ပုံ - ဝါးခမောက် Facebook page မှ သခင်ဘမောင်ရေးသားခဲ့သော “ဘယ်မအေရိုးမှ မကောင်းပါဘူး” ဆောင်းပါးနှင့်အတူ ဖော်ပြထားသောပုံကို ကူးယူဖော်ပြပါတယ်။ ဆောင်းပါးကို ဒီ လင့်ခ် မှာ ဝင်ဖတ်နိူင်ပါတယ်။
David Graeber
မင်းက မင်းမဲ့သမားတစ်ယောက်လား?
မင်းအဖြေက မင်းကိုယ်မင်းတောင် အံ့အားသင့်သွားစေမယ်
David Graeber သည် အမေရိကန် ဂျူးလူမျိုး စာရေးသူ၊ မနုဿဗေဒပညာရှင်နှင့် မင်းမဲ့ဝါဒီလက်ကိုင် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ကမ္ဘာတစ်လွှားမှ စစ်မှန်သော ဒီမိုကရေစီပျောက်ဆုံးလာမှုကို ဆန့်ကျင့်သော လှုပ်ရှားမှုတစ်ခုဖြစ်သည့် Occupy Movement (နေရာယူ လှုပ်ရှားမှု)တွင် ပါဝင်ခဲ့မှုနှင့် ပတ်သက်ပြီး နာမည်ကျော်ကြားခဲ့သော လက်ဝဲအတွေးအခေါ်ပညာရှင်တစ်ဦးလည်း ဖြစ်သည်။ ၄င်းရေးသားခဲ့သော စာပေများစွာထဲမှ ၂၀၁၁ ခုနှစ်ထုတ် အကြွေး - ပထမနှစ် ၅၀၀၀ (Debt: First 5000 Years)နှင့် ၂၀၁၈ ခုနှစ်ထုတ် ချီးထုပ်အလုပ်များ (Bullshit Jobs) မှာ နာမည်ကျော်ကြားခဲ့သည်။ ၂၀၂၀ ခုနှစ် စက်တင်ဘာလတွင် အီတလီနိူင်ငံ ဗင်းနစ်မြို့တွင် ပန်ကရိယရောဂါနှင့် ရုတ်တရက် ကွယ်လွန်သည်။
အရေးကြီးသော ဝေါဟာရများ
Anarchism - မင်းမဲ့ဝါဒီ/ အယူအဆ/ အမူအကျင့် (သို့) ဘုရင်/မင်း မရှိတော့သောခေတ်ကာလတစ်ခုအတောအတွင်းတွင် အုပ်ချုပ်သူအစိုးရအစုအဖွဲ့၊ လူပုဂ္ဂိုလ်မည်သူကိုမဆို ဆန့်ကျင်သော အယူအဆ/ အမူအကျင့်
Anarchist - မင်းမဲ့ဝါဒီလက်ကိုင်ထားသူ/ မင်းမဲ့သမား/ အုပ်ချုပ်သူမဲ့ဝါဒီလက်ကိုင်ထားသူ/ အုပ်ချုပ်သူမဲ့သမား
Nihilism - ကိုယ်ကျင့်တရား၊ စာရိတ္တ၊ နီတိ၊ ဘာသာရေးအစရှိသည့် လူ့ဘောင်အတွင်း ဖန်ဆင်းထားသော အရာများသည် အခြေအမြစ်မရှိဟူသော အတွေးအခေါ်ဝါဒ
Nihilist - ကိုယ်ကျင့်တရား၊ စာရိတ္တ၊ နီတိ၊ ဘာသာရေးအစရှိသည့် လူ့ဘောင်အတွင်း ဖန်ဆင်းထားသော အရာများသည် အခြေအမြစ်မရှိဟူသော ဝါဒကို လက်ခံကျင့်သုံးသူ
မင်းက မင်းမဲ့သမားတစ်ယောက်လား? မင်းအဖြေက မင်းကိုယ်မင်းတောင် အံ့အားသင့်သွားစေမယ်
