Vieria
မျက်မောက်ခေတ်၏ လူတန်းစားပရိမစ်နှင့် လက်မဲကြီး
မြေရှင်ပဒေသရာဇ်ခေတ် သို့မဟုတ် ယခင်အတိတ်က အခြားအုပ်ချုပ်မှုစနစ်တွေရဲ့ လူ့အဖွဲ့အစည်းလှေကားကို ပြန်ကြည့်မယ်ဆိုရင် မင်းမျိုးမင်းနွယ်၊ အထက်တန်းလွှာ၊ စာရေး၊ ကုန်သည်၊ မြေကျွန် ဆိုပြီးတော့ ပိရမစ်ပုံစံ အဆင့်ဆင့်ခွဲထားတာကို တွေ့ရတယ်။ Karl Marx က လူ့အဖွဲ့အစည်းကို Infrastructure (အခြေခံအအောက်အအုံ) နဲ့ Superstructure (အပေါ်ထပ်အဆောက်အအုံ) တို့က မောင်းနှင်အုပ်ချုပ်နေတယ်လို့ ဆိုခဲ့တယ်။ လူတွေရဲ့ means of production (ကုန်ထုတ်လုပ်မှုစနစ်)က လူ့အဖွဲ့အစည်းရဲ့ အခြေခံလိုအပ်ချက်ဖြစ်ပြီးတော့ အဲ့ဒီ ရုပ်ဝတ္ထုပစ္စည်းတွေကို ဗဟိုပြုပြီးတော့မှ အပေါ်က လွှမ်းမိုးထားတဲ့ superstructure တွေဖြစ်တဲ့ ဘာသာရေး၊ အိုင်ဒီယောလိုဂျီ ၊ ပညာရေးနဲ့ အခြား တိုင်းပြည်ရဲ့ ဖွဲ့စည်းမှုတွေက အခြေတည်ဖြစ်ပေါ်လာရတယ်။ ဒါဟာ သမိုင်းဆိုင်ရာ ရုပ်ဝါဒစနစ်ဖြစ်ပါတယ်။
လူသားတွေက ရုပ်ဝတ္ထုပစ္စည်းတွေကို ယုံကြည်သက်ဝင်ကြတဲ့အတွက်ကြောင့်သာ ရုပ်ဝတ္တုပစ္စည်းတွေက အရေးပါလာရတယ်ဆိုတာကို သမိုင်းက ကျွန်တော်တို့ကို သင်ပြပေးခဲ့တယ်။ လူ့အဖွဲ့အစည်းအတွင်းမှာရှိတဲ့ အဖြစ်အပျက်တွေအပေါ်မှာ ရုပ်ဝတ္ထုပစ္စည်းရဲ့ လွှမ်းမိုးသက်ရောက်မှုက အတော်ကို ကြီးမားပါတယ်။ ပုံမှာပြထားတဲ့ ပိရမစ်တည်ဆောက်ပုံအရဆိုရင် materialism (ရုပ်ဝတ္ထုပစ္စည်းဝါဒ)က ပိရမစ်ရဲ့ထိပ်ဆုံးအပေါ်စီးမှာ ရှိနေပြီးတော့ အားလုံးကို ထိန်းချုပ်ထားပါတယ်။ သူ့ရဲ့အောက်မှာတော့ ကော်ပိုရိတ်လုပ်ငန်းစုကြီးတွေရှိတယ်။ သူတို့ရဲ့အောက်မှာမှ government အစိုးရရှိပြီးတော့ people လူတွေကတော့ အောက်ဆုံးမှာ အပေါ်ကသူတွေရဲ့ ချုပ်ကိုင်မှုကို ခံရပြီး သူတို့ရဲ့ လိုအပ်မှုတွေကို ဖြည့်ဆည်းဖို့ အလုပ်လုပ်နေကြရပါတယ်။
ဒီနေရာမှာ Government အစိုးရဆိုတာ အစိုးရရုံးတွေဖြစ်တဲ့ လွှတ်တော်၊ သမ္မတရုံးနဲ့ တရားခုံရုံးတွေက လူတွေကို ဆိုလိုပါတယ်။ သီအိုရီအရပြောရမယ်ဆိုရင် နိုင်ငံတော်(state) မှာ အဓိကပါဝင်နေတဲ့ စက်သွားတွေက သမ္မတရုံးတွေ၊ လွှတ်တော်တွေ၊ တရားရုံးတွေမှာ လုပ်နေတဲ့သူတွေဖြစ်တယ်ဆိုပေမယ့် မျက်မှောက်ခေတ်မှာတော့ လူတွေက နိုင်ငံရေးသမားတွေကိုသာ နိုင်ငံတော် (state) ရဲ့ မျက်နှာဖုံးအနေနဲ့ မြင်ကြပါတယ်။
