နိုင်ငံတစ်ခုဖြစ်သည်။ ၎င်းသည် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အကြမ်းဖက်အာဏာရှင်စနစ်နှင့်အတူ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာရှင်စနစ်ကို အကောင်အထည်ဖော် ပထမဆုံး ထူထောင်ခဲ့သော နိုင်ငံ ဖြစ်သည်။ အလုံးစုံနိုင်ငံတော်ဝါဒ၏ အင်္ဂါရပ်အားလုံးကို လက်ခံကျင့်သုံးခြင်းဖြင့် အခြားနိုင်ငံများအား ဒီမိုကရေစီနိုင်ငံတော်စနစ်မှ ရုန်းထွက်ပြီး အာဏာရှင်စနစ်သို့ ပြောင်းလဲရန် တွန်းအားပေးခဲ့သော စံပြနိုင်ငံတစ်ခုဖြစ်လာခဲ့သည်။ ရုရှားသည် ဖက်ဆစ်ဝါဒအတွက် နမူနာဖြစ်သည်။
ဤအချက်အား မတော်တဆမှုရေးမိခြင်းလည်းမဟုတ်သလို သမိုင်းနှင့်ပတ်သတ်သော ဆိုးရွားသည့် ပျက်လုံးတစ်ခုလည်း မဟုတ်ပါ။ အဆိုပါ စနစ်များ၏ ကူးယူပွားမှုသည် ထင်ရှားမဟုတ်သော်လည်း အစစ်အမှန်ဖြစ်သည်။ သမိုင်းနှင့် နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှု အဆင့်အသီးသီးတွင် ကျင့်သုံးနေသော ထပ်တူထပ်မျှသော အခြေခံမူများ၏ အသုံးအနှုန်းများနှင့် အကျိုးဆက်များကို ဤနေရာတွင် ကိုင်တွယ်ဖြေရှင်းရမည်ဟူသော အချက်ကို အားလုံးက ထောက်ပြသည်။
“ကွန်မြူနစ်ပါတီများ” ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ရုရှား၏ နိုင်ငံတော်နှင့် ပတ်သတ်သော စည်းမျဥ်းစည်းကမ်းနှင့် အုပ်ချုပ်မှုများသည် အီတလီနှင့် ဂျာမနီနိုင်ငံတို့မှ ခွဲခြား၍မရပေ။ အနှစ်သာရအားဖြင့် ၄င်းတို့မှာ အတူတူချည်းသာဖြစ်ပေသည်။
အနီရောင်ဆိုဗီယက်နိုင်ငံ၊ အနက်ရောင်ဆိုဗီယက်နိုင်ငံ၊ သို့မဟုတ် အညိုရောင် ဆိုဗီယက်နိုင်ငံဟု ခေါ်ဆိုနိုင်သကဲ့သို့ အနီရောင်ဖက်ဆစ်၊ အနက်ရောင်ဖက်ဆစ် သို့မဟုတ် အညိုရောင်ဖက်ဆစ် ဟုလည်း ခေါ်ဆိုနိုင်ပေသည်။
(ဘာသာပြန်သူအမှာ — အနီရောင်ဖက်ဆစ်ဆိုသည်မှာ မာ့က်စ်-လီနင်ဝါဒကိုင်စွဲသော စတာလင်၏ ဆိုဗီယက်၊ အနက်ရောင်ဖက်ဆစ်ဆိုသည်မှာ မူဆိုလီနီ၏ မူလဖက်ဆစ်ဝါဒအား ကိုင်စွဲသော အီတလီနှင့် အညိုရောင်ဖက်ဆစ်ဆိုသည်မှာ အမျိုးသားဆိုရှယ်လစ်ဝါဒအား ကိုင်စွဲသော နာဇီဂျာမဏီတို့ကို အသီးသီး ဆိုလိုသည်)
ဤနိုင်ငံများကြားတွင် အချို့သော အယူဝါဒကွဲပြားမှုများရှိသော်လည်း အတွေးအခေါ်သည် အဓိကအရေးကြီးသော အရာမဟုတ်ခဲ့ပါ။ ထို့အပြင် အယူဝါဒများသည် ပြောင်းလဲနိုင်သော အပြောင်းအလဲများဖြစ်ပြီး ထိုပြောင်းလဲမှုများသည် စရိုက်လက္ခဏာနှင့် နိုင်ငံတော်ယန္တရား၏ လုပ်ဆောင်ချက်များကို ထင်ဟပ်နေမည်မဟုတ်ပေ။ ထို့အပြင် ဂျာမနီနှင့် အီတလီတို့တွင် ပုဂ္ဂလိကပိုင်ဆိုင်မှုများ ဆက်လက်တည်ရှိနေသေးသည့်အချက်မှာ ဒုတိယအရေးပါသော ပြုပြင်ပြောင်းလဲမှုတစ်ခုသာဖြစ်သည်။ ပုဂ္ဂလိကပိုင်ပစ္စည်း ဖျက်သိမ်းခြင်း တစ်ခုတည်းသည် ဆိုရှယ်လစ်စနစ်ကို အာမမခံနိုင်။ အရင်းရှင်စနစ်အတွင်းမှာပင် ပုဂ္ဂလိကပိုင်ပစ္စည်းများကို ဖျက်သိမ်းနိုင်ပေသည်။ ဆိုရှယ်လစ်လူ့အဖွဲ့အစည်းကို အမှန်တကယ်အဆုံးအဖြတ်ပေးသည့်အရာမှာ ထုတ်လုပ်မှုနည်းလမ်းဖြင့် ပုဂ္ဂလိကပိုင်ပစ္စည်းများကို စွန့်ပယ်ခြင်းအပြင် အလုပ်သမားများ၏ လုပ်အားထုတ်ကုန်များအပေါ် ချုပ်ကိုင်ခြင်းနှင့် လုပ်ခလစာစနစ်တို့အား အဆုံးသတ်ခြင်း တို့သာဖြစ်သည်။
အဆိုပါဆိုရှယ်လစ်အနှစ်သာရ အောင်မြင်မှုနှစ်ခုစလုံးအား ရုရှားတွင်မတွေ့နိုင်ရုံသာမက အီတလီနှင့် ဂျာမနီတို့တွင်လည်း မတွေ့နိုင်ပေ။ ရုရှားသည် အခြားနိုင်ငံများထက် ဆိုရှယ်လစ်စနစ်သို့ ခြေတစ်လှမ်းပို၍နီးသည်ဟု အချို့က ယူဆနိုင်သော်လည်း ၎င်း၏ “ဆိုဗီယက်နိုင်ငံတော်” ဝါဒသည် နိုင်ငံတကာ လူတန်းစားတိုက်ပွဲ ပန်းတိုင်သို့ မည်သည့်နည်းဖြင့်မဆို ပိုမိုနီးကပ်လာစေရန် အကူအညီမပေးနိုင်ပေ။
ဆန့်ကျင်ဘက်အနေနှင့် ရုရှားသည် သူ့ကိုယ်သူ ဆိုရှယ်လစ်နိုင်ငံတော်ဟု ခေါ်ဆိုကာ ကမ္ဘာ့အလုပ်သမားများအား လှည့်ဖြားပြီးရင်း လှည့်ဖြားလေသည်။ တွေးခေါ်မြော်မြင်သူအလုပ်သမားလူတန်းစားသည် ဖက်ဆစ်ဝါဒကို သိရှိပြီး တွန်းလှန်တိုက်ခိုက်တတ်သော်လည်း ရုရှားနှင့် ပတ်သက်လျှင်မူ ၎င်း၏ ဆိုရှယ်လစ်သဘောသဘာဝဆန်သော ဒဏ္ဍာရီယုံတမ်းစကားကို လက်ခံရန် အတွေးရောက်တတ်လေသည်။ ဤလှည့်ဖြားမှုသည် ဖက်ဆစ်ဝါဒနှင့် လုံးလုံးလျားလျား ပြတ်ပြတ်သားသား ခွဲထွက်မှုကို ဟန့်တားနေသောကြောင့် ၎င်းသည် ရုရှားနိုင်ငံ၌ အကြောင်းပြချက်၊ ကြိုတင်အခြေအနေများနှင့် အခြေအနေများကို ဆန့်ကျင်သည့် ဖက်ဆစ်ဝါဒနှင့် ထပ်တူထပ်မျှသော နိုင်ငံတော်နှင့် အစိုးရစနစ်သို့ ဦးတည်သွားစေသည်။ ထို့ကြောင့် ရုရှားဒဏ္ဍာရီသည် တန်ပြန်တော်လှန်ရေး၏ အတွေးအခေါ်လက်နက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
လူတစ်ဦးသည် သခင်နှစ်ယောက်ကို အစေခံဖို့ရာ မဖြစ်နိုင်ပေ။ အာဏာရှင်နိုင်ငံလည်း အလားတူ မလုပ်နိုင်။ ဖက်ဆစ်ဝါဒသည် အရင်းရှင်နှင့် နယ်ချဲ့သမားတို့၏ အကျိုးစီးပွားကို ဆောင်ရွက်ပေးမည်ဆိုပါက အလုပ်သမားများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပေ။ အကယ်၍ ဆန့်ကျင်ဘက် လူတန်းစား နှစ်ခု (ဓနရှင်နှင့် လုပ်သားထု) သည် တူညီသော နိုင်ငံတော် စနစ်ကို နှစ်သက်လျှင် တစ်ခုခု မှားနေမည်မှာ ထင်ရှားပါသည်။
လူတန်းစားတစ်ရပ် သို့မဟုတ် အခြားတစ်ရပ်သည် မှားယွင်းနေရပါမည်။ ပြဿနာသည် ပုံစံတစ်ခုမျှသာဖြစ်ပြီး အမှန်တကယ်အရေးပါမှုမရှိကြောင်း၊ နိုင်ငံရေးပုံစံများသည် တူညီသော်လည်း ၎င်းတို့၏အကြောင်းအရာသည် ကျယ်ပြန့်စွာကွဲပြားနိုင်သည်ဟု ဤနေရာတွင် မည်သူမျှ မပြောသင့်ပေ။ ဒီလိုပြောဆိုခြင်းသည် ကိုယ့်ကိုယ်ကို မှိုင်းတိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။ မာ့က်စ်ဝါဒီတွေအတွက်တော့ ဒီလိုအရာတွေဟာ မပေါ်ပေါက်နိုင်ပါ။ သူ့အတွက် အသွင်သဏ္ဍာန်နှင့် အကြောင်းအရာသည် တစ်ခုနှင့်တစ်ခု အံဝင်ခွင်ကျဖြစ်ပြီး ကွာရှင်း၍မရပေ။
ယခု ဆိုဗီယက်နိုင်ငံသည် ဖက်ဆစ်ဝါဒအတွက် စံနမူနာပြအဖြစ် ဆောင်ရွက်ပါက၊ ဖက်ဆစ်ဝါဒတွင်လည်း ဘုံဖွဲ့စည်းပုံနှင့် လုပ်ဆောင်မှုဆိုင်ရာ အစိတ်အပိုင်းများ ပါဝင်ရမည်ဖြစ်သည်။ ၎င်းတို့သည် မည်ကဲ့သို့ဖြစ်သည်ကို ဆုံးဖြတ်ရန် ရုရှားနိုင်ငံအခြေအနေများနှင့် bolshevism ၏ အခြေခံမူများကို အသုံးချထားသော လီနင်ဝါဒက ချမှတ်ထားသည့် “ဆိုဗီယက်စနစ်” သို့ ပြန်လည် သွားရောက်လေ့လာကာ ဆန်းစစ်ဝေဖန်ရပေမည်။ ဘိုရှီဗစ်ဝါဒနှင့် ဖက်ဆစ်ဝါဒတို့အကြား အမှတ်သညာတစ်ခုကို ထူထောင်နိုင်လျှင် လုပ်သားထုသည် ဖက်ဆစ်ဝါဒကို တိုက်ထုတ်ပြီး တစ်ချိန်တည်းတွင် ဆိုဗီယက်နိုင်ငံတော်အား ကာကွယ်နိုင်မည်မဟုတ်ပါ။ ယင်းအစား ဖက်ဆစ်ဝါဒကို ဆန့်ကျင်တိုက်ပွဲဝင်ခြင်းသည် ဘိုရှီဗစ်ဝါဒကို ဆန့်ကျင်ခြင်းမှ စတင်ရမည်ဖြစ်သည်။
အပိုင်း(၂)