ဖြစ်နိူင်တာတစ်ခုကတော့ မင်းမဲ့သမားတွေက ဘယ်သူတွေလဲ၊ ဘာလုပ်ကြတာလဲဆိုတာ မင်းကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ ဖြစ်နိူင်တာနောက်တစ်ခုကလည်း မင်းကြားဖူးသမျှက အဓိပ္ပါယ်မရှိတာတွေချည်းပဲလည်း ဖြစ်နိူင်တယ်။ လူတော်တော်များများက မင်းမဲ့သမားတွေဟာ အကြမ်းဖက်မှုတွေ၊ ကစဥ့်ကလျား ဖရိုဖရဲဖြစ်မှုတွေနဲ့ ဖျက်ဆီးမှုတွေကို ကြိုက်ကြတဲ့သူတွေ၊ မင်းမဲ့သမားတွေက စည်းကမ်းတွေ၊ အစုအဖွဲ့တွေအားလုံးကို ဆန့်ကျင့်ကြတဲ့သူတွေလို့ ထင်လေ့ရှိကြတယ်။ ဒါမှမဟုတ်ရင်လည်း မင်းမဲ့သမားတွေက လူ့ဘောင်ထဲက စာရိတ္တ ကျင့်ဝတ်နီတိတွေအားလုံးဟာ အခြေအမြစ်မရှိဘူးလို့ ထင်ပြီး အားလုံးကို ပေါက်ခွဲပစ်ချင်ကြတဲ့သူတွေပဲလို့ လူတွေက ထင်ကြတယ်။ အမှန်တရားနဲ့ မင်းမဲ့သမားတွေ ထင်နေတာတွေ အားလုံး လွဲနေတယ်လို့ ထင်ကြတယ်။ တကယ်တမ်းက မင်းမဲ့အယူအဆကို လက်ကိုင်ထားသူတွေဟာ အားနဲ့အင်နဲ့ တိုက်တွန်းစရာမလိုဘဲ လူသားတိုင်းဟာ ကိုယ့်ဘာသာကိုယ် သင့်တော်တဲ့ အပြုအမူနဲ့ ကျင့်ကြံနေထိုင်နိူင်စွမ်းရှိတယ်လို့ လက်ခံထားတဲ့သူတွေသာ ဖြစ်တယ်။ ဒါက တကယ့်ကို ရှင်းရှင်းလေးပါပဲ။ ဒါပေမဲ့ လူချမ်းသာတွေနဲ့ အင်အားကြီးတွေက ဒီအယူအဆကို တော်တော် အန္တရာယ်ကြီးတယ်လို့ မြင်ကြတယ်။
အရိုးရှင်းဆုံးပြောရရင် မင်းမဲ့အယူအဆတွေထဲမှာ အဓိကအခြေခံအကျဆုံး အချက် ၂ ချက်ပဲ ရှိတယ်။ ပထမအချက်က လူသားတိုင်းသာ သာမန်အခြေအနေတွေမှာ သူတို့ကို ခွင့်ပြုထားသလောက် သင့်တော်အောင် နေတတ်ကြပြီး သူတို့ရဲ့ ရပ်ရွာပတ်ဝန်းကျင်နဲ့ သူတို့ကိုယ်ကို သူတို့ဘာသာ ဘယ်သူကမှ ပြောစရာမလိုဘဲ စီမံခန့်ခွဲ့နိူင်ကြတယ်ဆိုတာပဲ။ ဒုတိယအချက်က ပါဝါဟာ အကျင့်ပျက်ခြစားရိုးထုံးစံရှိတယ်ဆိုတဲ့အချက်။ ဆုံးဆုံးပြောရရင် မင်းမဲ့အယူအဆဆိုတာဟာ ငါတို့အားလုံးနေထိုင်ကျင့်သုံးကြတဲ့ သင့်တော်လျောက်ပတ်တဲ့ အပြုအမူတွေကို သတ္တိရှိရှိ ကျင့်သုံးနေထိုင်ကြပြီး ဓမ္မဓိဌာန်ကျတဲ့ အဆုံးသတ်တွေထိ နေထိုင်ခြင်းအယူအဆကို ဆိုလိုတာပဲ။ ဒါကထူးဆန်းတယ်လို့ ထင်ရပေမဲ့ မင်းကိုယ်တိုင်ကိုက မသိလိုက် မသိဘာသာနဲ့ မင်းမဲ့အမူအကျင့်ကို ကျင့်သုံးနေတဲ့သူ ဖြစ်ကောင်းဖြစ်နေနိူင်တယ်။
ငါတို့ နေ့စဥ်ဘဝထဲက ဥပမာတချို့ကိုပဲ ကြည့်ကြည့်ကြရအောင်။
ဘတ်စ်ကားမှတ်တိုင်မှာ ရဲတွေက စောင့်မကြည့်နေရင်တောင်မှ သူများကို တံတောင်ဆစ်နဲ့ တွန်းတိုက်ပြီး ဘတ်စ်ကားပေါ် အလုအယက်ကျော်တက်မဲ့အစား မင်းက မင်းအလှည့်ကို မင်းစောင့်လေ့ရှိတဲ့သူလား?