တကယ်တော့ ယနေ့ခေတ်ရဲ့ နိုင်ငံတော်( state) ဟာ အရင်ခေတ်တွေနဲ့မတူတော့ပဲနဲ့ အဆမတန်ကြီးထွားလာနေတဲ့ သက်ရှိသတ္တဝါတစ်ကောင်ဖြစ်လာတယ်။ ယခုအချိန်မှာနိုင်ငံတော်( State )ကို ဘယ်သူက ချုပ်ကိုင်ထားလဲကြည့်မယ်ဆိုရင် အမှောင်ထဲက မမြင်နိုင်တဲ့ လက်မည်းကြီးတစ်စုံက ချုပ်ကိုင်ထားတယ်လို့ပြောရမှာပဲဖြစ်တယ်။ အာဏာ(power) ဟာ နိုင်ငံတော် (state) အတွင်းမှာရှိနေတဲ့ လွှတ်တော်၊ တရားရုံးတို့လို အင်စတီကျူးရှင်းတွေမှာမရှိသလို နိုင်ငံရေးသမားတွေမှာလည်း မရှိပဲနဲ့ လူတွေ မမြင်ရ၊ မသိရတဲ့ အပြင်ဘက်က လူတစ်စုရဲ့ လက်ထဲမှာရှိနေတာပဲဖြစ်တယ်။ အဲဒီလူတွေက မီဒီယာ ကုမ္ပဏီကြီးတွေ၊ နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေ စတဲ့ ကော်ပိုရိတ်အရင်းရှင်လုပ်ငန်းစုကြီးတွေကိုပိုင်တဲ့ လူတစ်စုဖြစ်ပြီး ကမ္ဘာ့ငွေကြေးစနစ်ကို အသုံးပြုပြီးတော့ သူတို့ရဲ့ အကျိုးစီးပွားအတွက် ရှိသမျှလူတွေနဲ့ အရာအားလုံးကို ထိန်းချုပ်ထားတာဖြစ်တယ်။ အဲဒီကော်ပိုရိတ်လူတစ်စုက နိုင်ငံရေးပါတီတွေရဲ့ အတုအယောင် ဒီမိုကရေစီစနစ်ကို အသုံးချပြီး သူတို့အကျိုးစီးပွားအတွက် ကိုက်ညီမှုမရှိတဲ့သူတွေကို စည်းရုံးသိမ်းသွင်းခြင်းဖြင့်သော်လည်းကောင်း ငွေကြေးဖြင့်ထိန်းချုပ်အကျပ်ကိုင်ခြင်းဖြင့်လည်းကောင်း ဖယ်ထုတ်ပြီးတော့ အာဏာကိုကိုင်စွဲထားကြတယ်။
ဒါဆိုရင် ကော်ပိုရိတ်လူတစ်စုကိုရော ဘယ်သူက ဘယ်အရာက ထိန်းချုပ်ထားတာလဲ။ ကော်ပိုရိတ်တွေကိုလဲ သူတို့ကချုပ်ကိုင်ထားတဲ့ လူ့အဖွဲ့အစည်းထဲကသူတွေအားလုံးလိုပဲ ဘုံရည်ရွယ်ချက်တစ်ခုကနေ မောင်းနှင်ချုပ်ကိုင်ထားပါတယ်။ အားလုံးကို အုပ်စိုးနေတာက
“capital” (ငွေအရင်း) ပဲဖြစ်တယ်။ ဒီအရာက လူတွေရဲ့ အတွေးအခေါ်တွေနဲ့ ယုံကြည်သက်ဝင်မှုတွေက တစ်စုံတစ်ခုရဲ့ အာဏာသက်ရောက်မှုအနိမ့်အမြင့်တွေကို ဖြစ်စေတယ်။ ဒီလိုပဲ ရုပ်ဝတ္ထုဝါဒက လူတွေ အယုံကြည်ဆုံး၊ သူတို့ရဲ့ စိတ်တွေကိုလည်း ရုပ်ဝတ္ထု၊ပိုက်ဆံတွေကပဲ လွှမ်းမိုးထားနိုင်ဆုံးဆိုရင် တကယ်
