Title: မိတ်ဆက် — ဝေဖန်သုံးသပ်ချက်တစ်ခုအသွင် ဖီမီနင့်ဇင်
Author: Chiara Bottici
Language: Burmese
Date: 2021
Source: Translation of "Introduction: Feminism As Critique" in Anarchafeminism by Chiara Bottici.

၂၀၂၁ ခုနှစ်တွင် ဘလွန်းစ်ဘယ်ရီ (Bloomsbury) စာတိုက်မှထုတ်ဝေခဲ့သည့် ချီအာရာဘိုတစ်ချီ (Chiara Bottici) ‌အင်္ဂလိပ်လိုရေးသားခဲ့သော အန်နာခါဖီမီနင့်ဇင် (Anachafeminism) စာအုပ်မှ မူရင်းမိတ်ဆက်အခန်းကို မခြင်္သေ့ဘာသာပြန်သည်။ ဖတ်ရှုနိုင်ရန်နှင့် ဘာသာပြန်နိုင်ရန် ဤစာအုပ်ကိုလက်ဆောင်ပေးသော “ကိုလိုနီသဘောတရားများချွတ်ချခြင်းဆိုင်ရာဖီမီနင့်အစုအဝေး” (Decolonial Feminist Collective) (https://www.facebook.com/decolonialfeministcollective/) မှ မိတ်ဆွေ J ကို ကျေးဇူးအထူးတင်ရှိပါသည်။

ချီအာရာဘိုတစ်ချီ (Chiara Bottici) (https://www.newschool.edu/nssr/faculty/chiara-bottici/) သည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင်တည်ရှိသော လူမှုရေးသုတေသနဆိုင်ရာကျောင်းသစ် (The New School for Social Research)မှ ဒဿနိကဆိုင်ရာတွဲဘက်ပါမောက္ခတစ်ဦးဖြစ်ပြီး ၄င်းတက္ကသိုလ်မှ ဂျန်ဒါနှင့်လိင်သ‌ဘောတရားဆိုင်ရာလေ့လာသင်ကြားရေးအင်စတီကျု (The Gender and Sexualities Studies Institute) ၏ပူးတွဲဒါရိုက်တာတစ်ဦးလည်းဖြစ်သည်။

အရေးကြီးသော ဝေါဟာရများ

အန်နာခါ (anacha) — မင်းမဲ့သဘောတရားဆိုင် (မ)။ အန်နာခီ (anarchy) ဆိုသော “မင်းမဲ့သဘောတရား” (သို့) “ဗဟိုအုပ်ချုပ်သူကင်းမဲ့ရေးသဘောတရား”စကားလုံးကို နာမဝိသေသနပြုရာတွင် ပုံမှန်လက်တင်နွယ်ဖွားဘာသာစကားများ၏စည်းမျဥ်းစည်းကမ်းအရ အန်နာခို (anacho) ဟူ၍ “ဖို”နာမဝိသေသနအဖြစ်သာပြောင်းလဲသုံးစွဲကြသည့်ကို ဝေဖန်သုံးသပ်သည့်အနေနှင့် မူရင်းစာရေးသူသည် အန်နာခါ (anacha) ဟူ၍ပြောင်းလဲရေးသားထားသည်။ ဗမာဘာသာစကားတွင် ထိုကဲ့သို့ “ဖို”/”မ” နာမဝိသေသနနှစ်မျိုးမကွဲသော်လည်း မူရင်းစာရေးသူ၏စာလုံးများထဲမှဖိုသဘောတရားကြီးစိုးမှုများကို ပြန်လည်ဝေဖန်ဆင်ခြင်မှုကို ထိန်းသိမ်းလိုသောအနေဖြင့် ဤဘာသာပြန်တွင် “အန်နာခါဖီမီနင့်ဇင်” နှင့် “မင်းမဲ့ဖီမီနင့်ဇင်” ဟူသော စကားလုံးနှစ်မျိုးကို သင့်လျော်သကဲ့သို့ ပြောင်းလဲအသုံးပြုထားသည်။

အန်နာခစ် (anarchist) (နာမ်/နာဝိ) — မင်းမဲ့သမား (သို့) မင်းမဲ့သဘောတရားဆိုင်ရာ။

အန်နာခီ (anarchy) — မင်းမဲ့ဖြစ်တည်မှု။

အန်နာခစ်ဇင် (anarchism) — မင်းမဲ့သဘောတရား။

မဟာဖိုဝါဒ (သို့) ပေထရီရာခီ (patriarchy) — “ဖို”သဘောတရားများသည် အခြားသောဂျန်ဒါသဘောတရားများထက် ပိုမိုသာလွန်ကြီးမြတ်သည်ဟုယူဆသောသဘောတရား။ ဤနေရာတွင် “ဖို”သဘောတရားဆိုသည်မှာ ဇီဝဗေဒအရ “ဖို”ဟုသတ်မှတ်ထားသော ယောင်္ကျားများတင်သာမက “ခက်ထန်ခြင်း”၊ “မာကျောခြင်း”၊ “သန်မာခြင်း” အစရှိသော လူ့အဖွဲ့အစည်းများမှသတ်မှတ်လက်ခံထား‌သော အခြားသော “ဖို”သဘောတရားများကိုပါဆိုလိုခြင်းဖြစ်သည်။

မိန်းမမုန်းတီးရေးဝါဒ (သို့) မီဆိုဂျနီ (misogyny) — မဟာဖိုဝါဒလွှမ်းမိုးမှုကြောင့် မိန်းမနှင့် မိန်းကလေးများဆိုလျှင် မုန်းတီးရွံရှာစက်ဆုပ်ခြင်း။ မိန်းမမုန်းတီးရေးဝါဒနှင့် မဟာဖိုဝါဒသည် အချင်းချင်းဆက်စပ်ပတ်သက်နေပြီး အချင်းချင်းအပေါ် ပြန်လည်သက်ရောက်နေသောအယူအဆအမူအကျင့်များဖြစ်သည်။

အင်တာဆက်ရှင်နယ်လတီ (intersectionality) — နေထိုင်ရာနေရာဒေသ၊ လူမျိုးရေး၊ ဂျန်ဒါ၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်ရာဘာသာ၊ လူတန်းစား၊ လိင်စိတ်တိမ်းညွှတ်မှုဖော်ပြချက် အစရှိသောဖြစ်တည်မှုပေါင်းများစွာသည် တစ်သီးတစ်သန့်တည်းတည်ရှိနေသည်မဟုတ်ဘဲ အချင်းချင်းရောယှက်နေသည်ကိုထောက်ပြသောအယူအဆသဘောတရား။

‘မ’ပြုခြင်း — နဂိုမူရင်းတွင် ‘ဖို’သဘောသဘာဝများ၊ အယူအဆများနှင့်ပြည့်နှက်နေသည့်အယူအဆများ၊ ဖြစ်စဥ်များ၊ လုပ်ရပ်များကို ‘မ’သဘောသဘာဝအသွင်ပြောင်းလဲခြင်း။ ဥပမာ — မူရင်းတွင် ‘ဖို’သဘာဝနှင့်သာ ချိတ်ဆက်မြင်ယောင်လေ့ရှိသောဖြစ်စဥ်တစ်ခုဖြစ်သော လက်နက်ကိုင်တော်လှန်ခြင်းကို မိန်းမဟု‌သောလူများပါဝင်လာခြင်းဖြင့် ‘မ’ပြုကြသည်။

AFAB (Assigned Female at Birth) — မွေးကင်းစမှာ “မိန်းမ” ဟုသတ်မှတ်ခံလိုက်ရသောသူ။

AMAB (Assigned Male at Birth) — မွေးကင်းစမှာ “ယောင်္ကျား” ဟုသတ်မှတ်ခံလိုက်ရသောသူ။

ဆစ်ဂျန်ဒါ (Cisgender) — မွေးရာပါလိင် (မွေးကင်းစတွင်သတ်မှတ်ပေးလိုက်သောလိင်သင်္ကေတ) နှင့် မိမိလိင်စိတ်တိမ်းညွှတ်မှုထပ်တူညီနေသောသူ။ ဥပမာ — မွေးကင်းစတွင် “ယောင်္ကျားလေး” ဖြစ်သည်ဟူ၍ တရားဝင်စာရွက်စာတမ်းများတွင် လိင်သတ်မှတ်ပေးခံလိုက်ပြီး ကြီးပြင်းလာပြီနောက် ၄င်းသည်သူ့ဘဝတစ်လျှောက် ယောင်္ကျားလေးတွေသည်သာ ပြုမူသည်၊ ကျင့်ကြံသည်ဆိုသောလုပ်ရပ်များနှင့် အံဝင်ခွင်ကျဖြစ်နေပါက ၄င်းကို ဆစ်ဂျန်ဒါ (သို့) ဆစ်ယောင်္ကျားဟုခေါ်ဝေါ်၍ရသည်။ ဆစ်မိန်းမဆိုသည်မှာလည်း မွေးကင်းစတွင် “မိန်းကလေး” ဟုသတ်မှတ်ခံလိုက်ရပြီးနောက် မိန်းကလေးများပြုမူသည်၊ ကျင့်ကြံသည်ဆိုသောလုပ်ရပ်များနှင့်အံဝင်ခွင်ကျဖြစ်နေသူကိုဆိုလိုသည်။

ထရန်စ်ဂျန်ဒါ (transgender) — မိမိအပေါ်မွေးကင်းစမှ သမုတ်လိုက်သောလိင်မှ မိမိလိင်စိတ်ဖော်ပြမှု၊ တိမ်းညွှတ်မှုနှင့်ကိုက်ညီသောလိင်ကိုပြောင်းလဲထားသောသူ။ ဤပြောင်းလဲခြင်းတွင် အဆင့်ဆင့်ရှိနိူင်သည်။ ဥပမာ — အချို့ ထရန်စ်ဂျန်ဒါများသည် ပြောင်းလဲမှုဖြစ်စဥ်လုံးဝဥဿုံကိုပြောင်းလဲထားပြီး (သို့) ပြောင်းလဲချင်သူများဖြစ်သော်လည်း အခြားထရန်စ်ဂျန်ဒါများသည် ဇီဝဗေဒအရခန္ဓာကိုယ်တစ်ခုလုံးကို မပြုပြင်ဘဲ အစိတ်အပိုင်းအနည်းငယ်မျှကိုသာပြောင်းလဲထားသူများဖြစ်ကောင်းဖြစ်နိူင်သည်။

မိန်းမမျိုးတုံးသတ်ဖြတ်မှု (femicide) — မိန်းမများကို ယောင်္ကျားများမှ မိန်းမမုန်းတီးရေဝါဒ (မီဆိုဂျနီ)ကြောင့် မိန်းမဖြစ်နေသောကြောင့် မျိုးတုံးသတ်ဖြတ်ခြင်း။ ဥပမာ - အိမ်တွင်းအကြမ်းဖက်ခြင်းမှတဆင့် မိမိချစ်သူ၊ လင်ယောင်္ကျားမှသတ်ဖြတ်ခြင်းကိုခံရခြင်း၊ အရှေ့အလယ်ပိုင်းရိုးရာဓလေ့အချို့တွင်ပြုကျင့်လေ့ရှိသော ဂုဏ်သိက္ခာသတ်ဖြတ်မှု (honor killing) ဟုခေါ်သော မိဘ (အထူးသဖြင့် ဖခင်)မှ မိသားစုမျက်နှာအိုးမည်းသုတ်သည်ဟုယူဆပါက ၄င်းတို့၏သမီးကို ၄င်းတို့ကိုယ်တိုင်ပြန်လည်သတ်ဖြတ်ခြင်း။ တောင်အမေရိကတိုက်မှနိုင်ငံအချို့တွင် လက်ရှိ ဂိုဏ်းအဖွဲ့များမှကျူးလွန်နေသော မိန်းမမျိုးတုံးသတ်ဖြတ်မှုများသည် အကြီးမားဆုံးပြဿနာတစ်ရပ်ဖြစ်နေသည်။ ယောင်္ကျားဖြစ်နေသောကြောင့် မျိုးတုံးသတ်ဖြတ်ခြင်းကို ယောင်္ကျားမျိုးတုံးသတ်ဖြတ်မှု (androcide) ဟုခေါ်ဝေါ်ပြီး စစ်ပွဲများတွင် စစ်တိုက်သူအချင်းချင်းပြုကျင့်လေ့ရှိကြသည်။ လိင်အခြေပြုမျိုးတုံးသတ်ဖြတ်ခြင်းကို ဂျန်ဒါမျိုးတုံးသတ်ဖြတ်ခြင်း (gendercide) ဟုခေါ်ဆိုသည်။

‘မ’မျိုးတုံးသတ်ဖြတ်မှု (feminicide) — ‘မ’သဘောတရားမှန်သမျှကို နိမ့်ပါးသည်ဟုမှတ်ယူပြီး သတ်ဖြတ်သုတ်သင်ခြင်း။ ဤနေရာတွင် “မိန်းမ”/”ယောင်္ကျား”ဆိုသည်ထက် ‘မ’သဘောတရားအမူအကျင့်များရှိနေသည့်မည်သူ့ကိုမဆို မျိုးတုံးသတ်ဖြတ်ခြင်းဖြစ်သည်။ ဥပမာ — မွေးရာပါ “ယောင်္ကျား”ဟုသတ်မှတ်ခံထားရသောသူများ “မိန်းမ”ဂျန်ဒါသို့ပြောင်းလဲခြင်းကို ‘မ’သဘောတရားလွန်ကဲလာသည်ဟူ၍မနှစ်မြို့၍ ထရန်စ်ဂျန်ဒါမိန်းမများကို တမင်တကာသတ်ဖြတ်ခြင်း။

ဆစ်ဖီမီနင့်ဇင် (cis-feminism) — မွေးကင်းစတွင်သတ်မှတ်ပေးလိုက်သောလိင်သင်္ကေတအရ မိန်းမဟုသတ်မှတ်ခံထားရသောမိန်းမများ၏ဖိနှိပ်ခံရမှုများကို ထည့်သွင်းစဥ်းစားသောဖီမီနင့်ဇင်။

ထရန်စ်ဖီမီနင့်ဇင် (transfeminism) — မွေးကင်းစတွင်သတ်မှတ်ပေးလိုက်သောလိင်သင်္ကေတအရ မိန်းမဟုသတ်မှတ်ခံထားရသောမိန်းမများသာမက လိင်ပြောင်းလဲထားသူများ၏ဖိနှိပ်မှုများကိုပါ ထည့်သွင်းစဥ်းစားသောဖီမီနင့်ဇင်။

အာခိ (archē) – “မူရင်း”၊ “ကနဦး”၊ “အစ” (ဂရိ)။

လိင်ကွဲချစ်ကြိုက်မှုအထူးပြုစံနှုန်း (heteronormativity) - ဇီဝဗေဒအရ လိင်မတူသူများအချင်းချင်းကြား ချစ်ကြိုက်ပေါင်းသင်းဆက်ဆံခြင်း (heterosexuality) ကိုသာ လူတိုင်းကျင့်သုံးသည်၊ ထိုချစ်ကြိုက်ပေါင်းသင်းမှုကသာလျှင် သဘာဝကျသည်၊ လိင်တူချစ်ကြိုက်ပေါင်းသင်းမှု/bi ချစ်ကြိုက်ပေါင်းသင်းမှုများထက် ပိုပြီးအခွင့်ထူးခံစားပိုင်ခွင့်ရှိသည်ဟု မှတ်ယူသော အယူအဆ။

ကြိုတင်ပုံဖော်ခြင်းနိူင်ငံရေး (Prefigurative Politics) – တက်ကြွလှုပ်ရှားသူများက ၄င်းတို့၏တက်ကြွလှုပ်ရှားမှုများထဲတွင် ၄င်းတို့ရပ်ရွာပတ်ဝန်းကျင်အတွက်ကျင့်သုံးစေချင်သောအမူအကျင့်များ၊ ပေါင်းကူးဆက်ဆံမှုများကို ကျင့်သုံးခြင်း။ မင်းမဲ့သဘောတရားများတွင် ကြိုတင်ပုံဖော်ခြင်းသည် ပါဝင်မှုကိုအားပေးသောဒီမိုကရေစီ၊ တပြေးတည်းဖြစ်တည်မှု၊ အများပါဝင်ထည့်သွင်းမှုနှင့် တိုက်ရိုက်လုပ်ရပ်များ (direct action) တို့ပါရှိသည်။ (ဂီဟာမေးဖီရန်း (Guilherme Fians) ၏ “ကြိုတင်ပုံဖော်ခြင်းနိူင်ငံ‌ရေး” ဆောင်းပါး (https://www.anthroencyclopedia.com/entry/prefigurative-politics) ကိုကြည့်ပါ။)

ဂျန်ဒါအခန်းကဏ္ဍ (gender role) - များသောအားဖြင့် ဇီဝဗေဒလိင်အရ ယောင်္ကျားဂျန်ဒါဆိုလျှင် ဤကဲ့သို့ပြုမူသည်၊ ဝတ်စားဆင်ယင်သည်၊ ပြောဆိုသည်၊ မိန်းမဂျန်ဒါဆိုလျှင် ဤကဲ့သို့ပြုမူသည်၊ ဝတ်စားဆင်ယင်သည်၊ ပြောဆိုသည်ဟူ၍သတ်မှတ်ထားခြင်း။ ဂျန်ဒါနေရာများသည် ရိုးရာဓလေ့အသိုင်းအဝိုင်းတစ်ခုချင်းစီအလျောက် အသေးစိတ်ကွာခြားချက်များရှိနေနိူင်သော်လည်း ယေဘုဘျအားဖြင့် ယောင်္ကျားဂျန်ဒါနေရာသည် အိမ်‌ထောင်ဦးစီး၊ အလုပ်လုပ်သူ၊ ပိုက်ဆံရှာသူ၊ ခွန်အားရှိသူ၊ မိန်းမဂျန်ဒါနေရာသည် သားမွေးသူ၊ အိမ်ထောင်ထိန်းသိမ်းသူ၊ သိမ်မွေ့သူ၊ အားနည်းသူ ကမ္ဘာတစ်ဝန်းမှ ရိုးရာဓလေ့များတွင်မှတ်ယူထားကြသည်။ လိင်ကွဲပေါင်းသင်းဆက်ဆံရေးများတွင်လည်း ဤလိင်ကွဲအခြေပြုဂျန်ဒါနေရာများကို ပြန်လည်မွေးမြူကျင့်သုံးခြင်းများရှိကောင်းရှိနိူင်သည်။ ဥပမာ - လက်စဘီယန်စုံတွဲတစ်တွဲတွင် တစ်ယောက်သည် ယောင်္ကျားဂျန်ဒါနေရာကိုယူပြီး ပိုက်ဆံရှာခြင်း၊ အဓိကအလုပ်လုပ်သူအနေဖြင့်ဆောင်ရွက်ခြင်း၊ ယောင်္ကျားကဲ့သို ဝတ်စားဆင်ယင်ပြုမူပြောဆိုခြင်းများနှင့် အခြားတစ်ယောက်သည် မိန်းမဂျန်ဒါနေရာကိုယူပြီး အိမ်ထောင်ထိန်းသိမ်းခြင်း၊ သားမွေးခြင်း၊ မိန်းမကဲ့သို့ဝတ်စားဆင်ယင်ပြုမူပြောဆိုခြင်းများလည်း ရှိနိူင်သည်။

ဝေဖန်ပိုင်းခြားရေးသီအိုရီ (critical theory) — ဝေဖန်ပိုင်းခြားရေးသီအိုရီဆိုသည်မှာ လူမှုပတ်ဝန်းကျင်နဲ့အဖွဲ့အစည်းထဲတွင်တည်ရှိနေသော အာဏာဖွဲ့စည်းတည်ဆောက်မှုစနစ်များကို ထောက်ပြဆွေးနွေးလေ့လာသောချဥ်းကပ်နည်းတစ်ခုဖြစ်ပြီး လူမှုရေးဆိုင်ရာလေ့လာသောဘာသာရပ်များ (humanities) နှင့် လူမှုရေးဆိုင်ရာဒဿနိက (social philosophy) တို့တွင်အသုံးပြုလေ့ရှိသည်။ အကြမ်းအားဖြင့် လူသားများ၏ဖိနှိပ်ခံရမှုများကို ဖြိုချဖျက်ဆီးရန်ကြံရွယ်သော ဒဿနိကချဥ်းကပ်ပုံမည်သည်ကိုမဆို ဝေဖန်ပိုင်းခြားရေးသီအိုရီဟုမှတ်ခေါ်နိူင်သည်။ ဝေဖန်ပိုင်းခြားရေးသီအိုရီဥပမာအချို့မှာ ဖီမီနင့်သီအိုရီ၊ လူမျိုးရေးဝေဖန်ပိုင်းခြားရေးသီအိုရီ (critical race theory)၊ ကွီယားသီအိုရီ (queer theory)၊ ကိုလိုနီခေတ်လွန်သီအိုရီ (post-colonial theory) အစရှိသည်တို့ဖြစ်သည်။

လူမျိုးရေးဆိုင်ရာစီစဥ်မှု (racial schema) — လူမျိုးစုတစ်စုချင်းစီအ‌ပေါ် အများလက်ခံထားသော သွင်ပြင်သဏ္ဍာန်လက္ခဏာများ။ ဥပမာ — ဗြိတိသျှကိုလိုနီလက်ထက်တွင် ကရင်လူမျိုးများသည် ဗမာလူမျိုးများနှင့်ယှဥ်လျှင် တောထဲတောင်ထဲတွင် ကြီးပြင်းနေထိုင်လာသူများဖြစ်သည့်အတွက် တိုက်ရေးခိုက်ရေးစွမ်းအားရှိသောသူများ (“martial race”) ဟု ကိုလိုနီနယ်ချဲ့များကမှတ်ယူခြင်း။ လူမျိုးရေးဆိုင်ရာစီစဥ်မှုအပြင် အခြားသောဖြစ်တည်မှုများအပေါ်မူတည်သော စီစဥ်မှုများလည်းရှိသည်။ ဥပမာ - ဂျန်ဒါဆိုင်ရာစီစဥ်မှု (gender schema)။ ဤနေရာတွင် စီစဥ်မှု (schema) သည် ပုံသေမှတ်ယူမှု (stereotype) နှင့်တိုက်ရိုက်အဓိပ္ပါယ်မတူညီသော်လည်း ချိတ်ဆက်နေမှုများရှိသည်။ လူမျိုးရေးဆိုင်ရာစီစဥ်မှုသည် လူမျိုးစုတစ်စု၏ ပြုမူလေ့ပြုမူထရှိသောအလေ့အကျင့်၊ အသွင်အပြင်များကိုဆိုလိုခြင်းဖြစ်ပြီး လူမျိုးရေးပုံသေမှတ်ယူမှုသည် ထိုလူမျိုးရေးဆိုင်ရာစီစဥ်မှုများ‌ထဲကအချက်များကို အကြွင်းမဲ့ပုံသေမှတ်ယူလိုက်ခြင်းမျိုးဖြစ်သည်။

အခြေချကိုလိုနီစနစ် (settler colonialism) — ကိုလိုနီပြုကျင့်ပုံအမျိုးမျိုးရှိသည့်ကြားက အခြေချကိုလိုနီပြုကျင့်မှုဆိုသည်မှာ ကိုလိုနီပြုကျင့်ခံရသောနယ်မြေဒေသမှ သယံဇာတများကိုယူဆောင်ရုံတင်သာမက ထိုဒေသတွင်နေထိုင်သော အင်ဒီးဂျနင့်လူမျိုးစုများကို မျိုးတုံးသတ်ဖြတ်သုတ်သင်ကာ ကိုလိုနီပြုကျင့်သူများသည် ထိုနယ်မြေဒေသများတွင် အပြီးပိုင်အခြေချနေထိုင်လိုက်ခြင်းကိုဆိုလိုသည်။ အခြားသောကိုလိုနီပြုကျင့်မှုပုံစံများသည် ကမ္ဘာတစ်ဝှမ်းတွင်မရှိတော့သောကြောင့် လက်ရှိခေတ်ကို ကိုလိုနီခေတ်လွန် (post-colonial) ဟုခေါ်ကြသော်လည်း အခြေချကိုလိုနီစနစ်မှာ လက်ရှိတွင်ဆက်လက်ရှင်သန်ကြီးထွားနေဆဲဖြစ်သည်။ ဥပမာ — လက်ရှိတွင် အခြေချကိုလိုနီစနစ်ကိုကျင့်သုံးပြီး ထိုနယ်မြေဒေသများတွင် နေထိုင်ရှင်သန်ခဲ့ကြသော အင်ဒီးဂျနင့်လူမျိုးစုများနှင့်၄င်းတို့၏ရိုးရာဓလေ့၊ ဘာသာစကား၊ နေထိုင်ပုံများကို အမြစ်ဖြုတ်သတ်ဖြတ်ကာ တည်ထောင်ခဲ့သော လူဖြူကြီးစိုးရာနိူင်ငံများမှာ အမေရိကန်နိူင်ငံ၊ နယူးဇီလန်နိူင်ငံ၊ သြစလေးလျနိူင်ငံနှင့် တောင်အာဖရိကနိူင်ငံတို့ဖြစ်ပြီး လူဖြူမဟုတ်သော ကိုလိုနီအခြေချစနစ်ကိုကျင့်သုံးသော အခြားနိူင်ငံများမှာ (အင်ဒီးဂျနင့်ကပ်ရှမီးဒေသတွင် အခြေချကိုလိုနီပြုကျင့်နေသော) အိန္ဒိယနိူင်ငံနှင့် ပါလက်စတိုင်းလူမျိုးများနေထိုင်ရာဒေသကို ကိုလိုနီအခြေချစနစ်အသုံးပြုတည်ထောင်ခဲ့သော အစ္စရေးနိူင်ငံတို့ဖြစ်သည်။

ဥရောပစံပြုခြင်းဝါဒ (Eurocentrism) — အပြုအမူ၊ အလုပ်အကိုင်၊ အတွေးအခေါ်အစရှိသည်တို့၏ မှန်ကန်ခြင်း၊ ကောင်းမွန်ခြင်းစံနှုန်းကို ဥရောပလူဖြူများ၏ အပြုအမူ၊ အလုပ်အကိုင်၊ အတွေးအခေါ်များနှင့်သာ ပေတံပြုနှိုင်းယှဥ်တိုင်းတာခြင်း။

ရိုးရာဓလေ့အချင်းချင်းကြားနှိုင်းယှဥ်ချိန်ဆခြင်းသဘောတရား (Cultural Relativism) - ရိုးရာဓလေ့မတူညီသောအုပ်စုများ၏ အမူအကျင့်များကို ၄င်းတို့၏သီးသန့်ဖြစ်တည်မှုများဆိုသည်ထက် အုပ်စုအချင်းချင်းကြားတိုင်းတာနှိုင်းယှဥ်ခြင်း။ ရိုးရာဓလေ့အချင်းချင်းကြားနှိုင်းယှဥ်ချိန်ဆခြင်းသဘောတရားတိုင်းသည် မကောင်းဟုဆိုသည်ထက် ထိုနှိုင်းယှဥ်ချိန်ဆမှုများအပေါ်အခြေခံပြီး လူမျိုးရေး၊ ဘာသာ‌ရေး၊ လူမှုရေးခွဲခြားဆက်ဆံမှုများပေါ်ပေါက်လာခြင်းသည် မ‌ကောင်းဖြစ်သည်။

ဟက်ဂျမိုနီ (Hegemony) - ဂရိဘာသာစကား hēgemonia (ဟက်ဂျမိုနီရာ - တစ်စုံတစ်ရာအပေါ်ကိုလွှမ်းမိုးခြင်း) ဆိုသောစကားလုံးမှ ဆင်းသက်လာပြီး လက်ရှိတွင် လူမှုရေး၊ စီးပွားရေး၊ နိူင်ငံရေးအစရှိသောနည်းလမ်းနယ်ပယ်တစ်မျိုးမျိုးမှတဆင့် အုပ်စုတစ်စုက နောက်အုပ်စုတစ်စုစုကို လွှမ်းမိုးခြင်း။ (အချို့က “ဟက်ဂမိုနီ” ဟုအသံထွက်သည်။)