မင်းအဖြေက “မင်းအလှည့်ကို မင်းစောင့်တယ်” ဆိုရင် မင်းဟာ မင်းမဲ့အမူအကျင့်ကို ကျင့်သုံးရတာ အသားကျနေတဲ့သူတစ်ယောက်ပဲ! မင်းမဲ့အယူအဆရဲ့ အဓိကအကျဆုံး နိယာမက မိမိကိုယ်ကို စီမံဖွဲ့စည်းခြင်းပဲ - ဆိုလိုချင်တာက လူသားတွေဟာ တရားစွဲဆို ဖမ်းဆီးမယ်ဆိုပြီး ခြိမ်းခြောက်စရာမလိုဘဲနဲ့ မိမိကိုယ်ကို အချင်းချင်းကြား သင့်တင့်လျောက်ပတ်အောင်နေနိူင်တယ်၊ ဒါမှမဟုတ် အချင်းချင်း သိက္ခာနဲ့ လေးလေးစားစားဆက်ဆံနိူင်စွမ်းရှိတယ်ဆိုတာကို ယုံကြည်တာပဲ။
လူတိုင်းက မိမိကိုယ်ကိုတော့ သင့်တင့်လျောက်ပတ်အောင် နေထိုင်နိူင်စွမ်းရှိတယ်လို့ ထင်ကြတာပဲ။ ဥပဒေတွေနဲ့ ရဲတွေ လိုအပ်တယ်လို့ သူတို့ထင်ရတာက တခြားလူတွေက သူတို့ကိုယ်သူတို့ သင့်တင့်လျောက်ပတ်အောင် နေထိုင်နိူင်စွမ်း မရှိဘူးလို့ ထင်လို့ပဲ။ ဒါပေမဲ့ မင်း သေချာတွေးကြည့်ရင် အဲ့ဒီလူတွေကလည်း မင်းဟာ မင်းကိုယ်မင်း သင့်တင့်လျောက်ပတ်အောင် နေထိုင်နိူင်စွမ်းမရှိဘူးလို့ ထင်နေကြလို့ပဲ အုပ်ချုပ်ဖို့ ကြိုးစားနေတာမဟုတ်ဘူးလား? မင်းမဲ့သမားတွေ ပြောတာကတော့ လူမှုရေးပေါင်းသင်းဆက်ဆံမှုတွေကို ဆန့်ကျင့်တဲ့ အပြုအမူတွေကြောင့် ငါတို့ဟာ ငါတို့ဘဝတွေကို ထိန်းချုပ်ဖို့ တပ်တွေ၊ ရဲတွေ၊ ထောင်တွေ၊ အစိုးရအစုအဖွဲ့တွေ လိုအပ်တယ်လို့ ငါတို့ ထင်နေတယ်။ တကယ်တော့ လူမှုရေးပေါင်းသင်းဆက်ဆံမှုတွေကို ဆန့်ကျင့်တဲ့ အပြုအမူတွေဟာ တပ်တွေ၊ ရဲတွေ၊ ထောင်တွေ၊ အစိုးရအစုအဖွဲ့တွေကနေ စနစ်တကျပြုလုပ်ထားတဲ့ တရားမမျှတမှုတွေ၊ တန်းတူညီမျှမရှိမှုတွေကကြောင့် ဖြစ်လာတာပဲ။ ဒါဟာ ရက်စက်တဲ့ သံသရာစက်ဝိုင်းတစ်ခုပဲ။ လူတွေဟာ သူတို့ရဲ့ အမြင်တွေဟာ အရေးမပါပါဘူးလို့ ဆက်ဆံခံရတာနဲ့ နေသားကျလာတဲ့အခါ သူတို့ဟာ ဒေါသတွေထွက်လာတယ်၊ ဘာကိုမှ အကောင်းမြင်စိတ် မရှိတော့ဘူး၊ နောက်ဆုံးမှာ အကြမ်းဖက်စိတ်တွေတောင် ဝင်လာတယ်။ အဲ့ဒါကလည်း အင်အားကြီးတဲ့သူတွေအတွက် “တွေ့လား သူတို့ရဲ့ အမြင်က အရေးမကြီးပါဘူး” ဆိုပြီး ခုတုံးပြန်လုပ်စရာဖြစ်လာတယ်။ လူတစ်ယောက်ဟာ သူတို့ရဲ့ အမြင်တွေဟာ တခြားလူတွေရဲ့ အမြင်တွေလိုပဲ အရေးပါတယ်ဆိုတာ သိလာတဲ့အခါ သူ့မှာ သူများအပေါ် နားလည်နိူင်စွမ်း ရှိလာတယ်။ တိုတိုပြောရရင် မင်းမဲ့သမားတွေက ပါဝါ/အာဏာနဲ့ ပါဝါ/အာဏာရဲ့ သက်ရောက်မှုတွေကြောင့်သာ လူတွေကို ထုံထိုင်းညံ့ဖျင်းလာပြီး တာဝန်မဲ့စိတ်တွေပေါ်လာတယ်လို့ ယုံကြည်ကြတယ်။
မင်းပါဝင်တဲ့ အစုအဖွဲ့တစ်ခုခု၊ ရပ်ရွာပရဟိတအဖွဲ့တစ်ခုခု ဒါမှမဟုတ် အားကစားအဖွဲ့တစ်ခုခုဟာ ခေါင်းဆောင်တစ်ယောက်ကနေပဲ အဖွဲ့အစည်းတစ်ခုနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်လေ့ရှိတာမျိုးမဟုတ်ဘဲ အများသဘောတူညီချက်နဲ့ ဆုံးဖြတ်ချက်ချလေ့ရှိတဲ့ အဖွဲ့တွေမျိုးလား?