အာဏာ( power) ရှိတာက ငွေနဲ့ရုပ်ဝတ္ထုပစ္စည်းတွေပဲဖြစ်တယ်။
လူတန်းစားပိရမစ် ရဲ့ထိပ်ဆုံးမှာ လူတွေကို အုပ်ချုပ်နေတဲ့ အယူအဆ (တနည်းအားဖြင့် လူတွေအပေါ် လွှမ်းမိုးကြီးစိုးနေတဲ့ ယုံကြည်မှု) က နေရာယူထားတယ်။ အဲဒီနေရာမှာ သမိုင်းတစ်လျှောက် ဘာသာရေးဆိုင်ရာနဲ့ အိုင်ဒီယိုလိုဂျီပိုင်းဆိုင်ရာ ကွဲလွဲမှုများစွာ ဖြစ်ခဲ့တယ်။ လူတွေရဲ့ ယုံကြည်မှုကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့အရာက လူ့အဖွဲ့အစည်းရဲ့ တည်ဆောက်မှုပုံစံကိုလည်း ချုပ်ကိုင်ထားနိုင်တယ်။
ရှေးခေတ်အခါက တိုင်းပြည်တွေမှာ လူ့အဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုဒီဂရီကို ယဉ်ကျေးမှု ဒါမှမဟုတ် ဘာသာရေး ဘယ်လောက်ထွန်းကားလဲဆိုတာကို မူတည်ပြီး ဆုံးဖြတ်ကြတယ်။ မြင့်မားတဲ့ ဘုရားရှိခိုးကျောင်း (cathedrals) များစွာ ဆောက်လုပ်ထားတာကိုကြည့်ခြင်းအားဖြင့် ခရစ်ယာန်ဘာသာက ထိုခေတ်အခါက လူ့အဖွဲ့အစည်းနဲ့ လူတွေကို အုပ်စိုးလွှမ်းမိုးခဲ့တဲ့ အယူအဆတစ်ရပ်ဖြစ်ခဲ့တယ်ဆိုတာကို သိမြင်နိုင်ပါတယ်။
ဒီဘက်ခေတ်မှာတော့ ရုပ်ဝတ္ထုတွေကို ဘုရားသခင်အနေနဲ့ ယုံကြည်ပုံအပ်ထားတဲ့အတွက် နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို GDP (ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု), ချမ်းသာကြွယ်ဝမှုနှုန်း၊ ငွေကြေးဖောင်းပွမှုနှုန်းနဲ့ လူတွေရဲ့ ငွေကြေးဥစ္စာတွေနဲ့နေထိုင်နိုင်မှုဘယ်လောက်ရှိလဲဆိုတာကို ကြည့်ပြီး တိုင်းတာကြပါတယ်။ ဒါကြောင့် အနောက်နိုင်ငံတွေက အကြီးဆုံးအဆောက်အအုံဖြစ်တဲ့ World Trade Center လိုမျိုး အထပ်မြင့်ကော်ပိုရိတ်အဆောက်အအုံကြီးတွေက ယနေ့ခေတ် business ကမ္ဘာလောကကြီးရဲ့ ပြယုဂ်တွေဖြစ်ပြီးတော့ ရုပ်ဝတ္ထု၊ငွေရရှိဖို့ ကြိုးပမ်းနေကြတဲ့ စီးပွားရေးလုပ်ငန်းတွေကပဲ လူ့အဖွဲ့အစည်းကို မောင်းနှင်နေတာကို တွေ့ရတယ်။ commodity ေရာင်းတန်ဝင်ကုန်ပစ္စည်းတွေကို တပ်မက်တဲ့စိတ်က သဘာဝအလှတရား ခံစားဖို့ မေ့လျော့စေလောက်တဲ့အထိ ဒီနေ့ခေတ်ရဲ့ ရုပ်ဝတ္ထုလောကကြီးကို တွေ့မြင်နေရပါတယ်။