အီတာလျံလူမျိုး မာ့စ်ဝါဒီဒဿနိကပညာရှင် အန်တိုနီရိုဂရောမ်ချီ (Antonio Gramsci) ၏အဆိုတွင်တော့ အရင်းရှင်စနစ်ထွန်းကားလာသောနိူင်ငံ၊ လူ့အဖွဲ့အစည်းများတွင် လူတန်းစားတစ်ရပ်မှ အခြားသူများ၏လုပ်အားကို ဖိအားပေးထုတ်လုပ်စေသောလွှမ်းမိုးမှုကို ဟက်ဂျမိုနီဟု ချိတ်ဆက်ထားသည်။ တစ်ဆက်တည်းမှာလည်း အရင်းရှင်စနစ်ဖွံ့ဖြိုးတိုးတက်နေသောလူ့အဖွဲ့အစည်းများထဲက လက်ရှိမှာ ဖိအားပေးလွှမ်းမိုးခြင်းဆိုသည်ထက် အများသဘောတူအလိုတူအလိုပါ၊ ထိုလွှမ်းမိုးမှုများသည် စံနှုန်းပါဟူ၍လက်ခံလာအောင်လွှမ်းမိုးထားသော ဟက်ဂျမိုနီများလည်းရှိနေသည်။ ဥပမာ — လူတိုင်း မနက် ၉မှ ည ၅ နာရီထိအလုပ်လုပ်ကာ ပိုက်ဆံရှာကြရမည်၊ လူသားတိုင်းအသက်ရှင်သန်နေထိုင်ရေးသည် အလုပ်လုပ်ရန်၊ ပိုက်ဆံရှာရန်ဆိုသည်မှာ အများကအလိုတူအလိုပါလက်ခံထားသော ကမ္ဘာတစ်ဝန်းမှလည်ပတ်နေသောအရင်းရှင်စနစ်၏ ဟက်ဂျမိုနီတစ်ခုဖြစ်သည်။ ဟက်ဂျမိုနီရှိသောလူတန်းစားဆိုသည်မှာ ၄င်းတို့၏လွှမ်းမိုးမှုကို အခြားသောလူအုပ်စုများကပါ သဘာဝသဖွယ်လက်ခံထားနိူင်အောင် လွှမ်းမိုးထားနိူင်သောလူတန်းစားဖြစ်သည်။

ဂရောမ်ချီဆိုလိုသော ဟက်ဂျမိုနီအကြောင်း ဆက်လက်ဖတ်ရှုရန် - https://www.marxists.org/history/erol/ncm-7/tr-gramsci.htm

အင်ပိုင်ယာသဘောတရား (imperialism) - စစ်အာဏာ၊ လက်နက်အာဏာ၊ စီးပွားရေးအာဏာနှင့် ရိုးရာဓလေ့လွှမ်းမိုးမှုအာဏာတို့ကိုအသုံးပြုပြီး နိူင်ငံတစ်နိူင်ငံမှ နောက်နိူင်ငံတစ်နိူင်ငံသို့လွှမ်းမိုးချုပ်ကိုင်ခြင်း။ အင်ပိုင်ယာစနစ်သည် ကိုလိုနီခေတ်/စနစ်နှင့်တိုက်ရိုက်ချိတ်ဆက်နေပြီး ကိုလိုနီခေတ်တွင် ကိုလိုနီနယ်ချဲ့စနစ်ကိုအသုံးပြုပြီး မိမိကိုယ်ကို “အင်ပိုင်ယာ” (empire) ဟုခေါ်ဆိုကာ အခြားလူမျိုးစု၊ နိူင်ငံများကို ကျူးကျော်အုပ်ချုပ်မှုများရှိခဲ့သည်။ ဥပမာ — ၁၈ ရာစုနှင့် ၂၀ ရာစုကြားတွင် ကမ္ဘာအနှံ့ကို ကိုလိုနီနယ်ချဲ့စနစ်ကိုအသုံးချကျူးကျော်ခဲ့သော ဗြိတိသျှတို့သည် ၄င်းတို့ကျူးကျော်နယ်ချဲ့ရာနယ်မြေဒေသများ ကမ္ဘာ့အနှံ့များပြားလှသောကြောင့် ၄င်းတို့ကိုယ်၄င်းတို့ “နေမဝင်အင်ပိုင်ယာ”ဟုခေါ်ဆိုတင်စားခဲ့သည်။ လက်ရှိခေတ်တွင် နယ်ချဲ့ကိုလိုနီစနစ်မရှိတော့သော်လည်း အခြေချကိုလိုနီစနစ်ကိုအခြေခံ၍တည်ထောင်ထားသော အမေရိကန်ကဲ့သို့နိူင်ငံများနှင့် ရိုးရာဓလေ့နှင့်စီးပွားရေးကိုအသုံးပြုပြီး တစ်ကမ္ဘာလုံးကိုလွှမ်းမိုးနေသော နိူင်ငံများသည် အင်ပိုင်ယာသဘောတရားများနှင့်စနစ်ကိုကျင့်သုံးနေသော ခေတ်သစ်အင်ပိုင်ယာများဟု အင်ပိုင်ယာများကိုလေ့လာသောပညာရှင်များကမှတ်ယူကြသည်။

မက်စတီဇာဟေ (mestizaje) - ဥ‌ရောပလူဖြူများနယ်ချဲ့ကျူးကျော်အခြေချမှုကိုခံခဲ့ရသော လက်တင်အမေရိကတိုက်တခွင်မှ ကိုလိုနီခေတ်နောက်ပိုင်းတွင် အင်ဒဂျီးနင့်၊ လူဖြူ၊ လူမည်းအစရှိသောလူမျိုးအများများရောနှောနေကြသောသွေးနှောလူမျိုးများကိုဆိုလိုသည်။ ဥပမာ — မက်ဆီကို၊ ဘရားဇီး၊ ကူးဘား၊ ထရေနေဒတ်အစရှိသော အမေရိကတောင်ပိုင်းမှနိူင်ငံများက ၄င်းတို့နိူင်ငံကို မက်စတီဇာဟေလူမျိုးများနှင့်တည်ဆောက်ထားသော မက်စတီဇာဟေနိူင်ငံများဟုခေါ်ဝေါ်ကြသည်။ နောက်ပိုင်းတွင် သွေးနှောလူမျိုးများကိုသာမက ရိုးရာဓလေ့ထုံးတမ်း၊ ဘာသာစကားအစရှိသည်တို့ဖြင့် တစ်မျိုးထက်ပိုမိုရောစပ်ဖြစ်တည်နေမှုကို မက်စတီဇာဟေဖြစ်တည်မှုဟုမှတ်ယူကြသည်။ ယနေ့ခေတ်တွင် မက်စတီဇာဟေဖြစ်တည်မှုသည် လူသားတိုင်းတွင်တစ်နည်းမဟုတ်တစ်နည်းတည်ရှိနေနိူင်သည်။

အမြင်ဗဟိုပြုဝါဒ (Oculocentrism) — မျက်စိနှင့်မြင်ရသော (သို့) အမြင်သဘောတရားနှင့်ပုံ‌ဖော်သောချဥ်းကပ်စဥ်းစားပုံကို အခြားသောချဥ်းကပ်စဥ်းစားပုံများထက် ပိုမိုဦးစားပေးသောစနစ်။ ဥပမာ — ပါးစပ်ပြောထက် စာဖြင့်ချရေးထားသောအရာများကို တန်ဖိုးပိုရှိသည်ဟုသတ်မှတ်ခြင်း။ အသံဖြင့်ကြားရသောအရာများ (သို့) အသံဖြင့်ချဥ်းကပ်ခြင်းကို ပိုမိုဦးစားပေးခြင်းစနစ်ကို အသံဗဟိုပြုဝါဒ (phonocentrism) ဟုခေါ်ဆိုသည်။ အနောက်လူဖြူရိုးရာများသည် များသောအားဖြင့် အမြင်ချဥ်းကပ်ခြင်းကိုပိုမိုဦးစားပေးသည်။

အနှစ်သာရပြုခြင်းသဘောတရား (essentialism) — အနှစ်သာရပြုခြင်းသည် လူအမျိုးအစားတစ်ခုခု (လူမျိုး သို့ ဂျန်ဒါ သို့ လူတန်းစား) ကို ၄င်းအမျိုးအစား၏ဖြစ်လေ့ဖြစ်ထရှိသောအသွင်သဏ္ဍာန်၊ အမူအကျင့်တစ်ခုခုနှင့်သာ တိုက်ရိုက်အချိုးစားကျမြင်ယောင်သတ်မှတ်လိုက်ခြင်း။ ဥပမာ — မိန်းမတိုင်းသည် ရာသီသွေးဆင်းသည်ဟုသတ်မှတ်ခြင်းသည် မိန်းမဂျန်ဒါကိုအနှစ်သာရပြုပုံဖော်သတ်မှတ်လိုက်ခြင်းဖြစ်သည်။ ရာသီသွေးမပေါ်သောမိန်းမများလည်းရှိနေသေးသည်။ သို့ပေသိ ဇီဝဗေဒဖြစ်စဥ်တစ်ခုဖြစ်သောရာသီသွေးလာခြင်းကို မိန်းမဖြစ်တည်မှုနှင့်တိုက်ရိုက်အချိုးစားကျအနှစ်သာရပြုလိုက်သောအခါ ရာသီမလာသော ထရန်စ်မိန်းမများ၊ အကြောင်းအမျိုးမျိုး‌ကြောင့် သားအိမ်ထုတ်လိုက်ရသောမိန်းမများ၊ ရောဂါအခြေအနေတစ်ခုခုကြောင့် ရာသီမလာတော့သောမိန်းမများကို မိန်းမဟုခေါ်ဝေါ်ခြင်းတွင် အငြင်းပွားမှုများပေါ်ပေါက်လာကြသည်။

ရိုးရာဓလေ့အခြေပြုခြင်းသဘောတရား (culturalism) — လူမျိုးစုတစ်စု၏သွင်ပြင်လက္ခဏာကို ၄င်း၏ရိုးရာဓလေ့အမူအကျင့်များနှင့်သာ အနှစ်သာရပြုပုံဖော်လိုက်ခြင်း။ ဥပမာ — ဗမာလူမျိုးများ၏ရိုးရာသည် ငပိကြိုက်သည်၊ ငပိစားသည်ဟုမှတ်ယူပါက ဗမာလူမျိုးတိုင်း ငပိကြိုက်သည်၊ ငပိစားသည်ဟုမှတ်ယူပုံဖော်လိုက်ခြင်း။ မြန်မာပြည်ကိုလိုနီခေတ်တွင် ကရင်လူမျိုးများအား တောတောင်ဒေသတွင်နေထိုင်ကြသူများဖြစ်သည့်အတွက် တိုက်ရည်ခိုက်ရည်စွမ်းအားရှိသောလူမျိုး (martial race) ဟု ဗြိတိသျှလူဖြူများကသတ်မှတ်ခြင်းသည် ရိုးရာဓလေ့အခြေပြုအနှစ်သာရပြုလိုက်ခြင်းဖြစ်သည်။

ဝေဖန်သုံးသပ်ချက်တစ်ခုအသွင် ဖီမီနင့်ဇင်

မိန်းမတွေ တွေ့ကြုံရင်ဆိုင်နေရတဲ့ဖိနှိပ်မှုတွေအကြောင်းပြောကြမယ်ဆိုရင် မတူညီတဲ့ဖိနှိပ်မှုတွေတစ်မျိုးနှင့်တစ်မျိုးကြား ဘယ်လိုစပ်ဆက်ပတ်သက်နေသလဲဆိုတာ ပြောဖို့လိုလာပြီဆိုတာ အခုချိန်မှာတော့ အားလုံးသိထားပြီးသားဖြစ်မှာပါ။ သဘာဝကြောင့်ပဲဖြစ်စေ၊ ပတ်ဝန်းကျင်ကြောင့်ပဲဖြစ်စေ စီးပွားရေးအရအမြတ်ထုတ်တာဖြစ်စေ၊ ရိုးရာဓလေ့တွေအရလွှမ်းမိုးတာဖြစ်စေ၊ မဟာဖိုဝါဒနှင့်လိင်အခြေပြုခွဲခြားဆက်ဆံရေးဆက်လက်တည်ရှိနေခြင်းမှာ အခြေခံအချက်တစ်ချက်ပဲရှိတယ်ဆိုပြီးပြောဖို့ရာမလုံလောက်တော့ဘူး။ ကမ္ဘာ့မြောက်ပိုင်းသာမက ကမ္ဘာ့တောင်ပိုင်းကဖီမီနင့်တွေတော်တော်များများအတွက် ဖြစ်တည်မှုဆုံမှတ်တွေဟာ အချင်းချင်းရောယှက်နေကြတယ်ဆိုတဲ့အချက် (intersectionality) ဟာ အချက်အခြာကျတဲ့လမ်းညွှန်နိယာမတစ်ခုဖြစ်လာနေပါပြီ။ တချို့က အင်တာဆက်ရှင်နယ်လတီဟာ အမျိုးသမီးရေးဆိုင်ရာလေ့လာမှုတွေအတွက် အရေးကြီးဆုံးအချက်တစ်ချက်လို့တောင်ဆိုကြတယ်။[1] အဲ့ဒါတွေရဲ့ရလဒ်ကတော့ မြေပြင်မှာလှုပ်ရှားနေသူတချို့က အင်တာဆက်ရှင်နယ်လတီကို ရေပန်းစားလာတဲ့စကားလုံးတစ်လုံးအနေနဲ့လက်ခံကြသလို ဂျန်ဒါနဲ့ပတ်သက်တဲ့သီအိုရီတွေအကြောင်းရေးထားတဲ့စာတမ်းတွေမှာတော့ အင်တာဆက်ရှင်နယ်လတီကိုထောက်ခံတာတွေ၊ ဝေဖန်တာတွေ၊ ဒါမှမဟုတ် အင်တာဆက်ရှင်နယ်လတီနဲ့မိမိကိုယ်ကိုနားလည်သဘော‌ပေါက်ကြည့်တာ အစရှိသဖြင့်ပါပဲ။

ဒါပေမဲ့ ထူးခြားတာတစ်ခုက အင်တာဆက်ရှင်နယ်လတီအကြောင်းရေးသားထားတဲ့စာတွေတိုင်းမှာ ဟိုးပဝေနသီသတည်းကစပြီး ဒီအချက်ကိုပဲထောက်ပြလာခဲ့တဲ့ဖီမီနင့်ရိုးရာတစ်ခုအကြောင်းကိုတော့ ဘယ်သူမှမပြောကြတာပဲ။ အဲ့ဒီ့ဖီမီနင့်ရိုးရာကတော့ အန်နာခစ်ဖီမီနင့်ဇင် (anarchist feminism) (သို့မဟုတ်) ငါတို့အလိုအရခေါ်ချင်တာကတော့ “အန်နာခါဖီမီနင့်ဇင်” (anachafeminism) ပဲ။ လူမှုရေးလှုပ်ရှားမှုအရွေ့တွေက အန်နာခါလို့တမင်သုံးကြတာက အဲ့ဒီအယူအဆကို “မ”ပြုပြီး အန်နာခစ်သီအိုရီနဲ့အလုပ်အကိုင်တွေမှာ ဖီမီနင့်ရိုးရာအမူအကျင့်တွေရှိနေတယ်ဆိုတာကို မီးမောင်းထိုးပြချင်ကြလို့ပဲ။ ဒီ ပညာရှင်အသိုင်းအဝိုင်းနဲ့ လူထုဆွေးနွေးချက်တွေမှာ တော်တော်များများဖျောက်ဖျက်ခံထားရလေ့ရှိတဲ့ အန်နာခါဖီမီနင့်ဇင်အမူအကျင့်ဟာ ဒီကနေ့ထိ ငါတို့အတွက်အများကြီးအထောက်အကူဖြစ်စရာတွေရှိနေတယ်။ ဒီအမူအကျင့်တွေကိုပြန်လည်တူးဖော်ချင်လို့ ငါတို့ဒီစာအုပ်ကိုရေးရခြင်းဖြစ်တယ်။

“ယောင်္ကျား”နဲ့ “မိန်းမ”ဆိုတဲ့ဂျန်ဒါဆိုတာနှစ်မျိုးပဲရှိတယ်လို့ယူဆချက်တွေကိုဖြိုဖျက်လိုက်တဲ့ ကွီယား (queer) သီအိုရီနဲ့အတူ အရင်ဆုံး “မိန်းမ”လို့သမုတ်ခံထားရတဲ့သူတွေနဲ့ အဲ့ဒီပညတ်ချက်အောက်နေဖိနှိပ်ခံနေရတဲ့သူတွေတွေ့ဆုံရင်ဆိုင်နေရတဲ့ဖိနှိပ်မှုတွေကို ဆန့်ကျင့်တဲ့ဖီမီနင့်ဇင်တစ်မျိုးလိုအပ်တယ်ဆိုတာ အရင်ဆုံးအသိအမှတ်ပြုချင်တယ်။ ဒီနေရာမှာ “မိန်းမ”ဆိုတာ ဘယ်လိုမိန်းမမျိုးကိုမဆိုဆိုလိုတာဖြစ်တယ် — မွေးကင်းစမှာ “မိန်းမ”လို့သတ်မှတ်ခံလိုက်ရတဲ့မိန်းမ[2]၊ မွေးကင်းစမှာ “ယောင်္ကျား”လို့သတ်မှတ်ခံလိုက်ရတဲ့မိန်းမ၊ မိန်းမဆန်တဲ့မိန်းမ၊ ယောင်္ကျားဆန်တဲ့မိန်းမ၊ လက်စဘီယန်မိန်းမ၊ လိင်ပြောင်းလဲထားတဲ့မိန်းမ၊ ကွီယားမိန်းမ။ အပေါ်ယံကြည့်ရင်တန်းတူအခွင့်အရေးရပါတယ်လို့ထင်နေကြတဲ့ မိန်းမတွေနဲ့ အဲ့ဒီ့ “မိန်းမ”ဆိုတဲ့ခေါင်းစဥ်အောက်ကသူတွေဟာ တကယ်တော့ အမြဲတစေခွဲခြားဆက်ဆံခံနေရတုန်းပဲ။ အထင်ရှားဆုံးဥပမာကတော့ ဂျန်ဒါဆိုင်ရာအကြမ်းဖက်မှုဒေတာတွေကနေတဆင့်တွေးရတဲ့ မိန်းမတွေရဲ့ဆက်လက်ခံစားနေရတဲ့ဖိနှိပ်မှုတွေပဲ -- မိန်းမတွေနဲ့ မိန်းမလို့သတ်မှတ်ခံထားရသူတွေနဲ့ သူတို့ရဲ့ခန္ဓာကိုယ်အပေါ်မှာ အမြဲကျူးလွန်နေကြတဲ့အကြမ်းဖက်မှုတွေပဲ။[3] တချို့သောခန့်မှန်းချက်တွေအရ ကမ္ဘာ့တစ်ဝှမ်းမှာအမျိုးသမီးဦးရေ သန်း ၁၄၀ ကနေ သန်း ၁၆၀ လောက်ဟာပျောက်ဆုံးနေကြတယ်။ ဒါကတော့ လိင်ရွေးချယ်ပြီးသားဖျက်ချမှုတွေကြောင့်ရယ်၊ မွေးကင်းစကလေးအရွယ်မှာတင်သတ်ဖြတ်ခံရတာကြောင့်ရယ်၊ ကုသမှုတွေမှာခွဲခြားဆက်ဆံခံရတာတွေကြောင့် ကမ္ဘာ့လူဦးရေမှာ “ပျောက်ဆုံး”နေတဲ့ “မိန်းကလေး”တွေဆိုပြီးတင်စားနှိုင်းဆိုကြတာပဲ။

အတိတ်မှာတင်မက “ဖီမီနာ” (femina) တွေအကုန်လုံးတွေ့ကြုံနေရတဲ့ဖိနှိပ်မှုတွေကိုတိုက်ဖျက်တဲ့ဖီမီနင့်ဇင်ဆိုတာ ခုချိန်မှာပိုလို့တောင်လိုလာပါပြီ။ ဖီမီနင့်ဇင်ဆိုတဲ့ဝေါဟာရဟာ “ဖီမီနာ” ဆိုတဲ့လက်တင်စကားလုံးကဆင်းသက်လာတာဖြစ်ပြီး “ပထမလိင်” ဆိုတာကနေခွဲခြားဆက်ဆံခံရတဲ့အရာတိုင်းကိုဆိုလိုတာပဲဖြစ်တယ်။ “ပထမလိင်” ဆိုတာကတော့ “‌ယောင်္ကျား” (ဟိုမို homo) ကိုရည်ညွှန်းတာဖြစ်ပြီး လူသားတွေအတွက် လိင်သာမကဂျန်ဒါအရ ပုံမှန်လို့မှတ်ယူလေ့ရှိကြတယ်။[4] မွေးရာပါလိင်နဲ့ မိမိလိင်စိတ်တိမ်းညွတ်မှုတူညီနေတဲ့ ဆစ်ယောင်္ကျားတွေနဲ့ယှဥ်ရင် တခြားလိင်နဲ့ဂျန်ဒါတွေကို “ဒုတိယလိင်” လို့ယူဆကြတယ်။ “ဒုတိယလိင်” တွေဟာ ယောင်္ကျားလိင်လိုမျိုး မိမိနေရာအပြင် ကြားနေရာကိုပါ တစ်ပြိုင်နက်တည်းယူလို့ရလေ့မရှိကြဘူး။ ဥပမာ - အမေရိကန်နိုင်ငံတစ်ခုတည်းကိုပဲကြည့်မယ်ဆိုရင် အနည်းဆုံး လိင်ပြောင်းလဲထားသူ (ထရန်စ်ဂျန်ဒါ) ၆ ယောက်မှာ ၁ ယောက်ဟာ သူတို့ဘဝမှာ ထောင်အနည်းဆုံးတစ်ကြိမ်ကျဖူးသူတွေဖြစ်တယ်။[5] ဂျန်ဒါအခြေပြုအကြမ်းဖက်မှုဆိုတာ မွေးရာပါမိန်းမအနေနဲ့မွေးလာသူတွေသာမက ကမ္ဘာ့တစ်ဝှမ်းက မိန်းမသတ်ဖြတ်မှုတွေရဲ့အန္တရာယ်ကိုတွေ့ကြုံနေရတဲ့ ထရန်စ်ဂျန်ဒါမိန်းမတွေနဲ့ ဂျန်ဒါပညတ်ချက်တွေကို မလိုက်နာတဲ့သူ (gender non-conforming) တွေပါရင်ဆိုင်နေရတဲ့ပြဿနာတစ်ခုပဲ။ အဲ့ဒါကြောင့်လည်း “ထရန်စ်မီဆိုဂျနီ” (transmisogyny)[6]/ လိင်ပြောင်းမိန်းမမုန်းတီးမှုဆိုတဲ့စကားလုံးကိုတီထွင်လိုက်ရခြင်းကလည်း လိင်ပြောင်းလဲသူတွေဆိုရင်မုန်းတီးမှု (transphobia) နဲ့ မိန်းမဆိုရင်မုန်းတီးရွံရှာစက်ဆုပ်ခြင်း (misogyny) က တကယ်တမ်းတော့ ပတ်သက်နေတယ်ဆိုတာထောက်ပြချင်ကြလို့ပဲဖြစ်တယ်။ အိမ်ထောင်မရှိတဲ့မိန်းမတွေကို တမင်သတ်ဖြတ်တဲ့ “မိန်းမမျိုးတုံးသတ်ဖြတ်မှု” (femicide) နဲ့အတူ “ဖီမီနာ”လို့ခေါ်တဲ့ “မ”သဘောတရားမှန်သမျှကိုသတ်ဖြတ်တဲ့ “မ,မျိုးတုံးသတ်ဖြတ်မှု” (feminicide) ကလည်းတစ်ပြိုင်နက်တည်းဖြစ်နေတယ်။ “မ,မျိုးတုံးသတ်ဖြတ်မှု”ကို နိုင်ငံတော်ကိုယ်နှိုက်ကိုက ကျူးလွန်တဲ့သူတွေကို ပြစ်ဒဏ်နောက်ကျမှပေးတာမျိုး၊ ဒါမှမဟုတ် လွတ်ငြိမ်းချမ်းသာခွင့်ပေးတာမျိုးနဲ့ အားပေးအားမြှောက်ပြုနေတယ်။[7]

အဲ့ဒါကြောင့် ဖီမီနင့်ဇင်ဆိုတာ အရေးတကြီးလိုအပ်တယ်။ ဒါပေမဲ့ ဖီမီနင့်ဇင်ဟာ နောက်ထပ်ပိုပြီး အထက်အောက်စနစ်တွေမခွဲခြားဘဲ အမျိုးသမီးများလွတ်မြောက်ရေးကိုဦးစားပေးဖော်ဆောင်မှဖြစ်မယ်။ အန်နာခါဖီမီနင့်ဇင်ဟာ ဒီနေရာမှာအချက်အခြာကျတယ်။ လက်ဝဲဘက်က တခြားသောဖီမီနင့်ဇင်တွေဟာ မိန်းမတွေရဲ့ခံစားနေရတဲ့ဖိနှိပ်မှုတွေကို အချက်တစ်ချက်တည်းနဲ့သာရှင်းပြဖို့ကြိုးစားနေခဲ့ကြတယ်။ ဒါမှမဟုတ် သူတို့ဟာ မိန်းမတွေရဲ့လွတ်မြောက်ရေးဆိုတာကို “မိန်းမဖြစ်တည်မှု” ဆိုတဲ့ကျဥ်းမြောင်းလှတဲ့ဘောင်တစ်ခုတည်းကိုအကျဥ်းချနေခဲ့ကြတယ်။ ဒါပေမဲ့ မင်းမဲ့သမားတွေအဖို့ကတော့ မဟာဖိုဝါဒကိုတိုက်ဖျက်ဖို့ဆိုရင် စီးပွားရေး၊ ရိုးရာဓလေ့ထုံးတမ်း၊ လူမျိုးရေး၊ နိုင်ငံရေး၊ လိင်ပိုင်းဆိုင်ရာအစရှိတဲ့အချက်ပေါင်းမြောက်မြားစွာကို ထည့်သွင်းစဥ်းစားပြီး အဲ့ဒီအချက်တွေအချင်းချင်းစုပေါင်းပြီး မဟာဖိုဝါဒကို ဘယ်လိုမွေးမြူနေသလဲဆိုတာကိုပါတိုက်ဖျက်ရမယ်ဆိုတာ ထင်ရှားနေပြီးသားပါ။ တိုက်ဖျက်ရမဲ့အထဲမှာ ပိုမိုဦးစားပေးတဲ့အခွင့်ထူးခံရထားတဲ့ တချို့သော “မိန်းမဖြစ်တည်မှု” တွေပါတယ်လို့ ငါတို့ပြောလို့ရတယ်။