မင်းအဖြေက “ဟုတ်တယ်” ဆိုရင် မင်းမဲ့အမူအကျင့်တွေနဲ့ လည်ပတ်နေတဲ့ အဖွဲ့အစည်းတစ်ခုခုမှာ မင်း ပါဝင်နေတာပဲ! မင်းမဲ့အယူအဆရဲ့ နောက်ထပ်အခြေခံကျတဲ့ နိယာမတစ်ခုက မိမိကိုယ်ပိုင် ရွေးချယ်ပိုင်ခွင့်ရှိရှိနဲ့ ပေါင်းဖက်ခြင်းပဲ။ ဒါကတော့ ဒီမိုကရေစီရဲ့ အခြေခံအကျဆုံး နိယာမတွေကို သာမန်ဘဝတစ်ခုမှာ ပြုကျင့်ခြင်းပဲ။ မတူတာတစ်ခုက မင်းမဲ့သမားတွေကတော့ ဘယ်အရာကိုမဆို စစ်တပ်စနစ်အဖွဲ့အစည်းလိုမျိုး တပ်ဖွဲ့တွေ၊ ဗျုရိုကရေစီနည်းလမ်းတွေ၊ ကော်ပရေရှင်းအကြီးစားကြီးတွေလို အထက်အောက် အာဏာလက်ဆင့်ကမ်း (chain of command) စနစ်တွေ မလိုတော့ဘဲ လူ့အဖွဲ့အစည်းတစ်ခုကို အဖွဲ့သားတိုင်းရဲ့ သဘောတူညီချက်နဲ့အညီ တည်ဆောက်နိူင်တယ်ဆိုတာကို ယုံကြည်တာပဲ။ မင်းက ဒီလိုလူ့အဖွဲ့အစည်းတစ်ခု ဖြစ်နိူင်ချေရှိတယ်ဆိုတာကို ယုံချင်မှယုံမယ်။ ဒါမှမဟုတ် ဖြစ်နိူင်တယ်လို့ ထင်ချင်လည်း ထင်မယ်။ ဒါပေမဲ့ ခြိမ်းခြောက်ပြီးထွက်တဲ့ အဖြေအစား အများသဘောတူညီမှုနဲ့ အဖြေတစ်ခုထွက်တိုင်း၊ တခြားလူတစ်ယောက်နဲ့ အခြေအနေကိစ္စတစ်ခုခုကို ညှိနှိုင်းအဖြေထုတ်တိုင်းမှာ မင်းက မင်းမဲ့သမားတစ်ယောက် ဖြစ်နေတာပဲ - မင်းကိုယ်မင်း သတိထားမိချင်မှ ထားမိမယ်။
မင်းမဲ့အမူအကျင့်ဆိုတာ လူတွေဟာ သူတို့မှာသာ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိမယ်ဆိုရင် ပြုကျင့်လေ့ရှိတဲ့ အမူအကျင့်တွေကို ဆိုလိုတာပဲ။ နောက်ပြီးတော့ လူတိုင်းဟာ တူညီတယ်လို့ ယူဆထားပြီးနောက် အချင်းချင်းဆက်ဆံလေ့ရှိတဲ့ ပေါင်းသင်းဆက်ဆံရေးမျိုးကို ပြောချင်တာ။ အဲ့ဒါကြောင့် မင်းမဲ့အမူအကျင့်မှာ အများအပေါ် သတိထားတာဝန်ယူတဲ့ စိတ်ဓါတ်တွေ စိမ့်ဝင်နေပြီးသားဖြစ်တယ်။ လူတွေဟာ အချင်းချင်းတန်းတူညီမျှဖြစ်တယ်လို့ ယူဆထားရင် အချင်းချင်းအပေါ် ဘယ်လိုစာနာပေးကြမလဲဆိုတဲ့အချက်ရယ်၊ လူ့သဘာဝကိုက တစ်ယောက်ယောက်ကို အာဏာပါဝါပိုပေးထားရင် အချင်းချင်းကြားက ယုံကြည်မှုတွေ ပျောက်ပျက်လာတတ်တယ်ဆိုတဲ့အချက် အစရှိတဲ့ အဓိကအရေးကြီးတဲ့အချက်တွေကို ဆင်ခြင်လာစေတယ်။ တစ်ဦးတစ်ယောက်ကို အာဏာပိုပေးကြည့်ပါလား - သူတို့က အဲ့ဒီအာဏာကို နင့်ပဲငဆအသုံးချလိမ့်မယ်။
နိူင်ငံရေးသမားတော်တော်များများဟာ တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးတဲ့ အများပြည်သူကောင်းစားရေးကို နည်းနည်းလေးမှ စိတ်မဝင်စားတဲ့ လူလိမ်လူကောက်တွေလို့ မင်းယုံကြည်သလား? ငါတို့တွေအကုန်လုံးဟာ မျှတမှုလုံးဝမရှိတဲ့ စုတ်ပြတ်သတ်နေတဲ့ စီးပွားရေးစနစ်ထဲမှာ နေနေကြရတယ်လို့ မင်း ထင်သလား?
“အင်း ဟုတ်တယ်” လို့ မင်းဖြေရင် မင်းဟာ အခုခေတ်လူ့ဘောင်ကို မင်းမဲ့အယူအဆတွေနဲ့ သုံးသပ်နေတဲ့သူတစ်ယောက်ပဲ - အနည်းဆုံးတော့ ယေဘုယျအားဖြင့်ပေါ့။ မင်းမဲ့သမားတွေက အာဏာဟာ လူတွေကို ဖျက်ဆီးစေပြီး သူတို့တစ်ဘဝလုံး အာဏာရယူဖို့ ကြိုးစားနေတဲ့သူတွေဟာ အာဏာပိုလိုတောင် မရသင့်တဲ့သူတွေလို့ ယုံကြည်ကြတဲ့သူတွေဖြစ်တယ်။ မင်းမဲ့သမားတွေဟာ ငါတို့ရဲ့ လက်ရှိစီးပွားရေးစနစ်ဟာ သူများကို ကြိုးစားပြီးဂရုစိုက်တတ်တဲ့သူတွေထက် တစ်ကိုယ်ကောင်းဆန်ပြီး ဘာကျင့်ဝတ်မှ မရှိတဲ့သူတွေကိုသာ ဆုချပေးနေတယ်လို့ ယုံကြည်ကြတယ်။ လူတော်တော်များများကလည်း ဒီယုံကြည်ချက်ကို လက်ခံကြပါတယ်။ ဒါပေမဲ့ မတူတာက လူတော်တော်များများက ဒီကိစ္စနဲ့ ပတ်သက်လာရင် ဘာမှလုပ်လို့ မရဘူးလို့ ထင်ကြတယ်၊ ဘာပဲလုပ်လုပ် ဒီစနစ်ကို ပြောင်းဖို့ အရာထင်မှာမဟုတ်ဘူးလို့ လက်ခံထားကြတယ် - ဒီလိုထင်အောင်လည်း အာဏာရှိသူတွေရဲ့ သစ္စာရှိတဲ့ အစေခံတွေက မှိုင်းတိုက်ထားတယ်လေ။
ဒါပေမဲ့ တကယ်လို့ ငါတို့ ဒီအခြေအနေကို ပြောင်းလို့ ရတယ်ဆိုရင်ရော?