မူလအစကပင် ဘိုရှီဗစ်ဝါဒသည် လီနင်အတွက် ရုရှားဖြစ်ရပ်သက်သက်သာဖြစ်သည်။ သူ၏နိုင်ငံရေးလှုပ်ရှားမှု နှစ်များစွာအတွင်း၊ သူသည် ဘိုရှီဗစ်စနစ်ကို အခြားနိုင်ငံများတွင် ရုန်းကန်မှုပုံစံများအဖြစ် မြှင့်တင်ရန် မည်သည့်အခါမှ မကြိုးစားခဲ့ပေ။ သူသည် Bebel (ဘီဘယ်) နှင့် Kautsky (ကောက်စကီး) ကဲ့သို့သော အလုပ်သမားလူတန်းစား၏ ထူးချွန်သော ခေါင်းဆောင်များကို အားပေးခဲ့ပြီး လီနင်သူရဲကောင်းမျော်ဝါဒီများနှင့် အခြားအခွင့်အရေးသမားများကို ဆန့်ကျင်ရုန်းကန်နေသည့် လက်ဝဲယိမ်းဂျာမန်ဆိုရှယ်လစ်လှုပ်ရှားမှုများကို လျစ်လျူရှုခဲ့သည့် လူမှုဒီမိုကရေစီခေါင်းဆောင်တစ်ဦးဖြစ်သည်။
၎င်းတို့ကို လျစ်လျူရှုထားလျက်၊ သူသည် ရုရှားနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူ အုပ်စုငယ်များဖြင့် ဝန်းရံထားကာ တသမတ်တည်း အထီးကျန်နေခဲ့ပြီး Rosa Luxemburg ၏ ဦးဆောင်မှုအောက်တွင် ဂျာမန်လူမျိုး လက်ဝဲများသည် ကောက်စကီးဝါဒဆန့်ကျင်ရေး ပွင့်လင်းမြင်သာစွာ တိုက်ပွဲဝင်နေသည့်တိုင် ကောက်စကီး၏ ယိမ်းယိုင်သော ဖောက်ပြန်ရေးလမ်းစဥ်အတွက် ဆက်လက်ရပ်တည်နေခဲ့သူဖြစ်သည်။
လီနင်သည် ရုရှားအတွက်သာ စိတ်ဝင်စားခဲ့သူဖြစ်သည်။ သူ၏ ရည်မှန်းချက်မှာ ဇာရစ်ပဒေသရာဇ်စနစ်၏ အဆုံးသတ်ရန်နှင့် ဘူဇွာလူ့အဖွဲ့အစည်းအတွင်း သူ၏ ဆိုရှယ်ဒီမိုကရက်တစ်ပါတီအတွက် အကြီးမားဆုံး နိုင်ငံရေးသြဇာလွှမ်းမိုးမှုကို သိမ်းပိုက်ခြင်းတို့သာ ဖြစ်သည်။ သို့သော်လည်း ၎င်းသည် အလုပ်သမားများ၏ ကမ္ဘာ့တော်လှန်ရေးကို စတင်အောင် စေ့ဆော်နိုင်မှသာလျှင် ၎င်းသည် အာဏာတည်မြဲပြီး လူမှုဆက်ဆံရေး အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို မောင်းနှင်နိုင်မည်ဟု သဘောပေါက်ခဲ့သည်။ သို့သော် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သူ့ရဲ့ကိုယ်ပိုင် လုပ်ဆောင်ချက်သည် အတော်လေး စိတ်မချမ်းသာစရာကောင်းလွန်းသည်။ ဂျာမန်အလုပ်သမားများကို ပါတီများ၊ အလုပ်သမားသမဂ္ဂများနှင့် ပါလီမန်များသို့ ပြန်လည်တွန်းပို့ရန် ကူညီပေးခြင်းဖြင့် ဂျာမန်ကောင်စီ (ဆိုဗီယက်) လှုပ်ရှားမှုကို တပြိုင်နက်တည်း ဖျက်ဆီးခြင်းဖြင့် နိုးထလာသော ဥရောပတော်လှန်ရေးကို ချေမှုန်းရန် ဘော်ရှီဗစ်များက ကူညီပေးခဲ့လေသည်။
တစ်ဖက်တွင် ကြေးစားတော်လှန်ရေးသမားများနှင့် အခြားတစ်ဖက်တွင် ကြီးမားသော ခေတ်နောက်ပြန်ဆွဲလူထုနောက်ခံများ ပါဝင်သော ဘော်ရှီဗစ်ပါတီသည် အထီးကျန်နေခဲ့သည်။ ပြည်တွင်းစစ်၊ ကြားဝင်စွက်ဖက်မှုဝါဒ၊ စီးပွားရေးကျဆင်းမှု၊ လူမှုပေါင်းစည်းမှုဆိုင်ရာ စမ်းသပ်မှုများ ပျက်ကွက်ခြင်းနှင့် ကြံဖန်ဖန်တီးထားသော တပ်နီတော်တို့ လွှမ်းမိုးသောနှစ်များအတွင်း စစ်မှန်သော ဆိုဗီယက်စနစ်မှာ မဖြစ်ထွန်းနိုင်ပေ။
မင်ရှီဗစ်တို့မှတည်ထောင်ခဲ့သော ဆိုဗီယက်အလုပ်သမားသမဂ္ဂများသည် ဘော်ရှီဗစ်အစီအစဉ်နှင့်မကိုက်ညီသော်လည်း ဘော်ရှီဗစ်များ အာဏာရလာရန် အကူအညီပေးနိုင်ခဲ့သည်။ အာဏာတည်ငြိမ်ရေးနှင့် စီးပွားရေးပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်နှင့်အတူ ဘော်ရှီဗစ်ပါတီသည် ထူးဆန်းသော ဆိုဗီယက်စနစ်အား ၎င်းတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များနှင့် လုပ်ဆောင်မှုများတွင် မည်သို့ပေါင်းစပ်ညှိနှိုင်းရမည်ကို မသိခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ဆိုရှယ်လစ်စနစ်သည် ဘော်ရှီဗစ်၏ ဆန္ဒတစ်ခုဖြစ်ပြီး ယင်းကို အကောင်အထည်ဖော်ရန်အတွက် ကမ္ဘာ့လုပ်သားထု၏ သိမြင်တိုးတက်လာမှုမှာ လိုအပ်လေသည်။
ဘော်ရှီဗစ်နည်းလမ်းများဖြင့် ကမ္ဘာ့အလုပ်သမားများကို အနိုင်ယူရန် အရေးကြီးသည်ဟု လီနင်သုံးသပ်ခဲ့သည်။ ဘော်ရှီဗစ်ဝါဒ၏ ကြီးကျယ်သော အောင်ပွဲကြီးများ ဖြစ်ခဲ့သော်ငြား အခြားနိုင်ငံများမှ အလုပ်သမားများသည် ဘော်ရှီဗစ်သီအိုရီနှင့် လက်တွေ့ကို သူတို့ကိုယ်တိုင် လက်ခံရန် လိုလားမှု အနည်းငယ်သာ ပြသခဲ့ကြသည်။ နိုင်ငံအများအပြားတွင် (အထူးသဖြင့် ဂျာမနီတွင်) ပေါ်ပေါက်လာသော ကောင်စီကွန်မြူနစ်ဝါဒလှုပ်ရှားမှု၏ လမ်းညွှန်မှုကိုသာ လိုလားကြသည်မှာ ဘော်ရှီဗစ်ဝါဒီတို့အတွက် စိတ်ပျက်စရာပင်။
ဤကောင်စီလှုပ်ရှားမှုကို လီနင်က ရုရှားတွင် အသုံးမပြုပါ။ အခြားဥရောပနိုင်ငံများရှိ လုပ်သားထုသည် ဘော်ရှီဗစ်ဝါဒနှင့် သူ၏အုံကြွမှုအမျိုးအစားကို ဆန့်ကျင်ရန် ပြင်းထန်သော သဘောထားများကို ပြသခဲ့သည်။ နိုင်ငံတိုင်းတွင် မော်စကို၏ ကြီးမားသော ဝါဒဖြန့်မှုများ ရှိနေသော်လည်း လီနင်ကိုယ်တိုင် “လက်ဝဲစွန်း” ဟုခေါ်သည့် ကောင်စီလှုပ်ရှားမှုကို အခြေခံ၍ တော်လှန်ရန် ပိုမိုအောင်မြင်အောင် လှုံ့ဆော်ပေးခဲ့သည်။
ဒေါသူပုန်ထ၊ ဆူညံပြီး တပ်ပျက်နေသော ဓနရှင်လူတန်းစား အများစုပါဝင်သော ဘော်ရှီဗစ်ဝါဒကို လိုက်နာသော ကွန်မြူနစ်ပါတီသည် သေးငယ်သောပါတီအဖြစ် ဆက်လက်တည်ရှိနေခဲ့ပြီး ကောင်စီလှုပ်ရှားမှုသည် တကယ့်လက်ဝယ်သား ခွန်အားကိုရရှိကာ အလုပ်သမားလူတန်းစား၏ အကောင်းဆုံးအစိတ်အပိုင်းများကို ဆွဲဆောင်ခဲ့သည်။ ဤအခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် ဘိုရှီဗစ်ဝါဒဖြန့်မှုကို တိုးမြှင့်ရမည်ဖြစ်သည်။ “လက်ဝဲစွန်း” ကို တိုက်ခိုက်ရမည်၊ ဘော်ရှီဗစ်၏မျက်နှာသာဖြင့် ၎င်း၏သြဇာကို ဖျက်ဆီးပစ်ခဲ့ရမည်ဟု ဆိုခဲ့သည်။
ဆိုဗီယက်စနစ်သည် ရုရှားတွင် မအောင်မြင်သောကြောင့်၊ ရုရှားတွင် ဘော်ရှီဗစ်မှ မပြီးမြောက်နိုင်သောအရာများကို အခြားနေရာများတွင် ဘော်ရှီဗစ်နှင့် အမှီအခိုကင်းစွာ နားလည်သဘောပေါက်နိုင်စေရန် အစွန်းရောက် “ပြိုင်ဆိုင်မှု” က မည်သို့ သတ္တိရှိနိုင်မည်နည်း။ ဤပြိုင်ဆိုင်မှုအား ဆန့်ကျင်သည့်အနေဖြင့် လီနင်သည် ၎င်း၏လက်ကမ်းစာစောင်ကို “လက်ဝဲသူငယ်နာ” ဟု ရေးခဲ့သည်။ အစပိုင်းတွင် ဤလက်ကမ်းစာစောင်သည် “မာ့က်စ်၏ ဗျူဟာနှင့် နည်းဗျူဟာကို လူကြိုက်များသော ထုတ်ဖော်ပြသမှုတွင် ကြိုးပမ်းပါ” ဟူသော ခေါင်းစဉ်ခွဲဖြင့် ပေါ်လာခဲ့သော်လည်း နောက်ပိုင်းတွင် ဤအလွန် ရည်မှန်းချက်ကြီးပြီး မိုက်မဲလွန်းသော ခေါင်းစဥ်ကို ဖယ်ရှားခဲ့သည်။
ဘော်ရှီဗစ်၏ ပရိုဂရမ် ကြေငြာချက်များ အားလုံးတွင် ၎င်းသည် ၎င်း၏ ဇာတ်ကောင်အစစ်အမှန်ကို အထင်ရှားဆုံး တွေ့မြင်နိုင်သည်။ ၎င်းသည် ဖုံးကွယ်ထားခြင်းမရှိသော ဘော်ရှီဗစ်ဝါဒဖြစ်သည်။ ၁၉၃၃ ခုနှစ်တွင် ဟစ်တလာသည် ဂျာမနီရှိ ဆိုရှယ်လစ်နှင့် ကွန်မြူနစ် စာပေအားလုံးကို နှိမ်နင်းသော်လည်း လီနင်နှင့်ပတ်သတ်သော လက်ကမ်းစာစောင်ကို ထုတ်ဝေခြင်းနှင့် ဖြန့်ဖြူးခြင်းတို့ကို ခွင့်ပြုခဲ့သည်။