လက်ဝဲတွေ အရေးကြီးလှတဲ့ရိုးရာတွေမှာ ဒါတွေကိုလျစ်လျှူရှုထားတာကြောင့် (သမိုင်းကြောင်းကို တမင်တကာအတိတ်မေ့နေကြတာကြောင့်) မင်းမဲ့အယူအဆဟာ ပညာရှင်ရပ်ဝန်းမှာရော၊ လူထု‌ငြင်းခုံချက်တွေရောမှာပါ ဘေးဖယ်ခံထားရတာဖြစ်တယ်။ အဲ့ဒါကြောင့်လည်း မင်းမဲ့အယူအဆကို အကြမ်းဖက်မှုနဲ့ ကစဥ့်ကလျားဖြစ်မှုတွေကိုသာ ဦးစားပေးတဲ့ဝါဒပါလို့ ကောက်ကျစ်စွာခေါင်းစဥ်တပ်ထားကြတာဖြစ်တယ်။ “မင်းမဲ့အယူအဆ” ဟာ အစိုးရမရှိခြင်းဆိုတဲ့အချက်နဲ့ “မင်းမဲ့အယူအဆ” ဟာ ဖရိုဖရဲဖြစ်ခြင်းဆိုတဲ့အချက်နှစ်ချက်ကြားက အဓိပ္ပါယ်သဘောတရားတွေကို ရောထွေးလိုက်တာကြောင့်လည်း ဒီလိုဘေးဖယ်ခံထားရတာဖြစ်တယ်။ မင်းမဲ့သဘောတရားဟာ ဖရိုဖရဲကစဥ့်ကလျားဖြစ်ခြင်းကိုဆိုလိုတာမဟုတ်ဘူး။ မင်းမဲ့သဘောတရားဆိုတာ အထက်က “စီစဥ်ပေးသူ” မရှိဘဲ အစီအစဥ်တကျဖြစ်နေခြင်းကိုရှာဖွေတာဖြစ်တယ်။ အမိန့်ပေးခြင်းတွေကနေမဆင်းသက်တဲ့ သူ့အလိုလိုပေါ်ပေါက်တည်ရှိနေတဲ့ ကူးလူးဆက်သွယ်ရေးကိုဆိုလိုတာဖြစ်တယ်။ မင်းမဲ့အယူအဆကို ဖရိုဖရဲကစဥ့်ကလျားဖြစ်ခြင်းနဲ့သာ အပေါ်ယံမှတ်ယူကြတဲ့သူတွေကတော့ (လူမှုအသိုင်းအဝိုင်းတစ်ခုဖြစ်လာနိုင်စေတဲ့) အမူအကျင့်ပုံစံတချို့တည်ရှိနေတဲ့ “အစီအစဥ်”ဆိုတာကို (လူမှုအသိုင်းအဝိုင်းတစ်ခုဖြစ်လာနိုင်စေရုံသာမက အများလိုချင်နှစ်ခြိုက်တဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုဖြစ်ဖို့ဆိုရင်) “အမိန့်” ပေးမှရတဲ့ “အစီအစဥ်”ဆိုတာနဲ့ ရောထွေးလိုက်ကြတယ်။ အဲ့ဒါကြောင့် အန်နာခါဖီမီနင့်ဇင်ရဲ့အတွေးအခေါ်အလေ့အကျင့်တွေကို လျစ်လျှူရှုထားခြင်းဟာ အယူအဆဆိုင်ရာမှန်ကန်မှု၊ ပါဝင်မှုနဲ့ နိုင်ငံရေးထိရောက်မှုတွေအတွက်ပါ အန္တရာယ်ဖြစ်စေတာပဲ။

ငါတို့ တင်သွင်းချင်တဲ့အဆိုကတော့ ငါတို့ခေတ်မှာ တွေ့ကြုံနေရတဲ့စိန်ခေါ်မှုတွေအတွက် အကျိုးသက်ရောက်စေမဲ့ အန်နာခါဖီမီနင့်ချဥ်းကပ်မှုတစ်စုံတစ်ရာကို ဖော်ဆောင်ပြီး အဲ့ဒီ့လစ်ဟာချက်ကိုပြင်ဆင်ကြဖို့ပဲ။ ဒီအချက်ကတော့ အန်နာခါဖီမီနင့်ဇင်ဟာ အတိတ်က မိန်းမတွေရဲ့ရုန်းကန်မှုတွေထဲမှာ စိမ့်ပါဝင်နေပြီးသားပဲ၊ အဲ့ဒါကြောင့် သမိုင်းကြောင်းအရဆက်စပ်မှုရှိအောင် အန်နာခါဖီမီနင့်ဇင်ဆိုတာကို ပေါ်ပေါ်ထင်ထင်လူသိများအောင်လုပ်ဆိုရုံလောက် မရိုးရှင်းပါဘူး — အဲ့ဒီအချက်တစ်ချက်တည်းကိုကတင် အကျိုးရှိလောက်တဲ့ကြိုးစားအားထုတ်မှုတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သမိုင်းကြောင်းအရမှန်ကန်မှုအတွက်တင်သာမက အန်နာခါဖီမီနင့်ဇင်ရဲ့အမြင်ရှုထောင့်တွေကို ပြန်လည်စစ်ကျောဖို့ဆိုရင် လူတန်းစား၊ လူမျိုးရေး၊ ရိုးရာဓလေ့ထုံးတမ်းတွေကနေတဆင့် မတူညီတဲ့အချက်ပေါင်းမျိုးစုံကနေ မိန်းမတွေအပေါ်ဖိနှိပ်နေမှုတွေကို ပိုမိုအားကောင်းလာအောင်လုပ်ပေးနေတဲ့အချိန်ကာလတစ်ခုအတွင်းမှာ ဖီမီနင့်နည်းလမ်းတွေကို အကျယ်ဖြန့်ကြည့်ရှုဆင်ခြင်ကြရမှာဖြစ်တယ်။

နဂိုမွေးရာပါလိင်ပညတ်ချက်နဲ့ထပ်တူညီနေတဲ့ ဆစ်ဂျန်ဒါမိန်းမတွေရဲ့ဖီမီနင့်ဇင် (cis-feminism) နဲ့ လိင်ပြောင်းလဲသူတွေကျင့်သုံးတဲ့ဖီမီနင့်ဇင် (transfeminism) ကြားက ကွာဟမှု[8]တွေပိုများလာတဲ့အချိန်၊ ဖီမီနင့်ဇင်ဆိုတာ လူဖြူတွေသာရရှိတဲ့အခွင့်ထူးခံမှုတစ်ခုလို့သာ စွပ်စွဲခံလာရချိန်မှာ ဖီမီနင့်နည်းလမ်းတွေကို ပြန်လည်ကြည့်ရှုဆင်ခြင်ခြင်းဟာ ပိုလို့တောင်အရေးကြီးလာပါပြီ။ ကမ္ဘာ့မြောက်ပိုင်းက မိန်းမ (တချို့)ကိုလွတ်မြောက်စေခြင်းဆိုတာ ကမ္ဘာ့တောင်ပိုင်းက မိန်းမတွေကိုဖိနှိပ်ပြီးမှသာလျှင်ဖြစ်နိုင်တာမျိုးတွေလည်းရှိနေတယ်။ ကမ္ဘာ့မြောက်ပိုင်းက မိန်းမတွေရဲ့ အိမ်ထောင်တွင်းက မျိုးဆက်ပွားရေးဆိုင်ရာလုပ်အားကနေ “လွတ်မြောက်တယ်” ဖို့ဆိုတာ အဲ့ဒီလုပ်အားကို ကမ္ဘာ့တောင်ပိုင်းက မိန်းမတွေကိုပေးလုပ်ခိုင်းလိုက်လို့သာဖြစ်တယ်။ တစ်ကမ္ဘာလုံးနဲ့ခြုံကြည့်ရရင် (ခုခေတ်ကာလရဲ့လူမှုရေးဆိုင်ရာပြန်လည်မွေးမြူထုတ်လုပ်ခြင်းဟာ ကမ္ဘာနဲ့ချီပြီးပျံ့နှံ့ချိတ်ဆက်နေတာမို့ တစ်ကမ္ဘာလုံးနဲ့ခြုံကြည့်ဖို့လည်းလိုလာတယ်။) ကမ္ဘာအနှံ့ ကွင်းဆက်မိနေတဲ့ ဂျန်ဒါအခြေပြုလုပ်အားတွေဟာ ပိုလိုတောင်ထင်သာမြင်သာရှိလာပြီး အန်နာခါဖီမီနင့်ဇင် ပိုမိုထင်ရှားလာဖို့ အချိန်ကောင်းတစ်ခုပါပဲ။ လွှမ်းမိုးဖို့အတွက်လိုတာက ဘက်ပေါင်းစုံကနေချဥ်းကပ်ခြင်းပဲ။ အထူးသဖြင့် ကမ္ဘာ့ထောင့်နေရာစုံက မတူညီတဲ့အသံတွေ၊ အမြင်တွေ၊ အချက်အလက်တွေကို ရောစပ်ပြီးချဥ်းကပ်ကြရမယ်။ မိန်းမများလွတ်မြောက်ခြင်းအတွက်တွေ့ကြုံရသောပြဿနာများ (Problems of Women’s Liberation) စာအုပ်ထဲမှာ တရုတ်အန်နာခါဖီမီနင့် ဟေဇန် (He Zhen) ၂၀ ရာစုစတုန်းက ရေးခဲ့တယ်။

မိန်းမအများစုဟာ အစိုးရကြောင့်ရော၊ ယောင်္ကျားတွေကြောင့်ပါဖိနှိပ်ခံထားရပြီးသားဖြစ်တယ်။ ရွေးကောက်ပွဲစနစ်ဟာ တတိယမြောက်အုပ်စိုးသူလူတန်းစားတစ်ရပ်ဖြစ်တဲ့ အီလစ်မိန်းမတွေကိုသာ နေရာပေးလိုက်တာဖြစ်ပြီး ဖိနှိပ်မှုဟာပိုလို့တောင်ကြီးလာပါသေးတယ်။ ဖိနှိပ်မှုတွေဟာ အရင်တိုင်းပဲဆိုရင်တောင် မိန်းမအများစုဟာ မိန်းမအနည်းစုရဲ့ အခွင့်ကောင်းယူတာကို ခံနေရတုန်းပဲ။ […] ပါဝါရှိနေတဲ့မိန်းမအနည်းစုက ပါဝါမရှိတဲ့မိန်းမအနည်းစုကို ပြန်လည်ဖိနှိပ်တဲ့အခါ မိန်းမတွေကြားက မတူညီတဲ့လူတန်းစားခွဲခြားဆက်ဆံရေးတွေပေါ်လာတယ်။ မိန်းမအများစုက ယောင်္ကျားတွေဖိနှိပ်တာကိုမခံချင်ဘူးဆိုရင် မိန်းမတွေရဲ့ထိန်းချုပ်မှုကို‌ရော ဘာလို့ခံရမှာလဲ? ဒါကြောင့် ယောင်္ကျားတွေနဲ့အပြိုင် အာဏာရဖို့ကြိုးပမ်းတာထက် ယောင်္ကျားတွေရဲ့အုပ်ချုပ်မှုကို မြေလှန်ပစ်ကြဖို့ဦးတည်သင့်တယ်။ ယောင်္ကျားတွေမှာရှိနေတဲ့ အခွင့်ထူးခံစားမှုဆိုတာကို ချွတ်ချလိုက်တာနဲ့တစ်ပြိုင်နက် သူတို့တွေဟာလည်း မိန်းမတွေနဲ့တန်းတူဖြစ်သွားမယ်။ အဲ့အခါကျရင် လက်အောက်ခံမိန်းမဆိုတာလည်း မရှိတော့သလို လက်အောက်ခံယောင်္ကျားဆိုတာလည်းမရှိတော့ဘူး။ ဒါဟာ မိန်းမတွေရဲ့လွတ်မြောက်ခြင်းပဲ။[9]

၁၉၀၇ ခုနှစ်ကရေးခဲ့တဲ့ ဒီစာရဲ့အခုချိန်ထိ သင့်လျော်နေမှုဟာ အန်နာခါဖီမီနင့်ဇင်ရဲ့ဟောကိန်းတစ်ခုပဲ။ လွတ်မြောက်ခြင်းဆိုတာ ယောင်္ကျားတွေခံစားရတဲ့အခွင့်ထူးခံစားမှုတွေကို မိန်းမတွေပါခံစားရခြင်းမဟုတ်ဘူး။ လွတ်မြောက်ခြင်းဆိုတာ “လက်အောက်ခံမိန်းမဆိုတာလည်း မရှိတော့သလို လက်အောက်ခံယောင်္ကျားဆိုတာလည်းမရှိတော့ခြင်း” ကိုဆိုလိုတာဖြစ်တယ်။ ဒီစကားလုံးတွေထဲမှာ ငါတို့ရှာနေတဲ့ “ဘာလို့ အန်နာခါဖီမီနင့်ဇင်လဲ?” ဆိုတဲ့မေးခွန်းရဲ့ ပထမအဖြေကို တွေ့ကောင်းတွေ့နိုင်တယ်။ ဘာလို့လဲဆိုတော့ ဖီမီနင့်ဇင်ဟာ အများစုအပေါ်ပြန်လွှမ်းမိုးအုပ်ချုပ်တဲ့ လူနည်းစုမိန်းမတစ်ရပ်ရဲ့လက်ထဲက အခွင့်ထူးခံလက်ကိုင်တုတ်တစ်ချောင်းမဖြစ်သွားဖို့အတွက် အကောင်းဆုံးဖြေဆေးမို့လို့ပဲ။ မိန်းမသမ္မတတစ်ယောက်ရွေးကောက်ခံရရင်ပဲ မိန်းမအားလုံး လွတ်မြောက်သလိုလိုတင်စားနေကြတဲ့ခေတ်ကြီးမှာ၊ ဖီမီနင့်ဇင်ကလည်း ကော်ပရိတ်တံဆိပ်ကပ်ခြင်းရဲ့ကိရိယာတစ်ခုဖြစ်လာတဲ့အချိန်မှာ အန်နာခါဖီမီနင့်တွေရဲ့ “ဖီမီနင့်ဇင်ဆိုသည်မှာ ကော်ပရိတ်ပါဝါ (သို့) မိန်းမသမ္မတတစ်ယောက်ကိုဆိုလိုတာမဟုတ်ဘူး။ ဖီမီနင့်ဇင်သည် ကော်ပရိတ်ပါဝါများမရှိတော့ခြင်း၊ သမ္မတဆိုသည်မရှိတော့ခြင်းကို ဆိုလိုတာဖြစ်သည်” ဆိုတဲ့နှိုး‌ဆော်ချက်က အရင်ကထက်တောင် ပိုအရေးကြီးလာပါပြီ။[10] ဒီနှိုးဆော်ချက်ရဲ့အဓိပ္ပါယ်က မိန်းမများအားလုံးလွတ်မြောက်ခြင်းကိုဆိုလိုတာပဲ။

မေ့ဖျောက်ခံထားရတဲ့ အန်နာခါဖီမီနင့်အသံတွေကို ပြန်လည်တူးဖော်ခြင်းဟာ ဒီခေတ်ကဖီမီနင့်တွေအတွက်အရေးကြီးတဲ့အလုပ်တစ်ခုဆိုပေမဲ့ အဲ့ဒါက ဒီစာအုပ်ရဲ့အဓိကအကြောင်းရင်းတော့မဟုတ်ပါဘူး။ ဒီစာအုပ်ရေးရခြင်းမူရင်းအကြောင်းရင်းက အန်နာခါဖီမီနင့်ရိုးရာဓလေ့တွေကို ပြန်လည်အောက်မေ့ဖို့အတွက်ဆိုပြီး ရည်ရွယ်ခဲ့ပေမဲ့ ရေးရင်းနဲ့ စာအုပ်က အခြားအကြောင်းရင်းတစ်ခုအတွက်ဖြစ်လာခဲ့တယ်။ “အန်နာခါဖီမီနင့်ရိုးရာဓလေ့” ဆိုတာကိုရှာဖွေလေလေ၊ “အန်နာခါဖီမီနင့်ကျမ်းဂန်” ဆိုတာကို အဆိုပြုမိလေလေ ငါတို့ အဲ့ဒီအလုပ်ကို ပိုပြီးစိတ်မဝင်စားလေလေဖြစ်လာတယ်။ ဒီစာအုပ်အတွက် ရှာဖွေလေ့လာရင်း “အန်နာခါဖီမီနင့်ကျမ်းဂန်” နေနေသာသာ “အန်နာခါဖီမီနင့်ရိုးရာဓလေ့” ဆိုတာ အရှေ့အနောက်မညီတာတွေ ထင်ထင်ရှားရှားရှိနေသလို အတွင်းရေးတင်းမာမှုတွေနဲ့ပြည့်နှက်နေတယ်ဆိုတာကို တွေ့ရတယ်။ “ရိုးရာဓလေ့” (tradition) ဆိုတာဟာ မျိုးဆက်တစ်ဆက်ရဲ့ စဥ်းစားတွေးခေါ်မှုအထုအထည်တစ်ခုကို နောက်ထပ်မျိုးဆက်တစ်ဆက်စီ အတွင်းထဲကနေလက်ဆင့်ကမ်းသယ်ပို့ခြင်းလို့အဓိပ္ပါယ်ရတယ်။ အဲ့ဒီ့အဓိပ္ပါယ်နဲ့စဥ်းစားမယ်ဆိုရင် အရင်ဆုံး အဲ့လိုသယ်ပို့ဖို့ “တန်းဝင်ပါတယ်” လို့သတ်မှတ်လိုက်ကြတဲ့ သယ်ပို့သင့်ရလောက်တဲ့ စဥ်းစားတွေးခေါ်မှုအထုအထည်အသင့်အတင့်တစ်ခုရှိမှဖြစ်မယ်လေ။ အဲ့ဒီ့စဥ်းစားတွေးခေါ်မှုအထုအထည်တွေနဲ့ အမူအကျင့်တွေဟာ ရှားပါးတော်ဝင်တယ်လို့မသတ်မှတ်ရင်တောင်မှ စစ်မှန်တယ်၊ အခြေခံကျတယ်လို့လက်ခံထားကြတဲ့စာအုပ်တချို့ကိုကိုးကားထားမှသာလျှင် “ကျမ်းဂန်” (canon) မြောက်မယ်လို့ခံယူကြတယ်။ ဒါပေမဲ့ “မင်းမဲ့သဘောတရား” ဆိုတာ နိုင်ငံရေးအရဖြစ်စေ၊ ကျမ်းဂန်အရဖြစ်စေ၊ တွေးခေါ်မှုအရဖြစ်စေ ဘယ်နေရာကမဆို အထက်အောက်စနစ်တွေကို ချွတ်ချခြင်းကိုဆိုလိုတာလေ။ အဲ့ဒီ့တော့ “ဂန္တဝင်မင်းမဲ့သဘောတရား” ဆိုတဲ့ခေါင်းစဥ်အောက်ကနေ မင်းမဲ့ “ကျမ်းဂန်”တွေကိုထိန်းသိမ်းစောင့်ရှောက်တာတွေကို မကြာခဏလုပ်လာကြတာတွေဟာ နောက်ဆုံးမှာ ဥရောပစံပြု၊ ယောင်္ကျားစံပြုပြီး ဘေးဖယ်ထုတ်နေတာပါပဲ။[11] အန်နာခါဖီမီနင့်ကျမ်းဂန်ဆိုတာကို အသာထား၊ အန်နာခါဖီမီနင့်ရိုးရာဓလေ့တစ်ခုကို တည်ဆောက်ရမယ်လို့ပြောတာဟာ အပေါ်ယံဟန်ပြရှေ့နောက်မညီဖြစ်မနေဘူးလား?

ဒီလောကမှာ ငါတို့ပိုကျင်လည်လေလေ၊ ဒီလောကထဲကတင်းမာမှုတွေကို ပိုပြီးသတိထားမိလာလေလေပါပဲ။ “အန်နာခါဖီမီနင့်ဒဿန” ဟာ ကျမ်းဂန်တစ်ခုရယ်လို့ သတ်သတ်မှတ်မှတ်ပြလို့မရတဲ့ အမြဲတစေရွေ့လျားပြောင်းလဲနေတဲ့စာအုပ်တွေ၊ လုပ်ရပ်တွေနဲ့ အတွေးအခေါ်တွေကြားမှာ ပျံ့နှံ့နေတယ်။ နောက်ပြီးတော့ အန်နာခါဖီမီနင့်စာရေးသူတွေဟာလည်း သူတို့ကိုယ်သူတို့ အန်နာခါဖီမီနင့်စာရေးသူပါလို့ နာမည်တပ်ဖို့စိတ်မဝင်စားကြဘူး။ တချို့က ကိစ္စရပ်တချို့ကို အထူးဦးစားပေးကြပေမဲ့ တချို့ကတော့ တမင်တကာသိသိသာသာမပြတဲ့နည်းလမ်းကို ရွေးချယ်ကြတယ်။ အကျိုးဆက်ကတော့ အန်နာခါဖီမီနင့်လို့ကိုယ့်ကိုကိုယ်ခေါ်ဝေါ်သတ်မှတ်ကြတဲ့အုပ်စုတွေနဲ့ စာအတူတူဖတ်ကြတာ၊ နှီးနှောဖလှယ်ကြတာတွေဟာ အသုံးဝင်ပေမဲ့ အကျိုးရှိလှဆုံး အန်နာခါဖီမီနင့်ဒဿနတွေကို မိမိကိုယ်ကို အန်နာခါဖီမီနင့်လို့မခေါ်တဲ့စာရေးသူတွေ၊ ဒဿနိကသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေမှာ ပိုပြီးတွေ့ရတာပဲ။ ဒီအခြေအနေကို တခြား‌သော မင်းမဲ့သဘောတရားတွေမှာလည်း တွေ့ရတတ်တယ်။ ဥပမာ — အခြားသူတွေထောက်ပြထားတဲ့အတိုင်း[12] မိမိကိုယ်ကို “လူမည်းမင်းမဲ့သမား” လို့ အမည်တပ်ခေါ်တဲ့သူရှားပေမဲ့ မင်းမဲ့အတွေးအခေါ်တွေနဲ့ ခံစားချက်တွေကို လူမည်းရာဒီကယ်ရိုးရာဓလေ့တွေနဲ့ လူမည်းဖီမီနင့်စာပေတွေမှာ တွေ့ရတတ်တယ်။ ဒါဆို ဒီတင်းမာမှုတွေကို ဘယ်လိုဖြေရှင်းကြမလဲ? ဒီသဘောတရားနှစ်ခုက အချင်းချင်းပြန်လည်ဆက်စပ်နိူင်မလဲ?

“မင်းမဲ့ဖြစ်တည်မှု/ အန်နာခီ” နဲ့ “မင်းမဲ့သ‌ဘောတရား/အန်နာခစ်ဇင်” ဆိုတဲ့စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို မင်းမဲ့ဖြစ်တည်မှုရဲ့ဒဿနိကနဲ့ကျင့်ဝတ်တစ်ခုလို့ပဲမှတ်ယူလိုက်ကြမယ်ဆိုရင် ဒီတင်းမာမှုတွေကပျောက်သွားပါတယ်။ မင်းမဲ့ဖြစ်တည်မှုဟာ အာခိ (arche)/မူရင်းကနဦးဆိုတာတွေမရှိတော့တာ (ဒါက အလုံးစုံခြုံလွှမ်းနေတဲ့နိယာမတစ်ခုကိုဦးစီးသူ) ဆိုတာမရှိတော့တာ) ဆိုရင် စီမံခန့်ခွဲ့ပေးသူတွေမပါဘဲ အစီအစဥ်တွေကိုဖွေရှာကြည့်ကြဖို့ ငါတို့ကို တွန်းအားပေးလာနိူင်တယ်။ အဲ့ဒါကြောင့်လည်း မင်းမဲ့သမားတော်တော်များများဟာ မင်းမဲ့”ကျမ်းဂန်”ဆိုတာကို တည်ထောင်ဖို့နေနေသာသာ သူတို့ကိုယ်သူတို့ ဒီလိုပါ၊ ဟိုလိုပါလို့ ခေါင်းစဥ်တပ်ကြဖို့စိတ်မဝင်စားကြတာပဲ။ မင်းမဲ့စဥ်းစားတွေးခေါ်သူတော်တော်များများဟာ အာခိတွေကိုဖြိုချဖို့စိတ်ဝင်စားကြပြီး (ပညာရှင်လောကမှာပြုလုပ်လေ့ရှိတဲ့) ဘယ်ဟာကတော့ဖြင့် ရိုးရာပါ၊ ကျမ်းဂန်ပါလို့ခေါ်ဆိုခြင်းလေ့ကျင့်ခန်းတွေမှာမပါဘဲ သူတို့ရဲ့ကာလံဒေသံနဲ့ကိုက်ညီတဲ့တိုက်ပွဲတွေမှာသာ တိုက်ခဲ့ကြတာပဲ။ အဲ့ဒါကြောင့် “လူမည်းမင်းမဲ့ရိုးရာ” ဆိုတာကိုဖွေရှာဖို့ထက် “မင်းမဲ့သဘောတရားဆိုင်ရာလူမည်းဖြစ်တည်မှု” ဆိုတာကို တည်ထောင်ဖို့ အဖြစ်နိူင်ဆုံးအခြေအနေပဲ။ အဲ့လိုပဲ မိမိကိုယ်ကို မင်းမဲ့ဖီမီနင့်ပါလို့နာမည်မတပ်ဘဲ၊ မင်းမဲ့ဖီမီနင့်ဇင်ဆိုတာ ဘာလဲမသိဘဲနဲ့ မင်းမဲ့ဖီမီနင့်အတွေးအခေါ်တွေကိုမွေးမြူနိူင်တာတွေလည်းရှိတယ်။ ဒါက မင်းမဲ့ဖီမီနင့်ဇင်ရဲ့အားသာချက်တစ်ခုပဲ။ ဘာလို့လဲဆိုတော့ မင်းမဲ့ဖီမီနင့်ဇင်ဆိုတာကို အစိုင်အခဲတစ်ခုအနေကနေ သမရိုးကျကျင့်စဥ်တစ်ခုအနေနဲ့ ပြောင်းလဲခြင်း၊ အဲ့လိုပြောင်းလဲခြင်းရဲ့အားနည်းချက်တွေကနေ ကာကွယ်ပေးနိူင်လို့ပဲ။ မင်းမဲ့ဖီမီနင့်ဇင်သဘောတရားကိုကျင့်သုံးခဲ့ကြသူတော်တော်များများကလည်း အဲ့ဒီလိုမျက်ကန်းမှုတွေရဲ့သားကောင်တွေ အလွယ်တကူဖြစ်ခဲ့ရတာကိုး။

ဒီစာအုပ်ထဲမှာတော့ အဲ့ဒီအားနည်းချက်ကို အားသာချက်အဖြစ်ပြောင်းကြည့်ချင်တယ်။ မင်းမဲ့ဖီမီနင့်ဒဿနိကရဲ့ ပျော့ပျောင်းနိူင်စွမ်း၊ ပြောင်းလဲနိူင်စွမ်းကို တစ်ခုနဲ့တစ်ခုချိတ်ဆက်နေခြင်းမရှိတဲ့ စာသားတွေ၊ နိူင်ငံရေးစီမံကိန်းတွေနဲ့ ဒဿနိကအတွေးအခေါ်တွေကြားက ဒိုင်ယာလော့ခ်တစ်ခုအနေနဲ့ အသုံးချကြည့်ချင်တယ်။ အဲ့ဒီလိုလုပ်တဲ့အခါ မင်းမဲ့ဖီမီနင့်လို့ မိမိကိုယ်ကိုခေါ်ဝေါ်တဲ့ သီအိုရီပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေကို ကိုးကားရုံသာမက ကိုယ့်ကိုယ်ကို မင်းမဲ့ဖီမီနင့်လိုမခေါ်တဲ့သူတွေကိုပါ ကိုးကားမယ်။ ဒါကြောင့် ဒီစာအုပ်ဟာ မင်းမဲ့ဖီမီနင့်ဇင်သီအိုရီကို သစ္စာရှိရှိ ပြန်လည်တည်ဆောက်ခြင်းဆိုတာထက် ငါတို့လက်ရှိကာလမှာတွေ့ကြုံနေရတဲ့စိန်ခေါ်မှုတွေကို တုံ့ပြန်တဲ့ မင်းမဲ့ဖီမီနင့်ဇင်ဒဿနိကတစ်ခုကို ကောက်ကြောင်းဆွဲကြည့်ခြင်းသာဖြစ်တယ်။ စာသားတွေ၊ လူတွေနဲ့ နိူင်ငံရေးဒဿနအစီအစဥ်တွေရဲ့လေဘယ်တွေထက် မင်းမဲ့သဘောတရားဟာ နည်းနာ[13] တစ်ခုသာဖြစ်တယ်။ အထက်အောက်စနစ်မှန်သမျှကို မေးခွန်းထုတ်တဲ့နည်းနာတစ်ခု၊ သူတို့အချင်းချင်းကြား ဘယ်လိုပြန်လည်ခွန်အားပေးမှုတွေရှိနေသလဲဆိုတာ စိစစ်တဲ့ဖိတ်ခေါ်ချက်တစ်ခုသာဖြစ်တယ်။ ဖီမီနင့်ဇင်ရဲ့အ‌ရှေ့မှာ မင်းမဲ့လို့ကပ်လိုက်ခြင်းဟာ ဇီဝလိင်၊ လူတန်းစားနဲ့လူမျိုးရေး၊ ဆစ် (သို့) လိင်ကွဲချစ်ကြိုက်ခြင်းကိုစံနှုန်းပြုမှုတွေနဲ့ ငါတို့ရဲ့ဂျန်ဒါစာအုပ်စင်ကနေ ရွေးချယ်ထားတဲ့ အခြားသောကိစ္စရပ်တွေကို အထူးပြုချင်တာမဟုတ်သလို မိန်းမတွေရဲ့ မြောက်မြားလှစွာသော ဖိနှိပ်မှုတွေထဲကနေ သူမတူထူးခြားတဲ့ ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားပေးတဲ့မူရင်းကနဦး အာခိကို ဖော်ထုတ်ဖို့စိုင်းပြင်းတာလည်း မဟုတ်ဘူး။