ဘာလုပ်လုပ် အရာမထင်ဘူးလို့ ထင်နေကြဖို့ အကြောင်းရင်းက ခိုင်ရောခိုင်လုံလို့လား? အရင်းရှင်စနစ်နဲ့ နိူင်ငံတော် (state) ဆိုတာတွေသာ မရှိရင်တော့ရင် ဘာတွေဖြစ်မလဲဆိုတဲ့ ခန့်မှန်းချက်တွေကို တကယ်တမ်းဆန်းစစ်ကြည့်ရင် မှားနေတာကို တွေ့ရတယ်။ နှစ်ထောင်ပေါင်းများစွာ လူတွေဟာ အစိုးရမရှိဘဲ နေခဲ့ကြတယ်။ ကမ္ဘာတစ်ဝန်းမှာ အခုထိ အစိုးရရဲ့ ထိန်းချုပ်မှုအောက်ကနေ ဖယ်ခွာပြီးနေထိုင်နေကြတဲ့ လူ့အဖွဲ့အစည်းတွေ ရှိနေသေးတယ်။ သူတို့က အချင်းချင်း သတ်ဖြတ်မနေကြဘူး။ များသောအားဖြင့် တစ်နေ့တစ်နေ့ တခြားလူတွေလိုပဲ သူတို့လုပ်စရာရှိတာ လုပ်ပြီး နေကြတယ်။ ရှုပ်ထွေးလှတဲ့ နည်းပညာတွေ ထွန်းကားတဲ့ မြို့ပြမှာတော့ ဒီလိုနေဖို့က ပိုရှုပ်ထွေးကောင်း ရှုပ်ထွေးနိူင်တယ်။ ဒါပေမဲ့ နည်းပညာကလည်း ဒီပြဿနာတွေကို ကူညီပြီး ဖြေရှင်းပေးကောင်းပေးနိူင်တယ်။ အမှန်တိုင်းပြောရရင် နည်းပညာကို လူသားတွေ လိုအပ်နေတာတွေအတွက် တကယ် ဘယ်လိုအသုံးချမလဲဆိုတာ ငါတို့ စတောင် မစဥ်းစားရသေးဘူး - ပြောချင်တာက တယ်လီစျေးရောင်းသူတွေ (telemarketers)၊ ရှေ့နေတွေ၊ ထောင်စောင့်တွေ၊ ငွေရေးကြေးရေးသုံးသပ်စိစစ်သူတွေ (financial analysts)၊ အများပြည်သူဆိုင်ရာဆက်ဆံရေးသမားတွေ (public relations experts)၊ ဗျူရိုကရက်တွေနဲ့ နိူင်ငံရေးသမားတွေဆိုတဲ့ အသုံးမဝင်တဲ့၊ ဖျက်လိုဖျက်ဆီးအလုပ်တွေကို ရှင်းပစ်လိုက်ပြီး ငါတို့တွေထဲက အကောင်းဆုံး သိပ္ပံနည်းကျအတွေးအခေါ်တွေစဥ်းစားတွေးခေါ်နိူင်သူတွေကို လက်နက်ထုတ်လုပ်ဖို့သာ၊ စတော့ရှယ်ယာစျေးကစားဖို့သာ၊ အန္တရာယ်များလွန်းလှတဲ့ အလုပ်တွေဖြစ်တဲ့ မီးသွေးတူးတာ၊ ငြီးငွေ့စရာကောင်းတဲ့ အလုပ်တွေဖြစ်တဲ့ အိမ်သာဆေးတဲ့ အလုပ်တွေကိုသာ လုပ်ခိုင်းနေကြမဲ့အစား ကျန်တဲ့အလုပ်တွေကို အားလုံးကို မျှမျှတတ ဝေခွဲပေးလိုက်ရင်ရော? တစ်နေ့မှာ ၅ နာရီလောက်? ၄ နာရီ? ၃ နာရီ? ၂ နာရီ? အဖြေကို ဘယ်သူမှ မသိဘူး။ ဘာလို့လဲဆိုတော့ ဘယ်သူကမှ ဒီမေးခွန်းကို မေးဖို့ စိတ်မဝင်စားကြဘူး။ မင်းမဲ့သမားတွေကတော့ ဒီမေးခွန်းတွေဟာ ငါတို့ မေးသင့်တဲ့မေးခွန်းတွေလို့ ယူဆကြတယ်။
မင်း မိဘတွေက မင်းကို ပြောခဲ့တာတွေ ဒါမှမဟုတ် မင်း ကလေးတွေကို မင်းပြောနေတာတွေကို မင်းကိုယ်တိုင်ရော တကယ်ယုံရဲ့လား?