လက်ကမ်းစာစောင်ပါ အကြောင်းအရာနှင့်ပတ်သက်၍၊ ရုရှားတော်လှန်ရေး၊ ဘော်ရှီဗစ်သမိုင်း၊ ဘော်ရှီဗစ်ဝါဒနှင့် အလုပ်သမားလှုပ်ရှားမှု၏ အခြားလမ်းကြောင်းများကြားတွင် လွန်ကဲသောအနှစ်သာရ၊ သို့မဟုတ် ဘော်ရှီဗစ်အောင်ပွဲရရှိစေမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့ ဤနေရာတွင် မသက်ဆိုင်ပါ။ သို့သော် Lenin နှင့် “လက်ဝဲကွန်မြူနစ်” တို့ကြား ဆွေးနွေးနေချိန်တွင် အဓိကအချက်များဖြင့်သာ ပြိုင်ဘက်နှစ်ဦးကြား ပြတ်ပြတ်သားသား ကွဲပြားမှုများကို သရုပ်ဖော်ထားသည်။
အပိုင်း(၃)
ဒုတိယအင်တာနေရှင်နယ်၏ ရုရှားလူမှုရေးဒီမိုကရက်တစ်ကဏ္ဍဖြစ်သော ဘော်ရှီဗစ်ပါတီကို ရုရှားတွင်မဟုတ်ဘဲ ရွှေ့ပြောင်းနေထိုင်စဉ်အတွင်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၁၉၀၃ ခုနှစ်တွင် လန်ဒန်မှ ခွဲထွက်ပြီးနောက် ရုရှားဆိုရှယ်ဒီမိုကရေစီ၏ ဘော်ရှီဗစ်ပါတီသည် ဂိုဏ်းငယ်တစ်ခုထက် မပိုခဲ့ပေ။ ဘော်ရှီဗစ်ပါတီရဲ့နောက်ကွယ်က “အစုအဝေး” ဆိုတာတွေဟာ ခေါင်းဆောင်ရဲ့ (ဦးနှောက်)အတွေးထဲမှာသာ ရှိနေခဲ့ခြင်းပင်။ သို့သော်လည်း ဤလူနည်းစုတပ်ဦးငယ်သည် တင်းကြပ်သောစည်းကမ်းရှိသောအဖွဲ့အစည်းတစ်ခုဖြစ်ပြီး စစ်သွေးကြွများကဲ့သို့ တိုက်ပွဲများအတွက် အမြဲအဆင်သင့်ရှိပြီး ၎င်း၏သမာဓိကိုဆက်လက်ထိန်းသိမ်းထားခြင်းဖြင့် အဆက်မပြတ်သုတ်သင်ရှင်းလင်းထားရန် ကြိုတင်အပြင်ဆင်ထားလေသည်။ ဘော်ရှီဗစ်ပါတီအား ပရော်ဖက်ရှင်နယ် တော်လှန်ရေးသမားများ၏ စစ်သင်တန်းကျောင်းဟု သတ်မှတ်ခဲ့ကြလေသည်။
၎င်း၏ ထင်ရှားသော သင်ကြားရေးဆိုင်ရာ လိုအပ်ချက်များမှာ ခြွင်းချက်မရှိသော ခေါင်းဆောင်၏အာဏာ၊ တင်းကျပ်သော ဗဟိုစနစ်၊ သံမဏိ စည်းကမ်းများ၊ ညီညွတ်မှု၊ စစ်သွေးကြွမှုနှင့် ပါတီအကျိုးစီးပွားအတွက် ကိုယ်ရည်ကိုယ်သွေး အနစ်နာခံမှုတို့ ဖြစ်သည်။
လီနင် အမှန်တကယ် တည်ထောင်ပေးနိုင်ခဲ့သည်မှာ တော်လှန်ရေးထဲသို့ ချလိုက်သောအခါတွင် ခေါင်းဆောင်မှုကို ဖမ်းဆုပ်ပြီး အာဏာရရှိလာအောင် ကြိုးပမ်းမည့် ပညာတတ်လူတန်းစားများပါဝင်သော ဗဟိုအချက်အချာတပ်ဦးတစ်ခုသာ ဖြစ်သည်။ တော်လှန်ရေးအတွက် ယင်းကဲ့သို့ ပြင်ဆင်မှုမျိုးဟာ “မှန်ကန်သလား” “မှားယွင်းသလား” ဆိုခြင်းများအား ယုတ္တိနည်းကျကျနဲ့ တွေးခေါ်ဆုံးဖြတ်ဖို့ ရာ ကြိုးစားဖို့ရန် အသုံးမ၀င်ချေ။
ပြဿနာကို ဒေသိယနည်း(အနုပဋိလောမအမြင်) ဖြင့် ဖြေရှင်းရပေမည်။ အခြားမေးခွန်းများကိုလည်း မေးရပါမည်။
-
မည်သို့သော တော်လှန်ရေးကို ပြင်ဆင်နေသနည်း။
-
တော်လှန်ရေးရဲ့ ပန်းတိုင်ဟာ အဘယ်နည်း။
လီနင်၏ပါတီသည် ရုရှားတွင် နောက်ကျနေသော ဘူဇွာတော်လှန်ရေးအတွင်း ဇာရစ်ချ်ပဒေသရာဇ်အစိုးရကို ဖြုတ်ချရန် လုပ်ဆောင်ခဲ့သည်။ ထိုသို့သော တော်လှန်ရေးအတွင်းတွင် ဦးဆောင်ပါတီ၏ ဗဟိုချုပ်ကိုင်မှု ပိုများလေ၊ တစ်ခုတည်းသော သဘောထားကြီးလေလေ၊ ဘူဇွာပြည်နယ် ဖွဲ့စည်းရေး လုပ်ငန်းစဉ်များ ပါ၀င်လာလေလေ အောင်မြင်လေဖြစ်ပြီး ဘောင်အတွင်းမှ လူတန်းစား ရပ်တည်ချက်သည် နိုင်ငံတော်အသစ်တစ်ခုဖြစ်တည်လာဖို့ရာ ပိုမိုအလားအလာ ကောင်းလေလေဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဘူဇွာတော်လှန်ရေးတွင် တော်လှန်သောပြဿနာများ၏ ပျော်ရွှင်ဖွယ်အဖြေတစ်ခုဟု မှတ်ယူရမည့်အရာမှာ တစ်ချိန်တည်းတွင် လုပ်သားထုတော်လှန်ရေးအတွက် အဖြေတစ်ခုအဖြစ် ကောက်ချက်မချနိုင်ချေ။ ဘူဇွာများနှင့် ဆိုရှယ်လစ်လူ့အဖွဲ့အစည်းသစ်ကြားတွင် ရှိသော ပြတ်သားသောဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ခြားနားချက်များအတွင်းတွင် ထိုသို့သောသဘောထားများ မပါဝင်ပေ။
လီနင်၏ တော်လှန်ရေးနည်းလမ်းအရ ခေါင်းဆောင်များသည် လူထုခေါင်းဆောင်အဖြစ် ပေါ်လာသည်။ ၄င်းတို့မှာ တော်လှန်ရေးဆိုင်ရာ ကျောင်းသင်ခန်းစာကို ကောင်းစွာ ပိုင်ပိုင်နိုင်နိုင် တတ်မြောက်ထားပြီး အခြေအနေများကို နားလည်ကာ တိုက်ပွဲတပ်များကို ညွှန်ကြားကွပ်ကဲနိုင်ကြသည်ဟု ဆိုလိုလေသည်။ ၎င်းတို့သည် ကြေးစားတော်လှန်ရေးသမားများ၊ ကြီးကျယ်သော အရပ်သားစစ်တပ်၏ စစ်ဗိုလ်ချုပ်များဖြစ်သည်ဟု ဆိုလိုနေခြင်းပင်။ ထိုကဲ့သို့ ဦးခေါင်းနှင့် ခန္ဓာကိုယ်အကြား ခြားနားချက်၊ ပညာတတ်နှင့် သာမန်လူထု၊ အရာရှိများနှင့် ပုဂ္ဂလိကများ စသဖြင့် လူ့အဖွဲ့အစည်းအတွင်းရှိ နှစ်ထပ်ဖြစ်နေသော လူတန်းစားကွဲပြားမှုများမှာ ဘူဇွာလူမှုရေးစနစ်များပင်တည်း။ ပညာတတ်လူတန်းစားတစ်ရပ်ကား အုပ်ချုပ်ရန်ဖြစ်ပြီး ကျန်လူတန်းစားကား အအုပ်ချုပ်ခံလူတန်းစားဖြစ်လေသည်။ ဤလူတန်းစားစနစ်ဟောင်း၏ ဖော်မြူလာမှ လီနင်၏ ပါတီအယူအဆကို ဖြစ်ပေါ်စေခဲ့သည်။ လီနင်၏ ပါတီဖွဲ့စည်းပုံသည် ဘူဇွာများ၏ လူတန်းစားသရုပ်မှန်အား ပုံတူကူးထားရုံမျှသာဖြစ်သည်။ သူ၏တော်လှန်ရေးအပေါ် ဤလုပ်ငန်းစဉ်တွင်ပါရှိသော လူတန်းစားဆက်ဆံရေးကို ပေါင်းစပ်ဖန်တီးပေးသော လူမှုရေးအစီအစဥ်ကို ဖန်တီးသော အင်အားစုများကသာ ယထာဘူတကျကျ ဆုံးဖြတ်သည်။ ပုဂ္ဂလဓိဋ္ဌာန်ပန်းတိုင်များမှ မဆုံးဖြတ်နိုင်ချေ။
ဘူဇွာစနစ်၏ လူတန်းစားအစီအစဥ်ကို လက်ခံလိုချင်နေသူ မည်သူမဆိုမှာ ခေါင်းဆောင်နှင့်လူထု ဟု လူတန်းစားကွဲပြားမှု၊ ပညာတတ် တော်လှန်ရေးသမားနှင့် အလုပ်သမားလူတန်းစား ဟု သိမှုကွာခြားတို့အား တော်လှန်ရေးအတွက် မှန်ကန်သော ဗျူဟာမြောက်ပြင်ဆင်မှုအဖြစ် ရှုမြင်သုံးသပ်မည်ကို တွေ့ရလိမ့်မည်။ (တပ်ဦးက) ဉာဏ်ရည်ထက်မြက်မှု၊ ကျောင်းတတ်မှု၊ သာလွန်မှုတို့ကြောင့် ခေါင်းဆောင်မှုဖြစ်လာပြီး (လူထုမှာ) စည်းကမ်းရှိပြီး နာခံမှု ပိုများလေလေ တော်လှန်ရေး အောင်မြင်ရန် အခွင့်အလမ်း ပိုများလေဖြစ်သည်ဟု ယူဆကြလေလိမ့်မည်။ ရုရှား၏ ဘူဇွာတော်လှန်ရေး (အောက်တိုဘာတော်လှန်ရေး) အတွက်ကား လီနင်၏ပါတီသည် ၎င်းတော်လှန်ရေး၏ပန်းတိုင်နှင့် အသင့်လျော်ဆုံးဖြစ်ပေလိမ့်မည်။
သို့သော် ရုရှားတော်လှန်ရေးသည် ၎င်း၏စရိုက်ကို ပြောင်းလဲသွားသောအခါ၊ ၎င်း၏ အမျိုး သားရေးသဏ္ဍာန်များ ပိုမိုထင်ရှားလာသောအခါ၊ လီနင်၏ နည်းဗျူဟာနှင့် ဗျူဟာများသည် တန်ဖိုးမရှိတော့ပေ။ မည်သို့ပင်ဆိုစေကာမူ အောင်မြင်ခဲ့မည်ဆိုလျှင် ၎င်း၏ တပ်ဦးစနစ်ကြောင့် မဟုတ်ဘဲ ၎င်း၏ တော်လှန်ရေးနည်းနာများအတွင်း လုံးဝမပါဝင်ခဲ့သည့် ဆိုဗီယက်လှုပ်ရှားမှုကြောင့် ဖြစ်ပေလိမ့်မည်။
ဆိုဗီယက်တို့၏ အောင်မြင်သော တော်လှန်ရေးကြီး အပြီးတွင် လီနင်သည် ဤလှုပ်ရှားမှုကြောင့် တစ်ဖန်ပြန်လည်ရှင်သန်လာသော ရုရှားတော်လှန်ရေးအတွင်း သူပုန်ဖြစ်ခဲ့သူအားလုံးကိုလည်း ချေမှုန်းခဲ့လေသည်။ အဆိုပါတော်လှန်ရေး၏ဘူဇွာဇာတ်ကောင်သည် စတာလင်ဝါဒအနေဖြင့် ၎င်း၏သဘာဝအတိုင်း ပြီးပြည့်စုံမှုတစ်ခုကို ရှာဖွေတွေ့ရှိခဲ့လေသည်။