ဒါကတော့ ကိုယ့်ကိုယ်ကို မင်းမဲ့ဖီမီနင့်လို့ခေါ်ခဲ့ကြတဲ့သူတွေရေးခဲ့တဲ့ သမိုင်းထဲကစာတွေထဲမှာရော မင်းမဲ့ဖီမီနင့်ဆိုတဲ့လေဘယ်ကိုမသုံးဘဲ ဒီအတွေးအခေါ်တွေကိုကျင့်သုံးခဲ့ကြတဲ့ သီအိုရီပညာရှင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့စာတွေထဲမှာပါ တွေ့ရတဲ့ “မင်းမဲ့ဖီမီနင့်သဘောတရား” ရဲ့အဓိပ္ပါယ်ပဲ။ သူတို့ကြားထဲမှာ တူညီနေတာက မိန်းမတွေခံနေရတဲ့ဖိနှိပ်မှုတွေထဲမှာ တစ်စုံတစ်ခုရှိနေတယ်ဆိုတဲ့သိမှုရယ်နဲ့ မတူညီတဲ့ဖိနှိပ်မှုတွေအချင်းချင်း ပြန်လည်တွန်းအားပေးမှုတွေရှိနေတာကြောင့် ဖိနှိပ်မှုတွေအားလုံးကို မညွှန်းဆိုဘဲ ဖိနှိပ်မှုတစ်ခုတည်းကို ပပျောက်ဖို့ကြိုးစားလို့မရဘူးဆိုတဲ့သိမှုတွေပဲ။ တိုတိုပြောရရင် သူတို့တွေအကုန်လုံးကြားထဲကတူညီတဲ့လက်ခံချက်က အားလုံးတန်းတူညီမျှမလွတ်မြောက်သေးသရွေ့ ဘယ်သူမှမလွတ်မြောက်ဘူးဆိုတာပဲ။

ဥပမာ — ဒီမင်းမဲ့ဖီမီနင့်အယူအဆကြောင့်ပဲလည်း (ဒီစာအုပ်ရေးဖို့အကြောင်းဖန်လာစေတဲ့ တိုက်တွန်းချက်တွေထဲကသူတစ်ယောက်ဖြစ်တဲ့) အန်မာဂိုးလ်မန်း (Emma Goldman) ဟာ “ဖီမီနင့်ဇင်” ဆိုတဲ့လေဘယ်ကို ငြင်းချက်ထုတ်ပြီး “မင်းမဲ့သဘောတရား” ဆိုတာကိုသာ ရွေးချယ်ကျင့်သုံးခဲ့တယ်။ သူ့အတွက်ကတော့ မင်းမဲ့သဘောတရားဟာ ဘဝကိုပေါင်းစည်းပေးတဲ့ဆရာတစ်ဆူဖြစ်ပြီး ဖိနှိပ်မှုအပေါင်းဟာ ဆုံမှတ်တစ်ခုမှာလာစုစည်းနေကြတယ်ဆိုတဲ့အချက်ကိုထောက်ပြတာပဲတဲ့။ တစ်ဖက်မှာတော့ ၂၀ ရာစုအစ နယူးယောက်မြို့မှာ “ဖီမီနင့်ဇင်” ဟာ လူတန်းစားအရခေါင်းပုံဖြတ်ခံနေရတာတွေနဲ့ အခြားသောလွှမ်းမိုးမှုတွေကို လားလားမျှစိတ်မဝင်စားတဲ့ လူလတ်တန်းစားမိန်းမတွေသာပါဝင်တဲ့အ‌ရွေ့တစ်ခုနဲ့သာ သက်ဆိုင်နေခဲ့တယ်တဲ့။ ဒါကြောင့် ဂိုးလ်မန်းရဲ့ ဒဿနက “ဖီမီနင့်ဇင်” ဆိုတဲ့လေဘယ်ကိုဆန့်ကျင့်ပြီး မင်းမဲ့သဘောတရားကနေတဆင့် မိန်းမတွေရဲ့လွတ်မြောက်ရေးမေးခွန်းကို အဖြေရှာဖို့ကြိုးစားတယ်။ ဒါပေမဲ့ သူ့ရဲ့ဒဿနဟာလည်း အန်နာခါဖီမီနင့်သဘောတရားတွေ စိမ့်ဝင်နေသေးတာပဲဆိုတာကို ထင်ထင်ရှားရှား ဒီစာအုပ်ထဲမှာတွေ့ရလိမ့်မယ်။

တကယ်တော့ “အန်နာခါ-ဖီမီနင့်ဇင်” ဆိုတဲ့စကားလုံးကို ၁၉၇၀ ခုနှစ်တွေက ဖီမီနင့်ဇင်အသွင်တစ်မျိုးအောက်ကနေလှုပ်ရှားခဲ့ကြတဲ့ ဖီမီနင့်လူမှုရေးအရွေ့တွေမှာ ပေါ်ပေါ်ထင်ထင်အသုံးပြုခဲ့ကြတယ်ဆိုတာတွေ့ရတယ်။ အဲ့ဒီအရွေ့တွေက သူတို့ကိုယ်ကိုယ် မင်းမဲ့သမားတွေလိုမြင်ခဲ့ကြပြီး မင်းမဲ့သဘောတရားနဲ့ ဖီမီနင့်ဇင်ကြားက အရေးကြီးတဲ့ပေါင်းကူးမှုတွေကို ထောက်ပြခဲ့ကြတယ် -- အဲ့ဒီပေါင်းကူးမှုဟာ အ‌ရေးကြီးလွန်းလို့ တချို့တက်ကြွလှုပ်ရှားသူတွေက “မင်းမဲ့သဘောတရားက သင်ပေးတဲ့ဖီမီနင့်ဇင်”[14] လို့တောင် ခေါ်ဝေါ်ခဲ့ကြတယ်။ ဟုတ်ပါတယ်။ ၁၉၇၀ ခုနှစ်တွေထဲက ဖီမီနင့်တော်တော်များများလိုချင်ခဲ့တာကလည်း အထက်အောက်စနစ်ပေါင်းစုံကို ဖျက်ဆီးခြင်း၊ အရင်းရှင်စနစ်၊ ဂျန်ဒါပုံသေမှတ်ယူမှုများ၊ လူအချင်းချင်းကြားကျူးလွန်တဲ့အကြမ်းဖက်မှုတွေကို ပပျောက်စေလိုခြင်းဆိုတဲ့ မင်းမဲ့ပန်းတိုင်တွေပါပဲ။ သူတို့တွေက မင်းမဲ့သမားတွေ အသုံးပြုလေ့ရှိတဲ့ အလေ့အထ (အကူအညီတောင်းခံခြင်းကနေအစ ရင်းနှီးရာအုပ်စုတွေကြားထဲမှာ အများသ‌ဘောဆန္ဒရရှိရန်တည်ဆောက်ခြင်း) တွေကနေတဆင့် “ပုဂ္ဂိုလ်ရေးသည် နိူင်ငံရေးဖြစ်သည်” (မင်းမဲ့သမားတွေခေါ်တာတော့ “ကြိုတင်ပုံဖော်ခြင်းနိူင်ငံ‌ရေး”[15]) လို့ ကြွေးကြော်ခဲ့ကြတာပဲ။

ဒါပေမဲ့လည်း ဖီမီနင့်ဇင်အမျိုးမျိုးဟာ သမိုင်းအရ မင်းမဲ့သဘောတရားဆန်နေတာကို တွေ့ကြရလိမ့်မယ်။ ကိုယ့်ကိုယ်ကို ဖီမီနင့်လို့ခေါ်ကြသူတွေအတွက်တော့ ဖီမီနင့်ဇင်ဟာ ယောင်္ကျားနဲ့မိန်းမကြား တန်းတူညီမျှမှုတစ်ခုရောက်ရှိရေးကိုဆိုလိုတာဖြစ်ပြီး မိန်းမတွေကလည်း ယောင်္ကျားတွေနည်းတူ အာဏာနေရာတစ်ခုမှာ ပျော်မွေ့နိူင်ရေးအတွက် လိုအပ်တဲ့ ဥပဒေရေးရာနဲ့ နိူင်ငံရေးအခြေအနေတွေကိုရှာဖွေကြတယ်။ ဒါပေမဲ့ ယောင်္ကျားတိုင်းဟာ အာဏာအထက်အောက်စနစ်ထဲမှာ တန်းတူညီမျှနေရာရနေတာတော့ မဟုတ်ဘူး။ အဲ့ဒါကြောင့် ဖီမီနင့်ဇင်က ယောင်္ကျားတွေနဲ့တန်းတူနေရာရရေးအတွက် ဦးတည်တဲ့အခါ ဆိုလိုရင်းက အနည်းငယ်သောယောင်္ကျားတချို့နဲ့သာတန်းတူနေရာရရေးဖြစ်သွားတယ်။ ဒီလိုနဲ့ ဖီမီနင့်ဇင်ဟာ ယောင်္ကျားတချို့ခံစားရတဲ့အခွင့်ထူးခံစားရမှုတွေကို မိန်းမ (အချို့) ခံစားရရေးဖို့အတွက်သာ အားထုတ်တဲ့ အီလစ်စနစ်တစ်ခုသာ အလွယ်တကူပြန်ဖြစ်သွားနိူင်တယ်။ ဒီစာအုပ်ထဲမှာတော့ ငါတို့နားလည်တာက ဖီမီနင့်ဇင်ဟာ ယောင်္ကျားတချို့နဲ့တန်းတူနေရာရရေးအတွက် ရုန်းကန်ခြင်းမဟုတ်ဘူး — မိန်းမတွေအကုန်လုံးရဲ့ဖိနှိပ်ခံရမှုတွေအတွက် ရုန်းကန်ခြင်းဖြစ်တယ်ဆိုတာပဲ။[16] အဲ့ဒါအပြင် ကျဥ်းမြောင်းလှတဲ့ “မိန်းမဖြစ်တည်မှု” ဆိုတဲ့နားလည်ချက်အောက်ကနေ ဖိနှိပ်ခံနေရတာတွေပါ ရုန်းကန်ခြင်းဖြစ်တယ်။

အဲ့ဒါရဲ့ အကျိုးဆက်အနေနဲ့ ဖီမီနင့်ဇင်ဆိုတာ မိန်းမကိစ္စတွေနဲ့ပဲ လုံးပမ်းနေတဲ့အရွေ့တစ်ခုမဟုတ်တော့ဘဲ လက်ရှိငါတို့အားလုံးကြုံတွေ့နေရတဲ့ ဂျန်ဒါနေရာတွေကို ဇီဝဗေဒအရ နှစ်ခုသာရှိတယ်လို့လျော့ချမှတ်ယူထားတာတွေပြီး အဲ့ဒါကနေ ဖယ်သွေသူတွေကို ဆေးပညာအရသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း မူမမှန်ဘူးလို့သတ်မှတ်ထားတဲ့ “မော်ဒန်/ကိုလိုနီဂျန်ဒါစနစ်”[17] ပြဿနာမှာ ခွဲထုတ်လို့မရတဲ့ လူမှုအစီအစဥ်ကြီးတစ်ခုလုံးကို ဝေဖန်သုံးသပ်ခြင်းဖြစ်လာတယ်။ ယောင်္ကျားတွေဟာ ဂျန်ဒါနှစ်မျိုးပဲရှိတယ်လို့သတ်မှတ်ထားတဲ့စနစ်မှာ မိန်းမတွေထက် အသာစီးရနေတာမှန်ပေမဲ့ “ယောင်္ကျား” vs. “မိန်းမ” ဆိုတဲ့ ဂျန်ဒါစံနှုန်းသတ်မှတ်ချက်တွေနဲ့ ဂျန်ဒါနှစ်မျိုးသာရှိတယ်လို့ယူဆချက်တွေဟာ မွေးကင်းစမှာ မိန်းမလို့ပညတ်ချက်ထုတ်ခံထားရတဲ့သူတွေအတွက်သာမက လူတိုင်းအပေါ်မှာ ဖိနှိပ်နေတယ်။ အဲ့ဒါဘာကြောင့်လဲဆိုတော့ လူတိုင်းက ဂျန်ဒါတွေအလိုက်သတ်မှတ်ထားတဲ့အခန်းကဏ္ဍတွေမွေးမြူရေးနဲ့ ပြန်လည်ထုတ်လုပ်ရေးတွေမှာ ပါဝင်နေကြရလို့ပဲ။

ဖီမီနင့်ဇင်ဆိုတာ လူမှုအစီအစဥ်ကြီးတစ်ခုလုံးကို ဝေဖန်သုံးသပ်တဲ့မှန်ဘီလူးလို့ အကြမ်းဖျင်းမှတ်ယူမယ်ဆိုရင် ငါတို့ကိုယ်တွင်းထဲမှာ အမြစ်တွယ်နေတဲ့ လွှမ်းမိုးမှုတွေကိုပြန်လည်သုံးသပ်ပြီး ဖိနှိပ်မှုတွေအကြောင်းကို ပိုပြီး ထဲထဲဝင်ဝင်နားလည်လာနိူင်မယ်။ သမိုင်းထဲကဖီမီနင့်တွေးခေါ်ပညာရှင်တွေကလည်း လွှမ်းမိုးအုပ်စိုးမှုယန္တရားတွေကို သိမ်မွေ့စွာနဲ့ အထုပ်ဖြေပြနိူင်ခဲ့ကြတယ်။ မိန်းမတွေကြုံတွေ့ရတဲ့ဖိနှိပ်မှုတွေမှာ တစ်စုံတစ်ရာသူမတူထူးခြားနေတာတွေရှိတယ်ဆိုတာ မှန်ပေမဲ့ တစ်ပြိုင်နက်တည်းမှာ အဲ့ဒီထူးခြားမှုကို ဝေဖန်ပိုင်းခြားခြင်းဟာလည်း လွှမ်းမိုးအုပ်စိုးမှုယန္တရားတွေအကြောင်းကို သေသေချာချာပိုထောက်ပြလာနိူင်တယ်။ ဖီမီနင့်တချို့အတွက်ကတော့ လွှမ်းမိုးအုပ်စိုးမှုတွေရဲ့ ကောက်ကျစ်မှုသဘာဝဟာ ပါဝါရဲ့ညို့ငင်ဆွဲဆောင်မှု (မင်းမဲ့သမားတွေခေါ်တာကတော့ “စိတ်လိုလက်ရအလုပ်အကျွေးပြုခြင်းအကြပ်အတည်း”) ကနေ ဆင်းသက်လာတာဖြစ်တယ်။ အေတီးယန်း ဒီလာဘိုအဲတီ (Étienne de la Boétie) တစ်ခါပြောခဲ့သလို တချို့အုပ်ချုပ်သူတွေ အချိန်အကြာကြီး ပါဝါရှိနေတာဟာ အများက လိုလိုလားလားနာခံနေကြလို့ပဲ။[18] အဲ့ဒီပါဝါကိုဖြုတ်ချဖို့ဆိုရင် အရှင်းဆုံးအဖြေက လူအများစုအနေနဲ့ နာခံနေတာတွေကို ရပ်လိုက်ဖို့ပဲ။ ဘာလို့လူတွေက အဲ့ဒီပါဝါတွေမှာ ဆက်လက်ဒူးထောက်နေကြသေးတာလဲ? မဟာဖိုဝါဒက ဘာလို့ဆက်ရှင်သန်နေသေးတာလဲ? ဖီမီနင့်စာပေတွေကို ကြည့်ရင် မိန်းမတွေကိုယ်တိုင် သူတို့ကို အချိန်ကာလကြာမြင့်စွာ ဖိနှိပ်ထားတာဖြစ်တဲ့ ဂျန်ဒါအခန်းကဏ္ဍတွေနဲ့ ဂျန်ဒါပုံသေမှတ်ယူမှုယန္တရားတွေကို လိုလိုလားလား ပြန်လည်မွေးမြူနေသေးတာတွေကို ထဲထဲဝင်ဝင်မြင်ရတယ်။ ဥပမာပေးရရင် စီမုန်းဒီဘူဘွား (Simone de Beauvoir) က လွန်ခဲ့သောနှစ်ပေါင်း ၇၀ ကျော်ကတည်းက ဒီပြဿနာကိုထောက်ပြခဲ့ထားပြီးသားဖြစ်တယ် -- အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ လူသားမျိုးစိတ်တစ်ခုကနေ နောက်ထပ်တစ်ခုအပေါ်ကို လွှမ်းမိုးနိူင်စွမ်းရှိခဲ့တဲ့ တခြားသာဓကတွေ၊ များသောအားဖြင့် နံပါတ်အရမညီမျှတာတွေကြောင့် ဒီလိုအခွင့်ထူးခံစားမှုတွေဖြစ်ပေါ်လာတာ အခုချိန်ထိတည်ရှိနေတဲ့သာဓကတွေရှိခဲ့ပေမဲ့ မိန်းမတွေအတွက်တော့ ဒီလိုမဖြစ်ခဲ့ဘူး။ မိန်းမတွေဟာ နံပါတ်အရနိမ့်ပါးနေတာ၊ ဖိနှိပ်ခံနေရတာမဟုတ်ဘူး။ တကယ်တမ်းတော့ အဲ့ဒါနဲ့ပြောင်းပြန်ပဲ -- ‘မ’သဘောတရားများမျိုးတုံးသတ်ဖြတ်မှုနဲ့ မညီမျှမှုတွေကြောင့် ကမ္ဘာ့လူဦးရေကနေ မိန်းမတွေအများကြီးပျောက်နေတယ်။ အဲ့ဒါကြောင့် ဖိနှိပ်မှုတွေဆက်ရှိနေရခြင်းရဲ့အကြောင်းရင်းဟာ အခြားတစ်ခုခုဖြစ်နိူင်တယ်။ စီမုန်းဒီဘူဘွားအတွက်တော့ အဲ့ဒါဘာကြောင့်လဲဆိုတော့ “မိန်းမကို အခြားတစ်ပါး (Other) လို့ပြုကျင့်လိုက်တဲ့ယောင်္ကျားဟာ သူ(မိန်းမ)ရဲ့ နက်နက်ရှိုင်းရှိုင်း သိလျက်နဲ့ပါဝင်နေမှုတွေထဲမှာ ရှာတွေ့မဲ့” “အခြားတစ်ပါးပြုကျင့်မှုကို ဆန့်ကျင့်ခြင်း၊ ယောင်္ကျားနဲ့အတူ သိလျက်နဲ့ရေငုံနှုတ်ပိတ်ပါဝင်နေမှုတွေကို ဆန့်ကျင့်ခြင်းဟာ သူတို့ထက် ပိုမြင့်မြတ်ပါတယ်ဆိုတဲ့ဇာတ်အတန်းအစားနဲ့ အလိုတူအလိုပါပြုခြင်းကနေရရှိမဲ့ အခွင့်အရေးတွေကိုအကုန်လုံးကို ငြင်းဆိုရာရောက်လို့ပဲ” တဲ့။[19] ဂျန်ဒါလွှမ်းမိုးအုပ်ချုပ်မှုတွေမှာ ထူးဆန်းတဲ့ကောက်ကျစ်ယုတ်မာမှုတစ်ခုရှိတယ်။ အဲ့ဒီတော့ သူ့ကိုအဖြေရှာဖို့ကြိုးစားတာကလည်း လွှမ်းမိုးအုပ်ချုပ်မှုယန္တရားတွေ ဘယ်လိုလည်ပတ်သလဲဆိုတာကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်မြင်လာစေပြီး သူတို့တွေပျက်စီးဖို့အတွက်အဆင့်သင့်ပြင်ထားပြီးသားဖြစ်တယ်။ ဖီမီနင့်ဇင်ဟာ လူမှုအစီအစဥ်ကြီးတစ်ခုလုံးကို ယေဘုယျဝေဖန်ပိုင်းခြားချက်တစ်ခုရဲ့နောက်ဆက်တွဲပဲတော့ မဖြစ်သင့်ဘူး။ ဖီမီနင့်ဇင်ဟာ လူမှုအစီအစဥ်ကြီးတစ်ခုလုံးကို ယေဘုယျဝေဖန်ပိုင်းခြားချက်တစ်ခုရဲ့ အစတစ်နေရာဖြစ်ရမယ်။[20]

စိတ်ပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာခြင်းမှန်ဘီလူးနဲ့ ဒိုင်ယာလက်တစ်ရုပ်ဝါဒကို အခြေပြုလေ့လာလေ့ရှိကြတဲ့ ဝေဖန်ပိုင်းခြင်းရေးသီအိုရီပညာရှင်တွေက လွှမ်းမိုးမှုအဆောက်အအုံတွေဟာ ဖိနှိပ်အခံထားရဆုံးဆိုတဲ့သူတွေကိုယ်နှိုက်ထဲမှာပါ ပြန်လည်တည်ရှိနေရုံတင်သာမက ဖိနှိပ်ခံထားရသူတွေကနေတဆင့် ပြန်လည်မွေးမြူနေနိူင်သေးတယ်ဆိုတဲ့အရေးကြီးတဲ့အချက်ကို ထောက်ပြထားပြီးသားဖြစ်တယ်။ အဲရစ်ဖရွန် (Eric Fromm) ရဲ့အဆိုကိုပြန်ကိုးကားရရင် သမိုင်းရုပ်ဝါဒနဲ့ စိတ်ပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာခြင်းတွေက “သိမှုဆိုတာကို သူ့ရဲ့စင်ပလ္လင်ပေါ်ကနေတွန်းချတာမို့”[21] ဒီနေရာမှာအရေးကြီးတယ်တဲ့။ တစ်ချိန်တည်းမှာပဲ ဝေဖန်ပိုင်းခြားရေးသီအိုရီတော်တော်များများက ဥရောပစံပြုတဲ့ ဒဿနိကရှုထောင့်တွေနဲ့ ယောင်္ကျားတွေကိုသာစံပြုထားတဲ့လေ့လာမှုတွေကနေ ဆင်းသက်လာတာဖြစ်လို့ ဒီစာအုပ်ထဲမှာ ငါတို့လေ့ကျင့်မဲ့ဝေဖန်ပိုင်းခြားရေးအလုပ်ဆိုတာက “ကမ္ဘာတစ်ဝန်းကြားနေရာဒေသတွေကနေထုတ်လုပ်တဲ့ဝေဖန်ပိုင်းခြားရေးသီအိုရီ”[22] တစ်ခုဖြစ်တယ်။ ဒီဝေဖန်ပိုင်းခြားရေးနည်းလမ်းမှာ ကမ္ဘာလုံးဆိုင်ရာ (ဂလိုဘယ်)ဆိုတာကိုမိုးကုပ်စက်ဝိုင်းတစ်ခုအနေနဲ့သာမက ကြားနေရာဒေသအသေးအမွှားတွေလို့ပါယူဆတယ်။ ဘာလို့လဲဆိုတော့ ဒီနည်းလမ်းက ကမ္ဘာအနှံ့လို့ဆိုခြင်းဟာ နေရာဒေသ၊ နိူင်ငံနယ်နိမိတ်တွေသာမက အဲ့ဒီနေရာဒေသတွေထဲက ဖိနှိပ်မှုအသွင်အပြင်တွေအမျိုးမျိုးအပေါ်မှာရှိနေတဲ့လွန်စွာသေးငယ်လှတဲ့ဆွဲအားတွေကိုပါ အဓိကထားဦးစားပေးလို့ပဲ။ တစ်‌လောကလုံးဆိုတဲ့အယူအဆ (universalism) နဲ့ အသေးစိတ်အနုစိတ်ဆိုတဲ့အယူအဆ (particularism) လိုမျိုး နှစ်မျိုးပဲရှိတယ်ဆိုတဲ့အတွေးအခေါ်အမူအကျင့်တွေကနေကျော်လွန်ပြီး တစ်ပြိုင်နက်တည်းမှာလည်း ဝေဖန်ပိုင်းခြားရေးသီအိုရီထုတ်သူတွေတိုင်း ကြုံတွေ့ရလေ့ရှိတဲ့ ဥရောပ (သို့) အနောက်ရဲ့အတွေ့အကြုံတွေ၊ အချက်အလက်တွေကိုသာ စံနှုန်းပြုလိုက်ခြင်းအန္တရာယ်ကနေ ရှောင်ရှားနိူင်ဖို့ “ကြားနေရာဒေသ” ဆိုပြီး အလင်္ကာပြုရခြင်းဖြစ်တယ်။ ဥရောပသမိုင်းတွေနဲ့ စဥ်းစားတွေးခေါ်မှုဓလေ့တွေကနေ သင်ခန်းစာတချို့ယူလို့ရတာတွေရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီသင်ခန်းစာတွေကို ကမ္ဘာနဲ့ချီတဲ့ အနေအထားတစ်ခုမှာပြန်အသုံးချရမယ်။ ဒါမှ ကိုလိုနီစနစ်၊ အင်ပိုင်ယာစနစ်နဲ့ “ဂျန်ဒါရဲ့ကိုလိုနီသဘောတရား”[23] တွေရဲ့ပတ်သက်မှုတွေကို မျက်ဝါးထင်ထင်မြင်လာမှာဖြစ်တယ်။ နောက်ပြီးသတိထားရမှာက “ကမ္ဘာအနှံ့” (global) လို့ဆိုတာဟာ “တစ်လောကလုံး” (universal) လို့အဓိပ္ပါယ်မပေါက်ဘူး - “ကမ္ဘာတစ်ဝန်းကြားနေရာဒေသတွေကထုတ်လုပ်တဲ့ ဝေဖန်ပိုင်းခြားရေးသီအိုရီ” ဆိုတာက တစ်ကမ္ဘာလုံးကိုခြုံငုံကြည့်တဲ့အမြင် (အရင်းရှင်စနစ်နဲ့ကိုလိုနီစနစ်တို့လိုမျိုး တစ်ကမ္ဘာလုံးမှာဖြစ်နေတဲ့ မညီမျှမှုတွေကို မီးမောင်းထိုးပြတဲ့အမြင်) နဲ့ ကြားနေရာဒေသတွေကိုမြင်တဲ့အမြင် (မတူညီတဲ့အကြောင်းအမျိုးမျိုးဟာ တစ်လောကလုံးမှာဖြစ်မနေတဲ့ (သို့) သွင်ပြင်လက္ခဏာတူမနေတဲ့ဖိနှိပ်မှုတွေကြားက အသေးစိတ်အချက်တွေကိုပါမြင်တဲ့အမြင်) နှစ်ခုလုံးကို ရောစပ်နိူင်တယ်ဆိုတာကို ထောက်ပြဖို့ပဲဖြစ်တယ်။ “ကမ္ဘာ့ဝေဖန်ပိုင်းခြားရေးသီအိုရီ” လို့ခေါ်ဝေါ်လိုက်တဲ့အခါ သီအိုရီဆိုတာ ရှုထောင့်အမြင်တစ်နေရာကနေသာထုတ်တယ်ဆိုတဲ့အရည်အချင်းတစ်ခု သတ်မှတ်ထားပြီးရာရောက်တယ်။ ဒါကတော့ ကမ္ဘာဆိုတာ လည်ပတ်ရေးမိုးကုပ်စက်ဝိုင်းကြီးလို့ယူဆပြီး တစ်ပြိုင်နက်တည်းမှာ တစ်လောကလုံးမှာဖြစ်နေတာတွေအတူတူပဲလို့ မသိမသာလက်ခံထားတာမျိုးကို ထောက်ပြတာပဲ။ ဂလိုဘယ်ဟာ “အလုံးစုံ” မဟုတ်ဘူး။ ကမ္ဘာတစ်ဝန်းကြားနေရာဒေသဝေဖန်ပိုင်းခြားရေးသီအိုရီက လက်ရှိဖြစ်နေတဲ့ ဖိနှိပ်မှုအပေါင်းအစုံကို တစ်ပြိုင်နက်တည်းအဖြေထုတ်ပေးမှာတော့မဟုတ်ဘူး။ ဘယ်လွတ်မြောက်ရေးသီအိုရီမဆိုကတော့ အလုံးစုံကိုခြုံငုံမိမှာတော့မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သီအိုရီဆိုတာ သီအိုရီထုတ်သူရဲ့ဖြစ်တည်မှုတစ်နေရာနဲ့ သူ့ဆီမှာလက်ရှိအဲ့ဒီသီအိုရီထုတ်တဲ့အချိန်နဲ့နေရာကနေတဆင့် ရရှိနေတဲ့အသိပညာအကန့်အသတ်ကနေပဲ ထုတ်လုပ်လို့ရတာမို့လို့ပဲ။