“ဘယ်သူ စခဲ့သလဲဆိုတာ အရေးမကြီးပါဘူး” “၂ ယောက်မှားတာ အမှန်မဖြစ်သွားဘူး” “ကိုယ့်ပြဿနာ ကိုယ်ရှင်း” “သူများကို ဒီလို ဆက်ဆံ….” “သူတို့က ကိုယ်နဲ့မတူတာနဲ့ မရိုင်းစိုင်းရဘူးလေ” ငါတို့ကလေးတွေကို ပြောနေတဲ့စကားတွေဟာ ကလေးတွေကို အမှန်တရားနဲ့ အမှားအကြောင်းပြောတိုင်း ငါတို့ သူတို့ကို ညာနေတာလား၊ ငါတို့ဟောပြောနေတာတွေကို ငါတို့ကိုယ်တိုင် တကယ်ကျင့်ကြံမှာလားဆိုတာ စဥ်းစားသင့်တယ်။ ဘာလို့လဲဆိုတော့ ဒီစာရိတ္တသင်ခန်းစာတွေကို ဓမ္မဓိဌာန်ကျကျသာ လုပ်ကြမယ်ဆိုရင် ငါတို့အားလုံး မင်းမဲ့သမားတွေပဲ။
၂ ယောက်မှားတာက အမှန်မဖြစ်ဘူးဆိုတဲ့ အဆိုကိုပဲကြည့်။ (ဘာသာပြန်မှတ်ချက် - ဤအဆိုသည် အနောက်တိုင်းအဆိုတစ်ခုဖြစ်ပြီး အဓိပ္ပါယ်က လူတစ်ယောက်က တခြားလူတစ်ယောက်ကို နာကျင်အောင်ပြုမူတာကို သူ့ကို နာကျင်အောင်ပြန်လုပ်မယ်ဆိုသော ကလဲ့စားချေချင်သောစိတ်ဓါတ်သည် မည်သူအတွက်မှ အကျိုးမရှိဟု ဆိုလိုခြင်းဖြစ်ပါသည်။ မြန်မာမှုပြုရလျှင် ကလဲ့စားချေချင်စိတ်များသည် မည်သူကိုမှ အကျိုးမပြုနေဘူးဟု ဆိုရပါမည်။ ဤအဆိုကို ထောင်နှင့်ရဲစနစ်များကို ဖြိုချဖျက်ဆီးခြင်းသဘောတရားများနှင့် ချိတ်ဆက်စဥ်းစားနိူင်သည်။) ဒါကို သေသေချာချာကျင့်ကြံမယ်ဆိုရင် ဒီအယူအဆတစ်ခုတည်းကနေ စစ်ပွဲတွေနဲ့ တရားဥပဒေစနစ်ရဲ့ အခြေခံဇစ်မြစ်ကို မြေလှန်ပြီးသားဖြစ်သွားမယ်။ မျှဝေကြလို့ ပြောတာကလည်း တူတူပဲ - ကလေးတွေကို ငါတို့က အချင်းချင်းဝေမျှကြ၊ သူများကို ထည့်စဥ်းစား၊ အချင်းချင်းကူညီကြလို့ အမြဲပြောကြတယ်။ ပြီးလည်းပြီးတော့ တကယ့်ကမ္ဘာကြီးထဲမှာတော့ ငါတို့အားလုံးဟာ တစ်ကိုယ်ကောင်းဆန်ပြီး ပြိုင်ဆိုင်နေကြတဲ့သူတွေပဲလို့ အချင်းချင်းသတ်မှတ်ထားကြတယ်။ ဒါပေမဲ့ မင်းမဲ့သမားတစ်ယောက်က ပြောပါလိမ့်မယ် - ငါတို့ ကလေးတွေကို ပြောနေတာတွေက အမှန်တွေပဲ။ လူသားသမိုင်းတစ်လျှောက်လုံးက အောင်မြင်ခဲ့တာတွေအကုန်လုံးကို ပြန်ကြည့်ရရင် အချင်းချင်းပူးပေါင်းပြီး လိုရင်ယူ ပိုရင်လှူဆိုတဲ့ ဗြဟ္မစိုရ်တရားနဲ့ ကူညီရိုင်းပင်းကြလို့ ဖြစ်လာခဲ့တာတွေချည်းပဲလေ။ အခုလက်ရှိမှာတောင်မှာ ငါတို့ဟာ ငါတို့မိသားစုနဲ့ သူငယ်ချင်းတွေနဲ့ ပတ်သက်လာရင် ငါတို့ကိုယ့်ကိုယ်ကိုအတွက်ထက်တောင် ပိုက်ဆံပိုသုံးနေကြတာပဲ မဟုတ်ဘူးလား။ ဒီလိုပြောလို့ အပြိုင်အဆိုင်တွေကို လိုက်စားတဲ့သူတွေ မရှိတော့ဘူးလို့ ပြောတာတော့ မဟုတ်ဘူး။ သူတို့တွေရှိနေလို့လည်း ငါတို့အကုန်လုံးက အဲ့ဒီစိတ်ဓါတ်တွေ၊ အမူအကျင့်တွေကိုအားပေးတဲ့ လူ့အဖွဲ့အစည်းမှာပဲ၊ အခြေခံလိုအပ်ချက်တွေအတွက် လူအချင်းချင်း ပြိုင်ဆိုင်ခိုင်းတဲ့ လူ့အဖွဲ့အစည်းမှာပဲ နေရတော့မယ်ဆိုတာကလည်း မဟုတ်သေးဘူး။ အဲ့ဒီလိုသာဆိုရင် ငါတို့အချင်းချင်းကြား ကြောက်ရွံ့မှုတွေနဲ့သာ နေစေချင်တဲ့ အာဏာရူးတွေ အကြိုက်ပေါ့။ အဲ့ဒါကြောင့် မင်းမဲ့သမားတွေက အချင်းချင်းထိန်းကွပ်မှုကင်းရုံသာမက အချင်းချင်း လိုတာယူ၊ ပိုတာလှူဆိုသလိုမျိုး ဗြဟ္မစိုရ်တရားထွန်းကားတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့ ဆော်အောနေရတာပဲ။ အခုအဖြစ်က ကလေးတွေက မင်းမဲ့အယူအဆတွေနဲ့ ကြီးပြင်းလာရပြီး တဖြည်းဖြည်းနဲ့ လူကြီးတွေက ဒီလိုလည်း မဟုတ်ပါလားဆိုတာကို သဘောပေါက်လာကြရရှာတယ်။ အဲ့ဒါကြောင့် တော်တော်များများက ဆယ်ကျော်သက်အရွယ်လောက်ရောက်ရော ပုန်ကန်သူတွေ၊ ပတ်ဝန်းကျင်က ကျင်ခံထားရသူတွေ၊ မိမိကိုယ်ကို သတ်သေချင်စိတ်ရှိသူတွေ ဖြစ်လာတယ်။ နောက်ဆုံးမှာ လူကြီးဘဝမှာ အရာအားလုံးကို ခါးသီးရွံရှာနေသူတွေအဖြစ် အသက်ဆက်ရှင်သွားရတယ်။ နောက်ဆုံးမှာ သူတို့ကိုယ်တိုင်က ကလေးတွေမွေးပြီး အဲ့ဒီကလေးတွေကို ကမ္ဘာကြီးက မျှတပါတယ်ဆိုပြီး အယောင်ဆောင်ပုံပြင်တွေ ပြောပြီး ဖြေသိမ့်စရာရှာကြရတယ်။ ဒါပေမဲ့ တရားမျှတမှုတွေအပေါ် အနည်းဆုံးအခြေခံထားတဲ့ ကမ္ဘာတစ်ခုကို ငါတို့ တကယ်စတင်တည်ဆောက်ကြည့်ကြမယ်ဆိုရင်ရော? ဒါက ကလေးတစ်ယောက်ကို ငါတို့ပေးနိူင်တဲ့ အကောင်းဆုံးလက်ဆောင်မဟုတ်ဘူးလား?
လူတွေဟာ သဘာဝအရ အတွင်းထဲက ခြစားနေတဲ့ မကောင်းဆိုးဝါးတွေလို့ မင်း ထင်သလား? ဒါမှမဟုတ် တချို့လူတွေ (မိန်းမတွေ၊ လူဖြူမဟုတ်တဲ့သူတွေ၊ ပညာမတတ်တဲ့၊ ပိုက်ဆံမချမ်းသာတဲ့ သာမန်လူတွေ)ဟာ သူတို့ထက် ပိုတော် ပိုသိတဲ့သူတွေရဲ့ အအုပ်ချုပ်ကို ခံသင့်တဲ့ ပိုမိုနိမ့်ကျတဲ့သူတွေလို့ မင်း ထင်သလား?