မာ့က်စ်အခေါ် စကားအသုံးအနှုန်းများနှင့် ပတ်သက်၍ အလွန်အကျွံ အသုံးပြုသော်လည်း လီနင် သည် လူမှုသမိုင်းဖြစ်စဉ်များကို အနုပဋိလောမအမြင်ပုံစံဖြင့် မမြင်နိုင်ခဲ့ပေ။ သူ၏ အတွေးအခေါ်သည် တင်းကျပ်သော စည်းမျဉ်းများကို လိုက်နာသော စက်ယန္တရားဆန်ဆန်အနေအထားဖြင့်သာ ဆက်လက်တွေးခေါ်နေခဲ့သည်။
သူ့အတွက်ကတော့ သူ့ရဲ့ကိုယ်ပိုင်ပါတီသည်သာ တော်လှန်သောပါတီဖြစ်လေတယ်။ ရုရှားတော်လှန်ရေးသည်သာ တစ်ခုတည်းသော တော်လှန်ရေးဖြစ်ပြီး၊ ဘော်ရှီဗစ်လမ်းစဥ်သည်သာလျှင် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ ပြီးတော့ ရုရှားမှာ အလုပ်လုပ်ခဲ့တဲ့အရာတွေက ဂျာမနီ၊ ပြင်သစ်၊ အမေရိက၊ တရုတ်နဲ့ သြစတြေးလျမှာလည်း အလုပ်ဖြစ်မှာလို့ ယူဆခဲ့လေသည်။ ရုရှား၏ ဘူဇွာတော်လှန်ရေး (အောက်တိုဘာတော်လှန်ရေး) အတွက် မှန်ကန်သည်ဆိုသည်များကား နိုင်ငံအသီးသီးတို့ရဲ့ကမ္ဘာ့တော်လှန်ရေးအတွက် မှန်ကန်လိမ့်မည်ဟု အထင်ရောက်ခဲ့လေသည်။ တစ်ချိန်က ရှာဖွေတွေ့ရှိခဲ့သော ဖော်မြူလာ၏ ငွီးငေါ့သော အသုံးချမှုသည် အချိန်နှင့် အခြေအနေများ၊ ဖွံ့ဖြိုးတိုးတက်မှုဒီဂရီများ၊ ယဉ်ကျေးမှုစံနှုန်းများ၊ အတွေးအခေါ်များနှင့် အမျိုးသားများတို့၏ သက်ရောက်မှုအား လျစ်လျူရှုကာ အတ္တဗဟိုပြု စက်ဝိုင်းအတွင်း ရွေ့လျားသွားခဲ့လေသည်။
လီနင်သည် နိုင်ငံရေးတွင် စက်ယန္တရားဆန်ဆန် အုပ်ချုပ်မှုအား ပြတ်သားစွာ ပေါ်လွင်လာစေခဲ့သည်။ သူသည် တော်လှန်ရေးမျှော်သော အစွမ်းထက်သော ဆန္ဒတို့၏ “နည်းပညာပညာရှင်”၊ “တီထွင်သူ”၊ “ခေါင်းဆောင်ကိုယ်စားလှယ်” ဖြစ်သည်။ ဖက်ဆစ်ဝါဒ၏ အခြေခံသွင်ပြင်လက္ခဏာများအားလုံးသည် လီနင်၏အယူဝါဒ၊ သူ၏ဗျူဟာ၊ သူ၏လူမှုရေးရာစီမံခြင်းနည်းနာ နှင့် လူထုအပေါ် ဆက်ဆံခြင်းအတတ်ပညာတို့အတွင်းတွင် ပါဝင်နေပြီးဖြစ်သည်။ အစဉ်အလာ ပါတီမူဝါဒများကို လက်ဝဲမှ ပယ်ချခြင်း၏ နက်နဲသော တော်လှန်ရေး အဓိပ္ပါယ်ကို သူ မမြင်နိုင်ခဲ့ပေ။ ဆိုရှယ်လစ်လမ်းကြောင်းအတွက် ဆိုရှယ်လစ်လှုပ်ရှားမှု၏ လက်တွေ့အရေးပါပုံကို သူနားမလည်နိုင်ခဲ့ချေ။ အလုပ်သမားများ လွတ်မြောက်ရေး အတွက် ကြိုတင် လိုအပ်ချက်များကို သူ မသိခဲ့ပေ။
အာဏာပိုင်၊ ခေါင်းဆောင်မှု၊ အင်အား၊ တဖက်က အားထုတ်မှု၊ အဖွဲ့အစည်း၊ ကေဒါ၊ တဖက်က လက်အောက်ငယ်သား စသော အရာများသည် သူ၏ ဆင်ခြင်တုံတရား လမ်းကြောင်းဖြစ်ခဲ့လေသည်။ စည်းကမ်းနှင့်အာဏာရှင်စနစ်သည် သူ၏စာများတွင် အတွေ့ရများဆုံးစကားလုံးများဖြစ်သည်။ သို့ဆိုလျှင် လီနင်သည် ၎င်း၏ဗျူဟာကို လက်မခံဘဲ ဆိုရှယ်လစ်စနစ်အတွက် အထင်ရှားဆုံးနှင့် အလိုအပ်ဆုံးအရာများကို တောင်းဆိုခဲ့သည့် “လက်ဝဲစွန်းများ” ၏ အတွေးအခေါ်များနှင့် လုပ်ဆောင်ချက်များကို နားမလည်နိုင်၊ နားမလည်နိုင်ခဲ့သည်ကို နားလည်သဘောပေါက်နိုင်သည်။ အလုပ်သမားများသည် မိမိတို့၏ကံကြမ္မာကို ကိုယ့်လက်ထဲတွင် တစ်ကြိမ်တည်းဖြင့် အပြီးအပိုင် ဖန်တီးနိုင်ခွင့်ကို အရယူရမည်ဖြစ်သည်။
အပိုင်း(၄)
“ကိုယ့်ကံကြမ္မာကို ကိုယ်စီမံရန်” ဤသော့ချက်စကားလုံးသည် ဆိုရှယ်လစ်စနစ်၏မေးခွန်းအားလုံးအတွက် လက်ဝဲကွန်မြူနစ်နှင့် ဘော်ရှီဗစ်တို့ကြားတွင် ပြဿနာဖြစ်သည်။ ထိုပြဿနာသည် ပါတီမေးခွန်းအပေါ် သဘောထားကွဲလွဲမှုသည် အလုပ်သမားသမဂ္ဂဝါဒအပေါ် သဘောထားကွဲလွဲမှုများနှင့် အပြိုင်ဖြစ်ခဲ့သည်။
တော်လှန်ရေးသမားများအတွက် အလုပ်သမားသမဂ္ဂများတွင် နေရာမရှိတော့ဟု အစွန်းရောက်လက်ဝဲ (လက်ဝဲကွန်မြူနစ်တို့) က ယူဆသည်။ စက်ရုံအလုပ်ရုံများ၊ အများအားဖြင့် လုပ်ငန်းခွင်များအတွင်း ၎င်းတို့၏ ကိုယ်ပိုင်အဖွဲ့အစည်းပုံစံများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည်ဟု ဆိုသည်။
သို့သော်လည်း ၎င်းတို့၏ မရရှိထားသော အခွင့်အာဏာကြောင့် ဘော်ရှီဗစ်များသည် ဂျာမန်တော်လှန်ရေး၏ ပထမအပတ်တွင်ပင် အလုပ်သမားများအား အရင်းရှင်ဆန်ပြီး ဖောက်ပြန်သော အလုပ်သမားသမဂ္ဂများထံ ပြန်လည်တွန်းပို့နိုင်ခဲ့သည်။
လက်ဝဲစွန်းများ (လက်ဝဲကွန်မြူနစ်တို့) ကို တိုက်ထုတ်ရန်၊ ၎င်းတို့အား မိုက်မဲသော တန်ပြန်တော်လှန်ရေးသမားများအဖြစ် ရှုတ်ချရန်၊ လီနင်သည် ၎င်း၏ လက်ကမ်းစာစောင်တွင် ၎င်း၏ စက်ယန္တရားဖော်မြူလာများကို ထပ်မံအသုံးပြုခဲ့သည်။ လက်ဝဲကွန်မြူနစ်များကို ဆန့်ကျင်သည့် သူ၏ငြင်းခုံမှုများတွင် ၎င်းက ဂျာမန်အလုပ်သမားသမဂ္ဂများကို ရည်ညွှန်းခြင်းမဟုတ်ဘဲ ရုရှားရှိ ဘော်ရှီဗစ်၏ အလုပ်သမားသမဂ္ဂအတွေ့အကြုံများကို ရည်ညွှန်းသည်ဟု ဆိုလေသည်။
၎င်းတို့၏အစောပိုင်းအစတွင် အလုပ်သမားသမဂ္ဂများသည် လူတန်းစားတိုက်ပွဲအတွက် အလွန်အရေးကြီးသည်မှာ ယေဘူယျလက်ခံထားသည့်အချက်ဖြစ်သည်။ ရုရှားရှိ အလုပ်သမားသမဂ္ဂများသည် ငယ်ရွယ်ပြီး လီနင်၏ စိတ်အားထက်သန်မှုကို မျှတစေသည်။
သို့သော်လည်း ကမ္ဘာ့အခြားနေရာများတွင် အခြေအနေများ ကွဲပြားခဲ့သည်။ ကနဦးအစတွင် အသုံးဝင်ပြီး တိုးတက်သော အလုပ်သမားသမဂ္ဂများသည် အရင်းရှင်စနစ် အမြစ်တွယ်ပြီးသောနိုင်ငံများ၏ အလုပ်သမားများ လွတ်မြောက်ရေးလမ်းစဉ်တွင် အတားအဆီးများအဖြစ်သို့ ပြောင်းလဲခဲ့သည်။ ၎င်းတို့သည် တန်ပြန်တော်လှန်ရေး၏ လက်နက်ကိရိယာများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဂျာမန်တို့သည် ဤပြောင်းလဲလာသော အခြေအနေမှ ကောက်ချက်ဆွဲခဲ့သည်။
စည်းမျဥ်းတင်းကျပ်သော အလုပ်သမားသမဂ္ဂ၊ နယ်ချဲ့ဆန်သော၊ မာနကြီးသူ၊ အချည်းနှီး၊ အမြုံ၊ အတ္တကြီးသူ၊ သိမ်ငယ်သော ဘူဇွာ၊ လာဘ်ပေးလာဘ်ယူ၊ အကျင့်ပျက်ခြစားသော လုပ်အားရှင် မျိုးရိုးဆန်သော လူတန်းစားတစ်ရပ် ပေါ်ပေါက်လာခဲ့ကြောင်း လီနင်ကိုယ်တိုင် မကြေညာပဲ မနေနိုင်ခဲ့ပါ။ အကျင့်ပျက်ခြစားမှုဂိုဏ်း၊ လူဆိုးဂိုဏ်းခေါင်းဆောင်များသည် ယနေ့ကမ္ဘာ့အလုပ်သမားသမဂ္ဂလှုပ်ရှားမှုကို အုပ်စိုးပြီး အလုပ်သမားများ၏နောက်ကွယ်တွင် နေထိုင်လျက်ရှိသည်။ လက်ဝဲစွန်း(လက်ဝဲကွန်မြူနစ်)များက အလုပ်သမားတွေကို ထွက်ခွာကြဖို့ တောင်းဆိုနေတဲ့ အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုများဟာ ဒီသမဂ္ဂ လှုပ်ရှားမှုများပဲ ဖြစ်တယ်။ သို့သော်လည်း လီနင်သည် အခြားနိုင်ငံများတွင် ကာလကြာရှည်စွာ ထူထောင်ထားသည့် သမဂ္ဂများ၏ စရိုက်လက္ခဏာကို မဖော်ပြသေးသည့် ရုရှားရှိ လူငယ်အလုပ်သမားသမဂ္ဂလှုပ်ရှားမှုကို ညွှန်ပြခြင်းဖြင့် မုသာဝါဒဖြင့် တုံ့ပြန်ခဲ့သည်။ သတ်မှတ်ထားသော ကာလတစ်ခုနှင့် သီးခြားအခြေအနေများမှ ရရှိသော အတွေ့အကြုံတစ်ခုကို အသုံးချခြင်းဖြင့် ကမ္ဘာတစ်ဝှမ်းတွင် အသုံးချနိုင်မည်ဟု လီနင်က ထင်ခဲ့သည်။
တော်လှန်ရေးသမားသည် လူထုရှိရာအရပ်၌ အမြဲရှိနေရမည်ဟု လီနင်က စောဒကတက်သည်။
-
ဒါပေမယ့် လက်တွေ့မှာ လူထုက ဘယ်မှာလဲ?