ဒါကြောင့် ဒီစာအုပ်ထဲက ချဥ်းကပ်ပုံကို “ဝေဖန်ပိုင်းခြားရေးဆိုင်ရာကိုလိုနီသဘောတရား” လို့ခေါ်ယူတာအမှန်ဆုံးဖြစ်မယ်။ ကိုလိုနီသဘောတရားတွေကို ချွတ်ချခြင်း၊ ကိုလိုနီခေတ်လွန်နဲ့ အခြေချကိုလိုနီသဘောတရားဆိုင်ရာလေ့လာမှုတွေကို ထည့်သွင်းမစဥ်းစားဘဲ ဒီခေတ်ကလူမှုအစီအစဥ်တွေကို ဝေဖန်တာမှန်သမျှဟာ အကျိုးသက်ရောက်မှာမဟုတ်ဘူး။[24] ဝေဖန်ပိုင်းခြားတတ်ခြင်းမှာ သီအိုရီကိုထုတ်လုပ်လိုက်တဲ့အခြေအနေတွေကိုပါ မေးခွန်းပြန်ထုတ်တတ်ခြင်းပါတယ်။ “လူမျိုးရေးဆိုင်ရာစီစဥ်မှု” (“racial schema”) နဲ့ “ကိုလိုနီစနစ်ရဲ့စိတ်ပညာ”[25]ကို သေသေချာချာထောက်ပြထားတဲ့ ကိုလိုနီသဘောတရားတွေကို ချွတ်ချခြင်း၊ ကိုလိုနီခေတ်လွန်နဲ့ အခြေချကိုလိုနီသဘောတရားဆိုင်ရာလေ့လာမှုတွေဟာ အင်မတန်အရေးပါလှတယ်။ သီအိုရီထုတ်ခြင်းအမှုမှာ ကိုလိုနီသဘောတရားတွေစိမ့်ဝင်နေတဲ့တွေးခေါ်မှုတွေနဲ့ မသိမသာခံစားချက်တွေရဲ့လွှမ်းမိုးမှုတွေရှိနေတယ်ဆိုတာကို မထောက်ပြဘဲ ဝေဖန်ပိုင်းခြားရေးသီအိုရီတစ်ခုခုကို တင်ပြတာဟာ ရှေ့နောက်မညီတဲ့သရုပ်ဆောင်မှုတွေသာဖြစ်တယ်။ ပညာရှင်က ဝေဖန်ချက်တစ်ခုကို အဆိုတင်သွင်းတဲ့နေရာမှာ အဲ့ဒီပညာရှင်ရဲ့ကိုယ်ပိုင်သီအိုရီထုတ်မှုတွေအပေါ်မှာ မသိမသာသက်ရောက်နေတဲ့ လူမျိုးရေးဆိုင်ရာစီစဥ်မှု (ဒါကို ဘယ်သူကမှရှောင်ရှားနိူင်ပါဘူး) တွေကို စနစ်တကျမျက်ကွယ်ပြုထားတာကို ရှေ့နောက်မညီတဲ့ သရုပ်ဆောင်မှုလို့ခေါ်ရမှာပဲ။ ဒီအကြောင်းရင်းကြောင့်လည်း ကိုလိုနီစနစ်ကနေချွတ်ချခြင်းဆိုတာ တစ်ပြိုင်နက်တည်း အကုန်လုံးကိုလုပ်လို့ရမှာမဟုတ်ဘဲ အချိန်ကာလအတိုင်းအတာတစ်ခုယူပြီး လွှမ်းမိုးမှုအလွှာအသီးသီးကို စိတ်ရှည်လက်ရှည်နဲ့ပြန်အထုပ်ဖြေတတ်တဲ့ “ကိုလိုနီစနစ်ကိုချွတ်ချခြင်းစိတ်ဓါတ်”[26]ရှိကြရမှာဖြစ်တယ်။ နောက်ပြီးတော့ ငါတို့လိုမျိုး အမေရိကားတိုက်မှာကျင်လည်နေတဲ့ ဥရောပအနွယ်သီအိုရီပညာရှင်တွေအဖို့ ကိုလိုနီစနစ်ချွတ်ချခြင်းနဲ့ ကိုလိုနီခေတ်လွန်ထောက်ပြချက်တွေမှာ အခြေချကိုလိုနီပြုကျင့်မှုကို ဝေဖန်ပိုင်းခြားကြည့်မြင်တဲ့ရှုထောင့်ကိုလည်း ထည့်သွင်းစဥ်းစားဖို့ အရမ်းလိုအပ်တယ်။ “မော်ဒန်/ကိုလိုနီဆန်ဆန် ဥရောပစံပြုအရင်းရှင်စနစ်”[27]နဲ့ အခြေချကိုလိုနီသမိုင်းကြောင်းနဲ့ လက်ရှိအခြေအနေတွေ[28]ကနေ ထုတ်လုပ်ပေးနေတဲ့ “ကိုလိုနီသဘောတရားအာဏာ”နဲ့ ဖွဲ့စည်းတည်ဆောက်ထားရုံသာမက အမေရိကန်နိူင်ငံမှာနေနေတဲ့သူတစ်ယောက်အနေနဲ့ ဒီအခြေအနေတွေကနေထုတ်လုပ်တဲ့ ဝေဖန်ပိုင်းခြားရေးသီအိုရီဆိုတာဟာ အဲ့ဒီအခြေအနေတွေကိုအရင်ဆုံးသုံးသပ်ရမယ်လို့ ယုံကြည်တယ်။ အမေရိကန်နိူင်ငံရဲ့အခြေချကိုလိုနီစနစ်ဟာ အသိပညာထုတ်လုပ်မှုတွေအပေါ်မှာ ဘယ်လောက်ထိသက်ရောက်မှုရှိနေသလဲ? အဲ့ဒီစနစ်က ဘယ်လိုအရာတွေကိုတော့ဖြင့် “ဝေဖန်သုံးသပ်ချက်”[29]လို့မှတ်ယူပြီး ဘယ်လိုအရာတွေကိုတော့ မမှတ်ယူဘူးလဲ? ဝေဖန်ပိုင်းခြားရေးသီအိုရီတွေမှာ အင်ဒီးဂျနင့်ဒဿနိကတွေကို ဘာလို့စနစ်တကျဘေးဖယ်ထားတာလဲ? ဒီမေးခွန်းတွေဟာ အခြေချကိုလိုနီစနစ်ကိုပြုကျင့်နေတဲ့နေရာဒေသတွေက ဝေဖန်ပိုင်းခြားရေးပညာရှင်မည်သူမဆိုနဲ့ ကမ္ဘာဆိုတာကို ဝေဖန်ပိုင်းခြားရေးစီမံချက်တွေအတွက် မိုးကုပ်စက်ဝိုင်းတစ်ခုလို့လက်ခံတဲ့မည်သူမဆို ဆင်ခြင်သင့်တဲ့မေးခွန်းတွေလို့ထင်တယ်။ အယ်ဒွာဒိုမန်ဒီတာ (Eduardo Mendieta) ပြောခဲ့သလို ဝေဖန်ပိုင်းခြားရေးသီအိုရီကို ကိုလိုနီစနစ်ချွတ်ချရေးအတွေးအခေါ်တွေကနေ ဖယ်ထုတ်လို့မရဘူး၊ ကိုလိုနီစနစ်ချွတ်ချရေးအတွေးအခေါ်ဆိုတာ “အချို့သော အသိပညာထုတ်လုပ်သူတွေကိုသာ အသာစီးပေးပြီး တချို့သော အသိပညာထုတ်လုပ်သူတွေကို ဘေးဖယ်ထားတဲ့ သိမှုဆိုင်ရာအခွင့်ထူးခံစားမှု (epistemic privilege) ကိုစိန်ခေါ်တဲ့ သိမှုဆိုင်ရာနာမ်နှိမ်မှုကိုမနာခံခြင်း (epistemic insubordination) လေ့ကျင့်ခန်း” တစ်ခုလို့ မန်ဒီတာကဆိုခဲ့တယ်။[30]

ဒါကြောင့် ကမ္ဘာတစ်ဝန်းကြားနေရာဒေသဝေဖန်ပိုင်းခြားရေးသီအိုရီဟာ ရာဒီကယ်သီအိုရီတွေကိုယ်နှိုက်က ပြန်လည်မြုံထားဆဲဖြစ်တဲ့ ဥရောပစံပြုဘက်လိုက်မှုတွေကိုပါ တစ်ခါတည်းထည့်သွင်းစဥ်းစားကြရမှာဖြစ်တယ်။ အင်နာကာနာ (Ina Kerner) နဲ့အတူအခြားသူတွေ အာဘော်ထုတ်ထားခဲ့တဲ့အတိုင်း ဥရောပစံပြုမှု (သို့ အနောက်တိုင်းဝါဒ) တွေကို နည်းလမ်းတစ်ခုလိုသုံးစွဲခြင်းဟာ ဥရောပ (သို့ အနောက်တိုင်း)ရဲ့ တိုးတက်မှုသမိုင်းကြောင်းတွေကိုသာ အလိုအလျောက် အနည်းနဲ့အများ အလုံးစုံအခြေပြုရာကျပြီး သူတို့ရဲ့သမိုင်းနဲ့ဖွံ့ဖြိုးတိုးတက်ရေးတွေကိုသာ တစ်ကမ္ဘာလုံးရဲ့စံ (သို့) ကမ္ဘာတစ်ဝန်းကအခြားသူတွေတိုင်း တိုင်းတာရမဲ့ပေတံလို့ သတ်မှတ်ရာရောက်တယ်။[31] ဒီအာဘော်အရဆိုရင် ဥရောပစံပြုခြင်းဟာ တစ်ကမ္ဘာလုံးဥရောပလို့ဖြစ်သွားမယ်လို့ဆိုတာတော့မဟုတ်ဘူး — ဒါက တချို့သောကျင့်ဝတ်တွေအတွက်သာ အဓိပ္ပါယ်ရှိတဲ့အဆိုတွေကို အားလုံးအတွက်မှန်နေသလိုလို တင်သွင်းတာမျိုးပေါ့။ ဒီအာဘော်က သွယ်ဝိုက်ပြီးဆိုလိုချင်တာက လူအုပ်စုတစ်စုကိုစံပြုထားတဲ့ အများအတွက်ဆိုတဲ့ဝါဒဟာ တစ်လောကလုံးအတွက်နဲ့တစ်စုံတစ်ရာအတွက်ဆိုတာကို ဆန့်ကျင့်ဘက်ပြုထားခြင်းအပေါ်မှာ မူတည်နေတယ်ဆိုတာကို လှစ်လျှူရှုထားရာရောက်တယ်ဆိုတာပဲ။ အဲ့လိုလှစ်လျှူရှုထားခြင်းကြောင့် ရိုးရာဓလေ့အချင်းချင်းကြားနှိုင်းယှဥ်ချိန်ဆခြင်းဟာ ဥရောပစံပပြုခြင်းရဲ့ဆန့်ကျင့်ဘက်မဟုတ်၊ အခြားတစ်ဖက်သာဖြစ်တယ်ဆိုတာကို မေ့ဖျောက်ထားရာရောက်တယ်။ ရိုးရာဓလေ့အချင်းချင်းကြားနှိုင်းယှဥ်ချိန်ဆခြင်းရော ဥရောပစံပပြုခြင်းရောမှာပါ ကမ္ဘာကြီးဟာ အနှစ်သာရတစ်ခုခုပြုပုံဖော်ထားတဲ့အုပ်စုတွေရဲ့ (အမျိုးသားရေးအရသော်လည်းကောင်း၊ ပထဝီနိူင်ငံရေးအရသော်လည်းကောင်း) မတူညီမှုတွေရယ်၊ သူတို့ကိုဖွဲ့စည်းတည်ဆောက်ထားတဲ့အစုအဖွဲ့တွေထဲက (တချို့ကိုကျ တစ်လောကလုံးမှာကျင့်သုံးတယ်လို့ယူဆပြီး တချို့ကိုတော့ အဲ့ဒီအုပ်စုရဲ့တစ်သီးတစ်သန့်သွင်ပြင်လို့ယူဆထားတဲ့) အထက်အောက်စနစ်တွေရယ်နဲ့သာ တည်ဆောက်ထားတယ်လို့ မသိမသာတူညီနေစွာလက်ခံထားကြတယ်။[32] အဲ့ဒါကြောင့်လည်း ဥရောပရဲ့ ဟက်ဂျမိုနီတည်ရှိခဲ့တာ နှစ်ပေါင်း ၅၀၀ ရှိပြီး ဥရောပရဲ့ဖိနှိပ်ခံတွေကိုယ်နှိုက်ကိုက ဥရောပစံပြုစဥ်းစားတွေးခေါ်ခြင်းတွေကို မိမိကိုယ်တွင်းပြန်လည်မွေးမြူထားကြတာမို့ ဥရောပစံပြုသီအိုရီတွေကို ဥရောပမှာ (သို့) အနောက်မှာ (သို့) ဥရောပရဲ့ဘေးအစွန်တစ်နေရာမှာ ထုတ်လုပ်လေ့ရှိတာကိုတွေ့ရတာပဲ။ ဒီလို နည်းလမ်းတစ်ခုသဖွယ်အသုံးပြုနေတဲ့ဥရောပစံပြုခြင်းကို အထုပ်ဖြေခြင်းဟာ (လူဖြူ) မိန်းမတချို့လွတ်မြောက်ရေးသာမက သူတို့ရဲ့ကြားနေရာဒေသမတူညီမှုတွေတွေကို ကျော်လွန်ပြီး ကမ္ဘာတစ်ဝန်းက ဖီမီနာ တွေအကုန်လုံးလွတ်မြောက်ရေးကိုပါ ဦးတည်ထားတဲ့ အန်နာခါဖီမီနင့်ဒဿနိကအတွက် အဓိကကျလှတယ်။

အန်နာခါဖီမီနင့်မှန်ဘီလူးကိုအသုံးပြုခြင်းဟာ မိန်းမတွေရဲ့လွတ်မြောက်ရေးအတွက် တစ်ကမ္ဘာလုံးကို စဥ်းစားစရာဘောင်တစ်ခုလို့သတ်မှတ်လိုက်တာဖြစ်တဲ့အပြင် နည်းလမ်းတကျဖြစ်နေတဲ့ဥရောပစံပြုခြင်းသွင်သဏ္ဍာန်မည်သည် (အမျိုးသားရေး ဒါမှမဟုတ် နေရာဒေသအခြေအနေတစ်ခုမှာ တချို့သောမိန်းမတွေကို အခွင့်ထူးခံဦးစား‌ပေးခြင်း) ကိုမဆို မေးခွန်းထုတ်တာမျိုးပဲ။ မိန်းမတွေတွေ့ကြုံနေရတဲ့ဖိနှိပ်မှုတွေကို တိုက်ဖျက်ဖို့ဆိုတာ ဖိနှိပ်မှုပုံစံမျိုးစုံကိုတိုက်ဖျက်ရမယ်လို့ဆိုလိုတာနဲ့အတူတူပဲ။ ဒါဆို နိူင်ငံတော်ဝါဒ၊ အမျိုးသားရေးဝါဒနဲ့ ဥရောပစံပြုခြင်းဝါဒတွေကိုလည်း ခြွင်းချက်ထားလို့မရဘူး။ နိူင်ငံတော် (သို့) ပထဝီနိူင်ငံရေးစည်းဘောင်တွေကို မေးခွန်းထုတ်လို့မရတဲ့အချက်တွေလို့ယူဆပြီး ခေါင်းပုံဖြတ်ခြင်းအသွားအလာတွေကိုကြည့်မယ်ဆိုရင် ငါတို့မေးခွန်းထုတ်ချင်တဲ့ ဖိနှိပ်မှုတွေပေါ်ပေါက်လာအောင်လှုံ့ဆော်ပေးနေတဲ့အရာတွေကို ခွန်အားပြန်ပေးသလိုပဲဖြစ်နေလိမ့်မယ်။ ဒီခေတ်ကာလမှာတော့ တစ်ကမ္ဘာလုံးနဲ့ခြုံငုံမကြည့်ဘူးဆိုရင် လျှော့လျှော့ပေါ့ပေါ့ပြောရရင် အင်မတန်နုံအတဲ့ ပြည်နယ်တစ်ခုတည်းကိုသာကွက်ကြည့်ခြင်းမျိုးဖြစ်ပြီး ပျစ်ပျစ်နှစ်နှစ်ပြောရရင် ကြွားလုံးကြီးကြီးနဲ့လူမျိုးစုစံပြုခြင်းမျိုးသာသာပဲဖြစ်လိမ့်မယ်။ တစ်ချိန်တည်းမှာလည်း တစ်ကမ္ဘာလုံးကိုခြုံကြည့်တဲ့အကြည့်ဟာ ကိုလိုနီသဘောတရားတွေကိုချွတ်ချလိုခြင်း၊ အင်ပိုင်ယာသဘောတရားတွေကိုချွတ်ချလိုခြင်း[33]သဘောထားတွေပါမှဖြစ်မယ်။ ဒီသဘောထားတွေက မတူညီမှုတွေကို ဘယ်လိုတည်ဆောက်ထားသလဲ၊ တစ်လောကလုံးဆိုတဲ့တင်သွင်းချက်တွေဟာ အပေါ်ယံဟန်‌ဆောင်ပန်ဆောင်နဲ့ “ဥရောပစံပြုခြင်းဝါဒ”အတွက်သာ ဘယ်လိုအကျိုးပြန်ပြုနေသလဲ၊ အဲ့ဒါတွေကြောင့် “လူဖြူယောင်္ကျားတစ်ယောက်သယ်ပိုးရတဲ့ဝန်ထုပ်ဝန်ပိုး” ဆိုပြီး ခရစ်ယာန်သာသနာပြုဘုန်းတော်ကြီးနေရာမှာတင် ပိတ်မိနေသေးတဲ့သူတွေရဲ့ မိမိကိုယ်ကိုအာသာဖြေလိုမှုတွေအတွက် အကြောင်းပြချက်ကြီးဖြစ်နေသေးပါလားဆိုတာတွေကို ထည့်သွင်းစဥ်းစားကြရမယ်။

ကမ္ဘာ့မြောက်ပိုင်းကနေထုတ်လုပ်တဲ့ ဖီမီနင့်သီအိုရီတော်တော်များများဟာ လူဖြူမဟုတ်တဲ့ လက်လုပ်တန်းစားလူတန်းစားတွေအပေါ် ထပ်ခါဖိနှိပ်ပြီးမှ လူဖြူ၊ လူလတ်တန်းစားမိန်းမတွေရဲ့လွတ်မြောက်ရေးဆိုတာ ရရှိလာတယ်ဆိုတာကို နားမလည်သဘောမပေါက်ခဲ့ကြဘူး။ အဲ့လိုနားမလည်ခဲ့ကြလို့လည်း မော်ဒန်/ကိုလိုနီဂျန်ဒါစနစ်ရဲ့ ဘေးသားတွေမှာတည်ရှိနေကြတဲ့သူတွေရဲ့အသံတွေကို နေရာမပေးဘဲ မိန်းမတွေအတွက်လွတ်မြောက်ရေးဆိုတဲ့ မော်ဒယ်အသစ်တွေ သူတို့ဘာသာထပ်တီထွင်ခဲ့ကြတာပဲ။ အန်နာခါဖီမီနင့်တွေကတော့ အားလုံးပါဝင်စေတဲ့ရှုထောင့်ကိုလေ့ကျင့်ဖို့ နှိုးဆော်ကြတယ်။ တချို့သော မိမိကိုယ်ကို “မင်းမဲ့သမား” ပါလို့ခေါ်တဲ့သူတွေ မလုပ်ဖြစ်ခဲ့ကြပေမဲ့ “မင်းမဲ့သဘောတရား”ဆိုတာ ဖြစ်စဥ်အရ‌ရော၊ နည်းလမ်းအရပါ လူမျိုးရေးနဲ့ ကိုလိုနီဆန်ဆန်ခွဲခြမ်းစိတ်ဖြာခံထားရတဲ့ အစိုးရနယ်နိမိတ်တွေအပါအဝင် ဘယ်လိုအထက်အောက်စနစ်တွေမဆို ကင်းကွာတဲ့ ဘဝထုတ်လုပ်ခြင်းနဲ့ ပြန်လည်ထုတ်လုပ်ခြင်းတွေကို ဦးစားပေးတိုက်တွန်းကြတယ်။

ကြားဖြတ်ပြောရရင် လူတစ်ဦးက မိမိကိုယ်ကို လက်တင်အမေရိကန် (သို့) တရုတ်အန်နာခါဖီမီနင့်လို့ ခေါ်ဝေါ်လို့ရပေမဲ့ အဲ့ဒီလေဘယ်တွေကို လှေကားတစ်ခုလိုပြန်သုံးပြီး အဲ့ဒီလေဘယ်တွေကနေတဆင့်သာစဥ်းစားတွေးခေါ်တတ်ခြင်းကို ဖြိုချတတ်ရမယ်လို့ ငါတို့ယုံကြည်တယ်။ အန်နာခါဖီမီနင့်ရိုးရာရဲ့ရှင်သန်မှုဟာ နိူင်ငံတော်နယ်နိမိတ်တွေ၊ နည်းလမ်းတကျဖြစ်နေတဲ့ အမျိုးသားရေးဝါဒတွေ၊ ကမ္ဘာ့မြောက်ပိုင်းက ရာဒီကယ်သီအိုရီတွေထဲမှာတောင် ဆက်လက်ရှင်သန်နေဆဲဖြစ်တဲ့ ဥရောပစံပြုဘက်လိုက်မှုတွေကိုပါ ကျော်လွန်နိူင်မနိူင်ဆိုတာအပေါ်မှာ အများကြီးမူတည်နေတယ်။ ထင်သာမြင်သာဖြစ်စေတဲ့ဥပမာကတော့ (post-structuralist ဖီမီနင့်ဇင်ဖြစ်စေ၊ ရာဒီကယ်ဖီမီနင့်ဇင်ဖြစ်စေ၊ ဒါမှမဟုတ် ဆိုရှယ်လစ်ဖီမီနင့်ဇင်ဖြစ်စေ) အနောက်ပညာရှင်ရပ်ဝန်းမှာလည်ပတ်နေတဲ့ ဖီမီနင့်ကိရိယာတချို့ဟာ နိူင်ငံအနည်းငယ်ကနေသာထွက်ပေါ်လာတဲ့သီအိုရီတွေအပေါ်မှာသာ အခြေခံထားတဲ့ဖီမီနင့်ဇင်တွေဖြစ်နေတာပဲ။ ဒီ ဥရောပစံပြုရေစီးကြောင်းကို တိုက်ဖျက်ဖို့ဆိုရင် ကမ္ဘာတစ်ဝန်းက မင်းမဲ့သမားတွေရဲ့စာတွေကို ဆွေးနွေးဝိုင်းတွေရဲ့အလယ်ကောင်ကို ခေါ်ဆောင်လာမှဖြစ်မယ်။ ဒါမှသာလျှင် ဥရောပစံပြုခြင်းကိုကျော်လွန်တဲ့၊ လူမျိုးစုစံပြုခြင်းကိုကျော်လွန်တဲ့ ဖီမီနင့်ဇင်တစ်မျိုးဆိုတာကို ကတိပြုနိူင်မယ်ဖြစ်တယ်။

ချန်ဒရာတိုလ်ပါဒေမိုဟန်တီ (Chandra Tolpade Mohanty) ‌ပြောခဲ့သလို ကမ္ဘာ့အရင်းရှင်စနစ်ထဲမှာကျင်လည်နေတဲ့ ဘေးဖယ်ခံထားရတဲ့အစုအဝေးတွေနဲ့ ချမ်းသာလှပါတယ်ဆိုတဲ့ နီရိုကိုလိုနီနိူင်ငံတွေက ဆင်းရဲမွဲတေနေဆဲဖြစ်တဲ့ အသားအရောင်အမျိုးမျိုးရှိနေတဲ့မိန်းမတွေရဲ့ အတွေ့အကြုံတွေ၊ စာတွေ၊ ရုန်းကန်မှုတွေကို သိသာထင်ရှားအောင်ပြဖို့ အင်မတန်အရေးကြီးတယ်။[34] ဖိနှိပ်ခံထားရသူတွေကိုယ်တိုင်က ဖိနှိပ်မှုတွေကိုပြန်လည်မွေးမြူတတ်ကြပေမဲ့ ဘေးအဖယ်ခံအထားရဆုံးသူတွေရဲ့အသံတွေကလည်း စနစ်တကျဖြစ်နေတဲ့အာဏာတွေကို စေ့စေ့စပ်စပ်ကြည့်ရှုမိနိူင်စေတဲ့ “သိမှုအခွင့်ထူးခံစားမှု” ကိုလည်းရရှိသင့်တယ်။[35] အဲ့ဒီသူတွေကို “အောက်ကိုငုံ့ကြည့်လေ့လာသလို” မဟုတ်ဘဲ ကမ္ဘာ့အာဏာတည်ဆောက်မှုပုံစံတွေကို “ပြန်လှန်လေ့လာဖို့အတွက်” ရှုထောင့်အမျိုးမျိုးလိုအပ်နေတယ်။ ဘေးဖယ်ခံထားရတဲ့မိန်းမတွေရဲ့ အရင်းရှင်စနစ်တွေကိုဆန့်ကျင်တဲ့ရုန်းကန်မှု အသေးစိတ်နိူင်ငံရေးတွေကိုဦးစားပေးခြင်းဖြင့် ကမ္ဘာ့အရင်းရှင်စနစ်ရဲ့ ကြီးမားကျယ်ပြန့်လှတဲ့နိူင်ငံရေးကို အောက်ခြေကနေ၊ ကြားနေရာဒေသတွေကနေပြန်တွန်းလှန်နိူင်ရာရောက်တယ်။