“အင်း ထင်တယ်” လို့ မင်းဖြေရင်တော့ မင်းဟာ မင်းမဲ့သမားတစ်ယောက် မဟုတ်တော့ပါဘူး။ ဒါပေမဲ့ “မထင်ဘူး” လို့ မင်းဖြေရင်တော့ မင်းက အနည်းဆုံး မင်းမဲ့အယူအဆတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို လိုက်နာသူဖြစ်ကောင်းဖြစ်နိူင်တယ်။ ဒါပေမဲ့ မင်းမဲ့အမူအကျင့်တွေအတိုင်း မင်းဘဝကို နေထိုင်နေချင်မှတော့ နေလိမ့်မယ်။ တခြားလူတစ်ယောက်ကို လေးလေးစားစားနဲ့ ဆက်ဆံလိုက်တိုင်းမှာ မင်းက မင်းမဲ့သမားတစ်ယောက် ဖြစ်နေတာပါပဲ။ မင်းနဲ့ တခြားလူတစ်ယောက်ကြားက မတူညီမှုတွေကို တစ်ဦးတစ်ယောက်ကပဲ ဦးဆောင်ပြီး အဖြေထုတ်ပေးမဲ့အစား အားလုံးပြောတာကို သေချာနားထောင်ပြီး ကျိုးကြောင်းဆီလျော်စွာနဲ့ အဖြေရှာဖို့ ကြိုးစားတိုင်း မင်းက မင်းမဲ့သမားတစ်ယောက် ဖြစ်နေတာပါပဲ။ သူများကို အင်နဲ့အားနဲ့ ခိုင်းဖို့ အခွင့်အလမ်းပေါ်လာတိုင်း မင်းက တရားမျှတမှု ဒါမှမဟုတ် ကျိုးကြောင်းဆီလျော်မှုကို ဦးစားပေးတယ်ဆိုရင် မင်းက မင်းမဲ့သမားတစ်ယောက် ဖြစ်နေတာပါပဲ။ အဲ့လိုပဲ မင်း သူငယ်ချင်းတစ်ယောက်နဲ့ တစ်ခုခုမျှဝေတိုင်း၊ ထမင်းစားပြီး ဘယ်သူက ပန်းကန်ဆေးမလဲဆိုတာ ဆုံးဖြတ်တိုင်း၊ ကိစ္စတစ်ခုခုကို မျှတမှုကို ဦးစားပေးတဲ့ မျက်လုံးနဲ့ လုပ်တိုင်း မင်းက မင်းမဲ့သမားတစ်ယောက် ဖြစ်နေတာပါပဲ။
ကဲ အခု ငါပြောတာတွေအကုန်လုံးက မင်းက လူအုပ်စုအသေးတစ်ခုအတွက်တော့ လုပ်လို့ရကောင်းရမဲ့အရာတွေပါလို့ ငြင်းချက်ထုတ်ကောင်းထုတ်နိူင်တယ်။ ဒါပေမဲ့ မြို့တစ်မြို့၊ နိူင်ငံတစ်နိူင်ငံကို စီမံခန့်ခွဲတာကတော့ တစ်မျိုးတစ်ဖုံလုပ်ရမယ်လို့ ထင်ကောင်းထင်နိူင်တယ်။ ဒီငြင်းချက်ကလည်း အဓိပ္ပါယ်တော့ ရှိပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုကို အထက်အောက်အုပ်ချုပ်မှုနဲ့ မခန့်ခွဲဘဲ အာဏာကို ရပ်ရွာပတ်ဝန်းကျင်တစ်ခုစီရဲ့လက်ထဲကို ထည့်မယ်ဆိုရင်တောင်မှ မီးရထားလမ်းဖောက်တာကအစ ဆေးဝါးသုတေသနလုပ်တာအထိကို အချင်းချင်းကြား ညှိနှိုင်းပြီး လုပ်စရာတွေ အများကြီး ရှိသေးတယ်။ ဒါပေမဲ့ ဒီလို ရှုပ်ထွေးနေလို့ ဒီမိုကရေစီနည်းလမ်းကျကျ မလုပ်သင့်ဘူးလားဆိုတော့လည်း မဟုတ်ဘူးလေ။ ရှုပ်ထွေးတာကတော့ ရှုပ်ထွေးမှာပဲလေ။ တကယ်တမ်းက မင်းမဲ့သမားတွေမှာ ဒီလိုရှုပ်ထွေးလှတဲ့ လူ့အဖွဲ့အစည်းတစ်ခုဟာ သူ့ကိုယ်ဟာကိုယ် ဘယ်လိုစီမံခန့်ခွဲ့မလဲဆိုတဲ့ အတွေးအမြင်ပေါင်းစုံ ရှိပြီးသား။ အဲ့ဒီအတွေးအမြင်တွေအကုန်လုံးကို ဒီလို မိတ်ဆက်စာမှာ ထည့်ရေးပြဖို့ နေရာမရှိတော့ မရေးတော့ပါဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ လူတော်တော်များများက တကယ့်ကို ကျန်းမာတဲ့၊ ဒီမိုကရေစီနည်းကျတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ဖို့ အချိန်တော်တော်ယူပြီး စဥ်းစားခဲ့တယ်ဆိုတာရယ်၊ အရေးကြီးဆုံးက မင်းမဲ့အမူအကျင့်တစ်ခုမှာ ဘယ်ဟာမှအမှန်ဆိုတဲ့ စည်းမျဥ်းတွေ မရှိဘူးဆိုတာရယ်ပါပဲ။ ငါတို့ မလိုချင်ဆုံးက အဆင့်သင့် စက်ရုံထုတ် လူ့အဖွဲ့အစည်းတစ်ခုပဲ မဟုတ်ဘူးလား။ အမှန်တကယ်က ဒီမိုကရေစီနည်းကျတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ဖို့ ကြိုးစားကြည့်ရင် ထွက်လာမဲ့ ပြဿနာတွေရဲ့ ထက်ဝက်ကိုတောင်မှ ငါတို့ ကြိုတင်မခန့်မှန်းနိူင်သေးပါဘူး။ ဒါပေမဲ့လည်း ငါတို့ရဲ့ ကုန်ကုန်ပြောရရင် အခြေခံကျတဲ့ လူသားကျင့်ဝတ်တွေပဲ ဖြစ်တဲ့ မင်းမဲ့အယူအဆရဲ့ အဓိကနိယာမတွေအောက်ကသာ မဖယ်ခွာရင် အဲ့ဒီပြဿနာတွေအကုန်လုံးကို ငါတို့ ဖြေရှင်းနိူင်လိမ့်မယ်ဆိုတာ ငါ ယုံကြည်တယ်။