-
အလုပ်သမားသမဂ္ဂရုံးတွေမှာလား?
-
အဖွဲ့ဝင်အစည်းအဝေးတွေမှာလား?
-
အရင်းရှင်ကိုယ်စားလှယ်တွေနဲ့ ခေါင်းဆောင်ပိုင်းတွေရဲ့ လျှို့ဝှက်အစည်းအဝေးတွေမှာလား?
တကယ်တော့ လူတွေသည် စက်ရုံတွေ၊ အလုပ်ရုံတွေမှာ ဖြစ်သည်၊
ထိုနေရာတွင် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကို အကျိုးသက်ရောက်စေရန်နှင့် ၎င်းတို့၏ စည်းလုံးညီညွတ်မှုကို ခိုင်မာစေရန် လိုအပ်သည်။ စက်ရုံအဖွဲ့အစည်း၊ ကောင်စီစနစ်သည် ပါတီများနှင့် အလုပ်သမားသမဂ္ဂအားလုံးကို အစားထိုးရမည့် တော်လှန်ရေး၏ တကယ့်အဖွဲ့အစည်းဖြစ်သည်။
စက်ရုံအဖွဲ့အစည်းများတွင် ပရော်ဖက်ရှင်နယ်ခေါင်းဆောင်မှုအတွက် နေရာမရှိပါ။ ခေါင်းဆောင်များနှင့် နောက်လိုက်များဟု ကွဲပြားခြားနားခြင်း မရှိ၊ ပညာတတ်နှင့် ရာထူးအဆင့်အတန်း ခွဲခြားမှုမရှိ၊ အတ္တဝါဒ၊ ပြိုင်ဆိုင်မှု၊ စိတ်ဓာတ်ကျဆင်းမှု၊ အကျင့်ပျက်ခြစားမှု၊ မြုံမှုနှင့် ဖီလစ်ဆန်မှုများအတွက် နေရာမရှိပေ။ ဒီမှာ အလုပ်သမားတွေက ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတယ်။
သို့သော် လီနင်သည် အခြားနည်းဖြင့် တွေးခဲ့သည်။ သူသည် သမဂ္ဂများကို ထိန်းသိမ်းစောင့်ရှောက်လိုသည်။ အတွင်းမှသူတို့ကိုပြောင်းလဲရန်လိုလားခဲ့သည်။ လူမှုရေးဒီမိုကရက်တစ်အရာရှိများကိုဖယ်ရှားပြီး ဘော်ရှီဗစ်အရာရှိများနှင့်အစားထိုးရန်လိုလားခဲ့သည်။ မကောင်းတဲ့ဗျူရိုကရေစီကို ကောင်းမွန်တဲ့ ဗျူရိုကရေစီနဲ့ အစားထိုးဖို့လိုလားခဲ့သည်။ အဆိုးက ဆိုရှယ်ဒီမိုကရေစီမှာ ကြီးပွားပြီး ဘော်ရှီဗစ်တွင် ကောင်းမွန်သော ဗျူရိုကရေစီ ကြီးထွားလာသည်ဟုဆိုသည်။
အနှစ်နှစ်ဆယ်အတွေ့အကြုံများကလည်း ထိုအယူအဆ၏ မိုက်မဲမှုကို သက်သေပြခဲ့သည်။ လီနင်၏ အကြံဉာဏ်ကို လိုက်နာသောအားဖြင့် ကွန်မြူနစ်များသည် အလုပ်သမားသမဂ္ဂများကို ပြုပြင်ပြောင်းလဲရန် နည်းလမ်းပေါင်းစုံကို ကြံ့ကြံ့ခံ ကြိုးပမ်းခဲ့ကြသည်။ ဘာရလဒ်မှ မရှိခဲ့ပါဘူး။ ၎င်းတို့၏ ကိုယ်ပိုင် အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းရန် ကြိုးပမ်းမှုမှာလည်း အလားတူပင် ဖြစ်သည်။ လူမှုရေးဒီမိုကရေစီနှင့် ဘိုရှီဗစ် အလုပ်သမားသမဂ္ဂတို့ကြား ပြိုင်ဆိုင်မှုသည် အကျင့်ပျက်ခြစားမှုတွင် ပြိုင်ဆိုင်မှုတစ်ခုဖြစ်သည်။
ဤလုပ်ငန်းစဉ်တွင် အလုပ်သမားများ၏ တော်လှန်ရေး စွမ်းအင်များ ကုန်ဆုံးသွားခဲ့သည်။ ဖက်ဆစ်ဝါဒကို တော်လှန်ရန် အာရုံစိုက်ရမည့်အစား အလုပ်သမားများသည် မတူကွဲပြားသော ဗျူရိုကရေစီများ၏ အကျိုးစီးပွားအတွက် အဓိပ္ပာယ်မဲ့ပြီး အကျိုးမရှိသော စမ်းသပ်မှုတစ်ခုတွင် ပါဝင်ခဲ့ကြရသည်။ လူထုက သူတို့ကိုယ်သူတို့နဲ့ “သူတို့” အဖွဲ့အစည်းတွေအပေါ် ယုံကြည်မှုတွေ ဆုံးရှုံးသွားတယ်။ သူတို့ကိုယ်သူတို့ လှည့်စားခံခဲ့ရပြီး သစ္စာဖောက်ခံလိုက်ရတယ်လို့ ခံစားခဲ့ရတယ်။
ဖက်ဆစ်ဝါဒ၏ နည်းလမ်းများဖြစ်သော အလုပ်သမားများ၏ ခြေလှမ်းတိုင်းကို နှောင့်နှေးစေခြင်း၊ မိမိကိုယ်ကို သိနားလည်နိုးကြားမှုကို ဟန့်တားစေခြင်း၊ လူတန်းစား အသိစိတ်၏ အစအားလုံးကို ဖြိုခွဲခြင်း၊ မရေမတွက်နိုင်သော ရှုံးနိမ့်မှုများဖြင့် လူထုကို စိတ်ဓာတ်ကျဆင်းစေခြင်၊ ၎င်းတို့အား မသန်စွမ်းစေခြင်း၊ စသောနည်းလမ်းများ အားလုံးသည် ယခင်ကတည်းကပင် ဖြစ်နေပြီဖြစ်သည်။ ထိုဖက်ဆစ်နည်းနာများသည် ဘော်ရှီဗစ်စည်းမျဉ်းများနှင့်အညီ အလုပ်သမားသမဂ္ဂများတွင် အလုပ်လုပ်ခဲ့သော အနှစ်နှစ်ဆယ်အတွင်းဖွံ့ဖြိုးတိုးတက်ခဲ့သည်။ အလုပ်သမားသမဂ္ဂများနှင့် ပါတီများမှ အလုပ်သမားခေါင်းဆောင်များသည် ဖက်ဆစ်ဝါဒ၌ လိုက်လျောညီထွေဖြစ်စေနိုင်သော လူသားများကို ပြင်ဆင်ပေးထားသောကြောင့် ဖက်ဆစ်ဝါဒ၏ အောင်ပွဲသည် လွယ်ကူသွားသည်။
အပိုင်း(၅)
ပါလီမန်စနစ်၏မေးခွန်းတွင်လည်း လီနင်သည် နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတား ဖြစ်စေသည့် ဆွေးမြေ့နေသော နိုင်ငံရေးအင်စတီကျူးရှင်း၏ ကာကွယ်သူဟူသည့် အခန်းကဏ္ဍတွင် ပါရှိသည်။ လက်ဝဲကွန်မြူနစ်များသည် ပါလီမန်စနစ်ကို နည်းမျိုးစုံဖြင့် တွန်းလှန်ခဲ့ကြသည်။ ရွေးကောက်ပွဲတွင် ပါဝင်ရန် ငြင်းဆိုခဲ့ကြပြီး လွှတ်တော်၏ ဆုံးဖြတ်ချက်များကို မလေးစားခဲ့ကြပေ။ သို့သော်လည်း လီနင်သည် ပါလီမန်လှုပ်ရှားမှုများတွင် များစွာအားထုတ်ခဲ့ပြီး ၎င်းလှုပ်ရှားမှုများကို များစွာအလေးထားခဲ့သည်။ လက်ဝဲကွန်မြူနစ်များသည် ပါလီမန်ဒီမိုကရေစီစနစ်ကို သမိုင်းတစ်လျှောက် “နှိုးဆော်ထကြွမှု” အတွက် ခုံရုံး (ပြစ်မှုအဖြစ်သတ်မှတ်ရာနေရာ) တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။ ပါလီမန်ဒီမိုကရေစီစနစ်သည် လွှတ်တော်ကိုယ်စားလှယ်များနှင့် အလုပ်သမားများအတွက် နိုင်ငံရေး အကျင့်ပျက်ခြစားမှု စဉ်ဆက်မပြတ် ဖြစ်ပေါ်နေသော အရင်းအမြစ်တစ်ခုထက် မပိုကြောင်း မြင်သည်။ တရားဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ထင်ယောင်ထင်မှား ဖန်တီးခြင်းဖြင့် လူထု၏ တော်လှန်ရေး အသိနှင့် ညီညွတ်မှုကို ပျက်ပြားစေပြီး အရေးပါသော အခါများတွင် လွှတ်တော်သည် တန်ပြန်တော်လှန်ရေး၏ လက်နက်အဖြစ် ပြောင်းလဲသွားသည်။ ပါလီမန်ဒီမိုကရေစီစနစ်နှင့် လွှတ်တော်အား ဖျက်ဆီးပစ်ရမည်။ လူတန်းစားအသိအတွင်း ပါဝင်နေဆဲဖြစ်သော ပါလီမန်ဒီမိုကရေစီ ဓလေ့ထုံးတမ်းသည်အစဉ်အလာတို့ကို တွန်းလှန်ရမည်ဖြစ်သည်။
ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုကို ရရှိရန်အတွက် လီနင်သည် သမိုင်းနှင့် နိုင်ငံရေးအရ ဖြတ်သန်းခဲ့သည့် အဖွဲ့အစည်းများကို ခွဲခြားသိမြင်စေရန် လှည့်ကွက်ဖြင့် လုပ်ဆောင်ခဲ့သည်။
စင်စစ်အားဖြင့် ပါလီမန်ဒီမိုကရေစီစနစ်သည် သမိုင်းကြောင်းအရ အသုံးမတည့်တော့သော်လည်း နိုင်ငံရေးအရတော့ ထည့်သွင်းစဉ်းစားရပေမည်ဟု လီနင်က ဆိုသည်။ နိုင်ငံရေးအရလည်း အရေးပါနေသေးသည့်အတွက် ပါဝင်ရခြင်းဖြစ်တယ်ဟု လီနင်ကဆိုသည်။