အတိတ်နဲ့ မျက်မှောက်ခေတ်ကို နှိုင်းယှဉ်ပြီးကြည့်ကြည့်မယ်ဆိုရင် လူတွေက ကြီးမြတ်တဲ့ ဘုရားသခင်နဲ့ ကျောင်းတော်ရဲ့ အယူဝါဒကို ယုံကြည်ခဲ့ကြတဲ့အခါတုန်းက ဘာသာရေးဟာ လူတန်းစားပရိမစ် ရဲ့ ထိပ်ဆုံးမှာရှိနေခဲ့တယ်။ ဒါကြောင့် ဘုရင်တွေက တိုင်းပြည်ကို အုပ်စိုးရမယ်လို့ ခရစ်ယာန်ဘုန်းကြီးတွေက ပညတ်တဲ့အခါ အားလုံးက တစ်သွေမသိမ်းလိုက်နာလက်ခံကြတယ်။ ဒါပေမဲ့ ငါတို့အားလုံးဟာ အတူတူပဲဆိုတာ ယုံကြည်ခဲ့ကြရင်တော့ အဲ့ဒီအကြောင်းပြချက်ကို ဘယ်သူကမှ လက်ခံကြမှာမဟုတ်ပါဘူး။ ယနေ့ ရုပ်ဝါဒခေတ်မှာတော့ ကျွန်တော်တို့တွေရဲ့ ယုံကြည်တဲ့အယူအဆက ရုပ်ဝတ္ထုပစ္စည်းသာ
ဖြစ်ပြီးတော့ ပိုက်ဆံကိုသာ ယုံကြည်တန်ဖိုးထားလာကြတဲ့အခါမှာ ဒီရုပ်ဝတ္ထုနဲ့ပိုက်ဆံကို ထိန်းချုပ်သူတွေက ကမ္ဘာကြီးနဲ့လူ့အဖွဲ့အစည်းကို ချုပ်ကိုင်အုပ်စိုးလာမယ်ဆိုတာ မလွဲပါပဲ။
ဒါဆိုရင် လက်ရှိလူ့အဖွဲ့အစည်းအလုပ်လုပ်လည်ပတ်နေပုံကို ကြည့်ကြရအောင်။ ဗဟိုဘဏ်တွေက money supply ကို ချုပ်ကိုင်ထားတဲ့အတွက် စနစ်မှာ အမြင့်ဆုံးဖြစ်တယ်။ နိုင်ငံအစိုးရတွေက အစိုးရဌာနတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ ရဲဌာန၊ စစ်တပ်နဲ့ အခြား ပြည်သူ့အုပ်ချုပ်ရေး ယန္တာရားကြီးလည်ပတ်နိုင်ဖို့ လိုအပ်တဲ့ငွေကြေးအတွက် sovereign bonds တွေကို နိုင်ငံတကာက international banking တွေကို ရောင်းကြတယ်။ bonds တွေကနေ ပိုက်ဆံမရဘူးဆိုရင် အစိုးရဝန်ထမ်းတွေကို လခမပေးနိုင်တဲ့အတွက် လခပိုက်ဆံမရတဲ့အခါ လူတွေကလည်း အလုပ်မလုပ်နိုင်ဘူး။ ဒီလိုနဲ့ နိုင်ငံတကာကော်ပိုရိတ် ဘဏ်လုပ်ငန်းကြီးတွေက နိုင်ငံတွေရဲ့ နိုင်ငံရေးသမား တွေကို သွယ်ဝိုက်တဲ့နည်းနဲ့ ထိန်းချုပ်ထားတယ်။
တစ်ဖက်မှာလည်း နိုင်ငံရေးသမား တွေကို တိုက်ရိုက်ထိန်းချုပ်ထားတာကိုတွေ့ရတယ်။ ကော်ပိုရိတ်တွေက သူတို့ရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီမယ့် နိုင်ငံရေးသမားတွေကို ရွေးကောက်ပွဲမဲဆွယ်တဲ့ ကမ်ပိန်းတွေလုပ်ဖို့ ငွေကြေးထောက်ပံ့ပေးတယ်၊ မီဒီယာတွေကို ပိုက်ဆံပေးပြီးတော့ သတင်းတွေရေးခိုင်းတယ်၊ တိုက်ရိုက်လာဘ်ထိုးတာတွေရှိတယ်၊ သူတို့ရဲ့ ကိုယ်ကျိုးစီးပွား နဲ့ အဆင်ပြေလောက်မယ့် နိုင်ငံရေးသမား တွေရပ်တည်မှုအဆင်ပြေလွယ်ကူစေဖို့ နောက်ကွယ်ကနေပံ့ပိုးပေးကြတယ်။ တစ်ခါတစ်ရံ နိုင်ငံရေးသမား တွေကိုယ်တိုင်ကိုက ကော်ပိုရိတ်တွေ၊ elite တွေရဲ့ အကျိုးစီးပွားကိုပဲ ကြည့်ကြတာရှိတဲ့အခါမျိုးမှာလည်း နိုင်ငံရေးနဲ့ နိုင်ငံတော် ကို ကော်ပိုရိတ်တွေရဲ့ တိုက်ရိုက်ပါဝင်ချုပ်ကိုင်တာကို တွေ့ရတယ်။