ဒီလိုတွန်းလှန်တဲ့နေရာမှာ အနောက်ပြင်ပကထုတ်လုပ်ထားတဲ့သီအိုရီတွေ၊ နည်းနာတွေကိုဖတ်ရှုလေ့လာဆည်းပူးခြင်းတွေပါတယ်ဆိုပေမဲ့ သီအိုရီစုံလင်ကွဲပြားမှုတစ်ခုတည်းအပေါ်မှာပဲ မှီခိုလို့တော့မရဘူး။ ကိုလိုနီနဲ့အင်ပိုင်ယာသဘောတရားကိုချွတ်ချခြင်းစိတ်ဓါတ်ဆိုတာ “အသွင်မတူကွဲပြား”တဲ့လူတွေကိုပဲ ထမင်းစားပွဲကိုဖိတ်တာမျိုးမဟုတ်ဘူး။ ကိုလိုနီနဲ့အင်ပိုင်ယာသဘောတရားကိုချွတ်ချခြင်းစိတ်ဓါတ်ဆိုတာ ထမင်းစားပွဲအစီအစဥ်တွေအကုန်လုံးကို ပြောင်းလဲပစ်ခြင်းမျိုးကိုဆိုလိုတာ။[36] နောက်တစ်နည်းနဲ့ထပ်ပြောရရင် ကိုလိုနီနဲ့အင်ပိုင်ယာသဘောတရားကိုချွတ်ချခြင်းစိတ်ဓါတ်ဆိုတာ တည်ရှိပြီးသား သီအိုရီရှာဖွေထုတ်လုပ်မှုတွေထဲကို “ရိုးရာဓလေ့စုံစုံလင်လင်ထပ်ထည့်ခြင်း”မျိုးမဟုတ်ဘဲ “အောက်ခြေကစတဲ့ သိမှုသဘောတရား”တွေနောက်ကိုလိုက်ပြီး အသံပေါင်းစုံကို စားပွဲမှာထိုင်ဖို့ခေါ်ရုံတင်မက သူတို့တွေကိုပါ မတူညီတဲ့မီနျူးအသစ်တွေ ထုတ်လုပ်ဖို့အခွင့်အရေးပေးတာမျိုးကိုဆိုလိုတာဖြစ်တယ်။ “အောက်ခြေကစတဲ့ သိမှုသဘောတရား”ဆိုတာကို အလယ်နဲ့ဘေး၊ မြောက်နဲ့တောင်၊ ချမ်းသာတဲ့နိူင်ငံတွေနဲ့မချမ်းသာတဲ့နိူင်ငံတွေကြားက အထက်အောက်စနစ်တွေထဲက မတူညီမှုတွေကိုပါ တောင်ပိုင်းကသိမှုတွေဟာလည်း ထပ်မံပံ့ပိုးပေးနေနိူင်သေးတယ်ဆိုတာကို ထောက်ပြခဲ့တဲ့ ဘိုရာဗန်တူရာ ဒေဆူဆာဆန်တိုစ် (Boaventura de Sousa Santos) ဆီကနေ ငှားရမ်းသုံးထားတာပါ။ “အောက်ခြေကစတဲ့ သိမှုသဘောတရား”ဆိုတာကို ယူနီဗာဆယ်အတ်ဘစတြတ်တစ်ခုအနေနဲ့မှတ်ယူမဲ့အစား ကိုလိုနီသဘောတရားတွေကိုချွတ်ချနိူင်မဲ့၊ အသွင်တစ်ခုထက်ပိုပြီးရောနှောနေတဲ့၊ ဒါမှမဟုတ် ရိုးရာဓလေ့တွေကိုကျော်လွန်ပြီး ဘာသာပြန်တဲ့ မက်စတီဇာဟေ (mestizaje) သဘောတရားဆောင်တဲ့ “ပလူရယ်ဗာစီတီ” (pluriversality) တစ်ခုအနေနဲ့မြင်ယောင်ကြည့်စေချင်တယ်။ ဒီပလူရယ်ဗာစီတီဟာ တစ်‌လောကလုံးဆိုတဲ့အယူအဆ (universalism) နဲ့ အသေးစိတ်အနုစိတ်ဆိုတဲ့အယူအဆ (particularism)ဆိုတဲ့ နှစ်မျိုးပဲရှိသယောင်ဖြစ်နေတဲ့သဘောတရားတွေကိုမေးခွန်းပြန်ထုတ်လာစေတယ်။[37]

ကမ္ဘာကြီးဆိုတာကို ကိုလိုနီနဲ့အင်ပိုင်ယာသဘောတရားကိုချွတ်ချခြင်းစိတ်ဓါတ်မွေးမြူရေးအတွက်ငြမ်းတစ်ခုလို့ယူဆမယ်ဆိုရင် အရင်ဆုံးတွေ့ရမှာက တစ်ကမ္ဘာလုံးကလူတွေက ဂျန်ဒါဆိုတာကို အမြဲတမ်းအသုံးပြုနေခဲ့ကြတာမဟုတ်ဘူးဆိုတာပဲ။ တကယ်လို့ လူတွေက ဂျန်ဒါဆိုတာကိုသုံးနေခဲ့တယ်ဆိုရင်တောင်မှ မတူညီတဲ့ပုံစံတွေနဲ့သုံးနေခဲ့တာပဲ။ တစ်ကမ္ဘာလုံးမှာကြီးထွားလာတဲ့ အရင်းရှင်စနစ်ကြောင့် (ဖို) ယောင်္ကျား vs. (မ) မိန်းမဆိုတဲ့ ဂျန်ဒါနှစ်မျိုးနှစ်စားဆိုတာက ကမ္ဘာ့ဟက်ဂျမိုနီတစ်ခုအနေနဲ့ပေါ်လာတာပဲ။ ဒီလိုပြောလို့ အရင်းရှင်စနစ်မတိုင်ခင်မှာ လိင်ပိုင်းဆိုင်ရာမတူညီမှုတွေမရှိဘူး၊ ဒါမှမဟုတ် ဂျန်ဒါတွေလွတ်လပ်နေတဲ့အတိတ်တစ်နေရာကိုပဲ အောက်မေ့တသကြလို့ပြောတာမဟုတ်ပါဘူး။ သမိုင်းကြောင်းနဲ့ချိတ်ဆက်နေတဲ့ လက်ရှိဂျန်ဒါတည်‌ဆောက်မှုစနစ်၊ အထူးသဖြင့် အခုချိန်မှာ နှစ်မျိုးပဲရှိတယ်ဆိုတဲ့ဂျန်ဒါအခန်းကဏ္ဍတွေကို အခြေခံအကျဆုံးသဘောတရားဆိုပြီး လူ့ခန္ဓာကိုယ်တွေကိုသတ်မှတ်ပေးနေတာတွေကို တစ်လောကလုံးက ဟိုးအရင်ကတည်းကလက်ခံခဲ့တာမဟုတ်ဘူး။ ယောင်္ကျားတစ်ယောက်၊ မိန်းမတစ်ယောက်၊ ကလေးတွေပါတယ်ဆိုတဲ့ ဘူဇွာနူကလီးယားမိသားစုပုံစံကို မော်ဒန်ကိုလိုနီစနစ်နဲ့ အရင်းရှင်စနစ်ကတီထွင်ခဲ့တာဖြစ်တယ်။ ပြီးတော့ ဂျန်ဒါနှစ်မျိုးဆိုတာနဲ့ငါတို့ကိုအုပ်ချုပ်ရအောင် နိူင်ငံသားကဒ်တွေ၊ နိူင်ငံကူးလက်မှတ်တွေ၊ နိူင်ငံသားပုံဖော်မှုတွေ၊ ကျန်းမာရေးပြုစုစောင့်ရှောက်ရေးစနစ်တွေနဲ့ အခြားသော အင်မတန်တန်ဖိုးထားမြတ်နိုးစရာကောင်းလှပါတယ်လို့ထင်မှတ်ရလောက်တဲ့ ဗျူရိုကရေစီယန္တရားမော်ဒန်နိူင်ငံတော်ဆိုတာကို မော်ဒန်ကိုလိုနီစနစ်နဲ့ အရင်းရှင်စနစ်ကပဲ တီထွင်ခဲ့တာပဲ။

အရင်းရှင်စနစ်လည်ပတ်ဖို့ဆိုရင် ဂျန်ဒါလုပ်အားကိုခွဲခြမ်းဝေမျှဖို့လိုတယ်ဆိုတာကို ဆိုရှယ်လစ်ဖီမီနင့်တွေကထောက်ပြခဲ့ကြတာကြာပါပြီ။ အရင်းရှင်စနစ်ဟာ အဆုံးမရှိအမြတ်ရဖို့အတွက် လခစားထုတ်လုပ်မှုလုပ်အားကနေတဆင့်သဲ့ယူတဲ့ အသားတင်တန်ဖိုးတင်သာမက ဂျန်ဒါပညတ်ချက်ပြုခြင်းခံထားရတဲ့ခန္ဓာတွေကနေလုပ်ပေးတဲ့ ပိုက်ဆံမပေးရတဲ့သားမွေးမှုလုပ်အားကိုပါလိုအပ်နေတယ်။[38] ရှင်းရှင်းပြောရရင် အရင်းရှင်စနစ်လည်ပတ်ဖို့ “မိန်းမ”တွေလိုအပ်နေတယ်။ မိန်းမတွေက သူတို့ယောင်္ကျားတွေနဲ့ကလေးတွေရဲ့ခြေစွပ်တွေကိုလျှော်ဖွပ်ပေးနေတဲ့အချိန်မှာ သူတို့ဟာ “အလုပ်လုပ်နေတာ” မဟုတ်ဘဲ သဘာဝအရပေးအပ်ထားတဲ့သူတို့ရဲ့အလုပ်ကိုသူတို့လုပ်နေတာလို့ လူတွေမှတ်ယူတတ်ကြဖို့ အရင်းရှင်စနစ်ကလိုအပ်နေတယ်။ အန်နာခါဖီမီနင့်တစ်ဦးဖြစ်တဲ့ မာရီယာမိုင်စ် (Maria Mies) နဲ့တခြားသူတွေက ခေါင်းပုံဖြတ်ခြင်းခံရလေ့ရှိတဲ့“လခစားလုပ်အား” နဲ့ မိုင်စ်အနေနဲ့ “အဆမတန်ခေါင်းပုံပိုဖြတ်ခံရတဲ့”[39] “လခမပေးရတဲ့လုပ်အား”နှစ်ခုကို သီးသန့်ခွဲဖို့ဆိုရင် မိန်းမတွေရဲ့လုပ်အားကို အလုပ်တစ်ခုလို့မှတ်ယူမဲ့အစား သူတို့ရဲ့ “မိန်းမဖြစ်တည်မှု”ရဲ့သဘာဝပါလို့ယူဆလိုက်ဖို့လိုအပ်လာတယ်လို့ထောက်ပြခဲ့ကြတယ်။ လခစားလုပ်အားတွေကိုခေါင်းပုံဖြတ်ခြင်းက အသားတင်တန်ဖိုးပေါ်မှာအခြေခံပေမဲ့ မိန်းမတွေရဲ့အိမ်တွင်းဗာဟီရလုပ်အားကိုခေါင်းပုံဖြတ်ခြင်းကတော့ အဲ့ဒီအလုပ်တွေရဲ့ အလုပ်လို့တောင်မသတ်မှတ်ခြင်း ကြောင့်ပါ လခမပေးရတဲ့လုပ်အားက အဆမတန်ခေါင်းပုံပိုဖြတ်ခံရနေတာပဲ။

ဆိုရှယ်လစ်ဖီမီနင့်တွေရဲ့အမြင်တွေနဲ့ အန်နီဘယ်ကီဟာနို (Aníbal Quijano) ရဲ့ “ပါဝါအာဏာရဲ့ကိုလိုနီသဘောတရား”ဆိုတဲ့အဆိုကိုပေါင်းစပ်ပြီး မာရီယာလူဂွန်းနဲ (Maria Lugones) က အင်မတန်အသုံးဝင်လှတဲ့ “ဂျန်ဒါရဲ့ကိုလိုနီသဘောတရား”ဆိုတဲ့အဆိုကို မိတ်ဆက်ပေးခဲ့တယ်။[40] ဒီအဆိုကနေတဆင့် ခန္ဓာကိုယ်တွေကိုလူမျိုးရေးအရစစ်တမ်းထုတ်ခြင်းနဲ့ “ယောင်္ကျား/မိန်းမ” binary သတ်မှတ်ခြင်းဟာ တစ်ခုနဲ့တစ်ခုချိတ်ဆက်နေတယ်ဆိုတာကို လူဂွန်းနဲကထောက်ပြခဲ့တယ်။ အဲ့ဒီစနစ်နှစ်မျိုးလုံးဟာ ကမ္ဘာ့အရင်းရှင်စနစ်ကိုအသုံးပြုပြီး နယ်ချဲ့ခဲ့ကြတဲ့ဥရောပလူမျိုးတွေက တီထွင်ခဲ့တာဖြစ်တယ်လို့လည်း လူဂွန်းနဲကထောက်ပြခဲ့တယ်။ အမေရိကန်အခြေအနေမှာတော့ ဥရောပအခြေချကိုလိုနီနယ်ချဲ့သမားတွေရောက်မလာခင်က အမေရိကတိုက်ကအင်ဒီးဂျနင့်လူမျိုးစုတွေဆီမှာ ဂျန်ဒါအခန်းကဏ္ဍတွေဟာ တရားသေဖြစ်မနေခဲ့ဘူးလို့ လူဂွန်းနဲကရေးခဲ့တယ်။ ဥပမာ — အင်ဒီးဂျနင့်နိုင်ငံတစ်နိုင်ငံချင်းစီမှာ intersex လို့ခေါ်တဲ့ လိင်အင်္ဂါနှစ်မျိုးပါရှိသူတွေနဲ့ အခြားသောကွီးယားဖြစ်တည်မှုတွေကိုအသိအမှတ်ပြုတဲ့တတိယလိင်အမျိုးအစားဆိုတာတွေရှိခဲ့ပြီး ယူမာ (Yuma) လိုလူမျိုးစုတွေမှာ အိမ်မက်မက်တဲ့အပေါ်မှာအခြေခံပြီးဂျန်ဒါအခန်းကဏ္ဍတွေသတ်မှတ်ခဲ့ကြတယ်။ (လက်နက်တွေအကြောင်းအိမ်မက်မက်တဲ့သူတွေကို မိန်းမခန္ဓာကိုယ်နဲ့မွေးလာရင်တောင်မှ လက်တွေ့အရ ယောင်္ကျားလို့သာသတ်မှတ်ခဲ့ကြတယ်။) ဒီစာအုပ်ထဲမှာဆက်ဖတ်ရမဲ့အတိုင်း ဒီကနေ့မှာတော့ အရင်းရှင်စနစ်စီးပွားရေး၊ ခန္ဓာကိုယ်တွေကိုလူမျိုးရေးအရစစ်တမ်းထုတ်ခြင်းနဲ့ ဂျန်ဒါဖိနှိပ်မှုတွေဟာ စနစ်တကျချိတ်ဆက်နေတယ်ဆိုတာကို ငါတို့တွေ့ကြရတယ်။ နောက်တစ်မျိုး‌‌ပြောရရင် လိင်တူချင်းချစ်ကြိုက်ခြင်းနဲ့ လိင်တူအပြုအမူဖြစ်တည်မှုတွေကို ရိုးရာဓလေ့တွေကအမျိုးမျိုးနဲ့တုံ့ပြန်ခဲ့ကြပေမဲ့ နှစ်မျိုးပဲရှိတယ်ဆိုတဲ့ဂျန်ဒါစနစ်ကိုအားပေးခဲ့တဲ့ ဥရောပကိုလိုနီခေတ်နဲ့အင်ပိုင်ယာစနစ်မတိုင်ခင်မှာ ကွီးယားညို့ငင်ဆွဲဆောင်မှု (queer eros) ဆိုတာ သွင်သဏ္ဍာန်အမျိုးမျိုးနဲ့ရှိနေခဲ့ကြတယ်။[41] အဲ့ဒီဂျန်ဒါ binary စနစ်ကိုပြန်လည်ပုန်ကန်မှုတွေအခုချိန်ထိရှိနေသေးပေမဲ့ အခုလက်ရှိမှာတော့ ခရစ်ယာန်ဘာသာဆိုတာ အူဂန်ဒါရဲ့အင်ဒီးဂျနင့်ဘာသာတရားတစ်ခုမဟုတ်နေတဲ့ကြားကနေတောင်မှ၊ အူဂန်ဒါရဲ့ အင်ဒီးဂျနင့်လူမျိုးစုတစ်စုဖြစ်တဲ့ လန်ဂီ (Langi) လူမျိုးစုတွေကိုယ်နှိုက်ကတောင် မူဒိုကိုဒါကို (mudoko dako) လို့ခေါ်တဲ့ သီးသန့်ဂျန်ဒါသတ်မှတ်ထားတဲ့ နွဲ့နွဲ့နှောင်းနှောင်းယောင်္ကျားတွေနဲ့ တခြားယောင်္ကျားတွေကြားကလက်ထပ်မှုကိုတရားဝင်အသိအမှတ်ပြုထားတာရှိရက်နဲ့တောင်မှ အူဂန်ဒါ (Uganda) ကခရစ်ယာန်သမ္မတက လိင်တူချင်းချစ်ကြိုက်မှုကို နိုင်ငံခြားတင်သွင်းထုတ်ကုန်တစ်ခုလို့ စွပ်စွဲတဲ့လောကကြီးထဲမှာ ငါတို့အားလုံးနေနေကြရသေးတာပဲ။[42] အဲ့ဒါကြောင့် မဟာဖိုဝါဒ၊ လိင်တူချစ်ကြိုက်မှုကိုမုန်းတီးမှုနဲ့ ကိုလိုနီသဘောတရားတွေကြားထဲကချိတ်ဆက်နေမှုတွေကို စနစ်တကျလေ့လာစမ်းစစ်ဖို့အရေးကြီးတယ်။ “ဂျန်ဒါရဲ့ကိုလိုနီသ‌ဘောတရား”တွေရဲ့ အသွင်အမျိုးမျိုး၊ သဏ္ဍာန်အထွေထွေကိုသေချာဆန်းစစ်ရင်းနဲ့ လေ့လာကြည့်ကြဖို့ ငါတို့ရည်ရွယ်တယ်။

မျက်ဝါးထင်ထင်မြင်နေရပေမဲ့ ငါတို့အားလုံးမကြာခဏမေ့နေတတ်ကြတာတစ်ခုက လူတွေကို သူတို့ရဲ့အသားအရောင်၊ လိင်အင်္ဂါပေါ်မှာအခြေခံပြီး မျိုးစိတ်ခွဲသတ်မှတ်ခြင်းဟာ လူ့စိတ်ရဲ့နဂိုသဘာဝမဟုတ်ဘူးဆိုတဲ့အချက်ပဲ။ လိင်အင်္ဂါတင်သာမက လူမျိုးရေးပေါ်မှာမူတည်ပြီး ခန္ဓာကိုယ်တွေကိုအမျိုးအစားခွဲခြားဖို့သတ်မှတ်တာဟာ (အခြားသောအရာတွေအပြင်) မျက်စိနဲ့မြင်ရတာကိုဦးစားပေးနေတယ်။ မော်ဒန်သဘောတရား/ခေတ်/စနစ် (modernity) ပေါ်ပေါက်လာခြင်းကို လူမျိုးရေးနဲ့ဂျန်ဒါစနစ်တွေပေါ်ပေါက်လာခြင်းနဲ့ လုံးလုံးခွဲခြားလို့မရဘူး။ အိုရာအွန်ကေအိုရေအူမီ (Oyèrónke Oyěwùmí) အဆိုအရ ဂျန်ဒါနဲ့လူမျိုးရေးအမျိုးအစားခွဲခြားမှုတွေဟာ “အမြင်ဗဟိုပြုဝါဒ” (oculocentrism) ကိုအခြေခံထားတာများတယ်။ ဒါကတော့ မျက်လုံးနဲ့မြင်ရတာအပေါ်မှာအခြေခံပြီး သတင်းအချက်အလက်စုဆောင်းတာကိုဆိုလိုတာပဲ။ ကိုလိုနီခေတ်မတိုင်ခင်က ရောယုဘာ (Yoruba) ရိုးရာဓလေ့တွေရဲ့ရှုထောင့်ကကြည့်မယ်ဆိုရင် အမြင်ဗဟိုပြုဝါဒကို အနောက်မှာအသုံးများတယ်။ အိုရေအူမီက သူ့ရဲ့ မိန်းမများကိုတီထွင်ခြင်း (The Invention of Women) စာအုပ်ထဲမှာထောက်ပြခဲ့သလို ရောယုဘာရိုးရာတွေဟာ အမြင်အာရုံထက် တစ်ယောက်နဲ့တစ်ယောက် ပါးစပ်ကနေတဆင့်သတင်းအချက်အလက်ဝေမျှတာကိုဦးစားပေးလေ့ရှိတယ်။ ပြီးတော့ တခြားသောလူမှုဖြစ်တည်မှုဟက်ဂျမိုနီတွေထက် အသက်အရွယ်ဝါကြီးတာကိုပိုတန်ဖိုးထားလေ့ရှိတယ်။[43] ရောယုဘာတွေရဲ့ အိုဘင်းရင် (obinrin) (သို့ အိုရေအူမီ ဘာသာပြန်တာတော့ “ဇီဝဗေဒအရမိန်းမဖြစ်နေခြင်း”) တွေအဖို့ ကိုလိုနီပြုကျင့်ခြင်းခံရတာဟာ လူမျိုးရေးအရနိမ့်ပါးတယ်၊ ဂျန်ဒါအရနိမ့်ပါးတယ်၊ လခစားအလုပ်ကနေဘေးဖယ်ခံရခြင်းကြောင့်လည်း လူတန်းစားအရနိမ့်ပါးတယ်လို့သတ်မှတ်ခံလိုက်တာနဲ့အတူတူပဲ။ ကိုလိုနီအပြုမခံရချိန်ကတော့ ရောယုဘာဘာသာစကားမှာ လူတွေကို “ယောင်္ကျား” သို့ “မိန်းမ” (မိန်းမဆိုတာ ယောင်္ကျားထက်တစ်ဆင့်နိမ့်တယ်)ဆိုပြီးခေါ်ဝေါ်သတ်မှတ်တဲ့စကားလုံးတွေတောင်မရှိခဲ့ဘူး။ ဥရောပကိုလိုနီနယ်ချဲ့တွေရောက်လာပြီးချိန်မှာတော့ ရောယုဘာတွေရဲ့ အိုဘင်းရင် ဟာလည်း “မိန်းမ”လို့သမုတ်ခံလိုက်ရပြီး နိမ့်ပါးတဲ့အမျိုးအစားတစ်ခုအနေနဲ့ စနစ်တကျသတ်မှတ်ခံလိုက်ရတယ်။ “မိန်းမ” ဆိုတာဟာ လိင်တံဂွေးစိမပါတဲ့သူတွေ၊ ပါဝါမရှိတဲ့သူတွေ၊ (အမှန်တကယ်က ယောင်္ကျားရောမိန်းမတွေပါ သူ့ဂျန်ဒါအလိုက်ဖြစ်တည်မှုတွေ၊ လုပ်ကိုင်မှုတွေရှိနေပေမဲ့ ယောင်္ကျားဂျန်ဒါကို စံပြုတိုင်းတာရမဲ့ဂျန်ဒါအနေနဲ့သတ်မှတ်လိုက်ပြီး) မိန်းမတွေရဲ့အခန်းကဏ္ဍကို ယောင်္ကျားတွေနဲ့အခန်းကဏ္ဍကနေသာ ဆက်စပ်စဥ်းစားလိုက်ကြတယ်။ ဒါတွေအကုန်လုံးဟာ ဥရောပကိုလိုနီပြုကျင့်ခြင်းမခံရချိန်မှာ ရောယုဘာက အိုဘင်းရင် တွေအတွက် တစ်ခုမှမမှန်ခဲ့ဘူး။[44]

ဒါကြောင့် ဂျန်ဒါရဲ့ကိုလိုနီသဘောတရားတွေကိုဆန်းစစ်တဲ့အခါ ဇီဝဗေဒအရသတ်မှတ်ခြင်းကိုဦးစားပေးတဲ့စနစ်တွေအပြင် ခန္ဓာကိုယ်တွေကို မျက်စိနဲ့မြင်ရတဲ့အပေါ်မှာသာမူတည်ပြီးခွဲခြားသတ်မှတ်ခြင်း (ဒါက မျက်စိနဲ့မြင်ရတဲ့အပေါ်ကိုလိုက်ပြီး “ဒီခန္ဓာကိုယ်ကတော့ ယောင်္ကျား”၊ “ဒီခန္ဓာကိုယ်ကတော့ မိန်းမ”လို့သတ်မှတ်လိုက်တာမျိုး)တွေကိုပါ မေးခွန်းထုတ်ကြရမှာဖြစ်တယ်။ တစ်ချိန်တည်းမှာလည်း အမြင်ဗဟိုပြုစနစ်တွေကနေတဆင့်သာ ငါတို့ဟာ ကျဥ်းမြောင်းသေးသိမ်လှတဲ့ လိင်ကွဲပေါင်းသင်းဆက်ဆံမှုကိုသာစံပြုထားတဲ့စနစ်၊ ဆစ်ဂျန်ဒါသဘောတရားတွေကိုသာစံပြုထားတဲ့စနစ်တွေကနေ မိန်းမဖြစ်တည်မှုကိုမြင်တတ်ခြင်းတွေကို ပြန်လည်ဝေဖန်ပြီး အဲ့ဒီစနစ်တွေကိုတွန်းလှန်တဲ့နည်းလမ်းအသစ်တွေကိုရှာဖွေနေရတုန်းပဲ။ ဒီစာအုပ်တစ်အုပ်လုံးရဲ့အနှစ်ချုပ်ကို စာကြောင်းတစ်ကြောင်းတည်းနဲ့သာပြောရမယ်ဆိုရင် “အခြားသောမိန်းမဖြစ်တည်မှုဆိုတာဖြစ်နိုင်ပါတယ်၊ အခြားသောမိန်းမတစ်ယောက်ဆိုတာ ရှိနေပြီးသားပါ”လို့ပြောရမှာပဲ။

ဒီအာဘော်နဲ့ပတ်သက်ပြီး ဘာလို့မင်းမဲ့သဘောတရားလို့မခေါ်ဘဲ ဖီမီနင့်သဘောတရားတွေအကြောင်းလာပြောနေတာလဲ? ဘာလို့မိန်းမတွေကိုဦးစားပေးလေ့လာနေတာလဲ? ရည်ရွယ်ချက်က ဖိနှိပ်မှုအထက်အောက်စနစ်တွေအကုန်လုံးကိုဖျက်ဆီးဖို့ဆိုရင် “မိန်းမ”နဲ့ “ယောင်္ကျား” ဆိုပြီးသတ်မှတ်ထားတဲ့၊ ငါတို့ကို လိင်ကွဲစံပြုစနစ်တွေထဲပြန်အကျဥ်းချနေတဲ့ binary စနစ်တွေကိုပါဖျက်ဆီးရမှာမဟုတ်ဘူးလားဆိုပြီး တချို့ကပြန်ငြင်းကောင်းငြင်းပါလိမ့်မယ်။

ငါတို့ရှင်းရှင်းလင်းလင်းသိထားရမှာက “မိန်းမ”လို့ဆိုတဲ့နေရာမှာ တမင်တကာမှတ်ယူထားပြီးတဲ့အရာတစ်ခု၊ ထာဝရမပြောင်းမလဲတည်ရှိနေတဲ့အနှစ်သာရတစ်ခု၊ ဒါမှမဟုတ် သတ်မှတ်ထားပြီးသားအရာဝတ္တုတစ်ခုအကြောင်းကိုပြောနေတာမဟုတ်ဘူးဆိုတာပဲ။ လွှမ်းမိုးမှုတွေရဲ့မျက်နှာပေါင်းစုံကို ဖီမီနင့်ရှုထောင့်ကနေဆင်ခြင်ဖို့ဆိုရင် “မိန်းမဖြစ်တည်မှု/မိန်းမဘဝ” ဆိုတာအပေါ် ငါတို့သေသေချာချာထဲထဲဝင်ဝင်နားလည်ဖို့လိုအပ်တယ်။ ဘရုက်စပင်နိုဇာ (Baruch Spinoza) ရဲ့ လူတစ်ဦးတစ်ယောက်ရဲ့ပြောင်းလဲနိုင်စွမ်းရဲ့ သူမတူထူးခြားလှတဲ့ဒဿနကို ဖီမီနင့်ရှုထောင့်ကနေဖတ်ကြည့်မယ်ဆိုရင် ခန္ဓာကိုယ်တွေ (အထူးသဖြင့် မိန်းမခန္ဓာကိုယ်တွေ)ကို ဖြစ်တည်မှုအရာဝတ္ထုတွေဆိုတာထက် ပြောင်းလဲနိူင်စွမ်းရှိတဲ့ဖြစ်စဥ်တွေလို့ ငါတို့အာဘော်ထုတ်လို့ရတယ်။ ငါတို့ဟာ အရာဝတ္တုဆိုတာထက် ပေါင်းသင်းဆက်ဆံမှုတွေဖြစ်တယ်။ မိန်းမတွေရဲ့ခန္ဓာကိုယ်တွေဟာ အများနာမ်ရှိနေတဲ့ခန္ဓာကိုယ်တွေဖြစ်တယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီခန္ဓာကိုယ်တွေကဖြစ်စဥ်တွေမို့လို့ပဲ။ ဖြစ်စဥ်ဆိုတာ တစ်ဦးတစ်ယောက်ချင်းစီကြား အချင်းချင်းကူးလူးလို့ရတဲ့ (inter-)၊ တစ်ဦးတစ်ယောက်ချင်းစီထက်ကျော်လွန်လို့ရတဲ့ (supra-)၊ တစ်ဦးတစ်ယောက်ချင်းစီထဲကိုပါဖောက်ထွက်လို့ရတဲ့ (infra-)အဆင့်တွေအမျိုးမျိုးအပေါ် သက်ရောက်ပတ်သက်နေတဲ့ယန္တရားတွေပဲ။ လိုရှင်းတိုရှင်းဥပမာတစ်ခုပေးရရင် လူတစ်ယောက်နဲ့နောက်တစ်ယောက်တွေ့ဆုံမှုကနေတဆင့်၊ ငါတို့မမြင်ရတဲ့ ငါတို့တစ်ဦးတစ်ယောက်ချင်းစီထက်ကျော်လွန်နေတဲ့အားအင်တွေ (ဥပမာ - ငါတို့နေထိုင်တဲ့နိုင်ငံရေးပထဝီနေရာဒေသတွေ)ကနေတဆင့်နဲ့ ငါတို့ရှုတဲ့လေ၊ ငါတို့စားတဲ့အစားအစာ၊ ငါတို့အသုံးပြုတဲ့ဟော်မုန်းအစရှိတဲ့ ကြားနေခန္ဓာကိုယ်တွေအကုန်လုံးကြောင့်သာ ငါတို့ရဲ့ခန္ဓာကိုယ်တွေဟာဖြစ်တည်လာ/နေတာမဟုတ်ဘူးလား? ငါတို့တစ်ယောက်ချင်းစီရဲ့ခန္ဓာကိုယ်တွေထက်ပါကျော်လွန်နေတဲ့ ငါတို့နေထိုင်တဲ့ဂေဟစနစ်၊ ထုတ်လုပ်မှုပစ္စည်းအမျိုးမျိုးအပြင် (ပြန်လည်)ထုတ်လုပ်မှုစနစ်တွေနဲ့ ငါတို့ကိုချိတ်ဆက်ပေးထားတာမဟုတ်ဘူးလား?