ထိုသို့ပြောကြကြေးဆိုလျှင် အရင်းရှင်စနစ်သည်လည်း သမိုင်းကြောင်းအရသာ အသုံးမတည့်တော့သော်လည်း နိုင်ငံရေးအရတော့ ထည့်သွင်းစဉ်းစားရပေမည်။ လီနင်၏ ယုတ္တိအရဆိုလျှင် အရင်းရှင်စနစ်ကို တော်လှန်သောနည်းဖြင့် တိုက်ဖျက်ရန် မဖြစ်နိုင်ပေ။ လိုတိုပိုလျှော့နည်းဖြင့် ဓနရှင်စနစ်/အရင်းရှင်စနစ်အကြား အပေးအယူလုပ်ရတော့မည်ဖြစ်သည်။ နိုင်ငံရေးအရှုံးအမြတ်တွက်ခြင်း၊ အလျှော့အတင်းလုပ်ခြင်း၊ နိုင်ငံရေးအမြတ်ထုတ်ခြင်းတို့သည် လီနင့်နည်းဗျူဟာ၏ အကျိုးဆက်များပင်ဖြစ်တော့သည်။ ဘုရင်စနစ်သည်လည်း သမိုင်းကြောင်းမျှသာအသုံးမတည့်တော့သော်လည်း နိုင်ငံရေးအရတော့ ထည့်သွင်းစဉ်းစားရပေဦးမည်။ လီနင်၏ အဆိုအရဆိုလျှင် အလုပ်သမားများသည် ဘုရင်စနစ်ကို ဖယ်ရှားပိုင်ခွင့်မရှိတော့ပါပဲ အပေးအယူလုပ်ရင်းအဖြေရှာရသည့် တာဝန်ရှိလာပေမည်။ အလားတူ ချာ့ခ်ျ (ဘာသာတရား)နှင့်ပတ်သက်လျှင်လည်း သမိုင်းကြောင်းအရသာအသုံးမတည့်တော့သော်လည်း နိုင်ငံရေးအရတော့ ထည့်သွင်းစဉ်းစားရပေမည်။ ထို့အပြင် လူထုသည် ဘုရားကျောင်း(ဘာသာရေး) တွင် အစုလိုက်အပြုံလိုက် သက်ဝင်ကြသည်။ တော်လှန်ရေးသမားတစ်ဦးသည် လူအစုအဝေးရှိရမည့်နေရာတွင် ရှိရမည်ဟု လီနင်ကထောက်ပြခဲ့သည်။ ထိုသို့ဆိုလျှင် “ဘုရားကျောင်း(ဘာသာရေး)အတွင်းစည်းသို့ ဝင်ပြီး တော်လှန်ရန်မှာ တော်လှန်ရေးသမားတစ်ဦး၏တာဝန်ပင်ဖြစ်သည်။”
နောက်ဆုံးတော့ ဖက်ဆစ်ဝါဒနှင့် ပတ်သတ်လျှင်လည်း တစ်နေ့တွင် ဖက်ဆစ်ဝါဒသည် သမိုင်းကြောင်းအရ အသုံးမတည့်တော့သော်လည်း နိုင်ငံရေးအရတော့ ထည့်သွင်းစဉ်းစားရပေဦးမည်။ ထိုသို့သော အချိန်တွင် ဘာလုပ်ရမည်လဲ။ လီနင့်အဆိုအရဆိုလျှင် အဖြစ်မှန်ကိုလက်ခံပြီး ဖက်ဆစ်ဝါဒနှင့် အပေးအယူလုပ်ရန်သာ ကျန်တော့မည်။
လီနင်၏ ဆင်ခြင်တုံတရားတွေးခေါ်ပုံအရဆိုလျှင် စတာလင်နှင့် ဟစ်တလာတို့ကြား သဘောတူညီချက်သည် စတာလင်အနေနှင့် လီနင်၏ အမှန်တကယ် အကောင်းဆုံးတပည့်ဖြစ်ကြောင်းကိုသာ သရုပ်ဖော်နိုင်မည်ဖြစ်သည်။ မဝေးတော့သောအနာဂတ်တွင် ဘိုရှီဗစ်အေးဂျင့်များသည် မော်စကိုနှင့်ဘာလင်ကြား သဘောတူညီချက်ကို တစ်ခုတည်းသော တော်လှန်ရေးနည်းဗျူဟာအဖြစ် အသိအမှတ်ပြုမည်ဆိုပါက အံ့သြစရာမဟုတ်ပေ။
ပါလီမန်အမတ်စနစ်နှင့်ပတ်သက်သည့်မေးခွန်းအတွက် လီနင်၏ရပ်တည်ချက်သည် လူတန်းစားတော်လှန်ရေး၏ မရှိမဖြစ်လိုအပ်သော လိုအပ်ချက်များနှင့် လက္ခဏာရပ်များကို နားလည်ရန် ၎င်း၏မစွမ်းဆောင်နိုင်မှု၏ နောက်ထပ်ဥပမာတစ်ခုမျှသာဖြစ်သည်။ သူ၏ တော်လှန်ရေးသည် ဘူဇွာ(ဓနရှင်) ဆန်သည်။ လူများစုအတွက်၊ အစိုးရရာထူးများအတွက်၊ ဥပဒေစက်ကို ချုပ်ကိုင်ထားရန်အတွက်သာ ရုန်းကန်နေရသော တော်လှန်ရေးမျိုးဖြစ်သည်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရာတွင် တတ်နိုင်သမျှ မဲများများရရန်၊ ပါလီမန်များတွင် အားကောင်းသည့် ဘောရှီဗစ်အင်အားစုများ ရှိရန်၊ ဥပဒေပြုမှုပုံစံနှင့် နိုင်ငံရေးအကြောင်းအရာကို ဆုံးဖြတ်ရာတွင် ကူညီရန်၊ နိုင်ငံရေး အုပ်ချုပ်မှုတွင် ပါဝင်ရန်တို့သည်သာ အရေးကြီးသည်ဟု သူအထင်ရောက်ခဲ့သည်။
ယနေ့ ပါလီမန်ဒီမိုကရေစီစနစ်သည် မှုန်ဝါးဝါးချည်းသက်သက်ဖြစ်ပြီး ဘူဇွာလူ့အဖွဲ့အစည်း၏ စစ်မှန်သောအာဏာသည် မတူညီသောနေရာများတွင် တည်ရှိနေကြောင်းကို လီနင်အနေနှင့် လုံးဝသတိမထားမိခဲ့ပါ။ ဖြစ်နိုင်သမျှ ပါလီမန်တွင် ရှုံးနိမ့်ခဲ့သော်လည်း ဓနရှင်လူတန်းစားသည် လွှတ်တော်မဟုတ်သောနယ်ပယ်များတွင် ၎င်း၏ဆန္ဒနှင့် အကျိုးစီးပွားကို အခိုင်အမာ အခိုင်အမာရရှိရန် လုံလောက်သောနည်းလမ်းများ ရှိနေဦးမည်ဖြစ်သည်။ လီနင်သည် လူထုအား အကျင့်သီလပျက်ပြားစေသော ပါလီမန်စနစ်၏အကျိုးသက်ရောက်မှုများကို မမြင်ခဲ့သလို ပါလီမန်၏ အဂတိလိုက်စားမှုမှတစ်ဆင့် ပြည်သူ့ကျင့်ဝတ်များ အဆိပ်သင့်သွားသည်ကိုလည်း သတိမထားမိခဲ့ပေ။ ခန့်ညားသော ပါလီမန်နိုင်ငံရေးသမားများ၊ လာဘ်ယူသော အကျင့်ပျက် ပါလီမန်နိုင်ငံရေးသမားများသည် ၎င်းတို့၏ ၀င်ငွေအတွက် ကြောက်ရွံ့ကြသည်။ ဖက်ဆစ်ခေတ်မရောက်ခင် ဂျာမနီတွင် ပါလီမန်လွှတ်တော်များအတွင်းမှ ဖောက်ပြန်ရေးသမားများသည် ပါလီမန်ကို ဖျက်သိမ်းပစ်မည်ဟု ခြိမ်းခြောက်ရုံမျှဖြင့် (အာဏာလက်ဝယ်ရှိသူများ၊ ဓနရှင်များ) နှစ်သက်ရာဥပဒေများကို အတည်ပြုပေးခဲ့သည့် အချိန်တစ်ခုရှိခဲ့သည်။ ပါလီမန်နိုင်ငံရေးသမားများအတွက် လွယ်ကူသော ၀င်ငွေများ ကုန်ဆုံးသွားနိုင်သည့် ခြိမ်းခြောက်မှုထက် ပိုကြောက်စရာကောင်းသည့် အရာမရှိပါ။ ထိုသို့သော အဆုံးသတ်ကို ရှောင်ရှားရန်၊ သူတို့သည် မည်သည့်အရာကိုမဆို ဟုတ်သည်ဟု ဆိုကြလိမ့်မည်။ ဒီကနေ့ ဂျာမနီ၊ ရုရှား၊ အီတလီမှာရော ဘယ်လိုလဲ။ ပါလီမန်အမတ်များသည် ၎င်းတို့၏ ကိုယ်ပိုင်သဘောထားမရှိ၊ ကိုယ်ပိုင်ဆန္ဒမရှိဘဲ၊ ဖက်ဆစ်သခင်များ၏အလိုအတိုင်းသာ နေနေကြရသည်။
ပါလီမန်စနစ် လုံးဝ ယိုယွင်းပျက်ပြားနေပြီလားသည်မှာ မေးခွန်းထုတ်စရာပင် မလိုတော့ပါ။ သို့သော် လုပ်သားထုအနေနှင့် တစ်ချိန်က ၎င်းတို့၏ရည်ရွယ်ချက်အတွက် အသုံးပြုခဲ့သည့် နိုင်ငံရေးလက်နက်တစ်ခု၏ ယိုယွင်းပျက်စီးမှုကို အဘယ်ကြောင့် မရပ်တန့်ခဲ့သနည်း။
သူရဲကောင်းဆန်သော တော်လှန်သော လုပ်ရပ်တစ်ခုအနေနှင့် ပါလီမန်ဒီမိုကရေစီစနစ်ကို အဆုံးသတ်လိုက်ခြင်းသည် ဖက်ဆစ်လူ့အဖွဲ့အစည်းအတွင်း ပါလီမန်စနစ် နိဂုံးချုပ်သွားသည့် သနားစရာ ပြဇာတ်ကို ထိုင်ကြည့်နေရခြင်းထက် လူတန်းစားအသိစိတ်နှင့် ပတ်သတ်ပြီး ပိုမိုအသုံးဝင်သော ပညာပေးမှုဖြစ်မည်။ သို့သော် ထိုသဘောထားသည် စတာလင်အတွက် ယနေ့ထက်တိုင် အသစ်အဆန်းဖြစ်နေသကဲ့သို့ လီနင်အတွက်လည်း လုံးဝအသစ်အဆန်းဖြစ်နေသည်။ လီနင်သည် အလုပ်သမားများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျွန်ပြုခံရခြင်းမှ လွတ်မြောက်မှုကို ဂရုမပြုပါ။ လူအများ၏ မှားယွင်းသော အသိစိတ်နှင့် လူသားတို့၏ မိမိဖြစ်တည်မှုအပေါ် အသိစိတ်ဖယ်ခွာခံခြင်းများအကြောင်းကို သူဂရုမစိုက်ပါ။ သူ့အတွက် ပြဿနာတစ်ခုလုံးသည် ပါဝါ(နိုင်ငံရေးအာဏာ) ပြဿနာသာဖြစ်သည်။