ဒါပေမယ့် ရုပ်ဝါဒယုံကြည်မှုစနစ်မှာလည်း အခြားစနစ်တွေလိုပဲ ဟာကွက်တွေရှိတယ်။ ငွေဆိုတဲ့ အရာက လူ့အဖွဲ့အစည်းပိရမစ်ရဲ့ ထိပ်ဆုံးမှာရှိတဲ့အတွက် ငွေကြေးပမာဏအများအပြားကို ပိုင်ဆိုင်တဲ့ဘယ်သူမဆို ပိရမစ်ရဲ့ အမြင့်ကိုရောက်သွားမှာပဲ။ လူတွေကလည်း ကော်ပိုရိတ်တွေကို အကြောင်းမဲ့သက်သက် သစ္စာရှိယုံကြည်နေတာမဟုတ်ပါဘူး။ ငွေကိုသာ ယုံကြည်ကြတာဖြစ်တယ်။ ပိုက်ဆံပေးနိုင်တဲ့သူက သူလိုချင်တဲ့ အထောက်အပံ့၊ အကျိုးစီးပွားမှန်သမျှရမှာပဲ။ ဒါကြောင့် နိုင်ငံတကာ ကော်ပိုရိတ်ကြီးတွေက သိမ်မွေ့ပါးနပ်တဲ့ mechanism နှစ်မျိုးနဲ့ ငွေအမြောက်အမြားကို လက်ဝါးကြီးအုပ်ချုပ်ကိုင်နေကြတယ်။
Direct နဲ့ indirect clientelism လို့ခေါ်တဲ့ နည်းလမ်း နှစ်မျိုးကို အသုံးပြုကြတယ်။ direct clientelism ဆိုတာက နိုင်ငံတော် ရဲ့ အာဏာ ကိုအသုံးပြုပြီးတော့ ကော်ပိုရိတ်လူတစ်စုရဲ့လုပ်ငန်းတွေကို အဆင်ပြေစေမယ့် ဥပဒေတွေကိုချမှတ်စေခြင်းဖြင့် အခြားစီးပွားပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်စရာမလိုလောက်အောင်ကို အခွင့်ထူးတွေနဲ့ ငွေဝင်ပေါက်တွေရလာတဲ့ နည်းလမ်းဖြစ်တယ်။ သူတို့အသုံးချနေတဲ့ ဥပဒေက သူတို့အတွက်တော့ ယုံတမ်းပုံပြင်မျှသာရှိပြီးတော့ လိုက်နာခြင်းမရှိ၊ သက်ရောက်မှုမရှိပေမယ့် ခင်ဗျားတို့လို၊ ကျွန်တော်တို့လို ပိရမစ်အောက်ဆုံးကလူတွေကတော့ ဥပဒေချိုးဖောက်မှုနဲ့ တရားစွဲတာမခံချင်တဲ့အတွက် ဥပဒေတွေကို လိုက်နာနေကြရတယ်။ ဥပဒေက ကော်ပိုရိတ်တွေပေါ်မှာ သက်ရောက်မှုမရှိ၊ ကျွန်တော်တို့ပေါ်မှာပဲ သက်ရောက်မှုရှိတယ်။