ဒီလို လူတစ်ဦးတစ်ယောက်ဖြစ်တည်မှုဆိုတာကို ကျော်လွန်တဲ့ဖြစ်တည်မှုလို့သိမှုကိုပြောင်းလဲဖို့ကြိုးစားကြည့်တဲ့အခါရလာမဲ့အကျိုးကျေးဇူးတွေကို တစ်ချက်သတိပြုကြည့်ပါ။ ပထမဆုံး ဖီမီနင့်ဇင်ဆိုတာဘာလဲဆိုတာကိုလေ့လာပြီးမှ ဂေဟစနစ်တွေကို ဖီမီနင့်ဇင်အပေါ်ထပ်ထည့်မဲ့အစား တစ်ဦးတစ်ယောက်အပေါ်ကျော်လွန်ခြင်းဒဿန (transindividuality) မှာတော့ ဒီနှစ်မျိုးလုံးကို အစကတည်းကပေါင်းစပ်ဆင်ခြင်ပြီးသားဖြစ်သွားတယ်။ သဘာဝပတ်ဝန်းကျင်ဆိုတာက ငါတို့ရဲ့ပြင်ပမှာရှိနေတာမဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်ဟာ (ငါတို့တစ်ဦးချင်းစီကိုယ်တိုင်ပါပါဝင်နေပြီးသားဖြစ်လို့) ငါတို့ပဲဖြစ်တယ်။[45] တစ်ဦးတစ်ယောက်အပေါ်ကျော်လွန်ခြင်းဒဿနဟာ အသစ်အဆန်းတော့မဟုတ်ပါဘူး။ ဒီဒဿနပေါ်ပေါက်နေခဲ့တာ အချိန်အတိုင်းအတာတစ်ခုတော့ရှိပါပြီ။ ဒါပေမဲ့ အခုချိန်မှာ ငါတို့တွေရဲ့ တစ်ဦးတစ်ယောက်အပေါ်ကျော်လွန်ပြီးဖြစ်တည်နေမှုတွေ၊ မျိုးစိတ်တွေနဲ့ဂေဟစနစ်တွေအချင်းချင်းကြားနဲ့ ငါတို့တွေအကုန်လုံးအပေါ်ထိုးဖောက်နေတဲ့လုပ်ရပ်တွေကိုလျစ်လျှုရှုထားလို့မရတော့ဘူး။ ဒါတွေကိုလျစ်လျှုရှုထားရင် ငါတို့ပေးရမဲ့စရိတ်က ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဒါမှမဟုတ် နောက်တစ်ချိန် တိရိစ္ဆာန်တွေကနေတဆင့်ပေါက်ဖွားကူးဆက်လာမဲ့ကပ်ရောဂါဘေးလိုမျိုးတွေကြောင့် ငါတို့တွေအားလုံးမျိုးတုံးကြရမှာပဲ။ ငါတို့တွေအကုန်လုံး (လူတွေသာမက အကောင်ပလောင်တွေ၊ အပင်တွေနဲ့ ဗိုင်းရပ်စ်တွေလိုမျိုး သက်မဲ့အရာတွေအကုန်လုံး)ဟာ အချင်းချင်းချိတ်ဆက်မှီခိုနေကြတာမို့လို့ ငါတို့တွေပဲကွက်ပြီး ကျန်းမာအောင်နေလို့မရဘူးဆိုတဲ့အချက်ကို Covid-19 ကပ်ရောဂါကြီးကနေ ငါတို့ကိုကောင်းကောင်းကြီးသတိပေးလိုက်တယ်။

ဒုတိယအချက်ကတော့ မိန်းမတွေရဲ့ခန္ဓာကိုယ်ကိုဖြစ်စဥ်တွေ၊ အလွှာအသီးသီးကနေ ဖြစ်ပျက်နေတဲ့ပြောင်းလဲမှုဖြစ်စဥ်တွေလို့သီအိုရီထုတ်စဥ်းစားကြည့်တဲ့အခါ “မိန်းမ”ဆိုတာကို အနှစ်သာရပြုခြင်း (essentialism) (သို့) ရိုးရာဓလေ့အခြေပြုခြင်း (culturalism) တွေကနေပဲကွက်စဥ်းစားစရာမလိုတော့ဘူး။ ဒီလို နှစ်မျိုးပဲရှိတယ်လို့ယူဆတဲ့ဖြစ်တည်မှုဒဿနတွေလိုမျိုး လိင် (သဘာဝ)နဲ့ ဂျန်ဒါ (ရိုးရာ)ကြားက ဆန့်ကျင့်ဘက်တွေကိုနေရာပေးစဥ်းစားနေစရာမလိုတော့ဘူး။ ဒီနှစ်ခုကြားက ဆန့်ကျင့်ဘက်တွေက အနောက်ကဖီမီနင့်ငြင်းခုံမှုတွေထဲမှာ နေရာယူလာတာကြာပါပြီ။ ဒီလိုငြင်းခုံနေကြရတာဘာလို့လဲဆိုတော့ စိတ်နဲ့ခန္ဓာနှစ်မျိုးလုံးကိုထည့်သွင်းစဥ်းစားဖို့နေရာမ‌ပေးကြလို့ပဲ။ “သဘာဝ” (nature) ဆိုတာကို ဘယ်တော့မှပြောင်းလဲမှုမရှိတဲ့ အရွေ့အလျားမဲ့နေတဲ့အရာတစ်ခုလို့ယူဆပြီး အမြဲတစေပြောင်းလဲနေနိုင်တဲ့ “အပြုအစု” (nurture) ရဲ့ဆန့်ကျင့်ဘက်လို့မှတ်ယူနေကြလို့ပဲ။[46]

တတိယအချက်အနေနဲ့ တစ်ဦးတစ်ယောက်အပေါ်ကျော်လွန်ခြင်းဒဿနကိုလိုက်စားခြင်းကြောင့် ဟက်ထရို (hetero)နဲ့ ဆစ်စံပြုမှုဘောင်တွေအပြင်ကနေ မိန်းမဆိုတဲ့သဘောတရားကိုစဥ်းစားကြည့်လို့ရလာမယ်။ ပြီးတော့ မိန်းမဆိုတဲ့စကားလုံးကို မိန်းမအမျိုးအစားအားလုံးအတွက် အသုံးပြုလို့ရလာမယ်။ မိန်းမဆန်တဲ့မိန်းမ၊ ယောင်္ကျားဆန်တဲ့မိန်းမ၊ AFAB မိန်းမ၊ AMAB မိန်းမ၊ မိန်းမအချင်းချင်းကြိုက်နှစ်သက်တဲ့မိန်းမ၊ မိန်းမ/ယောင်္ကျားနှစ်မျိုးလုံးအပေါ် လိင်စိတ်တိမ်းညွှတ်မှုရှိတဲ့မိန်းမ၊ ထရန်စ်မိန်းမ၊ ဆစ်မိန်းမ၊ လိင်စိတ်မရှိတဲ့မိန်းမ၊ ကွီယားမိန်းမအစရှိသဖြင့် အမျိုးစုံပေါ့။ ရှင်းရှင်းပြောရရင် “မိန်းမ”ဆိုတာ မိမိကိုယ်ကို မိန်းမလို့မှတ်ယူတဲ့သူတွေနဲ့ “မိန်းမဖြစ်တည်မှု/မိန်းမဘဝ”ဆိုတာကို အမျိုးမျိုးပြောင်းလဲပြီး အဓိပ္ပါယ်ဖော်နေတဲ့မိန်းမတွေအားလုံးရဲ့ခန္ဓာကိုယ်တွေပဲ။

ဒီအချက်ကိုနိဂုံးချုပ်ရမယ်ဆိုရင် တစ်ဦးတစ်ယောက်အပေါ်ကျော်လွန်ခြင်းဒဿနဟာ ငါတို့ကို “မိန်းမဆိုတာဘယ်သူလဲ?” ဆိုတဲ့မေးခွန်းရဲ့အဖြေကို ဘက်ပေါင်းစုံကနေအဖြေရှာပေးစေလိမ့်မယ်။ တစ်ချိန်တည်းမှာလည်း ဖီမီနင့်အသွင်အပြင်တစ်ခုရှိနေတဲ့မင်းမဲ့သဘောတရားကိုလည်းကာကွယ်‌‌ပေးလိမ့်မယ်။ မိန်းမဆိုတာကို ဖြစ်စဥ်တွေလို့စဥ်းစားကြည့်တဲ့အခါ လူတစ်ဦးတစ်ယောက် (သို့) အစုအဝေးဆိုတဲ့ dichotomy ကနေလည်းကျော်လွန်ပြီးမြင်လာစေလိမ့်မယ်။ ခန္ဓာကိုယ်တွေအားလုံးဟာ တစ်ဦးတစ်ယောက်ပေါ်ကျော်လွန်နေတဲ့ဖြစ်စဥ်တွေသာဟုတ်တယ်ဆိုရင် ငါတို့တစ်ယောက်ချင်းစီဟာသန့်ရှင်းနိုင်တယ်၊ တစ်သီးပုဂ္ဂလတည်ရှိနေနိုင်တယ်၊ ဒါမှမဟုတ် အချင်းချင်းဆန့်ကျင့်နေနိုင်တယ်ဆိုတာတွေဟာ အနည်းဆုံးတော့ အသုံးမဝင်တဲ့အတ်စတြတ်သဘောတရားတွေသာဖြစ်ပြီး အဆိုးဆုံးဆိုရင်တော့ ငါတို့ကိုလှည့်စားနေတဲ့စိတ်ကူးယဥ်မှုသာသာတွေပါပဲ။

အဲ့ဒါကြောင့်လည်း ဒီစာအုပ်တောက်လျှောက် “ငါတို့” ဆိုတဲ့အများနာမ်စားကိုသုံးထားခြင်းဖြစ်တယ်။ အစကတည်းကနေ သင်္ကေတပြချင်တာက ဒီစာအုပ်ထဲက စာမျက်နှာတွေက တစ်ဦးတစ်ယောက်ရဲ့စိတ်ထဲကပေါ်လာတာတွေမဟုတ်ဘူးဆိုတာပဲ။ ဒီစာအုပ်က တစ်ဦးတစ်ယောက်ကိုကျော်လွန်ပြီးနေထိုင်တဲ့ဘဝရဲ့ရလဒ်တစ်ခုပဲ။ လွန်ခဲ့သောရာစုနှစ်တစ်ဝက်လောက်က အီတာလျံကျွန်းဆွယ်ပေါ်ကမြို့သေးလေးတစ်မြို့ကနေစခဲ့ပြီး ကိုလိုနီခေတ်မတိုင်ခင်က လိပ်ကျွန်းလို့ခေါ်ဝေါ်ခဲ့ကြတဲ့ လက်ရှိအမေရိကတိုက် ရဲ့မြို့ကြီးတစ်မြို့မှာဆက်လက်ရှင်သန်နေတဲ့ဘဝရဲ့ရလဒ်တစ်ခုပဲ။ “ငါတို့” လို့သုံးရတာက ဒီစာအုပ်ထဲမှာပါတဲ့ အတွေးအခေါ်တွေရဲ့ တစ်ဦးတစ်ယောက်အပေါ်ကျော်လွန်နေတဲ့ဖြစ်စဥ်ကိုသာမက ငါတို့ရဲ့မိခင်ဘာစကားဖြစ်တဲ့အီတာလျံဘာသာစကားမှာ အများနာမ်စားကိုသုံးလေ့သုံးထရှိတဲ့ဓလေ့ကိုဦးညွှတ်ချင်တာကြောင့်လည်းပါတယ်။

ဒီစာအုပ်တောက်လျှောက်မှာ “ကြည်လင်တဲ့လူပုဂ္ဂိုလ်ပြုနာမ်”[47] ဆိုတဲ့အသုံးအနှုန်းနေရာကနေ အဓိကထားရေးသွားတယ်။ ဒါကတော့ ဒီစာကိုရေးနေတဲ့သူဟာ ဖြစ်တည်မှုတစ်ခုခု၊ ဂျန်ဒါတစ်ခုခုပြုထားခံရသူ၊ လူမျိုးရေးအရရတစ်စုံတစ်ရာသတ်မှတ်ခံထားရသူအနေနဲ့မြင်ယောင်ပြီးရေးထားတာမဟုတ်ပါဘူး။ ဒီစာရေးနည်းကတော့ လက်ရှိမှာ (အထူးသဖြင့်အနောက်က) ဒဿနိကအရေးအသားတွေမှာအသုံးများတဲ့ရေးသားနည်းမျိုးပဲ။ ဒီစာအုပ်ထဲမှာ ငါတို့လည်း ဒီရေးသားနည်းကိုသုံးထားတယ်။ ဒါပေမဲ့တစ်ပြိုင်နက်တည်းလည်း ဒီရေးသားနည်းကို ဖြစ်တည်မှုကိုဦးစားပေးတဲ့၊ ဂျန်ဒါပြုခံထားရတဲ့၊ လူမျိုးရေးသတ်မှတ်ခံထားရတဲ့အသံတွေကိုနေရာပေးတဲ့ “ကြားဖြတ်” (intermezzos) နဲ့အနှောင့်အယှက်လည်းပြုထားတယ်။ “ကြည်လင်တဲ့လူပုဂ္ဂိုလ်ပြုနာမ်”အသံနဲ့ရေးထားတဲ့ ပထမအခန်း ၃ ခန်းကို ရေးသားနည်းတခြားနည်းတစ်မျိုးနဲ့မိတ်ဆက်ပေးတဲ့ stabat mater အပိုင်းမှာပြန်နှောင့်ယှက်ထားတယ်။ ဒီစာအုပ်ထဲက အခန်းအစီအစဥ်တွေက ပုံမှန်လုပ်လေ့လုပ်ထရှိတဲ့ပုံစံအတိုင်းဖြစ်နေပေမဲ့ ကြားဖြတ်တွေမှာ ပုံမှန်အစီအစဥ်တွေကိုကျော်လွန်ပြီး လွတ်လွတ်လပ်လပ်စာရေးသားတဲ့ပုံတွေကိုပါလိမ့်မယ်။ ဒါကတော့ တစ်နည်းအားဖြင့် ပုံစံအမျိုးမျိုးရှိနေနိုင်တဲ့ရေးသားနည်းအမျိုးမျိုးရဲ့တရားဝင်မှုတွေ (ဥရောပစံပြုထားတဲ့ ဒဿနိကရေးသားမှုပုံစံတွေကနေသွေဖယ်ကောင်းသွေဖယ်နေတဲ့စာရေးသားနည်းတွေ၊ အဲ့လိုသွေဖယ်ခံထားရလို့ တချို့ဆို ဒဿနလို့တောင်မှတ်ယူခြင်းမခံရတဲ့စာရေးသားပုံတွေ)ကိုအသိအမှတ်ပြုနိုင်စွမ်းရှိတဲ့ အန်နာခါဖီမီနင့်ဒဿနအပေါ် ငါတို့ရဲ့ယုံကြည်ချက်ကိုပြတဲ့သဘောပါ။

[စာမျက်နှာ ၂၂ မှ ၂၃ တစ်ဝက်ထိပါရှိသော စာအုပ်အခန်းအနှစ်ချုပ်များကို ဘာသာမပြန်ထားပါ။]

ဒီစာအုပ်ဟာ အရာအားလုံးကောင်းမွန်ငြိမ်းချမ်းနေတယ်၊ အခြားသောလူသားတွေ၊ သတ္တဝါတွေ၊ သက်ရှိသက်မဲ့တွေအပေါ် အထက်အောက်စနစ်တွေမသုံးဘဲ လူတိုင်းဟာ မိမိလွတ်မြောက်ရေးကို ရယူနိုင်တဲ့လူ့အဖွဲ့အစည်းတစ်ခုတည်ရှိနေတယ်ဆိုတဲ့ယူတိုးပစ် (utopic) မြင်ကွင်းတစ်ခုကနေပေါ်ပေါက်လာတာဖြစ်တယ်။ ယူတိုးပစ်တွေဟာ ယထာဘူတကျပါတယ်။ ဘာလို့လဲဆိုတော့ ငါတို့တွေ ဘယ်နေရာကို (မ)ရောက်နေ(သေးဘူး)လဲဆိုတာကိုပြတယ်။ အန်နာခါဖီမီနင့်ယူတိုးပီးယား (anachafeminist utopia) ကတော့ မိန်းမတိုင်း မိန်းမတိုင်းလွတ်မြောက်တဲ့လူ့အဖွဲ့အစည်းဆိုတာကိုရောက်ဖို့ တော်တော်လိုသေးတယ်ဆိုတာ ငါတို့ကိုပြနေတယ်။ တစ်ချိန်တည်းမှာလည်း ငါတို့တော်တော်များများက အဲ့ဒီနေရာကိုရောက်ဖို့ကြိုးစားနေကြတယ်ဆိုတာကိုလည်း ပြနေတယ်။ တချို့ကတော့ ဖြစ်တည်ချက်ဆုံမှတ်တွေအားလုံးကိုထည့်သွင်းစဥ်းစားတဲ့ဖီမီနင့်ဇင်လို့ခေါ်ကြတယ်၊ တချို့ကတော့ သဘာဝပတ်ဝန်းကျင်ကိုပါ ထည့်သွင်းစဥ်းစားတဲ့အီကိုဖီမီနင့်ဇင်လို့‌ခေါ်ကြတယ်။ တချို့ကတော့ ကွီယားတွေရဲ့ရုန်းကန်မှု (ဒါမှမဟုတ်) နယ်နိမိတ်အကန့်အသတ်မရှိတဲ့ဖီမီနင့်ဇင်လို့ခေါ်ကြတယ်။ နာမည်တွေရော နိုင်ငံရေးလုပ်ငန်းတွေရောကတော့ အမျိုးမျိုး‌‌‌ပြောင်းသွားတာပါပဲ။ ဒါပေမဲ့ ပဓာနကျလှတဲ့အချက်ကတော့ အခုထိမပြောင်းလဲသေးဘူး - ဖီမီနင့်ဇင်ဆိုတာ အခွင့်ထူးခံစားမှုရှိနေတဲ့မိန်းမအနည်းစုလွတ်မြောက်ရေးကိုဆိုလိုတာမဟုတ်ဘူး။ ဖီမီနင့်ဇင်ဆိုတာ ငါတို့အားလုံးလွတ်မြောက်တာကိုဆိုလိုတာပဲ။

[1] လက်စလီမက်ကောလ် (Leslie McCall) ရဲ့ Signs: Journal of Women in Culture and Society ထဲမှာ ၂၀၀၅ ခုနှစ်ကရေးသားဖော်ပြခဲ့တဲ့ “Intersectionality ၏ ရှုပ်ထွေးနက်နဲမှုများ” (The Complexity of Intersectionality) ဆိုတဲ့စာတမ်းကိုကြည့်ပါ။

[2] မွေးကင်းစမှာ “မိန်းမ”လို့သတ်မှတ်ခံလိုက်ရတဲ့သူ၊ မွေးကင်းစမှာ “ယောင်္ကျား”လို့သတ်မှတ်ခံလိုက်ရတဲ့သူလို့သုံးရတာကတော့ “အထီး”/”အမ”လို့‌ပြောရင် ဂျန်ဒါဆိုတာမွေးတုန်းကသတ်မှတ်လိုက်တဲ့ ဇီဝဗေဒလိင်နဲ့တိုက်ရိုက်ပတ်သက်တယ်ဆိုတဲ့ နိုင်ငံတော်ကနေသွတ်သွင်းထားတဲ့အမြင်ကိုလက်ခံလိုက်ပြီးသားဖြစ်မှာစိုးလို့ဖြစ်တယ်။ ဒီနေရာမှာ နှစ်မျိုးပဲရှိတယ်လို့သတ်မှတ်ထားတဲ့ဂျန်ဒါစနစ်ဆိုတာ နိုင်ငံတော်ယန္တရားတွေနဲ့တိုက်ရိုက်ပတ်သက်နေတယ်။ ဥပမာ - နိုင်ငံသားမှတ်ပုံတင်ကဒ်တွေ၊ နိုင်ငံကူးလက်မှတ်တွေထဲမှာဖော်ပြထားတဲ့ဂျန်ဒါဟာ ငါတို့ဘဝတွေထဲမှာကပ်ပါနေတယ်။

[3] ကမ္ဘာ့ကုလ္လသမဂ္ဂမှထုတ်ပြန်ထားသော “ဂျန်ဒါအခြေပြုလိင်ရွေးချယ်ခြင်း” (“Gender-based Sex Selection”) (https://www.unfpa.org/gender-based-sex-selection) နဲ့ အန်နာဟစ်ဂင် (Anna Higgins) ရေးသားတဲ့ “လိင်ရွေးချယ်ပြီး ကိုယ်ဝန်ဖျက်ချခြင်း - မိန်းမတွေတွေ့ကြုံရသောစစ်ပွဲအစစ်” (“Sex-based Abortion: The Real War on Women”) (https://www.lozierinstitute.org/sex-selection-abortion-the-real-war-on-women) ကိုကြည့်ပါ။

[4] ဟိုမိုဆိုတဲ့စကားလုံးက အီတာလျံစကားလုံး “အူမို” (uomo)၊ ပြင်သစ်စကားမှာဆို “အုမ်း” (homme) နဲ့ အင်္ဂလိပ်စကားမှာတော့ “မန်း” (man)လို့မှတ်ယူကြတယ်။ “ဒုတိယလိင်” ဆိုတဲ့အသုံးအနှုန်းကို စီမုန်းဒေဘူဘွား (Simone de Beauvoir) ရဲ့အင်မတန်နာမည်ကြီးလှတဲ့စာအုပ်ခေါင်းစဥ်ကနေ ငှားရမ်းအသုံးပြုထားတာဖြစ်တယ်။ ဒီစာအုပ်ရဲ့အာဘော်အရတော့ ယောင်္ကျားတွေရဲ့ လိင်လို့လည်းမှတ်ယူလို့ရ၊ လိင်ပညတ်ချက်မပါဘဲနဲ့လည်း လူသားဖြစ်တည်မှုရဲ့မူရင်းလို့ယေဘုယျမှတ်ယူလေ့ရှိတဲ့အခြေအနေကိုထောက်ပြထားတယ် - “လိင်နှစ်ခုကြားထဲကပတ်သက်မှုဆိုတာ ဝင်ရိုးစွန်းနှစ်ဖက်လိုမဟုတ်ပါဘူး — ယောင်္ကျားဆိုတာဟာ တကယ်တော့ အပေါင်းလက္ခဏာရော၊ ကြားလက္ခဏာရောနေရာနှစ်ခုလုံးကိုယူထားတယ်” (စီမုန်းဒေဘူဘွား ဒုတိယလိင်)

[5] ထရန်စ်ဂျန်ဒါ ၆ ယောက် (၁၆ ရာခိုင်နှုန်း) ဟာ သူတို့ဘဝမှာအနည်းဆုံးထောင်တစ်ကြိမ်ကျဖူးသူတွေဖြစ်တယ်ဆိုတဲ့နှုန်းဟာ သာမန်လူဦးရေနဲ့ယှဥ်ရင် တော်တော်များပါတယ်။ ထရန်စ်ဂျန်ဒါမိန်းမတွေဆိုရင် ဒီနှုန်းက ၂၁ ရာခိုင်နှုန်းထိတောင်တက်သွားပြီး လူမည်းထရန်စ်ဂျန်ဒါမိန်းမတစ်ဝက်နီးပါး (၄၇ ရာခိုင်နှုန်း) ဟာ တစ်နည်းနည်းနဲ့တော့ ထောင်ချခံရဖူးသူတွေဖြစ်တယ်။ (https://transequality.org/sites/default/resources/NCTE_Blueprint_for-Equality2012_Prison_Reform.pdf)

[6] ဂျူလီယာဆယ်ရာနို (Julia Serano) ရဲ့ ၂၀၁၆ခုနှစ်ထုတ် ကြာပွတ်ရိုက်မိန်းကလေးများ - ‘လိင်အခြေပြုခွဲခြားဆက်ဆံခြင်းဆိုင်ရာ လိင်ပိုင်းရာထရန်စ်မိန်းမများနှင့် မ’ သဘောတရားအကြောင်းပြခြင်း (Whipping Girls: A Transsexual Woman on Sexism and the Scapegoating of Femininity) စာအုပ်ကိုကြည့်ပါ။

[7] တောင်အမေရိကကအရွေ့တွေနဲ့အတူ ကာဒစ် (Kurdish) အမျိုးသမီးလှုပ်ရှားမှုကတော့ “မ,မျိုးတုံးသတ်ဖြတ်မှု”ဆိုတာဟာ မိန်းမတွေအတွက် လက်နက်ကိုင်တိုက်ပွဲတွေမှာရော၊ နေ့စဥ်ဘဝမှာပါ တမင်တကာစနစ်တကျအခြေမြစ်တွယ်စစ်ဆင်ထားတဲ့စစ်လို့အဓိပ္ပါယ်ဖွင့်ဆိုကြတယ်။ “ကာဒစ်အမျိုးသမီးလှုပ်ရှားမှုရဲ့ အာဏာရှင်ကိုအမြစ်ဖြုတ်သင့်ရခြင်းအကြောင်းရင်းအချက် (၁၀၀)”ဆိုတဲ့ဆောင်းပါးကိုကြည့်ပါ။ (https://100-reasons.org/wp-content/uploads/2020/11/100reasons_to_prosecute_the_dictator_Dossier_final.pdf?fbclid=IwAR1TUb_nXtHOMjHME1V_R0cylSWOhbQUz23EeNkhT__dcIqrEEV1BmcRKJg) ဒီစစ်ကတော့ ခန္ဓာကိုယ်နဲ့စစ်တပ်အဆင့်မှာသာမက အတွေးအခေါ်ရေးနဲ့စိတ်ပိုင်းဆိုင်ရာအဆင့်မှာပါ တိုက်ခိုက်နေတဲ့စစ်ပွဲတစ်ပွဲဖြစ်တယ်။ ချီလီယန်အစုအဖွဲ့ လာစ်တယ်စစ် (Las Tesis) “စာတမ်း” (https://www.liverpool.ac.uk/languages-cultures-and-film/blog/2020/las-tesis/) ကဖန်တီးခဲ့တဲ့ “သင့်သွားလမ်းကမုဒိမ်းကောင်” (un violador en tu camino) ဆိုတဲ့ ကမ္ဘာတစ်ဝန်းရဲ့ဖီမီနင့်ကြွေးကြော်သံကို ကြည့်ပါ။ (https://www.youtube.com/watch?v=aB7r6hdo3W4)