ဘူဇွာတစ်ယောက်ကဲ့သို့ပင် လီနင်သည် အတိုးအလျှော့၊ အရှုံးအမြတ်စသည်ဖြင့် လုပ်ငန်းတစ်ခုကဲ့သို့ တွက်ချက်မှုများဖြင့်သာ အဖွဲ့ဝင်ကိန်းဂဏန်းများ၊ မဲအရေအတွက်၊ လွှတ်တော်များတွင် နေရာများ၊ ရာထူးများ စသော ပြင်ပအရာများအား သုံးသပ်ကာ ထိန်းချုပ်ထားသည်။ သူ၏ ရုပ်ဝါဒသည် လူသားများနှင့်မဟုတ်ဘဲ ယန္တရားများနှင့် ဆက်ဆံသော ဘူဇွာရုပ်ဝါဒဖြစ်သည်။ သူသည် လူမှုသမိုင်းဆိုင်ရာ အသုံးအနှုန်းများဖြင့် အမှန်တကယ် မစဉ်းစားနိုင်ပေ။ လီနင့်အတွက် ပါလီမန်လွှတ်တော်သည် အချိန်တိုင်း လူမျိုးတိုင်းတွင် တူညီသော အဓိပ္ပါယ်ကို ကိုင်ဆောင်ထားသော လစ်ဟာနေသော အတွေးအမြင်တစ်ခုသာဖြစ်သည်။
ပါလီမန်သည် အဆင့်အမျိုးမျိုးကို ဖြတ်သန်းသွားသည်ကို သေချာပေါက် အသိအမှတ်ပြုပြီး ၎င်းကို သူ၏ ဆွေးနွေးမှုတွင် ထောက်ပြသော်လည်း သီအိုရီနှင့် လက်တွေ့တွင် သူ၏ သူ့ကိုယ်ပိုင် အသိပညာကို အသုံးမချနိုင်ပေ။ သူ၏ ပါလီမန်လွှတ်တော်အား လိုလားသော မူဝါဒများနှင့် ပတ်သတ်ပြီး သူသည် အရင်းရှင်စနစ်၏ ကြီးကြီးမားမား အဆင့်တွင် အငြင်းအခုံများ မကုန်စေရန် အစောပိုင်း အရင်းရှင်ပါလီမန်များ၏ နောက်ကွယ်တွင် ပုန်းကွယ်နေတတ်သည်။ လွှတ်တော်ဟောင်းများကို တိုက်ခိုက်မည်ဆိုပါက ၎င်းသည် ငယ်ရွယ်ပြီး ရှည်လျားသော ခေတ်နောက်ကျနေသူများ၏ အားသာချက်ဖြစ်သည်။ အတိုချုပ်ပြောရလျှင် နိုင်ငံရေးသည် ဖြစ်နိုင်ချေများနှင့် ဖွဲ့စည်းထားသော အနုပညာဖြစ်သည်ဟု သူဆုံးဖြတ်သည်။ သို့သော် အလုပ်သမားများအတွက် နိုင်ငံရေးသည် တော်လှန်ရေးအနုပညာဖြစ်သည်။
အပိုင်း(၆)
အပေးအယူ အလျှော့အတင်းနှင့် ပတ်သက်ပြီး လီနင်၏ ရပ်တည်ချက်ကို ကိုင်တွယ်မေးခွန်းထုတ်ရန် ကျန်ရှိနေသည်။ ကမ္ဘာစစ်အတွင်း ဂျာမန်ဆိုရှယ်ဒီမိုကရေစီသည် ဓနရှင်လူတန်းစားထံ ရောင်းချခံခဲ့ရသည်။ မည်သို့ပင်ဆိုစေကာမူ ၎င်း၏ဆန္ဒကို ဆန့်ကျင်ပြီး ဂျာမန်တော်လှန်ရေးကို အမွေဆက်ခံခဲ့ရသည်။ ထိုသို့ဖြစ်ခြင်းသည် ရုရှား၏အကူအညီဖြင့် ဂျာမန်ကောင်စီလှုပ်ရှားမှုကို ချေမှုန်းရာတွင် ကြီးမားသောအစိတ်အပိုင်းအနေဖြင့် အတိုင်းအတာတစ်ခု အထိ ပါဝင်ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်ဟန်ရှိသည်။ ဆိုရှယ်ဒီမိုကရေစီ၏ ရင်ခွင်ထဲသို့ ကျသွားခဲ့သော အာဏာမှာ အသုံးမတည့်ခဲ့ပါ။ ဆိုရှယ်ဒီမိုကရေစီသည် အရင်းရှင်စနစ် ပြန်လည်ထူထောင်ရေးကာလတွင် ဓနရှင်လူတန်းစားနှင့် အလုပ်သမားများကြား အာဏာခွဲဝေပေးခြင်းဖြင့် ၎င်း၏ လူတန်းစားပူးပေါင်းဆောင်ရွက်ရေးမူဝါဒဟောင်းကို ရိုးရှင်းစွာ အသစ်ပြန်လည်ပြင်ဆင်ခဲ့သပြီး ဓနရှင်လူတန်းစားအား ကျေနပ်အားရစေခဲ့သည်။ ဂျာမန်လက်ဝဲစွန်းများသည် “ဤတန်ပြန်တော်လှန်ရေး သစ္စာဖောက်မှုကို အလျှော့မပေးရေး” ဟူသော ဆောင်ပုဒ်ဖြင့် တန်ပြန်ခဲ့သည်။ ဤနေရာတွင် တိကျသေချာသော အခြေအနေတစ်ခု၊ တိကျသော အခြေအနေတစ်ခု၊ ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို လိုအပ်ခဲ့သည်။ လီနင်သည် ပကတိပြဿနာအစစ်အမှန်များကို အသိအမှတ်မပြုနိုင်ခဲ့ပါပဲ ဤတိကျသေချာသောမေးခွန်းများအား ယေဘူယျပြဿနာအဖြစ် ပြောင်းလဲပစ်ခဲ့သည်။
လီနင်သည် စစ်ဗိုလ်ချုပ်တစ်ဦးကဲ့သို့လေသံနှင့် ကာဒီနယ်(ဘာသာရေးခေါင်းဆောင်)တစ်ဦကဲ့သို့ တစ်ဇောက်ကန်းမှုများဖြင့် အခြေအနေအားလုံးအောက်တွင် နိုင်ငံရေးပြိုင်ဘက်များနှင့် အပေးအယူလုပ်သော လက်ဝဲစွန်းများကို တော်လှန်ရေးတာဝန်တစ်ရပ်အဖြစ် စည်းရုံးရန် ကြိုးစားခဲ့သည်။ အကယ်၍ ယနေ့လူတစ်ဦးသည် အပေးအယူများနှင့် ပတ်သက်သည့် လီနင်၏ လက်ကမ်းစာစောင်တွင် ထိုစာပိုဒ်များကို ဖတ်ပါက၊ ၁၉၂၀ ခုနှစ်တွင် လီနင်၏ မှတ်ချက်ကို စတာလင်၏ လက်ရှိ အပေးအယူဝါဒနှင့် နှိုင်းယှဉ်ရန် လိုလားပါလိမ့်မည်။ ဘော်ရှီဗစ်ဝါဒတွင် ဆိုးရွားသော အပြစ်တစ်ခုတည်း ဟူပြီး မရှိပါ။ လီနင်လက်ထက်တွင် ဘော့ရှီဗစ်ဝါဒအဖြစ်မှန် မဖြစ်လာခဲ့ပါ။
လီနင်၏အဆိုအရ လက်ဝဲကွန်မြူနစ်များသည် ဗာဆိုင်းစာချုပ်ကို လက်မှတ်ရေးထိုးရန် ဆန္ဒရှိသင့်သည်။ သို့သော်လည်း လီနင်အလိုအရ ကွန်မြူနစ်ပါတီသည် ဟစ်တလာတို့နှင့် ပူးပေါင်းကာ ဗာဆိုင်းစာချုပ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့သည်။ လက်ဝဲဝါဒီ Laufenberg မှ 1919 ခုနှစ်တွင် ဂျာမနီတွင် ဝါဒဖြန့်ခဲ့သော “National Bolshevism” သည် လီနင်၏အလိုအရ “အဓိပ္ပါယ်မဲ့ ကောင်းကင်ဘုံသို့ ငိုကြွေးခြင်း” ဟု ယူဆခဲ့ပေလိမ့်မည်။ သို့သော် Radek နှင့် ကွန်မြူနစ်ပါတီတို့သည် လီနင်၏မူအရ ဂျာမန်အမျိုးသားရေးဝါဒနှင့် အပေးအယူတစ်ရပ်ကို လုပ်ခဲ့ပြီး Ruhr မြစ်ဝှမ်းကို သိမ်းပိုက်ခြင်းကို ဆန့်ကျင်ကန့်ကွက်ကာ အမျိုးသားသူရဲကောင်း Schlaageter ကို ဂုဏ်ပြုခဲ့သည်။
နိုင်ငံပေါင်းချုပ်အသင်းကြီးသည် လီနင်၏ကိုယ်ပိုင်စကားဖြင့် “အရင်းရှင်ဓားပြများနှင့် ဓားပြများ” များသာဖြစ်သည်။ အဆိုပါ “အရင်းရှင်ဓားပြများနှင့် ဓားပြများ” ဖြစ်သော နိုင်ငံပေါင်းချုပ်အသင်းကြီးအား အလုပ်သမားများသည် ခါးသီစွာအဆုံးအထိ တိုက်ပွဲဝင်နိုင်ခဲ့ကြနိုင်သည်။ သို့သော်လည်း စတာလင်သည် လီနင်၏ နည်းပရိယာယ်များနှင့်အညီ ဤတူညီသောဓားပြများနှင့် အပေးအယူလုပ်ကာ USSR သည် အရင်းရှင်ဓားပြများနှင့် ဓားပြများအသင်းကြီးသို့ ဝင်ရောက်ခဲ့သည်။
“လူထု” သို့မဟုတ် “ပြည်သူ့” ဟူသော အယူအဆသည် ဓနရှင်လူတန်းစား၏ တန်ပြန်တော်လှန်သော အတွေးအခေါ်ကို လိုက်လျောသော ရာဇ၀တ်မှုဖြစ်သည်ဆိုသည်မှာ လီနင်၏ ယူဆချက်ဖြစ်သည်။ ထိုအချက်မှာ လီနင်ဝါဒီများ၊ စတာလင်နှင့် ဒီမီထရော့အား ဓနရှင်ပေါက်စလူတန်းစားနှင့် အပေးအယူလုပ်သော “ပြည်သူ့တပ်ဦး” လှုပ်ရှားမှုကို စတင်ရန် အဟန့်အတား မဖြစ်စေခဲ့။ လီနင်အတွက် နယ်ချဲ့ဝါဒသည် ကမ္ဘာ့လုပ်သားထု၏ အကြီးမားဆုံးရန်သူဖြစ်ပြီး ၎င်းကို ဆန့်ကျင်ရန် အင်အားစုအားလုံးကို စည်းရုံးရမည်ဖြစ်သည်။ သို့သော် လီနင်ဝါဒီအနေဖြင့် အသွင်ယူထားပြန်သော စတာလင်သည် ဟစ်တလာ၏ နယ်ချဲ့ဝါဒနှင့် မဟာမိတ်ဖွဲ့ရန် ပြင်ဆင်ရင်း အတော်လေး အလုပ်များနေသည်။