Indirect clientelism ဆိုတာကတော့ credit (ချေးငွေစနစ်နဲ့) ဘဏ်မှာအပ်ထားတဲ့ လူတွေရဲ့ ပိုက်ဆံတွေကို ယူပြီး သူတို့ရဲ့လုပ်ငန်းတွေတိုးပွားလာအောင် အသုံးပြုတဲ့နည်းလမ်းဖြစ်တယ်။ လက်ရှိဘဏ်တွေရဲ့စနစ်ကိုရှင်းပြရမယ်ဆိုရင် လူတွေရဲ့ စာရင်းသေအနေနဲ့ အပ်ထားတဲ့ပိုက်ဆံတွေကို ဘဏ်တွေက ကော်ပိုရိတ်တွေကို ချေးလိုက်တဲ့အခါမှာ ကော်ပိုရိတ်တွေရဲ့ စီးပွားရေးလုပ်ငန်းလည်ပတ်မှုစနစ် ပိုမိုအားကောင်းလာပြီးတော့ လုပ်ငန်းတွေပိုမိုတိုးချဲ့ပြီး ကြီးမားလာကြတယ်။ လူအားလုံး၊ ကုမ္ပဏီအားလုံးကို တန်းတူညီမျှ ပိုက်ဆံတွေမျှချေးလိုက်မယ်ဆိုရင် ငွေကြေးဖောင်းပွမှုတွေဖြစ်လာနိုင်ပြီး ပိုက်ဆံဆိုတာ အမြဲတမ်း တစ်ဖက်ဖက်ကနေ လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားရမှာဖြစ်တဲ့အတွက် ဘဏ်တွေကလည်း ကော်ပိုရိတ်တွေကိုသာ ပိုက်ဆံတွေထုတ်ပေးကြတာဖြစ်တယ်။ ဒီလိုနည်းနဲ့ ကော်ပိုရိတ်တွေက ပြိုင်ဘက်ကင်းတဲ့လုပ်ငန်းစုကြီးတွေဖြစ်လာပြီး ပိရမစ်အထက်ပိုင်းကိုရောက်လာခြင်းဖြစ်တယ်။
ကော်ပိုရိတ်အားလုံးကို စူးစမ်းလေ့လာကြည့်မယ်ဆိုရင် တစ်နည်းမဟုတ် တစ်နည်းဘဏ်တွေရဲ့ ချေးငွေနဲ့ မကင်းတာကိုတွေ့ရတယ်။ လုပ်ငန်း scale က အတော်ကြီးတဲ့အတွက် ပိုက်ဆံတွေအများကြီးထည့်ထားရတာဖြစ်ပြီး လုပ်ငန်းရဲ့ real growth ဖြစ်နိုင်၊မဖြစ်နိုင်ကို လျှော့တွက်ထားကြတဲ့အတွက် မအောင်မြင်တဲ့အခါ အကြွေးပြန်မဆပ်နိုင်ပဲ စီးပွားပျက်ကပ်ဆိုက်တဲ့အခြေအနေအထိ ဖြစ်လာတာတွေရှိတယ်။ စီးပွားရေးကျဆင်းချိန်(recession) ဖြစ်လာပြီဆိုရင် ဘဏ်မှာငွေအပ်ထားတဲ့ လူတွေရော၊ ကော်ပိုရိတ်တွေကို ထောက်ခံပံ့ပိုးပေးထားတဲ့ နိုင်ငံရေးသမား တွေရဲ့ ပုံရိပ် (image) နဲ့ credibility (ယုံကြည်မှု) အပေါ်မှာရော သက်ရောက်မှုရှိတယ်။
ဒီလိုအခြေအနေမှာ ပါတီ နိုင်ငံရေးကို လူတွေပြန်လည်ယုံကြည်လာအောင် အပြောင်းအလဲကိုလုပ်ဆောင်မဲ့နိုင်ငံရေးသမားအသစ်တွေ ထွက်လာမယ်၊ တစ်ဖက်မှာလည်း ဗဟိုဘဏ်ကနေ ပုဂ္ဂလိကဘဏ်တွေရဲ့ အကြွေးတင်နေတဲ့ financial asset တွေကို ဝယ်ယူပြီးတော့ ပြန်လည်လည်ပတ်စေတယ်။
ဘဏ်တွေကလည်း ကော်ပိုရိတ်တွေကို အရင်ကထက်များတဲ့ credit နဲ့ ချေးငွေထုတ်ပေးခြင်းဖြင့် သံသရာလည်နေတယ်။ အဲဒီလိုနဲ့ ကော်ပိုရိတ်တွေရဲ့ လက်ထဲမှာ capital (အရင်းငွေ) က စုပုံလာတယ်။ ငွေရင်းငွေပင်း တွေများလာတာနဲ့အမျှ သူတို့တွေရဲ့ အာဏာဟာလည်း ကြီးထွားလာတယ်။