[8] ဒီဖီမီနင့်ဇင်နှစ်မျိုးကြားက အငြင်းပွားမှုတွေနဲ့ ၄င်းတို့ကို ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာကို ဂျက်ခ်ဟောလ်ဘာစမန် (Jack Halberstarm) ၏ ထရန်စ် - ဂျန်ဒါကွဲပြားခြားနားမှုများဆိုင်ရာ မှတ်စုတိုဆန်းတစ်ပုဒ် ကိုကြည့်ပါ။ ဆစ် (cis) ဆိုတဲ့စကားလုံးဟာ ထရန်စ် (trans) ဆိုတဲ့စကားလုံးရဲ့ဆန့်ကျင့်ဘက်ဖြစ်ပြီး LGBTQI+ ရပ်ဝန်းမှာတော့ ဆစ် (cis) ဆိုတာကို မွေးကင်းစကသတ်မှတ်ပေးလိုက်တဲ့ဂျန်ဒါပညတ်ချက်ကနေ မပြောင်းလဲရသေးတဲ့မိန်းမတွေကို ဆိုလိုပါတယ်။

[9] မင်းမဲ့သဘောတရား — လစ်ဘာတေးရီးရန်းအတွေးအခေါ်များမှတ်တမ်းတင်သမိုင်း ပထမတွဲ (Anarchism: A Documentary History of Libertarian Ideas — Volume I) စာအုပ်ထဲမှ ဟေဇန် (He Zhen) ၏ “မိန်းမများ၏လွတ်မြောက်ရေး” စာတမ်းကိုကြည့်ပါ။

[10] တိတ်တဆိတ်ကောလဟလများ (Quiet Rumors) စာအုပ်ထဲမှ ပက်ဂီကွန်နက်ဂါ (Peggy Kornegger) ၏ “မင်းမဲ့သဘောတရား — ဖီမီနင့်ချိတ်ဆက်မှု” (“Anarchism: The Feminist Connection”) စာတမ်းကိုကြည့်ပါ။

[11] ဥပမာ — ‌ဂျော့ချ်ခရိုဒါ (George Crowder) ရဲ့ “ဂန္ထဝင်မင်းမဲ့သဘောတရား” ဆိုတဲ့စကားလုံးမှာ “ဂန္ထဝင်” ဆိုတဲ့စကားလုံးစကားလုံးဟာ သူ့ရဲ့ မင်းမဲ့သဘောတရားကို ပြန်လည်တည်ဆောက်တဲ့နေရာမှာ ဂေါ့ဒ်ဝင် (Godwin)၊ ပရုဒုန် (Proudhon)၊ ဘာကူနင် (Bakunin) နဲ့ ခရောပေါ့တ်ကင် (Kropotkin) အစရှိတဲ့ ယောင်္ကျားလေးယောက်ရဲ့အတွေးအခေါ်တွေမှာပဲ ကန့်သတ်လိုက်သလိုပဲ။ အဲ့လိုလုပ်ခြင်းကြောင့် မင်းမဲ့သဘောတရားနဲ့ပတ်သက်ပြီး ပါဝင်ခဲ့ကြတဲ့ အခြားသောဂျန်ဒါတွေကို ဖျောက်ဖျက်လိုက်ရာရောက်တယ်။ ဂျော့ချ်ခရိုဒါရဲ့ ဂန္ထဝင်မင်းမဲ့သဘောတရား - ဂေါ့ဒ်ဝင်၊ ပရုဒုန်၊ ဘာကူနင်နှင့် ခရောပေါ့တ်ကင်တို့၏နိူင်ငံရေးအတွေးအခေါ် (Classical Anarchism — The Political Thought of Godwin, Proudhon, Bakunin, and Kropotkin) စာအုပ်ကိုကြည့်ပါ။ မကြာခဏမေ့နေတတ်ကြတာက ဂန္ထဝင် (classical) နဲ့ လူတန်းစား (class) ဆိုတဲ့စာလုံးတွေဟာ လက်တင်စာလုံးမူရင်း classis ကနေဆင်းသက်လာတာဖြစ်ပြီး အဓိပ္ပါယ်ကတော့ လူတန်းစားလို့ရိုးရိုးရှင်းရှင်းဆိုရပေမဲ့ ပြင်သစ်လို classique လို့ခေါ်တဲ့စကားလုံးကတော့ ကြီးကျယ်မြင့်မြတ်ကောင်းမွန်လှသော (par excellence) အတန်းအစားလို့လည်း တွင်တွင်ကျယ်ကျယ် လူအများသဘောပေါက်ကြတယ်ဆိုတာပဲ။ (ဘာသာပြန်မှတ်ချက် — မြန်မာစကားလုံးမှာလည်း ပါဠိကနေ မွေးစားထားသော “ဂန္ထဝင်” ဆိုသောစကားလုံးသည် အလွန်ရှေးကျသော၊ နန်းထိုက်သောဟူသည့်အဓိပ္ပါယ်သက်ရောက်သည်။ “နန်း” ဟူသည်မှာ ဘုရင်၊ မင်းအစရှိသည့် အုပ်ချုပ်သူတို့စံမြန်းသည့်နေရာဖြစ်သဖြင့် “ဂန္ထဝင်ဆန်သော မင်းမဲ့သဘောတရား”၊ “နန်းထိုက်သော မင်းမဲ့သ‌ဘောတရား” ဆိုသည်မှာ ဆိုလိုရင်းသဘောတရားရှေ့နောက်မညီဖြစ်နေသည်။)

[12] မာကစ်စ်ဘေး (Marquis Bey) လေ့လာထားသလို လူမည်းမင်းမဲ့သဘောတရားအတွက်ဆိုရင်လည်း ဒီအဆိုကမှန်ပါတယ်။ မာကစ်စ်ဘေးရဲ့ မင်းမဲ့လူမည်းသဘောတရား — လူမည်းမင်းမဲ့သဘောတရားဆီသို့ မှတ်စုများ (Anarcho-Blackness: Notes towards a Black Anarchism) စာအုပ်ကိုကြည့်ပါ။

[13] အယ်ရီကိုမာလက်တက်စတာ (Errico Malatesta) ရဲ့ မင်းမဲ့သဘောတရား (မ) L’anachia ဆိုတဲ့စာအုပ်ကိုကြည့်ပါ။

[14] အမြင်များအစုအစည်း (Perspectives Collective) က ထုတ်ပြန်သော မင်းမဲ့ဖီမီနင့်ဇင် - မင်းမဲ့သီအိုရီ၏အမြင်များအထူးပေါင်းချုပ် Anarchafeminism — A Special Issue of Perspectives on Anarchist Theory” စာအုပ်ထဲက ဂျူလီယာတန်နန်ဘော (Julia Tanenbaum) ရဲ့ “လွှမ်းမိုးမှုအားလုံးကို ဖျက်ဆီးရန် — မင်းမဲ့ဖီမီနင့်သီအိုရီ၊ စည်းရုံခြင်းနှင့် လုပ်ရပ် ၁၉၇၀-၁၉၇၈” (“To Destroy Domination in All Its Form: Anarchafeminist Theory, Organization, and Action, 1970-1978” ကိုကြည့်ပါ။

[15] ဂျူလီယာတန်နန်ဘော (Julia Tanenbaum) ရဲ့ “လွှမ်းမိုးမှုအားလုံးကို ဖျက်ဆီးရန် - မင်းမဲ့ဖီမီနင့်သီအိုရီ၊ စည်းရုံခြင်းနှင့် လုပ်ရပ် ၁၉၇၀-၁၉၇၈” (“To Destroy Domination in All Its Form: Anarchafeminist Theory, Organization, and Action, 1970-1978” ကိုကြည့်ပါ။

[16] ဇီဝအခြေပြုဖိနှိပ်မှုတွေလှုပ်ရှားတဲ့အရွေ့တစ်ခုအနေနဲ့ ဖီမီနင့်ဇင်အဓိပ္ပါယ်ကိုတော့ ဘယ်လ်ဟွတ်ခ် (bell hooks) ရဲ့ မာဂျင်ကနေအလယ်တည့်တည့်နေရာမှထုတ်ဖော်သောဖီမီနင့်သီအိုရီ (Feminist Theory from Margin to Center) မှ စာမျက်နှာ ၁၇-၃၁ ကိုကိုးကားပါတယ်။

[17] မာရီယာလူဂွန်းနဲ (Maria Lugones) ရဲ့ “ဂျန်ဒါ၏ကိုလိုနီသဘောတရား” (“The Coloniality of Gender”) ကိုကြည့်ပါ။

[18] အေတီးယန်း ဒီလာဘိုအဲတီ (Étienne de la Boétie) ရဲ့ နာခံမှုနိူင်ငံရေး - စိတ်လိုလက်ရအလုပ်အကျွေးပြုခြင်းဆိုင်ရာဟောပြောချက် (The Politics of Obedience: The Discourse of Voluntary Servitude) စာအုပ်ကိုကြည့်ပါ။

[19] စီမုန်းဒီဘူဘွား (Simone de Beauvoir) ရဲ့ ဒုတိယလိင် (The Second Sex) စာအုပ်ကိုကြည့်ပါ။

[20] ဒီနေရာမှာ ကာလ်မာ့စ် (Karl Marx) ရဲ့ ဝေဖန်ပိုင်းခြင်းမှုသီအိုရီ (critical theory) ကို ၁၈၄၃ ခုနှစ်မှာ ဖွင့်ဆိုထားတဲ့ “ရုန်းကန်မှုတွေကို မိမိကိုယ်ကိုရှင်းလင်းခြင်းနှင့် ထိုခေတ်၏ဆန္ဒများ” ဆိုတဲ့အဓိအပ္ပါယ်ဖွင့်ဆိုချက်ကို ကိုးကားပါတယ်။ ဒါပေမဲ့ နန်စီဖရေစာ (Nancy Fraser) ပြောခဲ့သလို ဖီမီနင့်ရုန်းကန်မှုဟာ အဲ့ဒီမာ့စ်ပြောခဲ့တဲ့ရုန်းကန်မှုတွေရဲ့ အဓိကကျလှတဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ မှတ်ယူပြီး ယေဘုယျသီအိုရီထုတ်ပြီးမှ နောက်ကနေအပိုထပ်ထည့်လို့ရတဲ့အရာတစ်ခုလို့တော့ လက်မခံပါဘူး။ နန်စီဖရေစာရဲ့ ဖီမီနင့်ဇင်ရဲ့ကံကောင်းမှုများ — နိူင်ငံတော်မှကြီးကြပ်ကွပ်ကဲသော အရင်းရှင်စနစ်မှ နီရိုလစ်ဘရယ်အကြပ်အတည်းပြဿနာ The Fortunes of Feminism: From State-Managed Capitalism to Neoliberal Crisis ဆိုတဲ့စာအုပ်ထဲက စာမျက်နှာ ၁၉ မှ ၅၁ကိုကြည့်ပါ။

[21] အဲရစ်ဖရွန် (Eric Fromm) ရဲ့ ဝေဖန်ပိုင်းခြားရေးသီအိုရီနှင့်လူမှုအသိုင်းအဝိုင်းဖတ်စာ Critical Theory and Society: A Reader ထဲက “စိတ်ပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာခြင်းနှင့်လူမှုဗေဒ” (“Psychoanalysis and Sociology”) နှင့် “နိူင်ငံရေးနှင့်စိတ်ပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာခြင်း” (“Politics and Psychoanalysis”) ဆောင်းပါးတွေကိုကြည့်ပါ။

[22] ဒီနည်းလမ်းအသေးစိတ်ကို စာရေးသူနဲ့ ဘက်နွက်ရှလန်ဒ် (Benoît Challand) ရေးသားတဲ့ “ကမ္ဘာတစ်ဝန်းက ကြားနေရာဒေသတွေက ဝေဖန်ပိုင်းခြားရေးသီအိုရီဆီသို့” ဆိုတဲ့ဆောင်းပါးကိုကြည့်ပါ။

[23] မာရီယာလူဂွန်းနဲ (Maria Lugones) ရဲ့ “ဂျန်ဒါရဲ့ကိုလိုနီသဘောတရား” (“The Coloniality of Gender”) ဆောင်းပါးကိုကြည့်ပါ။

[24] “ဝေဖန်ပိုင်းခြားရေးဆိုင်ရာကိုလိုနီသဘောတရားချဥ်းကပ်မှု” အသေးစိတ်ကို စာရေးသူနဲ့ ဘက်နွက်ရှလန်ဒ် (Benoît Challand) ရေးသားတဲ့ “ဥရောပစံပြုခြင်းအလွန် ဥရောပ?” (“Europe beyond Eurocentrism?”) ဆောင်းပါးမှာကြည့်ပါ။

[25] အရှီနန်ဒီ (Ashis Nandy) ရဲ့ ရင်နှီးကျွမ်းဝင်လှသောရန်သူ — ကိုလိုနီစနစ်အောက်တွင် ‌ဆုံးရှုံးသွားသော မိမိကိုယ်ပိုင်ဖြစ်တည်မှုနှင့် ထိုဖြစ်တည်မှုကို ပြန်လည်ရှာဖွေခြင်း (The Intimate Enemy: Loss and Recovery of Self Under Colonialism) စာအုပ်ကိုကြည့်ပါ။

[26] နယ်လ်ဆင်မယ်ဒိုနာဒိုတောရပ် (Nelson Maldonado-Torres) ရဲ့ “ကိုလိုနီသဘောတရားနှင့် ကိုလိုနီစနစ်ချွတ်ချခြင်းဆိုင်ရာသဘောတရားဆိုင်ရာ စာတမ်း ၁၀ ချက်” (“Outline of Ten Theses on Coloniality and Decoloniality”) ဆောင်းပါးကိုကြည့်ပါ။

[27] အနီဘယ်လ်ကီဟာနို (Aníbal Quijano) ရဲ့ “ကိုလိုနီသဘောတရားရဲ့အာဏာ၊ ဥရောပစံပြုမှုနှင့် လက်တင်အမေရိက” (“Coloniality of Power, Eurocentrism, and Latin America”) ဆိုတဲ့ဆောင်းပါးကိုကြည့်ပါ။

[28] ရိုဇန်ဒန်းဘားအော်တီစ် (Roxanne Dunbar-Ortiz) ရဲ့ အမေရိကန်နိူင်ငံက အင်ဒီးဂျနင့်လူမျိုးစုများ၏သမိုင်း (An Indigenous Peoples’ History of the United States) စာအုပ်ကိုကြည့်ပါ။

[29] နယ်လ်ဆင်မယ်ဒိုနာဒိုတောရစ် (Nelson Maldonado-Torres) ထောက်ပြထားတာတော့ ကမ္ဘာမြေကြီးပေါ်က ပင်ပန်းဆင်းရဲကြသူများ The Wretched of the Earth စာအုပ်ထဲမှာ ဖရန့်ဖာနွန် (Franz Fanon) က မိမိကိုယ်ကိုဝေဖန်ပိုင်းခြားခြင်းအာဖရိကန်ရိုးရာအကြောင်းရေးခဲ့ပေမဲ့ ဝေဖန်ပိုင်းခြားရေးသီအိုရီကျမ်းဂန်တွေမှာတော့ ဖာနွန့်ကို ဖော်ပြတာရှားပါးနေတဲ့အချက်ပါပဲ။ နယ်လ်ဆင်မယ်ဒိုနာဒိုတောရစ် (Nelson Maldonado-Torres)ရဲ့ “ကိုလိုနီစနစ်ကိုချွတ်ချခြင်းဆိုင်ရာဝေဖန်ချက်ဆိုတာဘာလဲ?” (“What is a Decolonial Critique?”) ဆောင်းပါးကိုကြည့်ပါ။

[30] အယ်ဒွာဒိုမန်ဒီတာ (Eduardo Mendieta) ရဲ့ “ကိုလိုနီစနစ်ချွတ်ချခြင်းဆိုင်ရာဆင်ခြင်မှုကိုဝေဖန်ခြင်း — ကာလီဘန်များ၏ဒဿနိက” (“Critiques of Decolonial Reason: On the Philosophy of the Calibans”) ဆောင်းပါးကိုကြည့်ပါ။

[31] အင်နာကာနာ (Ina Kerner) ရဲ့ “ဂလိုဘယ်ဝေဖန်ပိုင်းခြားရေးသီအိုရီများအနေနှင့် ကိုလိုနီခေတ်လွန်သီအိုရီများ” (“Post-Colonial Theories as Global Critical Theories”) ဆောင်းပါးကိုကြည့်ပါ။

[32] အင်နာကာနာ (Ina Kerner) ရဲ့ “ဂလိုဘယ်ဝေဖန်ပိုင်းခြားရေးသီအိုရီများအနေနှင့် ကိုလိုနီခေတ်လွန်သီအိုရီများ” (“Post-Colonial Theories as Global Critical Theories”) ဆောင်းပါးမှ စာမျက်နှာ ၆၁၅ ကိုကြည့်ပါ။

[33] ငါတို့က “အင်ပိုင်ယာမရှိခြင်း” (non-imperial)၊ “အင်ပိုင်ယာကိုဆန့်ကျင်ခြင်း” (anti-imperial) ဆိုတဲ့စကားလုံးတွေထက် “အင်ပိုင်ယာသဘောတရားတွေကိုချွတ်ချခြင်း” (deimperial) လို့သုံးရခြင်းရည်ရွယ်ချက်က ဒီစာအုပ်တောက်လျှောက်မှာ ပိုထင်သာလာပါလိမ့်မယ်။ အခုလောလောဆယ်မှာတော့ “ကိုလိုနီသဘောတရားတွေကိုချွတ်ချခြင်း” (decolonial) ဆိုတဲ့စကားလုံးလိုပဲ “အင်ပိုင်ယာသဘောတရားတွေကိုချွတ်ချခြင်း”ဆိုတာက အင်ပိုင်ယာကနေ စိတ်ပိုင်းဆိုင်ရာအရ ကိုယ်တွင်းထဲမှာပြန်လည်ပြုကျင့်မွေးမြူနေအောင် လေ့ကျင့်‌ပေးထားတဲ့အစီအစဥ်အကွက်တွေကနေ ဖယ်သွေခြင်းလို့အဓိပ္ပါယ်ယူလို့ရပါတယ်။

[34] ချန်ဒရာတိုလ်ပါဒေမိုဟန်တီ (Chandra Tolpade Mohanty) ရဲ့ နယ်နိမိတ်များမရှိသောဖီမီနင့်ဇင် — သီအိုရီထဲက ကိုလိုနီသဘောတရားများကိုချွတ်ချခြင်း၊ အတူတကွလက်တွဲလုပ်ဆောင်မှုကိုလေ့ကျင့်ခြင်း (Feminism Without Borders: Decolonizing Theory, Practicing Solidarity) စာအုပ်ကိုကြည့်ပါ။

[35] ချန်ဒရာတိုလ်ပါဒေမိုဟန်တီ (Chandra Tolpade Mohanty) ရဲ့ နယ်နိမိတ်များမရှိသောဖီမီနင့်ဇင် — သီအိုရီထဲက ကိုလိုနီသဘောတရားများကိုချွတ်ချခြင်း၊ အတူတကွလက်တွဲလုပ်ဆောင်မှုကိုလေ့ကျင့်ခြင်း (Feminism Without Borders: Decolonizing Theory, Practicing Solidarity) စာအုပ်ကိုကြည့်ပါ။

[36] နယ်လ်ဆင်မယ်ဒိုနာဒိုတောရစ် (Nelson Maldonado-Torres) က “ကိုလိုနီသဘောတရားနှင့် ကိုလိုနီစနစ်ချွတ်ချခြင်းဆိုင်ရာသဘောတရားဆိုင်ရာ စာတမ်း ၁၀ ချက်” (“Outline of Ten Theses on Coloniality and Decoloniality”) ဆောင်းပါးထဲမှာ “အသိပညာလို့သတ်မှတ်ခံရတဲ့အရာတွေအကုန်လုံးကိုပါ ကိုလိုနီသဘောတရားတွေကနေချွတ်ချရမယ်”လို့နှိုးဆော်ထားတယ်။ “ကိုလိုနီသဘောတရားဆိုင်ရာဝေဖန်ပိုင်းခြင်းဆိုတာဘာလဲ?” ဆောင်းပါးထဲမှာလည်း သူက အကယ်ဒါးမီးယားထဲက နီရိုလစ်ဘရယ်ဆန်နေတဲ့ စုံလင်ကွဲပြားရေးပြဿနာကိုလည်း ဝေဖန်ထားပါတယ်။

[37] ဘိုရာဗန်တူရာ ဒေဆူဆာဆန်တိုစ် (Boaventura de Sousa Santos) ရဲ့ သိစိတ်ရှိသောအင်ပိုင်ယာ၏ဇာတ်သိမ်း — တောင်ပိုင်းမှသိမှုများ အရွယ်ရောက်ကြီးပြင်းလာခြင်း The End of the Cognitive Empire: The Coming of Age of Epistemologies of the South စာအုပ်ကိုကြည့်ပါ။

[38] ဆစ်‌ဗီရာဖက်ဒရစ်ချီ (Silvia Federici) ရဲ့ သုညမှတ်မှတော်လှန်ရေး — အိမ်မှုကိစ္စ၊ သားမွေးမြူရေးနှင့် ဖီမီနင့်ရုန်းကန်မှု (Revolution at Point Zero: Housework, Reproduction, and Feminist Struggle) စာအုပ်၊ နန်စီဖရေစာ (Nancy Fraser) ရဲ့ ဖီမီနင့်ဇင်၏ကံအကြောင်းတရားများ (Fortunes of Feminism) စာအုပ်၊ စင်ဇီရာအာရုဇာ (Cinzia Arruzza) ရဲ့ မရေရာမသေချာအန္တရာယ်များလှသောပေါင်းသင်းဆက်ဆံမှု - မာ့စ်ဝါဒီနှင့်ဖီမီနင့်ဇင်ကြားမှ လက်ထပ်ခြင်းနှင့်ကွာရှင်းခြင်း (Le Relazioni Pericolose: Matrimoni e Divorzi Tra Marxismo e Femminismo) စာအုပ်နှင့် ရှာဟ်ဇတ်မိုဂျပ် (Shahrzad Mojab) တည်းဖြတ်‌သော မာ့စ်ဝါဒီနှင့်ဖီမီနင့်ဇင် (Marxism and Feminism) စာအုပ်တို့ကိုကြည့်ပါ။

[39] မာရီယာမိုင်စ် (Maria Mies) ၏ မဟာဖိုဝါဒနှင့် ကမ္ဘာနှင့်ချီပြီးစုဆောင်းခြင်း - နိုင်ငံတကာလုပ်အားခွဲခြားမှုထဲကမိန်းမများ (Patriarchy and Accumulation on a World Scale: Women in the International Division of Labour) စာအုပ်ကိုကြည့်ပါ။ မိုင်စ်က “အန်နာခါဖီမီနင့်ဇင်”ဆိုတဲ့စကားလုံးကိုမသုံးထားပေမဲ့ ဖီမီနင့်ဇင်ကို “(ယောင်္ကျား)အီလစ်တွေနေရာမှာ (မိန်းမ)အီလစ်တွေအစားထိုးတင်သွင်းဖို့မဟုတ်ဘဲ အထက်အောက်စနစ်မရှိ၊ ဗဟိုပြုခြင်းကင်းမဲ့ပြီး သူတစ်ပါးအပေါ်ခေါင်းပုံဖြတ်ခြင်း၊ လွှမ်းမိုးခြင်းကိုလေ့ကျင့်တဲ့အီလစ်များမရှိသောလူ့အဖွဲ့အစည်းတစ်ခုကိုတည်ဆောက်သော မင်းမဲ့လှုပ်ရှားမှုအရွေ့တစ်ခု” လို့အဓိပ္ပါယ်ဖွင့်ထားပါတယ်။ (စာမျက်နှာ ၃၇ ကိုကြည့်ပါ။)

[40] မာရီယာလူဂွန်းနဲ (Maria Lugones) ရဲ့ “ဂျန်ဒါရဲ့ကိုလိုနီသဘောတရား” ဆောင်းပါးကိုကြည့်ပါ။

[41] ကာရိုလ်အက်ဒန် (Carol Adams) နှင့် လော်ရီဂရုရန် (Lori Gruen) တည်းဖြတ်သော အီကိုဖီမီနင့်ဇင် — ကမ္ဘာမြေကြီးနှင့်အခြားသောသတ္တဝါများနှင့် ဖီမီနင့်ချိတ်ဆက်မှုများ (Ecofeminism: Feminist Intersections with Other Animals and the Earth) စာအုပ်ထဲက ပက်ထရီစ်ဂျုံး (pattrice jones) ရဲ့ “ညို့ငင်မှုနှင့် အီကိုခုခံမှု၏လည်ပတ်မှုများ” (“Eros and the Mechanisms of Eco-Defense”) ဆောင်းပါးကိုကြည့်ပါ။

[42] ပက်ထရီစ်ဂျုံး (pattrice jones) ရဲ့ “ညို့ငင်မှုနှင့် အီကိုခုခံမှု၏လည်ပတ်မှုများ” (“Eros and the Mechanisms of Eco-Defense”) ဆောင်းပါးကိုကြည့်ပါ။

[43] အိုရာအွန်ကေအိုရေအူမီ (Oyèrónke Oyěwùmí)ရဲ့ မိန်းမများကိုတီထွင်ခြင်း - အနောက်ဂျန်ဒါသဘောတရားများကို အာဖရိကန်ရှုထောင့်မှချဥ်းကပ်လေ့လာခြင်း (The Invention of Women: Making an African Sense of Western Gender Discourses) စာအုပ်ကိုကြည့်ပါ။

[44] အိုရာအွန်ကေအိုရေအူမီ (Oyèrónke Oyěwùmí)ရဲ့ မိန်းမများကိုတီထွင်ခြင်း - အနောက်ဂျန်ဒါသဘောတရားများကို အာဖရိကန်ရှုထောင့်မှချဥ်းကပ်လေ့လာခြင်း (The Invention of Women: Making an African Sense of Western Gender Discourses) စာအုပ်ကိုကြည့်ပါ။

[45] ဒီဖော်ပြချက်ကို စတေစီအာလာမို (Stacy Alaimo) ရဲ့ ခန္ဓာရှိသောသဘာဝများ — သိပ္ပံ၊ ပတ်ဝန်းကျင်နှင့် ဒြပ်ရှိသောကိုယ်ပိုင်ဖြစ်တည်မှု (Bodily Natures: Science, Environment, and the Material Self) စာအုပ်မှငှားရမ်းထားပါတယ်။ အာလာမိုကလည်း ဒီသဘောတရားကို ဟားရိုးလ်ဖရွန် (Harold Fromm) ဆီကနေတဆင့်ငှားရမ်းထားပါတယ်။

[46] လိင် (သဘာဝ)နဲ့ ဂျန်ဒါ (ရိုးရာ)ဆိုတဲ့ dichotomy ကိုငြင်းဆိုခြင်းဟာ ဒီသဘောတရားနှစ်ခုလုံးကိုပြောင်းလဲပြီး အခြားသောနေရာတစ်ခုမှာသုံးလို့မရဘူးလို့ဆိုလိုချင်တာတော့မဟုတ်ပါဘူး။ ဥပမာ — LGBTIQ+ ရပ်ဝန်းတချို့မှာ ဒီသတ်မှတ်ချက်တွေက လိင်စိတ်တိမ်းညွှတ်မှု (သို့) မိမိရဲ့လိင်စိတ်ဆန္ဒသဘောတရားတွေ (လက်စဘီယန်၊ ဂေး၊ ကွီယားအစရှိသဖြင့်)နဲ့ ပုံမှန်လို့မသတ်မှတ်ထားတဲ့ဂျန်ဒါခန္ဓာကိုယ်တွေ (ထရန်စ်မိန်းမ၊ ထရန်စ်ယောင်္ကျား)ကြားကမတူညီမှုတွေကိုညွှန်းဆိုဖို့အတွက် အသုံးဝင်ကောင်းဝင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုခွဲခြားသတ်မှတ်ချက်တွေဟာလည်း လိင် (သဘာဝ)နဲ့ ဂျန်ဒါ (ရိုးရာ)ဆိုတဲ့ dichotomy တွေအပေါ် မေးခွန်းထပ်ထုတ်စရာတွေပေါ်လာစေတယ်။

[47] မာရီယာလူဂွန်းနဲ (Maria Lugones) ရဲ့ “သန့်ရှင်းမှု၊ ညစ်ပတ်မှုနှင့် ခွဲခြားသတ်မှတ်ခြင်း” (“Purity, Impurity, and Separation”) စာတမ်းကိုကြည့်ပါ။

* * * * *