နောက်ထပ် ဥပမာများပေးရန်လိုအပ်ပါသလား။ တော်လှန်ရေးနှင့် တန်ပြန်တော်လှန်ရေးကြား အပေးအယူအားလုံးသည် တန်ပြန်တော်လှန်ရေးကိုသာ အကျိုးရှိနိုင်သည်ဟု သမိုင်းအတွေ့အကြုံက သွန်သင်သည်။ တော်လှန်ရေး လှုပ်ရှားမှုကြီး ဒေဝါလီခံဖို့သာ ဦးတည်ကြသည်။ အပေးအယူဝါဒအားလုံးသည် တော်လှန်ရေးဒေဝါလီခံရေးမူဝါဒဖြစ်သည်။ ဂျာမန်ဆိုရှယ်ဒီမိုကရေစီနှင့် အပေးအယူမျှသာအဖြစ် စတင်ခဲ့ရာ ဟစ်တလာ၏အဆုံးသတ်ကို တွေ့ရှိခဲ့သည်။ လိုအပ်သော အပေးအယူတစ်ခုအဖြစ် လီနင်က ကာကွယ်ခဲ့သော အရာသည် စတာလင်ဆီသို့ လက်ဆင့်ကမ်းသွားသည်။ တော်လှန်ရေးအား လုံးဝအပေးအယူအလျှော့အတင်းမလုပ်သော လက်ဝဲကွန်မြူနစ်ဝါဒအား “လက်ဝဲသူငယ်နာ” ဟု အမည်တပ်ခဲ့ခြင်းအား ထောက်ဆခြင်းဖြင့် လီနင်သည် ကွန်မြူနစ်အမည်ခံတို့အတွင်း ရေရှည်လှိုက်စားလာသော အချောင်သမားဝါဒအား ခံစားနေရသည်ဟု ဆိုရမည်။
အပိုင်း(၇)
လီနင်၏လက်ကမ်းစာစောင်ပါ ဘိုရှီဗစ်ဝါဒအား ဝိဘဇ္ဇမျက်လုံးဖြင့် သုံးသပ်ကြည့်ပါက အောက်ပါအဓိကအချက်များကို ဘိုရှီဗစ်ဝါဒ၏ဝိသေသလက္ခဏာများအဖြစ် တွေ့ရနိုင်သည်။
၁။ ဘော်ရှီဗစ်ဝါဒသည် အမျိုးသားရေးဝါဒဖြစ်သည်။ မူလသဘောနှင့် အခြေခံအားဖြင့် အမျိုးသားရေးပြဿနာတစ်ရပ်ကို ဖြေရှင်းရန် စိတ်ကူးထားပြီး နောက်ပိုင်းတွင် နိုင်ငံတကာ၏ သီအိုရီနှင့် လက်တွေ့လုပ်ဆောင်မှုအဖြစ် ယေဘုယျသဘောတရားတစ်ခုအနေဖြင့် မြှင့်တင်ခဲ့သည်။ ၎င်း၏ အမျိုးသားရေးဝိသေသသည် ဖိနှိပ်ခံနိုင်ငံများ၏ လွတ်လပ်ရေးကြိုးပမ်းမှုအပေါ် ၎င်းတို့၏ ရပ်တည်ချက်များတွင် ပေါ်လွင်လာသည်။
၂။ ဘော်ရှီဗစ်ဝါဒသည် အထက်မှအောက် အာဏာရှင်ဆန်သည်။ (ဘော်ရှီဗစ်ဝါဒအရ) လူမှုရေးပိရမစ်၏ အထွတ်အထိပ်သည် အရေးကြီးဆုံးနှင့် အဆုံးအဖြတ်ပေးသည့်အချက်ဖြစ်သည်။ အလုံးစုံသော တန်ခိုးရှိသော ပုဂ္ဂိုလ်၌ အခွင့်အာဏာသည် ထင်ရှား၏။ ဘူဇွာစံပြကိုယ်ရည်ကိုယ်သွေးများကို ဒဏ္ဍာရီလာခေါင်းဆောင်အဖြစ် အထွတ်အထိပ်ထားဂုဏ်ပြုကိုးကွယ်သည်။
၃။ ဖွဲ့စည်းမှုနှင့် ပတ်သတ်လျှင် ဘော်ရှီဗစ်ဝါဒ သည် ဗဟိုထိန်းချုပ်မှုအပေါ် အခြေပြုသည်။ ဗဟိုကော်မတီတွင် အစပျိုးမှု၊ ဦးဆောင်မှု၊ ညွှန်ကြားချက်၊ အမိန့်များအားလုံးအတွက် တာဝန်ရှိသည်။ ဘူဇွာ(ဓနရှင်)နိုင်ငံများကဲ့သို့ပင် အဖွဲ့အစည်း၏ ဦးဆောင်အဖွဲ့ဝင်များသည် ဓနရှင်လူတန်းစား၏ အခန်းကဏ္ဍမှ ပါဝင်ကြသည်။ အလုပ်သမားများ၏ တစ်ခုတည်းသောတာဝန်မှာ အမိန့်နာခံရန်ဖြစ်သည်။
၄။ ဘော်ရှီဗစ်ဝါဒသည် စစ်သွေးကြွများ၏ အာဏာမူဝါဒကို ကိုယ်စားပြုသည်။ နိုင်ငံရေးအာဏာကို သီးသန့်စိတ်ဝင်စားသည်၊ ၎င်းသည် သာမန်ဘူဇွာ(ဓနရှင်) အုပ်ချုပ်မှုပုံစံများနှင့် ကွာခြားမှုမရှိပါ။ အဖွဲ့အစည်းအတွင်း၌ပင် အဖွဲ့ဝင်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိပေ။ တပ်မတော်သည် ပါတီ၏ စံနမူနာပြကြီးအဖြစ် ဆောင်ရွက်သည်။
၅။ ဘော်ရှီဗစ်ဝါဒသည် အာဏာရှင်စနစ်ဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သောအင်အားနှင့် အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်ခြင်းဖြင့် ၎င်းသည် ဘော်ရှီဗစ်ဟုတ်သော အဖွဲ့အစည်းအားလုံးနှင့် ထင်မြင်ယူဆချက်များကို နှိပ်ကွပ်သည်။ ၎င်း၏ “ပစ္စည်းမဲ့အာဏာရှင်စနစ်” သည် ဗျူရိုကရေစီ သို့မဟုတ် လူတစ်ဦးတစ်ယောက်၏ အာဏာရှင်စနစ်ဖြစ်သည်။
၆။ ဘော်ရှီဗစ်ဝါဒသည် စက်ယန္တရားနည်းလမ်းတစ်ခုဖြစ်သည်။ ၎င်းသည် အလိုအလျောက် ပူးပေါင်းညှိနှိုင်းမှု၊ နည်းပညာအရ လုံခြုံသော ညီညွတ်မှုနှင့် လူမှုရေးဆိုင်ရာ စည်းမျဥ်းမှုပန်းတိုင်များဖြင့် အထိရောက်ဆုံးသော အာဏာရှင်ဝါဒကို ရည်ရွယ်သည်။ ဗဟိုချုပ်ကိုင်မှုဖြင့် “စီစဉ်ထားသော” စီးပွားရေးသည် လူမှုစီးပွားမေးခွန်းများဖြင့် နည်းပညာဆိုင်ရာ အဖွဲ့အစည်းဆိုင်ရာ ပြဿနာများကို ရှုပ်ထွေးစေသည်။
၇။ ဘော်ရှီဗစ်ဝါဒ၏ လူမှုဖွဲ့စည်းပုံသည် ဘူဇွာသဘောသဘာဝဖြစ်သည်။ ၎င်းသည် လုပ်အားခစနစ်အား ဖျက်သိမ်းခြင်းမရှိသည့်အပြင် ထုတ်ကုန်များနှင့်ပတ်သက်ပြီး အလုပ်သမားများအား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မပြုပေ။ ၎င်းသည် ဘူဇွာလူတန်းစား၏ လူမှုအစီအစဥ်ဘောင်အတွင်း အခြေခံအားဖြင့် တည်ရှိနေပါသည်။ အရင်းရှင်စနစ်သည် (ဘော်ရှီဗစ်ဝါဒအတွင်း) ဗိုလ်နေမြဲ ကျားနေမြဲပင်။
၈။ ဘော်ရှီဗစ်ဝါဒသည် ဘူဇွာတော်လှန်ရေး၏ ပုံသဏ္ဍာန်ဖြင့်သာ တော်လှန်ရေးဒြပ်စင်တစ်ခုဖြစ်သည်။ ဆိုဗီယက်စနစ်ကို နားမလည်နိုင်ပါက ဘူဇွာလူ့အဖွဲ့အစည်းနှင့် ၎င်း၏စီးပွားရေးကို အခြေခံအားဖြင့် အသွင်မပြောင်းနိုင်ပါ။ ဘော်ရှီဗစ်ဝါဒ ဆိုရှယ်လစ်စနစ်မဟုတ်ဘဲ နိုင်ငံတော်အရင်းရှင်စနစ်ကို ထူထောင်သည်။
၉။ ဘော်ရှီဗစ်ဝါဒသည် နောက်ဆုံးတွင် ဆိုရှယ်လစ်လူ့အဖွဲ့အစည်းသို့ ဦးတည်သော တံတားမဟုတ်ပါ။ ဆိုဗီယက်စနစ်မရှိဘဲ၊ လူနှင့်အရာဝတ္ထုများ၏ အစွန်းရောက်တော်လှန်ရေးမရှိဘဲ၊ ဆိုဗီယက်စနစ်မရှိဘဲ၊ လူနှင့်အရာဝတ္ထုများ၏ အစွန်းရောက်တော်လှန်ရေးမရှိဘဲ ဆိုရှယ်လစ်စနစ်တောင်းဆိုမှုအားလုံး၏ မရှိမဖြစ်လိုအပ်သော “မိမိကိုယ်ကို ကင်းကွာစေခြင်း ကဲ့သို့သော အရာများကို ဖယ်ကြဉ်၊ အဆုံးသတ်ခြင်း” အား ဖြည့်ဆည်းမပေးနိုင်ပါ။ ၎င်းသည် ဘူဇွာလူ့အဖွဲ့အစည်း၏ နောက်ဆုံးအဆင့်ကို ကိုယ်စားပြုပြီး လူ့ဘောင်သစ်ဆီသို့ ပထမဆုံးခြေလှမ်းမဟုတ်ပါ။
ဤအချက် ကိုးချက်သည် ဘိုရှီဗစ်ဝါဒနှင့် ဆိုရှယ်လစ်စနစ်အကြား ပေါင်းကူးမရနိုင်သော ဆန့်ကျင်မှုကို ကိုယ်စားပြုသည်။ ၎င်းတို့သည် ဘိုရှီဗစ်လှုပ်ရှားမှု၏ ဘူဇွာဇာတ်ကောင်စရိုက်၊ ဖက်ဆစ်ဝါဒနှင့် နီးကပ်သော ဆက်ဆံရေးကို ရှင်းလင်းပြတ်သားစွာ သရုပ်ပြကြသည်။ အမျိုးသားရေးဝါဒ၊ အာဏာရှင်စနစ်၊ ဗဟိုဝါဒ၊ ခေါင်းဆောင်အာဏာရှင်စနစ်၊ အာဏာမူဝါဒများ၊ အကြမ်းဖက်အုပ်ချုပ်မှု၊ စက်ယန္တရားဒိုင်းနမစ်၊ ပေါင်းသင်းဆက်ဆံနိုင်စွမ်းမရှိခြင်း စသော ဖက်ဆစ်ဝါဒ၏ မရှိမဖြစ်ဝိသေသလက္ခဏာများ အားလုံးသည် ဘိုရှီဗစ်ဝါဒတွင် တည်ရှိနေပါသည်။ ဖက်ဆစ်ဝါဒသည် ဘိုရှီဗစ်ဝါဒ၏ မိတ္တူတစ်ခုမျှသာဖြစ်သည်။ ထို့အတွက်ကြောင့် ၄င်းတို့အတွင်းမှ တစ်ခုအား ဆန့်ကျင်တိုက်ခိုက်ခြင်းသည် နောက်တစ်ဖက်ကို တွန်းလှန်ခြင်းမှ စတင်ရမည်ဖြစ်သည်။ (ဖက်ဆစ်ဝါဒအား ဆန့်ကျင်တိုက်ခိုက်ခြင်းသည် ဘော်ရှီဗစ်ဝါဒအား တွန်းလှန်ခြင်းမှ စတင်ရမည်ဖြစ်သည်)