အခုဆိုရင် Facebook နဲ့ Microsoft တို့လို ကုမ္ပဏီကြီးတွေနဲ့ သူတို့ပြိုင်လို့မရတဲ့ ကုမ္ပဏီတွေဖြစ်တဲ့ ဥပမာ နည်းပညာအသစ်ထုတ်လုပ်နိုင်တဲ့ ကုမ္ပဏီတွေကို သူတို့ရဲ့လက်အောက်ကို ရောက်အောင် ဝယ်ယူလာကြပြီးတော့ လုပ်ငန်းတွေက ကြီးသထက်ကြီးလာတာကို တွေ့ရမှာဖြစ်တယ်။
အပေါ်မှာဖော်ပြခဲ့တဲ့ mechanism တွေကို အသုံးပြုပြီး ကော်ပိုရိတ်တွေက အစိုးရ၊ ဘဏ်၊ မီဒီယာ၊ စက်ရုံတွေ နဲ့ ဗျူရိုကရေစီ ယန္တရားအားလုံးကို ထိန်းချုပ်လာတယ်။ World Bank ၊ IMF နဲ့ credit rating agencies တို့လို့ institution ကြီးတွေအပေါ်မှာပါ အာဏာလွှမ်းနိုင်တဲ့အတွက် စီးပွားရေးဖွံ့ဖြိုးမှုနိမ့်ကျတဲ့ least developed နိုင်ငံတွေကို သူတို့တောင်းဆိုတဲ့ အချက်တွေကို လိုက်လျောစေခြင်းအားဖြင့် ပိုက်ဆံချေးပြီးတော့ ပြန်မဆပ်နိုင်တဲ့အခါ အတိုးနှုန်းတွေအဆမတန်မြင့်ပြီးတော့ နိုင်ငံတစ်ခုလုံးရဲ့ စီးပွားရေးကို ဝါးမြိုလိုက်ကြတယ်။
နိဂုံးချုပ်ရမယ်ဆိုရင်တော့ နိုင်ငံတော်ရဲ့ ဥပဒေတွေ၊ ပြည်သူ့ကျင့်ဝတ်တွေဆိုတာ ကော်ပိုရိတ်တွေအတွက်တော့ စီးပွားရေးပဲဖြစ်တယ်။ သူတို့က နိုင်ငံတော် ကို ပိုပြီးရောင်းနိုင်လေလေ နိုင်ငံတော် က ဥပဒေတွေပိုထုတ်လေလေ ပြည်သူလူထုကို ပိုပြီးထိန်းချုပ်နိုင်လေလေပဲ။ လူ့အဖွဲ့အစည်းက အမြဲတမ်း လူတစ်စုရဲ့ ထိန်းချုပ်မှုအောက်မှာရှိတယ်ဆိုတာကို သမိုင်းအဖြစ်အပျက်တွေက ပြသနေသလို ကမ္ဘာ့စီးပွားရေးကိုကြည့်လိုက်တဲ့အခါမှာလည်း အလားတူပဲ ကော်ပိုရိတ်လူတစ်စုက ထိန်းချုပ်နေတာကို ဖော်ပြနေပါတယ်။ ဒါပေမယ့် ဒီလိုမျိုးတွေဖြစ်လာရတာက conspiracy theory အရ ဒီလူတစ်စုက တမင်တကာ ကြိုတင်အကွက်ချလုပ်ဆောင်ကြတာမဟုတ်ပဲနဲ့ Inertia ( အီနားရှားသဘောတရား)အရ လူအားလုံးက ရုပ်ဝတ္ထုနဲ့ ငွေပိုက်ဆံနောက်ကိုပဲလိုက်ကြတဲ့အခါ သူတို့အားလုံးရဲ့ အတွေးအမြင်၊လုပ်ဆောင်ချက်အားလုံးက အလိုအလျောက် လိုက်လျောညီထွေဖြစ်လာကြတာဖြစ်တယ်။ ဒီလိုမျိုးအခြေအနေကို Adam Smith က အောက်ပါအတိုင်းရှင်းပြခဲ့တယ်။
“လူတစ်ယောက်ချင်းစီတိုင်းက လူ့အဖွဲ့အစည်းရဲ့ revenue (ဝင်ငွေ)အတွက် မဖြစ်မနေကို အစွမ်းကုန် ကြိုးစားပြီး အလုပ်လုပ်နေကြတယ်။ လူတွေက လူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားကိုအထောက်အပံ့ပြုချင်တဲ့အတွက် လုပ်နေတာမဟုတ်သလို သူလုပ်နေတာတွေကလည်း ဘယ်အတိုင်းအတာထိ ထောက်ပံ့ပေးနေလဲဆိုတာကို သိမှာမဟုတ်ဘူး။ ပြည်တွင်းထုတ်ကုန်ထက် ပြည်ပ တခြားနိုင်ငံတွေက ကုန်ပစ္စည်းတွေ၊ အလုပ်အကိုင်တွေ၊ စီးပွားရေးကို သဘောကျတယ်ဆိုတာကလည်း ကိုယ့်ရဲ့ ဘဝလုံခြုံမှု security အတွက်ပဲဖြစ်တယ်။ နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေမှာလုပ်ကိုင်ပြီးတော့ အဲဒီစီးပွားရေးလုပ်ငန်းတွေကို တိုးတက်လာအောင် လုပ်ကြတာကလည်း မိမိရဲ့အကျိုးစီးပွားအတွက်သာဖြစ်တယ်။ ကြည့်လိုက်မယ်ဆိုရင် မမြင်ရတဲ့လက်တစ်စုံကြောင့် လူတွေက သူတို့ရဲ့ မူလရည်ရွယ်ချက်မဟုတ်တဲ့ ပန်းတိုင်ကို သူတို့ကိုယ်တိုင်မသိပဲနဲ့ သွားနေကြတယ်။ ကိုယ့်ရဲ့အကျိုးစီးပွားနောက်ကို တစ်စိုက်မက်မက်လိုက်ရင်းနဲ့ လူ့အဖွဲ့အစည်းရဲ့အကျိုးစီးပွားကို ကိုယ်ရဲ့ကိုယ်ကျိုးစီးပွားထက်ပိုပြီးတော့ မြင့်တင် လုပ်ကုန်ပေး
နေမိလျက်သွားဖြစ်နေတာပဲဖြစ်ပါတယ်”
ဒါဆိုရင် ကတယ်တမ်းကျတော့ လက်မဲကြီးတွေဟာ တစ်ခြားဟာမဟုတ်ပဲ ကျွန်ုပ်တို့ရဲ့ လက်တွေမျှသာဖြစ်တယ်။ လက်ရှိကျွနုပ်တို့နေထိုင်နေတဲ့ ဘဝပုံစံတွေကလည်း ရုပ်ဝါဒ ယုံကြည်မှု (material belief) အပေါ်မှာ တည်ဆောက်ထားတဲ့ လွတ်လပ်တဲ့ကိုယ်ပိုင်ရွေးချယ်မှုဖြစ်တယ်ဆိုရင် ဖြစ်လာမယ့်အကျိုးဆက်ပြောင်းလဲမှုတွေက ရုပ်ဝါဒကို ဖယ်ရှားပြီး ကျွနုပ်တို့ရဲ့ ခေါင်းထဲမှာတည်ဆောက်ထားတဲ့ ယုံကြည်မှု (belief structure) ကိုလည်း ပြောင်းလဲစေလိမ့်မယ်။
နိဂုံးချုပ်အနေနဲ့ လက်ရှိလူ့အဖွဲ့အစည်းစနစ်ကို ပုံသွငိး ပြီးအုပ်စိုးနေတာကတော့ ကျွန်ုပ်တို့ရဲ့ ယုံကြည်မှုနဲ့တန်ဖိုးထားမှုတွေဖြစ်တဲ့ ရုပ်ဝတ္ထုတွေပဲဖြစ်တယ်။
လက်ရှိမှာ နိုင်ငံတကာ ကော်ပိုရိတ်တွေက ကျွန်ုပ်တို့ကို တစ်နည်းနည်းနဲ့ ထိန်းချုပ်ထားနေတယ်။ သို့သော်လည်းလူ့အဖွဲ့အစည်းက အမြဲတမ်းပြောင်းလဲနေတယ်။ တစ်ချိန်ချိန်ကျရင် လူ့အဖွဲ့အစည်းရဲ့ ရုပ်ဝါဒအပေါ်ယုံကြည်မှုတွေက ကွယ်ပျောက်သွားနိုင်ပြီးတော့ ရုပ်ဝါဒထက်ပိုကောင်းတဲ့ အရာတစ်ခုခုကို ပြောင်းလဲယုံကြည်သွားနိုင်ပါတယ်။